အမွေအနှစ်(၂)
Vol. 111 Ch. 1522
ဝမ်လင်းသည် ထိုကျောက်ဖျာစင်မြင့်ထက်ရှိ ပလ္လင်ပေါ်တွင် ထိုင်နေစဉ်တွင် ကျိုးကျင်နှင့် လင်းတန်တို့က သူ့ရှေ့၌ ဒူးထောက်နေကြဆဲပင်။ သူတို့သည် ဝမ်လင်းခန္ဓာကိုယ်ထံမှ ဖိအားသည် ကြောက်မက်ဖွယ်ရာအဆင့်သို့ ရောက်လာပြီကို သတိပြုမိကြသည်။ ထိုဖိအားက သူတို့ကို ကြောက်လန့်တုန်လှုပ်ခြင်းကို ခံစားစေပြီး ခေါင်းပင် မမော့ဝံ့ ဖြစ်ရသည်။
သူတို့က ဝမ်လင်း၏ဘယ်မျက်လုံးထံမှ သွေးများစီးကျသည်ကိုလည်း မမြင်နိုင်ကြတော့ပေ။
ဝမ်လင်းက သည်ပလ္လင်ပေါ်တွင် ထိုင်လိုက်သည့််အခါမှစ၍ အမွေအနှစ်က အစပြုခဲ့လေပြီ။
ဝမ်လင်း ထိုပလ္လင်ပေါ်တွင် ထိုင်နေရင်း အချိန်ဖြည်းဖြည်းချင်း ကုန်ဆုံးလာနေ၏။ သူ့ခေါင်းထံ၌ ပုံရိပ်မြင်ကွင်းများ ဆက်တိုက် တဖျပ်ဖျပ် ဖြစ်ပေါ်နေသည်။
အချိန်မည်မျှ ကြာသွားမှန်း မသိရပြီးနောက် ပတ်ဝန်းကျင်ကျင့်ကြံသူအားလုံးမှာ ငြိမ်သက်သွားကြ၏။ သူတို့၏ဦးခေါင်းထက်ရှိ အစိမ်းရောင်များကမူ ဆက်လက်လောင်ကျွမ်းကာ သည်ပုံရိပ်ယောင်ဆန်သော ဧရိယာကို ခြုံလွှမ်းထားသည်။
သည်နေ့တွင် ခုနစ်ရောင်စုံတာအိုဝတ်စုံနှင့်လူတစ်ယောက်က သည်ငြိမ်သက်နေသော နန်းတော်ထဲတွင် မည်သည့်နေရာကမှန်းမသိ ထွက်ပေါ်လာ၏။ သူက ထီးကို ဖွင့်ဟလိုက်သော သက်လတ်ပိုင်းလူရှေ့တွင် ရပ်ကာ အချိန်အကြာကြီး စဉ်းစားနေသည်။
“ငါ့ဘဝမှာ ကလေးသုံးယောက်ရှိခဲ့တယ်။ မင်းဟာ အတော်ဆုံးတစ်ယောက်ပဲ…”
ခုနစ်ရောင်စုံဝတ်ကျင့်ကြံသူက သက်ပြင်းချကာ ထိုသက်လတ်ပိုင်းလူကို ကျော်၍ လျှောက်သွား၏။ သူက လေးကို ခုထိ ကိုင်ထားသော လီကောင်းရှေ့တွင် ရပ်လိုက်၏။
“မင်းကို ပေးထားတဲ့ ကတိကို ငါ ဆက်တည်ပါ့မယ်။ ကောင်းကင်ဘုံတာအို ကြီးထွားလာခဲ့ပြီးရင် ငါဟာ ဒီလေးကို မင်းရဲ့ ကလန်ရှိ ပြန်ပို့ဆောင်ပေးမယ်…” ခုနစ်ရောင်စုံဝတ်ကျင့်ကြံသူက လီကောင်းထံမှ တုန်လှုပ်စရာကောင်းလှသော လေးကို ယူဆောင်လိုက်၏။ သို့ပေမည့် ထိုအခိုက်တွင် သူ၏အမူအရာသည် ပြောင်းလဲသွားသည်။ သူသည် စဉ်းစားမနေဘဲ ရှေ့သို့ လှမ်းလိုက်၏။ သူက မြန်လွန်းသည်။
