← Chapters

အမွေအနှစ်(၁)

Vol. 111 Ch. 1521

အမွေအနှစ်(၁)

Vol. 111 Ch. 1521

ထိုလက်ချောင်းသည် လောကကို တုန်ဟည်းစေနိုင်သည်။

ဝမ်လင်း၏မျက်လုံးထဲတွင် သည်ကျောက်ဖျာပတ်လည်ရှိ လောကသည် တုန်ဟည်းလာ၏။ ကျင့်ကြံသူထောင်သောင်းချီက ရှေ့သို့ အရူးအမူး တိုးကာ သည်ကျောက်ဖျာထံ ဦးတည်နေသည်။

ထိုကျင့်ကြံသူ ထောင်သောင်းချီ၏ နောက်တွင်လည်း ထိုထက်ဆယ်ဆများသော ကျင့်ကြံသူများပါ လိုက်ပါလာသည်။ သူတို့သည် အော်ဟစ်မာန်သွင်းလျက် သေရမည်ကို မကြောက်ရွှံ့သည့်အလား ရှေ့သို့ တိုးလာကြသည်။

ပိုဝေးသောနေရာတွင်မူ ကြီးမားသောစစ်ရထားများက တုန်ဟည်းလျက် ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်။ ယင်းစစ်ရထားများသည် တောက်ပလာပြီး အဖျက်အစီးအလင်းတန်းများ ထိုးထွက်နေသည်။

ထိုအခိုက်မှာပင် သည်နန်းတော်၏အထက်၌ ဧရာမအက်ကြောင်းကြီးတစ်ခု ပွင့်ဟလာသည့်နှယ်။ ပေထောင်သောင်းချီမြင့်မားသော ရှေးအမိန့်ကလန်ဝင် တစ်ရာနီးပါးသည် လှမ်းထွက်လာကြ၏။ လောကသည်ပင် ပျက်စီးတော့မည့်အလား။ သူတို့၏ဟိန်းအော်သံများက ကျင့်ကြံသူများ၏ အော်ဟစ်သံများကို ဖုံးလွှမ်းသွားသည်။

ကျယ်လောင်စွာ တုန်ဟည်းနေလျက် ရှေးအမိန့်ကလန်သုံးခုဝင် တစ်ရာနီးပါး ပေါ်လာခဲ့ပေပြီ။ မန္တာန်များ၊ သူတို့၏အစွမ်းထက်ခန္ဓာကိုယ်များ၊ ရတနာများ၊ အမျိုးမျိုးသောတိုက်ခိုက်မှုများက စတင် ထိုးနှက်လာကြသည်။ သူတို့က အရေအတွက်တစ်ရာမျှဖြင့် သောင်းချီသောကျင့်ကြသူများကို စတင် တိုက်ခိုက်ကုန်သည်။

ထိုမြင်ကွင်းများက အလွန်တရာ အစစ်အမှန်နှင့် တူနေသည်။ ဝမ်လင်းက အချိန်ကို ဖြတ်သန်း၍ အတိတ်တုန်းက သည်တိုက်ပွဲကွင်းပြင်ထံ ပေါ်လာသကဲ့သို့ပင်။ သူက နေရာတွင် ထိုင်လျက်ဖြင့် အရာအားလုံးကို အေးစက်စက် စောင့်ကြည့်နေ၏။ သူသည် အတိတ်တုန်းက သည်နေရာတွင်ပင် ထိုင်နေခဲ့သောပုဂ္ဂိုလ်တစ်ယောက်အလား။

ယုံကြည်မှုနှင့် လွှမ်းမိုးနိုင်သောအော်ရာတစ်ခုက ဆက်လက်၍ စုစည်းလာကာ သူ၏ခန္ဓာကိုယ်ထံမှ ပေါက်ကွဲထွက်သည်။ သည်အခိုက်တွင် ဝမ်လင်းက တခြားလူတစ်ယောက်သို့ ပြောင်းသွားသည်ဟုပင် ထင်ရသည်။

