← Chapters

အမွေအနှစ်(၃)

Vol. 111 Ch. 1523

အမွေအနှစ်(၃)

Vol. 111 Ch. 1523

ဝမ်လင်း၏မျက်လုံးတို့မှာ သွေးချင်းချင်းနီရဲနေသည်။ သူက လေဟာနယ်အတွင်း၌ ပေါ်လာသော ပုံရိပ်ယောင်ပိုက်ကွန်တစ်ခုကို စိုက်ကြည့်နေသည်။ သူသည် ထိုပိုက်ကွန်ကို တိုက်ခိုက်ကာ သည်နန်းတော်အတွင်း ဝင်ရောက်ရန် ပြင်နေသော ထာဆန်ကိုလည်း စိုက်ကြည့်၏။

သူသည် ပယ်ဖျက်အားကို ဆန့်ကျင်ဖို့ ရုန်းကန်နေရင်း အချိန်ဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။ ဆယ့်တစ်ကြိမ်မြောက်၊ ဆယ့်နှစ်ကြိမ်မြောက်၊ ဆယ့်သုံးကြိမ်မြောက် အသက်ရှုချိန်။

ထိုအသက်ရှုချိန်များသည် ချက်ခြင်းလိုလို ကုန်ဆုံးသွားသည်ဟု ထင်ရသော်လည်း ယင်းစက္ကန့်ပိုင်းလေးက ဝမ်လင်းအဖို့ နှစ်နှင့်ချီသလို ခံစားရစေသည်။

ပြင်းထန်သောပယ်ဖျက်အားက မုန်တိုင်းတစ်ခုအလား။ ၎င်း၏ စွမ်းအားက အသက်တစ်ခါရှုတိုင်းမှာ တိုးပွားလာပြီး ဝမ်လင်း၏ခန္ဓာကိုယ်ကို ပျက်စီးစေချင်နေသည်။ သူ့ပါးစပ်ထောင့်မှ သွေးများ တစက်စက် ကျနေ၏။ သူ့မျက်နှာပေါ်မှ သွေးကြောများ ဖောင်းကြွနေသည်။ သူ့နှလုံးမှာ ခုန်ပေါက်နေသည်။

သူ၏မူလစွမ်းအင်များက သူ့ခန္ဓာကိုယ်ထဲ၌ အကန့်အသတ် ရောက်နေသည်။ သူ၏ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်သည်ပင် တောင့်မခံနိုင်သောနာကျင်မှုကို ခံစားလာရသည်။

သူသာ ဆက်လက် ခုခံနေပါက သူ၏သွေးကြောများပါ ပေါက်ကွဲကုန်တော့မည့်အလားပင်။ သူ့ခန္ဓာကိုယ်သည်ပင် အသားပုံအဖြစ် ပေါက်ကွဲသွားနိုင်လောက်၏။

သူသည် မာန်သွင်းတောင့်ခံနေရင်း စိတ်ထဲ၌ အကြံတစ်ခု ပေါ်လာ၏။ သူက သူ၏ခန္ဓာကိုယ်ထဲမှ ထိုအော်ရာကို ထွက်ခွာခွင့် မပေးနိုင်ပေ။ မည်သို့ပင်ဖြစ်စေ သူက ၎င်းအော်ရာကို အရယူရပေမည်။

သူသာ တစ်ကြိမ်လက်လျှော့လိုက်သည်နှင့် သည်ပလ္လင်ထံမှ ကန်ထုတ်ခံရပြီး တစ်သက်တွင်တစ်ခါသာ ရနိုင်သော ဤအခွင့်အရေးကို ဆုံးရှုံးသွားရမည်။ ဝမ်လင်းက ထိုသို့ ဖြစ်လာမည်ကို ခွင့်မပြုနိုင်ပေ။