“ရှေးဟောင်းတာအို…ကောင်းကင်ဘုံသားဆိုတာ နတ္ထိ…” ဝမ်လင်းသည် ထိုမြင်ကွင်းို ကြည့်နေရင်း သူ၏စိတ်ထဲ၌ သည်စကားလုံးများ ရုတ်တရက် ပဲ့တင်ထပ်လာသည်။ သည်အခိုက်တွင် ဝမ်လင်း၏ခန္ဓာကိုယ်တွင်း၌ ဖော်ပြရန်ခက်ခဲသော ပြောင်းလဲမှုတစ်ခု ဖြစ်ပွားသည်။
ထိုစကားလုံးလေးခွန်းက ခုနစ်ရောင်စုံကျင့်ကြံသူ၏ အမူအရာကို ထပ်မံ ပြောင်းလဲသွားစေပြန်သည်။
“သင် မသေသေးဘူးပဲ…” သူ့ပတ်လည်တွင် ခုနစ်ရောင်စုံအလင်း ခြုံလွှမ်းသွား၏။ သူက နောက်ဆုတ်နေရင်း သွေးအန်လိုက်ရသည်။ ခြေတစ်လှမ်းဖြင့်ပင် သူသည် သဲလွန်စမရှိ ပျောက်ကွယ်သွားလေ၏။
ဝမ်လင်း၏စိတ်ထဲ၌ ထိုပုံရိပ် ပျောက်ကွယ်သွားသည်။ သူ့ခန္ဓာကိုယ်က တုန်ယင်လျက် သူ၏မျက်လုံးထဲရှိ စိတ်ရှုပ်ထွေးမှုတို့က ပျောက်ကွယ်ကာ သူသည် တဖြည်းဖြည်း ပြန်အသိဝင်လာသည်။ သူ အသိဝင်လာသည်နှင့် သူ့ခန္ဓာကိုယ်တွင်းမှ ငှားယမ်းရရှိထားသော စွမ်းအားက မြင့်တက်လာကာ ပလ္လင်ထံသို့ တရှိန်ထိုး ပြန်ဝင်ရောက်လိုသည်ဟု ထင်ရသည်။
ချက်ခြင်းပင် ထိုပလ္လင်ထံမှ ပြင်းထန်သောပယ်ဖျက်ခြင်းအားတစ်ခု ထွက်ပေါ်လာ၏။ ၎င်းက ဝမ်လင်းကို ကန်ထုတ်လိုသည့်နှယ်။ ထိုပလ္လင်က အတိတ်တုန်းက ၎င်းပေါ်တွင် ထိုင်ခဲ့သောလူကလွဲ၍ မည်သူ့ကိုမျှ မထိုင်စေလိုသော ကိုယ်ပိုင်စိတ်ဆန္ဒ ရှိနေသကဲ့သို့ပင်။
ဝမ်လင်းသည် ထိုဆန္ဒ နိုးထမလာခင်တွင် သည်ပလ္လင်ပေါ်တွင် ထိုင်ခဲ့တာ ဖြစ်၏။ သို့ရာတွင် ရှေးဟောင်းနတ်ဆိုးနှင့် ရှေးဟောင်းမိစ္ဆာအော်ရာများက သူ၏ခန္ဓာကိုယ်ထဲ ဝင်ရောက်လာသည့်အခါ အတိတ်တစ်ချိန်က မြင်ကွင်းများကို ဖန်တီးခဲ့ကာ ထိုမြင်ကွင်းများ ပျက်စီးသွားသည်နှင့် ၎င်းဆန္ဒမှာ နိုးထလာခဲ့သည်။
ထိုဆန္ဒ နိုးထလာပြီးနောက် ထိုပယ်ဖျက်အားသည် ရုတ်တရက် ပေါ်လာခဲ့သည်။ ၎င်းက ဝမ်လင်းကို ကန်ထုတ်လိုသည်သာမက ဝမ်လင်း၏ကိုယ်တွင်း၌ စုပ်ယူထားသော အစွမ်းထက်အော်ရာကိုပါ ပြန်ယူဆောင်လိုသည့်နှယ်။