လောကသည် တုန်ဟည်းလျက် ကောင်းကင်နှင့်မြေကြီးကို ထွင်းဖောက်သော ဧရာမဘီလူးကြီးအသွင်ရှစ်ယောက်က အက်ကြောင်းအတွင်းမှ ထွက်လာကြသည်။ သူတို့၏ပုံပန်းသွင်ပြင်က သည်အခြေအနေကို ပို၍ ဗရမ်းဗတာ ဖြစ်ကုန်စေသည်။

ထိုလူကြီးရှစ်ယောက်ယောက်သည် အစွမ်းထက်သန်မာသော ခန္ဓာကိုယ်များကို ပိုင်ဆိုင်ထားသည်။ သူတို့၏လက်များကို ဝေ့ယမ်းရုံဖြင့် ပြင်းထန်သောအားတစ်ခုကို ထုတ်လွှတ်ကာ ကျင့်ကြံသူများကို နောက်ဆုတ်စေသည်။ သွေးအန်စေသည်။အချို့ဆို သေပင်သေသွား၏။

သို့ရာတွင် ထိုလူကြီးရှစ်ယောက် ပေါ်လာသည်နှင့် ထီးကို ကိုင်ထားသော ကျင့်ကြံသူက တစ်စုံတစ်ရာကို ခပ်တိုးတိုး ရေရွတ်သည်။ လောကသည် စတင် ပုံပျက်ယွင်းလာ၏။ ကြေးမှန်မျက်နှာပြင်တစ်ခုအသွင်သို့ ပြောင်းလဲသည်။ ထိုကြေးမှန်အတွင်းမှ ဟိန်းအော်သံများ ထွက်ပေါ်လာပြီး ဧရာမနဂါးရှစ်ကောင်သည် တဟုန်ထိုး ထိုးထွက်လာသည်။ သူတို့က ကျောက်ဖျာထံသို့ ကြမ်းကြုတ်သည့်အမူအရာများဖြင့် တည့်တည့်ရင်ဆိုင်ကာ တုန်လှုပ်ဖွယ်ဟိန်းအော်သံများကို ထုတ်ဖော်သည်။

ကြည့်ရသည်မှာ ၎င်းတို့သည် အတားအဆီးအားလုံးကို ချိုးဖျက်ကာ သည်ကျောက်ဖျာကို ဝါးမြိုပစ်တော့မည့်အလားပင်။

ရှင်းပြဖို့ မဖြစ်နိုင်သော ခံစားမှု တစ်ခု ပေါ်လာ၏။ အခု ဝမ်လင်းရှေ့ရှိ မြင်ကွင်းသည် အလွန်တရာ အစစ်အမှန် ဆန်လွန်းသည်။ သို့တည်းမဟုတ် သူ ငှားယမ်းယူထားသော စွမ်းအားက သူ၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်နေခြင်းလား။ ဝမ်လင်းသည် သည်တိုက်ပွဲအတွင်း၌ သည်ပလ္လင်ပေါ်တွင် ထိုင်နေခဲ့သော ပုဂ္ဂိုလ်အဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။

သူက သူ့လက်ကို ပင့်မြှောက် လက်သီးဆုပ်၏။ ထို့နောက် ရှေ့တည့်တည့်ရှိ လေဟာနယ်ထံသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်လေသည်။

“နတ်ဘုရားတုန်ဟည်းခြင်း။ စစ်တပ်အစီအရင်…”

ထိုလက်သီးချက် ပျံသန်းထွက်လာသည့်အခါ သည်လောကအတွင်းရှိ ပုံရိပ်ယောင်ပုံရိပ်တို့သည် တုန်ယင်၏။ ဤမြင်ကွင်းအတွင်း၌ ပလ္လင်ရှေ့ရှိ ကျင့်ကြံသူသောင်းချီသည် တုန်ယင်ကုန်သည်။