ရှေးဟောင်းနတ်ဘုရားကြယ်ခြောက်လုံးက မြန်ဆန်စွာ လှည့်ပတ်နေရင်း ခုနစ်လုံးမြောက်ကြယ်သည် ဖြည်းဖြည်းချင်း လှည့်ပတ်လျက် ပိုထင်ရှားလာနေသည်။ ၎င်းကြယ်ထံမှ တောက်ပသော ကြယ်အလင်းတစ်ခု ထွက်ပေါ်ကာ တလျှံလျှံလင်းထင်းစေသည်။

သူ၏ညာမျက်လုံးထဲရှိ မိစ္ဆာစွမ်းအင်သည် မြန်ဆန်စွာ လှည့်ပတ်နေလျက် ရှေးဟောင်းမိစ္ဆာကြယ်သည် တလက်လက် တဖျပ်ဖျပ် ဖြစ်သည်။ ဆယ့်သုံးကြိမ်မြောက်အသက်ရှုချိန်အတွင်း ဝိုးတဝါးရှေးဟောင်းမိစ္ဆာကြယ်က သူ၏ညာမျက်လုံးတွင် ပေါ်လာခဲ့လေပြီ။

၎င်းမှာ ဝမ်လင်း၏ ပထမဆုံးရှေးဟောင်းမိစ္ဆာကြယ်ပင်။ ၎င်းသည် မှုန်ဝါးနေသေးသော်လည်း ဝမ်လင်းက သည်ပလ္လင်၏ ပယ်ဖျက်အားကို ခုခံရာမှာ ရရှိလာသော သက်သေတစ်ခုပင်။

သို့ပေမည့် ဆယ့်သုံးခါအသက်ရှုချိန်၏ တန်ဖိုးမှာ ကြီးမားလွန်း၏။ သူ့ခါးအောက်ပိုင်းမှ အသွေးအသားတို့သည် ထိုအားကို ဆက်လက် တောင့်မခံနိုင်တော့ပေ။ သွေးများစွာ ပလ္လင်ကို ဖုံးလွှမ်းသွား၏။ ထို့နောက် ဝမ်လင်း၏ခါးအောက်ပိုင်းအသွေးအသားမှာ ပေါက်ကွဲသွားကာ သူ၏အဖြူရောင်အရိုးများ လှစ်ဟပေါ်လာစေသည်။

ထိုနာကျင်မှုမှာ ကြောက်စရာတည်း။ သာမန်လူများ တောင့်ခံနိုင်သော အရာ မဟုတ်ပေ။ တွေးကြည့်ရုံနှင့် တုန်တုန်ရီရီပင် ဖြစ်သွားနိုင်လောက်သည်။

“ဒီနာကျင်မှုက ဘာဟုတ်သေးလို့လဲ။ ပထမစမ်းသပ်မှုနဲ့ ယှဉ်ရင် ဘာမှ မဟုတ်သေးဘူး...” ဝမ်လင်းသည် အံတင်းတင်း ကြိတ်ကာ နှာခေါင်းရှုံ့လိုက်၏။

ထိုအခိုက်တွင် ထာဆန်၏ဟိန်းသံသည် ပုံရိပ်ယောင်ပိုက်ကွန်ထံမှ ပိုထင်ရှားပြတ်သားစွာ ထွက်ပေါ်လာသည်။

ဝမ်လင်းသည် နေရာတွင် ထိုင်နေရင်း သူက ပိုက်ကွန်အတွင်းရှိ ထာဆန်ကို ရှင်းလင်းစွာ မြင်နေရသည်။ ထာဆန်၏အမူအရာသည် ကြမ်းကြုတ်နေလျက် တုန်လှုပ်ဖွယ်ဟိန်းအော်သံကို ထုတ်ဖော်နေသည်။ သူ၏ကြယ်ရှစ်လုံးမှာ မြန်ဆန်စွာ လှည့်ပတ်လျက် ရှေးဆန်သောအော်ရာကို ပေးစွမ်းသည်။