ထိုဆန္ဒက ဝမ်လင်းကို သည်အော်ရာအား ပိုင်ဆိုင်ရန် ခွင့်ပြုမည် မဟုတ်ပေ။
ဝမ်လင်း၏အမူအရာက သုန်မှုန်လာ၏။ သူက စဉ်းစားနေရန် အချိန်ရှိမနေပေ။ သို့သော် သူသည် သူ၏ကိုယ်တိုင်းရှိ အော်ရာကို အလိုလို ဆက်လက် ထိန်းသိမ်းထားချင်မိနေ၏။ ထိုအဖြစ်က သူနှင့် ပလ္လင်တို့ကြား ကြမ်းတမ်းသော ပဋိပက္ခကို ဖြစ်စေတော့သည်။
ဝမ်လင်းက မာန်သွင်းလိုက်၏။ ထိုပယ်ဖျက်အားကို ရင်ဆိုင်နေရင်း သူ့မျက်နှာပေါ်ရှိ သွေးကြောများမှာ ဖောင်းကြွလာ၏။ သူက သူ့ကိုယ်သူ ပလ္လင်ထံမှ ကန်ထုတ်ခွင့် မပြုနိုင်ပေ။ သူသည် သူသာ သည်ပလ္လင်ကနေ ထွက်ခွာလိုက်ရပါက သူ့ခန္ဓာကိုယ်တွင်းမှ အော်ရာသည် ပျက်စီးသွားမည်ဟု ခံစားမိသည်။ သူက ၎င်းအစွမ်းထက်အော်ရာကို ဆက်လက် ထိန်းသိမ်းထားချင်ပါက သူသည် ဤပလ္လင်ပေါ်တွင် ဆက်နေရပေမည်။
အချိန်ဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။ အသက်ရှုချိန်တစ်ကြိမ်စာ၊ နှစ်ကြိမ်စာ၊ သုံးကြိမ်စာ…။
အသက်သုံးခါရှုချိန်လေးဖြင့် ဝမ်လင်းက သူ၏ခန္ဓာကိုယ်သည် အကန့်အသတ်သို့ ရောက်လာပြီဟု ခံစားမိ၏။ သူ့၏မူလစွမ်းအားများကို အရူးအမူး အသက်သွင်းကာ သူ၏ကိုယ်တွင်းရှိ အော်ရာကို စုပ်ယူနေသော သည်ပယ်ဖျက်အားကို ချေဖျက်နေလေသည်။
သူ သတိပြန်ဝင် နိုးထလာသည့်အတွက်ကြောင့် သူ၏မျက်ခုံးနှစ်ခုကြားမှ ရှေးဟောင်းနတ်ဘုရားကြယ်အရေအတွက်မှာလည်း ကြယ်ခြောက်လုံး ပြန်ဖြစ်လာခဲ့သည်။ သို့ပေမည့် သူသည် ထိုအော်ရာကို စုပ်ယူနေလျက်ရှိစဉ် ခုနစ်ခုမြောက်ကြယ်က ခပ်ရေးရေး ပေါ်လာလေ၏။
ရှေးဟောင်းမိစ္ဆာစွမ်းအင်များကလည်း သူ၏ညာမျက်လုံးတွင် စုဝေးလာပြီး ရှေးဟောင်းမိစ္ဆာကြယ်များ ဖြစ်ပေါ်လာမည့် အရိပ်အယောင်များ ပြသလာသည်။
လေးကြိမ်မြောက်အသက်ရှုချိန်။