တစီစီအသံများ ပဲ့တင်ထပ်ကာ ထိုကျင့်ကြံသူအားလုံး သွေးအန်ရသည်။ ထူးဆန်းသောပျက်စီးမှုက သူတို့ပတ်လည်တွင် ဖြစ်ပေါ်ကာ သူတို့၏ခန္ဓာကိုယ်များမှာ ၎င်းပျက်စီးမှုအတွင်း ဆွဲငင်ခြင်း ခံရသည်။ ယင်းကျင့်ကြံသူများသည် မထင်မှတ်စွာဖြင့် တစ်ဆက်တည်းရှိသော တိုင်ကြီးလေးတိုင်အသွင် ပုံထပ်လာသည်။

နေရာတစ်ခုတည်းတွင်သာ ထိုသို့ ဖြစ်သည်မဟုတ်၊ ကျောက်ဖျာပတ်လည်ရှိ အရပ်ရှစ်မျက်နှာလုံးတွင် ရှေ့ဆုံးရှိ ကျင့်ကြံသူသောင်းချီသည် သွေးအန်ကာ ထိုကဲ့သို့ ထူးဆန်းသောအစီအရင်အသွင် ပုံထပ် ဖြစ်ပေါ်သည်။

သေဆုံးခြင်းအော်ရာက ဤဧရိယာတွင် ပြည့်နှက်လာ၏။ တစ်တန်းတည်း ပုံထပ်သွားသော ကျင့်ကြံသူအားလုံး၏ ကျင့်ကြံမှုအဆင့်၊ မူလစိတ်ဝိညာဉ်၊ အသက်ဓာတ်အားလုံးသည် တစစီ ဖြစ်ကုန်သည်။

ဝမ်လင်း၏ လက်သီးက လေထဲတွင် ရပ်တန့်ကာ ဖြည်းဖြည်းချင်း လက်ဝါးတစ်ခုအသွင် ပြေလျော့လျက် သူ့လက်ကို ပြန်ရုတ်သိမ်းသည်။ ထို့နောက်တွင် သူက လက်ဝေ့ယမ်းလိုက်၏။

“နတ်ဆိုးမန္တာန်…လေနဲ့မီးတောင်…”

သူ့လက်ကို ဝေ့ယမ်းလိုက်စဉ် အားကောင်းလှသောမီးသည် ထိုအပုံလိုက်ဖြစ်နေသော ကျင့်ကြံသူများ၏ ဦးခေါင်းထက်တွင် ပေါ်လာသည်။ ထိုမီးသည် အစိမ်းရောင်ရှိ၍ အခိုးအငွေ့မြောက်များစွာ စတင် စုဝေးလာသည်။

သူ့လက်ကို ဝေ့ယမ်းလိုက်သည်နှင့် အခိုးငွေ့များက ရှေ့သို့ တရကြမ်း တိုးဝင်လာသော ကျင့်ကြံသူထောင်သောင်းချီထံ ထွင်းဖောက်ဝင်ရောက်သည်။ ထိုအခိုးအငွေ့များသည် သူတို့ကို ထွင်းဖောက်လျက် ဧရာမအခိုးငွေ့တောင်ကြီးရှစ်လုံးအသွင် ဖြစ်တည်သည်။

ထိုအခိုးအငွေ့တောင်များ ပေါ်လာသည်နှင့် ယင်းတို့ထံမှ ပြင်းထန်သောစုပ်အားတစ်ခု ထွက်ပေါ်သည်။ ထိုစုပ်အားမှာ ခုခံနိုင်စွမ်းမဲ့စေပြီး ပတ်ပတ်လည်ရှိ ကျင့်ကြံသူမြောက်များစွာကို ဆွဲငင်ယူသည်။

သူတို့ မည်မျှပင် ခုခံပါစေ သူတို့သည် ထိုစုပ်အားကို မချိုးဖျက် မကျော်လွန်နိုင်ပေ။ မျက်စိတစ်မှိတ်အတွင်းမှာ ၎င်းကျင့်ကြံသူများသည် အခိုးအငွေ့တောင်ရှစ်လုံး၏ ဝါးမြိုခြင်း ခံလိုက်ရပေပြီ။ အခိုးအငွေ့များ လွင့်ပါးပျောက်ကွယ်သွားပြီးနောက် တောင်ရှစ်လုံးက အလောင်းများပုံနေသော တောင်ရှစ်လုံး ဖြစ်သွားလေ၏။

