ကြယ်ခုနစ်လုံး ရှေးဟောင်းနတ်ဘုရား
Vol. 111 Ch. 1524
ထာဆန်သည် နန်းတော်အတွင်းဘက်ကို မမြင်ခဲ့ရပေ။ သူက အတွင်းသို့ ရောက်နိုင်ဖို့ အတားအဆီးအားလုံးကို ချိုးဖျက်လာခဲ့၏။ သို့သော် သူအတွင်းသို့ ဝင်ခါနီးတွင် သူ၏အမြင်တွင် ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ကြီးတစ်ခုက တိုးဝင်လာသည်ကို မြင်လိုက်ရသည်။
အဖြစ်အပျက်သည် မြန်လွန်း၏။ ထို့ကြောင့် သူ့အဖို့ မရှောင်နိုင်လောက်ပေ။ သူက သူ့ညာလက်ကို ပင့်မြှောက်ကာ သူ၏ကြယ်ရှစ်လုံးရှေးဟောင်းနတ်ဘုရားစွမ်းအားကို သုံး၍ ခုခံသည်။ သို့ပေမည့် ၎င်းထံမှ စွမ်းအားက ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေမည်ဟု သူ မမျှော်လင့်ထားမိခဲ့ပေ။
ပြင်းထန်သောအားတစ်ခုက ထာဆန်၏ ခန္ဓာကိုယ်ထဲ ရူးသွပ်စွာ ဝင်ရောက်လာသည်။ သူ့ညာလက်တွင်းရှိ အရိုးများသည်ပင် မထင်မှတ်စွာ ကျိုးကြေသွား၏။ သူ နောက်လွင့်ထွက်သွားရသည်။ သွေးအန်လျက် သူက ရှေ့ရှိ ကျောက်ဖျာအထက် ပလ္လင်ပေါ်တွင် ထိုင်နေသော ဝမ်လင်းကို မြင်လိုက်ရပေသည်။
ထာဆန်၏အကူအညီဖြင့် ဝမ်လင်းက သူ့ညာလက်ကို တန်ကြေးအဖြစ် အသုံးပြုကာ ဆယ့်ရှစ်ကြိမ်မြောက်အသက်ရှုချိန်ကို ဖြတ်ကျော်လိုက်သည်။ သူ၏မျက်ခုံးနှစ်ခုကြားမှ ခုနစ်လုံးမြောက်ကြယ်က ရှင်းလင်းသိသာစွာ ပုံစံအသွင် ဆောင်လာပြီးနောက် ပြီးပြည်စုံမည့် အမှတ်တစ်ခုသို့ ရောက်လာသည်။ ထိုစဉ်တွင် ကြောက်မက်ဖွယ်ရာ ဆယ့်ကိုးကြိမ်မြောက် အသက်ရှုချိန်က ကျဆင်းလာခဲ့လေပြီ။
တစ်ချိန်တည်းမှာ ထာဆန်ကလည်း ဝမ်လင်း၏မျက်ခုံးနှစ်ခုကြား ဖြစ်ပေါ်နေသော ခုနစ်လုံးမြောက်ကြယ်ကို ရှင်းလင်းစွာ တွေ့မြင်၏။ မည်သူကမျှ ဝမ်လင်း၏ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်သည် ထာဆန်ထက် ပိုသာသည်ကို သိနိုင်မည် မဟုတ်ပေ။ ထာဆန်သည် သည်အခိုက်အတန့်ကို တွေ့မြင်ရပြီးနောက် ချက်ခြင်းပင် အရာအားလုံးကို နားလည်သွားတော့သည်။ သူသည် ဝမ်လင်းက သူ ပိုင်ဆိုင်ရမည့် အမွေအနှစ်ကို ဖြတ်သန်းရယူနေသည်ကို သတိပြုမိလိုက်သည်။
“မင်းက ငါ့မှတ်ဉာဏ်အမွေအနှစ်ကိုလည်း ယူသွားခဲ့ပြီးပြီး။ အခု မင်းက ငါ့ရဲ့ ရှေးအမိန့်အမွေအနှစ်ကိုလည်း ထပ်လုယူနေတယ်...” ထာဆန်၏မျက်လုံးမှာ ချင်းချင်းနီရဲလျက် သူသည် ရှေ့သို့ အရူးအမူး တိုးဝင်လာတော့သည်။ သူက သူ့ဒဏ်ရာများကို လစ်လျူရှုထား၏။ ထိုစဉ် ဆယ့်ကိုးကြိမ်မြောက်အသက်ရှုချိန် ရောက်လာခဲ့ပြီ။
သူသည် အလွန်မြန်ဆန်စွာ ရွှေ့လျားရာ ချက်ခြင်းပင် ပျက်စီးသွားသော ပိုက်ကွန်နားသို့ ရောက်လာ၏။ သူ အတွင်းသို့ ဝင်ရန် ဟန်ပြင်လိုက်သည်။
ဆယ့်ကိုးကြိမ်မြောက် အသက်ရှုချိန် ရောက်ရှိလာသည့်အခါတွင် ပယ်ဖျက်အားသည် တွက်ချက်၍ပင် မရနိုင်တော့ပေ။ ဝမ်လင်း၏ ခေါင်းအောက်ပိုင်း ပျက်စီးမှုကနေ သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းထိ ပျံ့နှံ့လာတော့၏။ ချက်ခြင်းပင် သူ့ရင်ဘက်သည် ပေါက်ကွဲသွားသည်။
သူ၏ ဘယ်လက်မှာလည်း တစီစီအသံများ ထုတ်လွှတ်၏။ ၎င်းက ပျက်စီးတော့မည့် အခိုက်တွင် ဝမ်လင်းက ရူးသွပ်ဖွယ်အကြည့်တစ်ခုကို ထုတ်ဖော်ကာ သူ့မျက်ခုံးနှစ်ခုကြားသို့ လက်ညွှန်သည်။ ထိုအခါ ရှေးသစ်ရွက်နှစ်ဆယ်သည် ပေါ်လာတော့၏။ သူ့ဘယ်လက်ကို ဝေ့ယမ်းလိုက်ရာ ထိုသစ်ရွက်နှစ်ဆယ်သည် ရှေ့တိုးဝင်သွားသည်။
နောက်ဆုံး လုပ်ဆောင်မှုကို အပြီးသပ်ပြီးနောက် သူ၏ဘယ်လက်မှာ တစစီ ဖြစ်သွားတော့သည်။
“ချိပ်ပိတ်လိုက်။ လင်းတန်၊ ကျိုးကျင်...ဒီလူ့ကို တား...”