ဝမ်လင်းသည် လေးကြိမ်မြောက်အသက်ရှုချိန်ထိ တောင့်ခံပြီးနောက် သူ၏စိတ်သည် တုန်ဟည်းလာသည်။ သူ့စိတ်ထဲရှိ မြေပုံကိုးခုမှာ ပျက်စီးသွားတော့သည်။ ထိုပျက်စီးသွားသော မြေပုံ၏အောက်ဘက်တွင် သူက မြေပုံခွဲခြောက်ခုကြောင့် ဖြစ်ပေါ်နေသော အဆုံးအဆမဲ့ဧရိယာတစ်ခုကို မြင်လိုက်ရသည်။ ထိုမြေပုံခြောက်ခု၏ အောက်တွင် နောက်ထပ်လောကတစ်ခု ရှိလို့နေ၏။
သည်လောကမှာ မြေပုံဧရိယာသုံးခု ဖြင့် ဖွဲ့စည်းထားပေသည်။
သည်ရှေးဟောင်းသင်္ချိုင်းမှာ အလွှာတစ်ခုတည်း မဟုတ်ပေ။ သုံးလွှာဖြစ်နေ၏။ သင်္ချိုင်းအတွင်းသို့ ဝင်လာသော လူတိုင်းက ပထမအလွှာတွင်သာ ရှိနေကြသည်။ ဒုတိယအလွှာသို့ ဝင်ပေါက်မှာ ဝမ်လင်းနောက်ရှိ ပလ္လင်အထက်မှ ဘဲဥပုံအလင်း ဖြစ်ချေ၏။
သင်သည် သည်ရှေးအမိန့်သင်္ချိုင်း၏ ပထမဆုံးအလွှာအထပ်ကို အစီအရင်တစ်ခုဟု ယူဆပါက ဒီပလ္လင်၏တည်နေရာမှာ အနှီအစီအရင်၏ ဗဟိုချက်နှလုံးနေရာပင်။
ထို့အပြင် သည်အခိုက်၌ ဝမ်လင်းက ဒုတိယအလွှာထဲ၌ မရေမတွက်နိုင်သော စိတ်ဝိညာဉ်များစွာကိုလည်း မြင်လိုက်ရသည်။ သူ့ကို ကြောက်လန့်သွားစေသည်မှာ တာအိုသခင်အိပ်မက်ပြာနှင့်ပင် ယှဉ်နိုင်သော ဖိအားကို ပေးစွမ်းသော စိတ်ဝိညာဉ်များပင်။
ထိုဒုတိယအလွှာ၏အတွင်းနက်ပိုင်း၌ မပီဝိုးတဝါးနေရာတစ်ခု ရှိ၏။ ဖော်ပြရန်မစွမ်းသာသော၊ တုန်လှုပ်ဖွယ်အော်ရာတစ်ခုက သည်ဒုတိယအလွှာတွင် အိပ်ပျော်နေသည့်အလား။ သင်သာ ထိုအလွှာသို့ ဝင်ရောက်သည်နှင့် ၎င်းအစွမ်းထက်တည်ရှိမှုက နိုးထလာနိုင်သည်။ တာအိုသခင်အိပ်မက်ပြာကဲ့သို့ အစွမ်းထက်သူမျိုးပင် ယင်းနေရာတွင် အသက်ရှင်နိုင်ဖို့ ခက်ခဲပေလိမ့်မည်။
ဤကား ဒုတိယအလွှာသာ ရှိသေး၏။ ထို့အပြင် တတိယအလွှာလည်း ရှိနေသေးလေသည်။
ဝမ်လင်းသည် အစီအရင်၏ဗဟိုချက်ဖြစ်သော သည်ပလ္လင်ပေါ်တွင် ထိုင်နေ၏။ သူ၏နတ်ဘုရားအာရုံကလည်း ဤအစီအရင်နှင့် ပေါင်းစပ်ဟန် ပေါ်ကာ သူက ဒုတိယအလွှာသို့ ဖြတ်သန်းသွားပြီး တတိယမြောက်အလွှာအထပ်သို့ ဝင်ရောက်သည်။ သို့ရာတွင် ထိုအခိုက်၌ မရေမတွက်နိုင်သောနှစ်များစွာ ဖိနှိပ်ထားဟန် တူသော ဟိန်းသံတစ်သံ ပဲ့တင်ထပ်သည်။ ဝမ်လင်း၏နတ်ဘုရားအာရုံသည် ထိုဟိန်းသံ၏ရှေ့တွင် ချက်ခြင်း ပျက်စီးသွားသည်။