လက်သီးတစ်ချက်ပစ်သွင်းပြီး၊ လက်တစ်ချက် ဝေ့ယမ်းပြီးနောက် ဝမ်လင်း၏ညာလက်မှာ လေထဲတွင် ရပ်တန့်သည်။ ထို့နောက် သူ့ညာလက်ညှိုးက ဆန့်ထွက်ကာ ရှေ့သို့ ညွှန်သည်။

“မိစ္ဆာတာအို…သေခြင်းရှင်ခြင်းပြောင်းပြန်ဖြစ်ခြင်း…”

ဝမ်လင်း၏ပါးစပ်မှ ထူးဆန်းသောစကားလုံးများ ထွက်ပေါ်လာ၏။ သူ လက်ညွှန်လိုက်သည့်နောက်တွင် ကျင့်ကြံသူသောင်းချီနောက်မှ ဧရာမစစ်ရထားများသည် တုန်ယင်ကာ လှိုင်းဂယက်တစ်ခုသည် ၎င်းစစ်ရထားများကြား စတင် ပျံ့နှံ့သည်။ လှိုင်းဂယက်များ ပျံ့နှံ့လာနေရင်း စစ်ရထားအတွင်းရှိ အသက်ဓာတ်အားလုံးမှာ သေဆုံးခြင်း ဆိုက်ရောက်၏။ သိပ်မကြာခင်တွင် ယင်းစစ်ရထားများအားလုံးသည် လှုပ်ရှားမှု တန့်ကာ နေရာတွင်ပင် ရပ်ကုန်သည်။

လှိုင်းဂယက်များ ပျံ့လွင့်နေရင်း ကျောက်ဖျာကို ဝါးမြိုရန် တိုးဝင်လာသော နဂါးကြီးရှစ်ကောင်သည်လည်း တုန်ယင်၏။ ယင်းတို့သည်လည်း သည်မိစ္ဆာတာအိုကို တစ်စက်လေးပင် မခုခံနိုင်ပေ။ နဂါးများ၏အသက်ဓာတ်အားလုံးသည်လည်း သေဆုံးခြင်းအော်ရာသို့ ပြောင်းလဲကုန်၏။

သေခြင်းရှင်ခြင်း ပြောင်းပြန်ဖြစ်ခြင်း၊ သက်ရှိများကို သေခြင်းတရားအဖြစ် ပြောင်းလဲခြင်းသည် ချက်ခြင်း ပြီးမြောက်လေသည်။

နဂါးကြီးရှစ်ကောင်သည် ရှင်သန်ခဲ့စဉ်ကလိုပင် အနေထားတိုင်း လေထဲ၌ မလှုပ်မယှက် တန့်နေတော့၏။

ယင်းတို့သာမက ထိုလှိုင်းဂယက်နှင့် ထိမိသော ကျင့်ကြံသူအားလုံးသည်လည်း အလားတူ ကြမ္မာဆိုက်၏။ သူတို့၏အသက်ဓာတ်များသည် သေခြင်းအော်ရာသို့ ပြောင်းလဲပြီးနောက် သူတို့အားလုံး ချက်ခြင်း သေဆုံးသွားကြသည်။