သူ့လက်သီးချက်များက မုန်တိုင်းတစ်ခုအလား။ လက်သီးချက်တစ်ချက် ကျရောက်တိုင်း ပုံရိပ်ယောင်ပိုက်ကွန်မှာ အပြင်းအထန် တုန်ခါသွားသည်။ ဆယ့်လေးကြိမ်မြောက်၊ ဆယ့်ငါးကြိမ်မြောက် အသက်ရှုချိန်။

ထိုအသက်ရှုချိန်နှစ်ခါစာ ပြီးသည့်နောက် ပလ္လင်ထံမှ ပယ်ဖျက်အားသည် အဆများစွာ တိုးပွားလာသည်။ ၎င်းက ကြမ်းကြုတ်ရက်စက်သည့် လက်တစ်စုံသည် ဝမ်လင်းကို ပလ္လင်ပေါ်မှ ဆွဲချပစ်လိုနေသည့်အလား။

ဆယ့်ခြောက်ကြိမ်မြောက်။ ဆယ့်ခြောက်ကြိမ်မြောက် အသက်ရှုချိန် ရောက်ရှိလာသည့်အခါတွင် ပယ်ဖျက်အားသည် အထွတ်အထိပ် ရောက်လာ၏။ တန်ပြန်ကန်အားတစ်ခုသည်ပင် ရှိလာပြီး ပျယ်ဖျက်အားသည် ထိုခဏ၌ ပျောက်ကွယ်ကာ စုပ်အားတစ်ခု ဖြစ်လာတော့သည်။

ဝမ်လင်းအောက်မှ ပယ်ဖျက်အားသည် ပျောက်ကွယ်သွား၏။ သို့သော် သူက စိတ်မအေးသွားပေ။ ထိုအစား မျက်လုံးသူငယ်အိမ်ပင် ကြုံ့မိသွား၏။ ၎င်းမှာ မုန်တိုင်းမလာခင် လေပြေလာခြင်းမျှသာ။ ထို့နောက်တွင် သည်လောကမှာ ဖျက်စီးခံရတော့မည်လော။

ဝမ်လင်းသည် ချက်ခြင်း အော်ဟစ်လိုက်၏။ “လင်းတန်၊ ကျိုးကျင်...စွမ်းအားပြည့် ခုခံကြတော့...”

ပလ္လင်မှ စုပ်အားသည် ဝမ်လင်းကို ဆွဲချရုံမျှသာ မဟုတ်ပေ။ ၎င်းက တတိယအလွှာရှိ နှလုံးခုန်သံကိုပါ ဆန်းကြယ်သောနည်းလမ်းဖြင့် ဆွဲငင်သည်။ ပြင်းထန်သောအော်ရာတစ်ခု နှလုံးထံမှ ထွက်ပေါ်လာကာ လေဟာနယ်ကို ထွင်းဖောက်၍ ပလ္လင်ထံသို့ တရှိန်တိုး ဦးတည်သည်။

ထိုအော်ရာ ရောက်ရှိလာသည်နှင့် ပလ္လင်၏စုပ်အားသည် ပျောက်ကွယ်ကာ အဆတစ်ရာပိုပြင်းထန်သော ပယ်ဖျက်အားတစ်ခု ပေါက်ကွဲထွက်လာချေသည်။

ထိုပယ်ဖျက်အားသည် တဒင်္ဂသာ ကြာမြင့်သော်လည်း ဝမ်လင်း၏ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံးကို ဖျက်စီးသွားသည်။ ဝမ်လင်း၏ခြေထောက်များ ပျက်စီး၏။ တစ်ချိန်တည်းမှာ ဝမ်လင်းကို ကူညီပေးနေသော လင်းတန်ကလည်း ထိုအားကို တောင့်ခံလျက် သူ၏ဘယ်လက်မှာ တစစီဖြစ်သွားသည်။