သူ၏နတ်ဘုရားအာရုံ ပျက်စီးသွားသော်လည်း ဝမ်လင်းသည် ထိုမြေပုံသုံးခု၏ ဗဟိုချက် တတိယအလွှာတွင် ဧရာမနှလုံးကြီးတစ်ခု ရှိနေသည်ကို မြင်လိုက်ရ၏။
ထိုနှလုံးက ခုန်နေကာ အမွေအနှစ်အော်ရာကို ပေးစွမ်းနေသည်။ ဝမ်လင်းက သူသာ ထိုနှလုံးကို ထိနိုင်ခဲ့ပါက ရှေးအမိန့်အမွေအနှစ်အပြည့်အဝကို ရရှိနိုင်မည်ဟု ခံစားမိသည်။
သူ၏ခန္ဓာကိုယ်ထဲသို့ တရကြမ်း တိုးဝင်ခဲ့သော အစွမ်းထက်အော်ရာသည် ထိုနှလုံးမှ ထွက်ပေါ်လာတာပင်။ အချို့ဆန်းကြယ်သောနည်းလမ်းမှ တစ်ဆင့် ထိုနှလုံးမှအော်ရာသည် ပလ္လင်ကို ဖြတ်သန်းပြီး သူ၏ခန္ဓာကိုယ်ထဲ ဝင်ရောက်ခဲ့တာ ဖြစ်သည်။
သည်အခိုက်အတန့်တွင် ထိုအော်ရာသည် သူ၏ခန္ဓာကိုယ်မှ အလျင်အမြန် ပြန်ထွက်ခွာနေ၏။ ၎င်းအော်ရာသာ ပြန်ထွက်ခွာသွားပါက ဝမ်လင်းသည် အမွေအနှစ်ကို ရရှိနိုင်ရန် ဒုတိယနှင့်တတိယအလွှာများကို ဖြတ်သန်းချိုးဖျက် ရပေတာ့မည်။ သူမဆိုနှင့် သည်သင်္ချိုင်းထဲရှိ မည်သူကမျှ ၎င်းနှလုံးသားကို ထိနိုင်လိမ့်မည် မဟုတ်ပေ။
ဝမ်လင်း၏စိတ်ထဲ၌ အတွေးမျိုးစုံ ဖြတ်ပြေးနေ၏။ သူ၏စိတ်ထဲတွင် ရူးသွပ်မှု ပေါ်လာသည်။ သူက သူ့စိတ်ကိုယ်သူ ပြင်ဆင်လိုက်သည်။ သူက ထိုအော်ရာ ပျောက်ကွယ်သွားမည်ကို ခွင့်မပြုနိုင်ပေ။ ငါးကြိမ်မြောက်အသက်ရှုချိန်။
ဝမ်လင်း၏မျက်လုံးက နီရဲလာ၏။ သူ၏အမူအရာမှာ ကြမ်းကြုတ်လာသည်။ ခုနစ်ခုရောက်ကြယ်က သူ ငှားယမ်းရယူထားသော အော်ရာကို အရူးအမူး စုပ်ယူနေ၏။
“ဒီအော်ရာက ငါ့ခန္ဓာကိုယ်ထဲ ဝင်ရောက်လာခဲ့မှတော့ ငါ့အပိုင်ပဲ ဖြစ်ရမယ်။ ငါက ဒါကို ဘယ်လိုလုပ် ၎င်းဆန္ဒရှိသလို ဝင်လိုက်ထွက်လိုက် လုပ်ခွင့်ပေးနိုင်ပါ့မလဲ…”
ဝမ်လင်း ပြန်နိုးထလာချိန်၌ ကျိုးကျင်နှင့်လင်းတန်တို့ပေါ်ရှိ ဖိအားသည် မြန်ဆန်စွာ လွင့်ပျောက်သွားသည့်ပုံ ပေါ်ကာ သူတို့သည် ခေါင်းမော့ရန် သတ္တိရှိလာကြသည်။ ကျိုးကျင်က သူ့ခေါင်းကို မော့ရန် ဟန်ပြင်လိုက်သည်။