“နတ်ဘုရား၊နတ်ဆိုး၊မိစ္ဆာ။ ရှေးဟောင်းတာအို ကောင်းကင်ဘုံသားဆိုတာ နတ္ထိ…” ဝမ်လင်းသည် ခပ်တိုးတိုး ရေရွတ်နေရင်း သူ့လက်ကို လက်ဝါးအသွင်ပြောင်းလဲစေကာ ရှေ့သို့ ညင်ညင်သာသာ တွန်းထုတ်သည်။ သူ၏မျက်ခုံးနှစ်ခုကြားမှ ရှေးဟောင်းနတ်ဘုရားကြယ်များသည် မြန်ဆန်စွာ စတင်လှည့်ပတ်လာပြီးနောက် ရုတ်တရက်ကြီး ကြယ်ခြောက်လုံးကနေ ကိုးလုံးအဖြစ်သို့ ပြောင်းလဲသွားသည်။ သူ၏မျက်လုံးနှစ်လုံးအတွင်းမှ ကြယ်ဆယ့်နှစ်လုံးသည်လည်း ရုတ်တရက် ဆယ့်ရှစ်လုံးအဖြစ်သို့ တိုးပွားလေ၏။

ကြယ်ကိုးလုံးရှေးဟောင်းနတ်ဘုရား။

ကြယ်ကိုးလုံးရှေးဟောင်းနတ်ဆိုး။

ကြယ်ကိုးလုံးရှေးဟောင်းမိစ္ဆာ။

ထိုကလန်သုံးခု၏ စွမ်းအားသည် ပေါင်းစပ်ကာ ရှေးအမိန့်စွမ်းအားအသွင် ဖြစ်ပေါ်သည့်ပုံပင်။ ထိုစွမ်းအားက ဝမ်လင်း သူ့ညာလက်ကို ရှေ့သို့ တွန်းလိုက်စဉ်တွင် သူ၏ညာလက်တွင် စီးဆင်းသည်။ ဝမ်လင်း၏ရှေ့၌ ဧရာမအရိပ်ကြီးတစ်ခု ရုတ်တရက် ပေါ်လာလေ၏။

ထိုအရိပ်သည် ဦးခေါင်းတစ်လုံးသာ ရှိ၏။ သို့သော် ထိုဦးခေါင်းကြီးမှာ လောကတစ်ခုအလား။ ၎င်းထံမှ ကောင်းကင်ဘုံကိုယ်တိုင်ကိုယ်ကျ ဖြစ်သည့်နှယ် အိုမင်းရှေးကျလွန်းသောအော်ရာကို ပေးစွမ်းနေ၏။ သို့ပေမည့် ၎င်းဦးခေါင်းမှာ အနည်းငယ် ဝေဝါးမပြတ်မသား ဖြစ်နေ၍ မည်သို့ပုံပန်းသွင်ပြင်ရှိမှန်းကို မြင်ရဖို့ မဖြစ်နိုင်ပေ။

ထိုဦးခေါင်း ပေါ်လာသည့်နောက်တွင် ၎င်းက ပါးစပ်ဟကာ လေပြင်းများကို မှုတ်ထုတ်လေ၏။ ထိုလေများက ထိုးထွက်ကာ သေဆုံးသွားသော ကျင့်ကြံသူများထံ ဝေ့ခတ်တိုက်ခတ်သွားသည်။ ယင်းတို့သည် ချက်ခြင်းပင် တောင့်တင်းလျက် ကျောက်ဖြစ်မည့် အရိပ်အယောင်များ ပြသတော့သည်။

ထိုအခိုက်တွင် ကျောက်ဖျာ၏မျက်နှာချင်းဆိုရှိ ထီးတစ်လက် ကိုင်ထားသော သက်လတ်ပိုင်းလူက သက်ပြင်းချ၏။ သူ့ညာလက်ဖြင့် ထီးကို ဖွင့်ဟလိုက်ရာ အတွင်းမှ ခုနစ်ရောင်စုံအလင်းတစ်ခု ထွက်ပေါ်လာသည်။ ထိုစဉ် ယင်းထီးသည် နေမင်းအလား၊ ခုနစ်ရောင်စုံ ထိန်လင်းစွာ တောက်ပ၏။

ရှေးအမိန့်စွမ်းအားနှင့် ခုနစ်ရောင်စုံအလင်းတို့ ထိပ်တိုက်တွေ့လေပြီ။ လောကမှာ တုန်ခါရလေ၏။ သည်အခိုက်တွင် ကြောက်မက်ဖွယ်ဟိန်းမြည်သံတစ်သံ ပဲ့တင်ထပ်သည်။