သူက ထိုအား၏ ထိမှန်ခြင်း ခံရကာ နောက်သို့ ခြေလှမ်းများစွာ ဆုတ်လိုက်ရ၏။ သူ့ခေါင်းကို မော့ကာ သွေးများစွာ အန်ထုတ်၏။ သူက နောက်သို့ အတင်းအကြပ် ဆုတ်လိုက်ရသော်လည်း ဝမ်လင်း၏အမိန့်ကိုမူ တင်းကြပ်စွာ လိုက်နာနေဆဲသာ။ သူ့လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေရာ ဧရာမအနက်ရောင်ရုပ်တုတစ်ခု ပေါ်လာသည်။

ထိုရုပ်တုနက်သည် လင်းတန်ကလန်၏ မိစ္ဆာနတ်ဘုရားပင်။ ၎င်းက မာန်သွင်းလျက် ၎င်း၏လက်ကို ဖြေလျော့ကာ လေဟာနယ်ကို ဖြတ်၍ ဝမ်လင်းထံသို့ ဖိချလာသည်။

ကျိုးကျင်၏မျက်နှာမှာလည်း ဖြူရောနေ၏။ သူ့ညာလက်မှ အက်သံများ ထွက်ပေါ်လာသည်။ သူ့အရိုးများသည် အမှုန့်ဖြစ်သွားကာ ညာလက်မှာ ပျက်စီးသွားသည်။ သူလည်း သွေးအန်လျက် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ရသည်။ ထို့နောက် သူက မာန်သွင်းလျက် သူ့နောက်တွင် သွေးနီရောင်ဝံပုလွေကြီးတစ်ကောင် ပေါ်လာစေသည်။

ထိုသွေးဝံပုလွေသည် မာန်သွင်းလိုက်ကာ ကျိုးကျင်ကို ခုန်လွှားကျော်၍ ဝမ်လင်း၏ခန္ဓာကိုယ်မှ အားကို တောင့်ခံရာ၌ ကူညီပေးရန် ပြင်သည်။

လင်းတန်နှင့်ကျိုးကျင်တို့သည် ထိုပေါက်ကွဲအား ခုနစ်ဆယ်ရာခိုင်နှုန်းကို တောင့်ခံပေးလိုက်သည့်အတွက်ကြောင့် ဝမ်လင်းက သုံးဆယ်ရာခိုင်နှုန်းသာ တောင့်ခံရသည်။ သူတို့နှစ်ယောက်ကြောင့်သာ မဟုတ်ပါက ဝမ်လင်းအဖို့ အသက်ရှုချိန်ဆယ့်ခြောက်ကြိမ် တောင့်ခံနိုင်ဖို့ အလွန်တရာ ခက်ခဲမည်ပင်။

ပလ္လင်သည် ပယ်ဖျက်အားအဆတစ်ရာ ပိုပြင်းထန်စွာ ပေါက်ကွဲသွားသော်လည်း အမွေအနှစ်အော်ရာမှာလည်း အဆတစ်ရာ တိုးပွားလာသည်သာ။ ထိုအော်ရာထဲမှ အချို့က ဝမ်လင်း၏ခန္ဓာကိုယ်အတွင်းသို့ တရကြမ်း တိုးဝင်သည်။

ထိုအခါ ဝမ်လင်း၏ခန္ဓာကိုယ်မှာ တုန်ယင်၏။ ဖြစ်ပေါ်ခါစ ခုနစ်လုံးမြောက်ကြယ်သည် အပြင်းအထန် လင်းလက်သည်။ ၎င်းသည် မြန်ဆန်စွာ လှည့်ပတ်လျက် ပြီးပြည့်စုံခြင်းသို့ ဦးတည်သည်။ ကြည့်ရသည်မှာ နောက်ထပ်အသက်ရှုချိန်သုံးကြိမ်စာလောက်ဆို ၎င်းကြယ်မှာ လုံးဝ ထွက်ပေါ်လာတောမည့်ပုံပင်။