ထိုအခိုက်အတန့်တွင် ဝမ်လင်းက နှေးဖင့်မနေဘဲ သူ့ညာလက်ကို မြှောက်၍ ခုထိ မပျောက်ကွယ်သေးသော အော်ရာကို အသုံးချကာ မိုးကြိုးတန်းတစ်ခု ဖြစ်စေပြီး ကျိုးကျင်၏မျက်ခုံးနှစ်ခုကြားသို့ ကျရောက်စေလိုက်သည်။
ကျိုးကျင်သည် သွေးအန်ကာ နောက်သို့ လွင်ထွက်သွားလေ၏။ ထို့နောက် သူ၏မျက်ခုံးနှစ်ခုကြားတွင် စာလုံးတစ်လုံးပေါ်လာသည်။ ထိုစာလုံးမှာ ရှေးကျွန်၏အမှတ်အသားပင်။
“မင်းတို့နှစ်ယောက် မင်းတို့ရဲ့ အပူဇော်ခံမီးတောက်တွေကို အသုံးပြုပြီး ဒီပလ္လင်ကို ချိပ်ပိတ်ပါ။ ငါ့ကို အမွေအနှစ်အပြည့်အဝ ရအောင် ကူညီပေးကြ။ မြန်မြန်လုပ်…” ဝမ်လင်းက ခပ်သွက်သွက် ပြောလိုက်၏။ ထို့နောက် သူက သူ၏ခန္ဓာကိုယ်ကနေ ထိုအော်ရာ မလွတ်မြောက်သွားရန် ချိပ်ပိတ်မှု ပြု၏။ သူက သူ့ကိုယ်သူ ပလ္လင်နှင့် အသေကပ်နေအောင် ပြုပြင်၏။
ခြောက်ကြိမ်မြောက်အသက်ရှုချိန်။
လင်းတန်က ချက်ခြင်းပင် ဝမ်လင်း၏ဘယ်ဘက်ခြမ်းသို့ ရောက်လာ၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ ပလ္လင်ပေါ်သို့ သူ့ညာလက်ဖြင့် ဖိချသည်။ သူက သူ၏ခန္ဓာကိုယ်ထဲရှိ အပူဇော်ခံမီးတောက်များစွာကို ဆင့်ခေါ်သည်။ သူ့ဘယ်လက်ကို ဝမ်လင်းထံသို့ ပင့်မြှောက်ပြီး ပယ်ဖျက်အားကို တောင့်ခံနိုင်ဖို့ငှာ ကူညီပေးသည်။
ဝမ်လင်း၏ခန္ဓာကိုယ်မှ ပြင်းထန်သောအားတစ်ခု ထွက်ပေါ်နေ၏။ လင်းတန်၏အမူအရာသည် ချက်ခြင်း ပြောင်းလဲသွားကာ အံတင်းတင်းကြိတ်လျက် တောင့်ခံပေးသည်။
ကောင်းကင်ဘုံဝံပုလွေကလန်မှ ကျိုးကျင်ကလည်း ဝမ်လင်း၏ လက်ချောင်းကြောင့် လွင့်ထွက်သွားခဲ့ရ၏။ သူ၏မျက်နှာက ဖြူရောနေကာ မျက်လုံးထဲတွင် ရုန်းကန်မှု ရှိနေ၏။ သို့ပေမည့် သူ ပို၍ ရုန်းကန်လေလေ ရှေးကျွန်အမှတ်အသားက တဖျပ်ဖျပ် လင်းလက်လေပင်။
အသက်ရှုချိန်ခုနစ်ကြိမ်မြောက်။