ထိုထီးကိုင်ထားသော လူ၏နောက်မှ မျက်လုံးမှိတ်ထားသော ကျင့်ကြံသူတစ်ယောက်၏ လက်ထဲ၌ ချိပ်တံဆိပ်ကိုးခုနှင့် လေးတစ်လက် ပေါ်လာ၏။ ထိုလေးသည် အရိုးဖြင့် ပြုလုပ်ထားကာ လနှင့်ကြယ်များကို ရေးထွင်းထားသည်။ ထိုလေး၏ လေးကြိုးကို မည်သည့်သတ္တုဖြင့် ပြုလုပ်ထားမှန်း မသိရသော်လည်း ရှေးကျသောအော်ရာတစ်ခုကို ပေးစွမ်းနေသည်။

ထိုအခိုက်တွင် သည်ဝတ်စုံနက်ကျင့်ကြံသူက ထိုလေးကို ဆွဲတင်၏။ ရှည်လျားနက်မှောင်သော ငှက်မွှေးတောင်ကိုးခုက ထိုလေးပေါ်တွင် ရုတ်တရက် ပေါ်လာသည်။

ထိုမြှားသည် အပျက်အစီးအရာများ ဖုံးနေ၏။ ယင်းမြှားက မရေမတွက်နိုင်သော တိုက်ပွဲများကို ဖြတ်သန်းပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများစွာကို သတ်ဖြတ်ပြီး ဖြစ်ပုံရသည်။ ချောက်ခြားဖွယ်ရာ သတ်ဖြတ်လိုစိတ်မှာ ထိုမြှားပေါ်တွင် စုဝေးလေ၏။

ထိုသူက မျက်လုံးမှိတ်လျက်ဖြင့် လေးညှို့တင်ကာ ပစ်လွှတ်လိုက်လေတော့သည်။

ဖျပ်ခနဲဖြင့် မြှားက အနှိုင်းမဲ့အရှိန်အဟုန်ဖြင့် ပျံသန်းထွက်သွားလေပြီ။ လောကသည် တုန်ဟည်း၏။ မြှားဖြတ်သန်းသွားရာ အောက်ရှိ မြေပြင်ထက်တွင် ဧရာမအက်ကြောင်းကြီး ဖြစ်ပေါ်သည်။

ထိုမြှားသည် ၎င်း၏လမ်းကြောင်းရှိ အရာအားလုံးကို ချိုးဖျက်လျက် ကျယ်လောင်စွာ မြည်ဟည်းကာ ရှေ့သို့ ထိုးထွက်သည်။ ထိုမြှားသည် လေဟာနယ်ကို ထွင်းဖောက်လျက် တခြားအသံများအားလုံးကို အစားထိုးသွားသည်။

၎င်းက ထီးကိုထွင်းဖောက်၏။ အရာအားလုံးကို ထွင်းဖောက်၏။ အချိန်၊ ကောင်းကင်နှင့်မြေကြီးတို့သည်ပင် ၎င်းကို တားနိုင်မည့်ပုံ မရှိ၊ လောကရှိ မည်သည့်အရာကမျှ ၎င်းမြှားကို တားနိုင်လိမ့်မည် မဟုတ်သည့်အလား။

ထိုမြှားသည် ရှေးအမိန့်အော်ရာကိုပါ ထွင်းဖောက်၍ ဧရာမဦးခေါင်းကြီး၏ ဘယ်မျက်လုံးကို ထိုးစိုက်သွားလေသည်။

၎င်းက ဘယ်မျက်လုံးအတွင်းသို့ ဝင်ရောက်ကာ တစ်ဖက်သို့ ထွင်းဖောက်သွားသည်။

လူတစ်ယောက်သည် ထိုမြှားထိပ်၌ သွေးတလွှမ်းလွှမ်းဘယ်မျက်လုံးတစ်လုံးကို မြင်နိုင်ပေလိမ့်မည်။ ၎င်းမြှားက နန်းတော်ကို ထွင်းဖောက်၊ လေဟာနယ်အတွင်းသို့ သဲလွန်စမရှိ ပျောက်ကွယ်သွားလေတော့သည်။