ကြယ်ခုနစ်လုံးရှေးဟောင်းနတ်ဘုရားတစ်ပါး ထွက်ပေါ်လာတော့မည်ပင်။

ထာဆန်၏ဟိန်းသံကလည်း ပိုထင်ရှားလာ၏။ ပုံရိပ်ယောင်ပိုက်ကွန်က ၎င်း၏အကန့်အသတ်သို့ ရောက်လာသည့်ပုံပင်။ ၎င်းမှာ ဝမ်လင်းနှင့် နီးသထက် နီးလာသည်။ လျှပ်တပြတ်အတွင်း ၎င်းသည် ပေတစ်သောင်းပင် မလိုတော့ပေ။

ထာဆန်၏ခန္ဓာကိုယ်သည် ဆက်လက် ချဲ့ကားလာကာ သူသည် ၎င်းပိုက်ကွန်ကို ဆက်တိုက် တိုက်ခိုက်နေသည်။ ပုံရိပ်ယောင်ပိုက်ကွန်သည် ဆက်တောင့်မခံနိုင်တော့ဘဲ ၎င်းပေါ်၌ အက်ကြောင်းများ သိသိသာသာ ပေါ်လာသည်။

“ပွင့်စမ်း...ပွင့်စမ်း...ဒီနတ်ဘုရားအတွက် ပွင့်လိုက်စမ်း...”

ထာဆန်သည် ဝမ်လင်း၏ တည်ရှိမှုကို သတိမပြုမိသေးပေ။ သူက မာန်သွင်းအော်ဟစ်နေ၏။ သူ၏ကြမ်းကြုတ်သောအမူအရာတွင် စိတ်လှုပ်ရှားဟန် အရိပ်အမြွက် ပေါ်သည်။

“သောက်ရှေးအမိန့်၊ ဒီအမွေအနှစ်ဟာ ဒီနတ်ဘုရားအပိုင်ပဲ။ ဒီကြယ်အဖွဲ့အစည်းမှာ ဒီနတ်ဘုရားကလွဲလို့ ဘယ်သူကမှ ဒါကို ရဖို့ အရည်အချင်း မပြည့်မှီဘူး...”

ဝမ်လင်း၏မျက်လုံးသည် ချင်းချင်းနီရဲနေ၏။ သည်အခိုက်တွင် သူ၏ခန္ဓာကိုယ်အောက်ပိုင်းမှာလည်း ပျက်စီးသွားခဲ့ပြီး ဖြစ်၍ အပေါ်ပိုင်းသာ ကျန်တော့သည်။ သို့ပေမည့် ဝမ်လင်းက ဂရုမစိုက်ပေ။ သူသာ သည်အော်ရာကို သူ၏ခန္ဓာကိုယ်ထဲ၌ ဆက်လက်ထိန်းသိမ်းထားနိုင်သ၍ သူသည် ကြယ်ခုနစ်လုံးရှေးဟောင်းနတ်ဘုရား ဖြစ်လာပေမည်။

ကြယ်ခုနစ်လုံးရှေးဟောင်းနတ်ဘုရား၏ ပြန်ကောင်းမွန်နှုန်းသည် ကြယ်ခြောက်လုံးရှေးဟောင်းနတ်ဘုရားထက် အဆများစွာ ပိုအားကောင်းပေ၏။

ဆယ့်ခုနစ်ကြိမ်မြောက်အသက်ရှုချိန်။

ပယ်ဖျက်အားက ရုတ်ချည်း တိုးပွားလာ၏။ ၎င်းသည် အနည်းငယ်မျှသာ ဆိုသော်လည်း ပြီးခဲ့သော အဆတစ်ရာကို အခြေခံထားသော ပယ်ဖျက်အားပင်။ ထာဆန် သည်နေရာတွင် ရှိနေလျှင်ပင် သူ၏ခန္ဓာကိုယ်သည် ပျက်စီးကာ သေဆုံးသွားနိုင်လောက်၏။