ကျိုးကျင်၏ မျက်နှာသည် ဖြူရောနေလျက်ဖြင့်ပင် သူက ဝမ်လင်း၏ညာဘက်သို့ ရောက်လာ၏။ သူသည်လည်း အမိန့်နာခံကာ အပူဇော်ခံမီးတောက်များကို ဆင့်ခေါ်ပြီး ပလ္လင်အတွင်းသို့ စေလွှတ်သည်။ လင်းတန်ကဲ့သို့ပင် သူ့ညာလက်ဖြင့်လည်း ဝမ်လင်းပေါ်သို့ တင်ကာ ပယ်ဖျက်အား၏ ဝန်ကို မျှထမ်းပေးဖို့ ကူညီပေးလေ၏။
သူ၏စိတ်နှင့်ခန္ဓာကိုယ်သည် တုန်ယင်နေ၏။ သူက ပြင်းထန်သောအားတစ်ခုက သူ့အား ထိရိုက်နေသည်ကို ခံစားမိသည်။ သူက မာန်သွင်းလျက် ညာခြေတစ်လှမ်း ဆုတ်၏။ သူက ညာခြေဖြင့် ကျားကန်ကာ သည်အားကို တောင့်ခံပေးသည်။
ဝမ်လင်းက မျက်လုံးမှိတ်ထားလျက်ပင်။ သူက သူ့ခန္ဓာကိုယ်မှ အော်ရာထွက်ခွာမည်ကို ဟန့်တားရန် ချိပ်ပိတ်မှုများ ဆက်တိုက် ပြုလုပ်နေ၏။ သို့ပေမည့် သူ၏ဘယ်မျက်လုံးသည် နာကျင်မှုကို ခံစားရ၏။ ရှေးဟောင်းနတ်ဆိုးကြယ်များ ပျက်စီးသွားသည်မှစ၍ ရှေးဟောင်းနတ်ဆိုးအော်ရာမှာ လုံးဝ မကျန်ခဲ့တော့ပေ။ သူက သူ့ညာမျက်လုံးထဲရှိ ရှေးဟောင်းမိစ္ဆာအော်ရာနှင့် မျက်ခုံးကြားရှိ ရှေးဟောင်းနတ်ဘုရားအော်ရာတို့ကို ပိတ်လှောင်ဖို့ ခုလက်ရှိ၌ ကြိုးစားနေ၏။
အသက်ရှစ်ခါရှုချိန်။
ပလ္လင်ထံမှ ပယ်အားသည် တုန်လှုပ်ဖွယ်ရာအဆင့်သို့ ရောက်နှင့်နေလေပြီ။ ဝမ်လင်း၏ခန္ဓာကိုယ်ထံမှ တစီစီအသံများ ထွက်ပေါ်လာနေ၏။ သူ၏ပါးစပ်ထောင့်မှ သွေးများစီးကျလာသည်။ သို့သော် သူ၏အမူအရာမှာ အလွန်အမင်း ကြမ်းကြုတ်လို့နေ၏။
“ငါ ဒါကို မယုံနိုင်ဘူး...” ဝမ်လင်းသည် မာန်သွင်း၏။ သူ၏ ရှေးဟောင်းနတ်ဘုရားစွမ်းအားသည် ခန္ဓာကိုယ်ထဲ၌ ပြည့်နှက်လာကာ ပလ္လင်ထံမှ ပယ်ဖျက်အားနှင့် ထိပ်တိုက်တွေ့သည်။
လင်းတန်၏ပါးစပ်ထောင့်မှလည်း သွေးများ စီးကျလာ၏။ သူ၏ခန္ဓာကိုယ်သည် တုန်ယင်ကာ သူ့မျက်နှာသည် သေလောက်အောင် ဖြူရောနေသည်။
ကျိုးကျင်က အံတင်းတင်း ကြိတ်ထား၏။ သူ့ပါးစပ်ထောင့်မှ သွေးများ စီးကျနေသည်။ သို့ပေမည့် သူက ခုထိ မလှုပ်မယှက်ရှိနေဆဲပင်။ လင်းတန်ကို ကူညီကာ ပလ္လင်ထံမှ အားကို မျှဝေတောင့်ခံပေးနေ၏။