ဝမ်လင်း၏စိတ်ထဲ၌ ပြင်းထန်သောနာကျင်မှုက ဒီရေအလား လှိုက်တက်လာ၏။ ထိုနာကျင်မှုသည် သူကိုယ်တိုင်၏မှတ်ဉာဏ်များကို ဖြဲဆုတ်ခံရသည်မှ ထွက်ပေါ်လာသလိုပင်။ သွေးများက သူ့ဘယ်မျက်လုံးမှ စီးကျလာ၏။ သူ ငှားယမ်းသုံးစွဲထားသော ရှေးဟောင်းနတ်ဆိုးကြယ်ကိုးလုံးသည် ရုတ်တရက် ပျက်စီးသွားတော့သည်။

“လီကောင်းပစ်လွှတ်လိုက်တဲ့ တာအိုပစ်ချက်ဟာ ငါ့ဘယ်မျက်လုံးကို ထွင်းဖောက် ယူဆောင်သွားခဲ့တယ်။ ငါ့ဘယ်မျက်လုံးထဲမှာ ငါ့မှတ်ဉာဏ်တစ်ဝက်၊ ငါ့မွေးရယ်မြေရဲ့ အတွေးတွေ ပါဝင်တယ်…”

အရင်က ထွက်ပေါ်လာခဲ့ဖူးသော ထိုစကားသံများက ဝမ်လင်း၏စိတ်ထဲတွင် တဖန် ပြန်ပေါ်လာသည်။ သည်အခိုက်တွင် ပြင်းထန်သောနာကျင်မှုအောက်၌ သူက သူ့ကိုယ်သူကိုယ်ပင် မေ့သွားဟန်ရပြီး ရှေးအမိန့်ယဲ့မို ဖြစ်လာသလိုပင်။

“ငါ့ ဘယ်မျက်လုံး ပြန်ပေးစမ်း…” သူ မာန်သွင်းလိုက်၏။ သူ မာန်သွင်းအော်ဟစ်နေရင်း ဦးခေါင်းထံမှ အော်ရာက ရှေ့သို့ ထိုးထွက်၏။ ထီး ပျက်စီးသွားသည်။ ထိုအော်ရာသည် ခုနစ်ရောင်စုံထီးကို ကိုင်ဆောင်ထားသော လူထံ ရိုက်ချသည်။ ထိုလူက ခါးသက်သက်အပြုံးတစ်ခုကို ထုတ်ဖော်ကာ သူ၏ခန္ဓာကိုယ်သည် အသက်ဓာတ်အားလုံး ဆုံးရှုံး၍ ကျောက်ဖြစ်သွားတော့သည်။ ထီးသည်ပင် ကျောက်သား ဖြစ်သွားလေ၏။

ထိုအော်ရာက သူ့နောက်မှ မြှားသမား သက်လတ်ပိုင်းလူပေါ်သို့ပါ ရိုက်ခတ် ကျရောက်သွား၏။ မြှားသမားသည် ငြိမ်သက်စွာ စဉ်းစား၍ မျက်လုံးမှိတ်ထားသည်။ သူ၏ခန္ဓာကိုယ်မှာလည်း ချက်ခြင်းပင် ကျောက်သား ဖြစ်သွားသည်။ သူက အသက်ရှင်စဉ်က ရှိခဲ့သည့် ကိုယ်နေဟန်ထားအတိုင်း ဆက်ရှိနေလေ၏။

“ငါတို့ သဘောတူညီချက်ကို ငါ လက်စသပ်ပေးခဲ့ပြီး ဖြစ်တယ်…” သူ မျက်လုံးမှိတ်လိုက်ချိန်၌ သူသည် သူ၏ ပထမဆုံးနှင့်နောက်ဆုံးဖြစ်သော အထက်ပါစကားကို ပြောသွားခဲ့လေသည်။

***

All Chapters