ပြင်းထန်သောပယ်ဖျက်အားက တိုက်ရိုက်ထိုးထွက်၏။ ဝမ်လင်းသည် တုန်ယင်နေသည်။ သူက သွေးများစွာ အန်ထုတ်ရသည်။ သူ့အမူအရာသည် ရူးသွပ်သွားသည့်အလား။

“ရှေးအမိန့်ယဲ့မိုက ဒီပလ္လင်ပေါ်မှာ ထိုင်နိုင်ခဲ့မှတော့ ငါ ဝမ်လင်းကရော ဘာကြောင့် မထိုင်နိုင်ရမှာလဲ။ ငါ ဒီမှာ ထိုင်မယ်။ မင်း ငါ့ကို တားမလား မြင်ချင်မိသေးတယ်...”

ပယ်ဖျက်အားသည် မုန်တိုင်းအလား ဝမ်လင်း၏ခန္ဓာကိုယ်ထဲ တရကြမ်း တိုးဝင်နေသည်။ ၎င်းက လင်းတန်နှင့်ကျိုးကျင်တို့ ဆင့်ခေါ်ထားသော မိစ္ဆာနတ်ဘုရားအရိပ်နှင့် ဝံပုလွေအရိပ်တို့ထံလည်း တိုးဝင်သည်။ အံ့မခန်းအားတစ်ခုက ထိုရုပ်တုတို့ထံ တိုးဝင်ကာ ၎င်းတိုအား ပျက်စီးသွားစေတော့သည်။ လင်းတန် သွေးအန်လိုက်ရကာ သည်ကျောက်ဖျာပေါ်ကနေ လွင့်ထွက်သွားတော့သည်။

ကျိုးကျင်၏သွေးဝံပုလွေမှာလည်း နာကျင်စွာ အော်မြည်လိုက်ရပြီးနောက် ပျောက်ကွယ်သွားသည်။ ကျိုးကျင်၏ခန္ဓာကိုယ်မှ တစီစီအသံများ ထွက်ပေါ်ကာ သူသည် မြေပြင်ထက် ပေထောင်ချီသို့ လွင့်ထွက်သွားသည်။

သူတို့နှစ်ယောက်က သည်ပယ်ဖျက်အား၏ အများစုကို ဝမ်လင်းကို ကူ၍ တောင့်ခံပေးခဲ့၏။ သို့သော် သူတို့သည် သည်တစ်ကြိမ်ပြီးရင်တော့ ဆက်၍ ကူညီနိုင်တော့မည် မဟုတ်ပေ။ ဝမ်လင်းက သူ့ကိုယ်သူသာ အားကိုးရပေတော့မည်။

ဆယ့်ရှစ်ကြိမ်မြောက်အသက်ရှုချိန်။

ထိုအသက်ရှုချိန်က နှေးကွေးသည် ဆိုသော်လည်း အဖြစ်အပျက်များမှာ မြန်လွန်းသည်။ ကျိုးကျင်နှင့် လင်းတန် လွင့်ထွက်သွားသည်နှင့် ကြောက်မက်ဖွယ်ရာ ဆယ့်ရှစ်ကြိမ်မြောက်အသက်ရှုချိန် ရောက်လာခဲ့လေပြီ။

ထိုအခိုက်တွင် ထာဆန်၏ဟိန်းသံမှာလည်း အပြင်းအထန် ပဲ့တင်ထပ်သည်။ ပုံရိပ်ယောင်ပိုက်ကွန်သည် ဆက်လက်တောင့်မခံနိုင်တော့ဘဲ ပျက်စီးသွားသည်။ ထာဆန်က ထိုးထွက်ရန် ဟန်ပြင်လိုက်၏။ သူသည် ဝမ်လင်းနှင့် ပေငါးထောင်လောက်အကွာသို့ ရောက်နေပေပြီ။