အသက်ကိုးကြိမ်ရှုချိန်။ ဝမ်လင်သည် တဆက်ဆက် တုန်ယင်နေ၏။ သူ့နဖူးထက်တွင်လည်း ချွေးပြန်နေသည်။ သူ့ကို တတိယအဆင့်ကျင့်ကြံသူနှစ်ယောက်က ကူညီပေးနေသော်လည်း ပလ္လင်ထံမှ ပယ်ဖျက်အားက ပို၍ ပြင်းထန်လာခဲ့သည်။ ၎င်းအားက သူ့ကို အစိတ်စိတ်အမွှာမွှာ ဖြစ်စေတော့မည့်အလားပင်။
သူ့ခန္ဓာကိုယ်တွင်းရှိ ရှေးဟောင်းမိစ္ဆာနှင့်ရှေးဟောင်းနတ်ဘုရားအော်ရာများသည် လှိုင်းများအလား မြင့်တက်နေလျက် ဝမ်လင်း၏ခန္ဓာကိုယ်မှ ရုန်းထွက်ကာ ပလ္လင်ထံသို့ ပြန်ဝင်ရောက်ရန် ဟန်ပြင်နေသည့်အလား။
ယင်းတို့သာ ပြန်ဝင်ရောက်သွားပါက ဝမ်လင်းသည် ပုံမှန်နည်းလမ်းဖြင့်သာ အမွေအနှစ်ကို ရယူနိုင်ပေတော့မည်။ သူက ဒုတိယအလွှာနှင့် တတိယအလွှာထိ သွားကာ သင်္ချိုင်း၏နှလုံးသားထံ ဝင်ရောက်ဖို့ လိုမည်။ ထိုအခါကျလျှင် သူသည် ဤအမွေအနှစ်ကို ရဖို့ မရေမတွက်နိုင်သော အန္တရာယ်များကို ကြုံရပေလိမ့်မည်။
ဆယ်ကြိမ်မြောက်အသက်ရှုချိန်။ ဝမ်လင်းက သွေးအန်သွား၏။ သူက ဇွဲနပဲကြီးစွာ ဆက်လက် တောင့်ခံနေရင်း ထိုအော်ရာကို ပို၍ စုပ်ယူမိနေသည်။ သူ့အတွက်လည်း ပိုအကျိုးဖြစ်နေစေ၏။ ခုမှ ပေါ်လာခါစ ခုနစ်လုံးမြောက်ရှေးဟောင်းနတ်ဘုရားကြယ်က မြန်ဆန်စွာ လှည့်ပတ်နေပြီ။ ၎င်းက ပို၍ ထင်ရှားလာကာ ပုံစံအသွင် ဖွဲ့ပေတော့မည့်။
သို့ရာတွင် ထိုအခိုက်အတန့်၌ ကြီးမားသောပြောင်းလဲမှုတစ်ခု ဖြစ်ပွားလာ၏။
“ဒီနတ်ဘုရားဟာ နောက်ဆုံးတော့ ဒီနေရာကို ရှာတွေ့ခဲ့ပြီ။ ဒါဟာ ထူစီ လာဖို့ အိပ်မက်မက်ခဲ့တဲ့ နေရာပဲ...” ရယ်သံတစ်ခုသည် နန်းတော်အတွင်း၌ ပဲ့တင်ထပ်လေ၏။ တွန့်ခေါက်ပုံပျက်မှုက လေဟာနယ်အတွင်း၌ ပေါ်လာ၏။ ထာဆန်၏ခန္ဓာကိုယ်သည် ထိုပုံပျက်ယွင်းမှုကနေ ထိုးထွက်ရန် ဟန်ပြင်သည်။
သူ တိုးဝင်လာရင်း သည်ပုံပျက်ယွင်းမှုက အခုံးအသွင် ဖြစ်လာလေ၏။ သူက ၎င်းပုံပျက်ယွင်းမှုထံသို့ လက်သီးချက် ပစ်သွင်းရာ တုန်ဟည်းသံများ ကျယ်လောင်စွာ ပဲ့တင်ထပ်လေသည်။
***