ဝမ်လင်းသည် ဆယ့်ရှစ်ကြိမ်မြောက်အသက်ရှုချိန်တွင် တိုးပွားလာသော ပယ်အားကို ဆက်လက် တောင့်မခံနိုင်တော့ပေ။ ခုနစ်ခုမြောက်ကြယ်ကလည်း မြန်ဆန်စွာ လှည့်ပတ်၍ ၎င်း၏ပမာဏအများစုသည် ဖြစ်ပေါ်လာခဲ့ပြီးပင်။ ၎င်း အပြည့်အဝ ပေါ်ထွန်းဖို့ နောက်ထပ်အသက်ရှုချိန် နှစ်ကြိမ်စာလောက်သာ လိုတော့သည်။

ထိုအခိုက်တွင် ဝမ်လင်းက သူ၏ညာလက်ကို ရုတ်တရက် ပင့်မြှောက်လိုက်ကာ ဆန့်ထုတ်သည်။ ကျောက်သားရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်တစ်ခုက ဝမ်လင်း၏ ဆွဲယူခြင်း ခံရပြီး သူက ပိုက်ကွန်ကို ချိုးဖျက်နေသော ထာဆန်ထံသို့ ပစ်လွှတ်လိုက်တော့သည်။

ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်သည်။ ဝမ်လင်း၏ခန္ဓာကိုယ်မှ ပယ်ဖျက်အားသည် ပေါက်ကွဲထွက်လာရင်း ထိုကျောက်သားရှေးဟောင်းနတ်ဘုရားသည် ပုံရိပ်ယောင်ပိုက်ကွန်ထံ တရှိန်ထိုး ဝင်ရောက်သည်။ ၎င်းက စိတ်လှုပ်ရှားဟန်ဖြင့် ထိုးထွက်လာသော ထာဆန်၏ဦးခေါင်းကြီးထံ ရိုက်ချသွားတော့သည်။

ဝမ်လင်းက ထိုနတ်ဘုရားကျောက်ရုပ်တုကို ပစ်လွှတ်လိုက်ရင်း တစ်ချိန်တည်းမှာ သူ၏ညာလက်ထဲသို့ အတင်းဝင်ရောက်နေသော ပယ်ဖျက်အားက ၎င်းကျောက်သားရှေးဟောင်းနတ်ဘုရား ခန္ဓာကိုယ်တွင်းသို့ပါ ဝင်ရောက်သွားခဲ့လေ၏။

ထိုပယ်ဖျက်အားသည် အစွမ်းထက်လွန်း၏။ ပြင်းထန်လွန်း၏။ ဝမ်လင်း၏ ညာလက်မှာ ၎င်းကို ဆက်လက် တောင့်မခံနိုင်တော့ပေ။ သူက ကျောက်သားရှေးဟောင်းနတ်ဘုရားကို ပစ်လွှတ်လိုက်ပြီးသည့်နောက်မှာပင် သူ့ညာလက်မှာ ပျက်စီးသွားတော့သည်။ သို့ပေမည့် ပယ်အားသည်လည်း လက်အိတ်အစွတ်တစ်ခုသဖွယ် ကျောက်သားကို ဝန်းရံလျက် ထာဆန်၏ဦးခေါင်းထံ ရိုက်ချသွားခဲ့လေပြီ။

ထာဆန်၏ပါးစပ်မှ နာကျင်စွာ အော်သံ ထွက်ပေါ်လာ၏။ ထို့နောက် ထာဆန်၏ခန္ဓာကိုယ်မှ ပေါက်ကွဲသံ ထွက်ပေါ်သည်။ သူသည် သွေးအန်ကာ နောက်သို့ လွင့်ထွက်သွားသည်။

“ဝမ်လင်း...”

***

All Chapters