ရှေးဟောင်းသစ်ရွက်နှစ်ဆယ်သည် အလွန်မြန်သည်။ ထာဆန်တိုးထွက်လာတော့မည့် ပိုက်ကွန်ကို ချိပ်ပိတ်သွားလေသည်။ ထာဆန်သည် ရှေးဟောင်းသစ်ရွက်နှစ်ဆယ်နှင့် ထိပ်တိုက်တွေ့မိ၏။
သို့ရာတွင် ထာဆန်မှာ အလွန်အစွမ်းထက်သူပင်။ သူကချိပ်ပိတ်နယ်မြေအစီအရင်ကပင် သူ့ကို မတားနိုင်လောက်သည့်ထိ သန်မာခဲ့သည်။ ရှေးဟောင်းသစ်ရွက်များ ရောက်ရှိလာချိန်၌ ထာဆန်က လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်သည်။ ရှေးသစ်ရွက်နှစ်ဆယ်ထဲမှ သုံးရွက်သည် ချက်ခြင်း ပျက်စီးသွား၏။ ထာဆန်၏ညာလက်မှာ ထိုသစ်ရွက်သုံးရွက်စာ လစ်ဟရာကနေ ပွင့်ဟသွားသော နေရာကနေ ဆန့်ထွက်လာကာ ၎င်းတို့ကို ဆုတ်ဖြဲရန် ဟန်ပြင်သည်။
လင်းတန်က အံတင်းတင်းကြိတ်၍ သူ့ဒဏ်ရာများကို လစ်လျူရှုကာ ရှေ့တိုးလာသည်။ သူ့လက်ဖြင့် ချိပ်ဟန်များကို ဖြစ်စေသည်။ ကြောက်မက်ဖွယ် ခရမ်းရောင်ပင်လယ်တစ်ခုက ထိုးထွက်သွား၏။ ခွန်အားပြည့်လှိုင်းတစ်ခုသည် ရှေ့သို့ တရကြမ်း တိုးဝင်သည်။
ကျိုးကျန်ကလည်း လေထဲသို့ ခုန်တက်၏။ မာန်သွင်းလျက် သူ့လက်ကို ဝေ့ယမ်းသည်။ “ဝံပုလွေအုပ်စု…လကို ပူဇော်ခြင်း…”
သူ ထိုသို့ ပြောလိုက်သည်နှင့် ပုံရိပ်ယောင်ဝံပုလွေများစွာ ကျိုးကျင်၏ပတ်လည်တွင် ပေါ်လာသည်။ လျှပ်တပြတ်အတွင်း ဝံပုလွေထောင်ချီ ပေါ်လာကာ သည်လောကတွင် ပြည့်နှက်သည်။ လုံးဝန်းသောလက သည်နန်းတော်၏အထက်၌ ပေါ်လာ၏။
ဝံပုလွေထောင်ချီက အော်မြည်သံ ပြုကာ အခိုးအငွေ့အဖြစ် ပြောင်းပြီး သွေးလနှင့် ပေါင်းစည်းသည်။
သွေးလက ဝံပုလွေထောင်ချီကို စုပ်ယူပြီးနောက် ထာဆန်၏လက်သီးပေါ်သို့ ကျဆင်းလာသည်။
နိဗ္ဗာနလေဟာနယ်အစောပိုင်းအဆင့်နှစ်ယောက်က သူတို့၏အစွမ်းထက်ဆုံး မန္တာန်များကို သုံး၍ ထာဆန်ကို ဆန့်ကျင်ကြသည်။
တုန်ဟည်းသံများ ပဲ့တင်ထပ်၏။ လင်းတန်၏ ခရမ်းရောင်ပင်လယ် ဆင်းသက်လာသည့်အခိုက်မှာ သွေးလကလည်း အောက်သို့ ရိုက်ချလာခဲ့လေပြီ။ ထာဆန်၏ညာလက်သည် နောက်ဆုတ်လိုက်ရ၏။
သို့ပေမည့် သူ့ညာလက်ကို ပြန်ရုတ်လိုက်ချိန်၌ ထာဆန်၏ဦးခေါင်းမှာ အဟကြားကနေ ထိုးထွက်လာသည်။ သူက သည်နန်းတော်တစ်ခုလုံး တုန်ခါစေမည့် ဟိန်းသံကို ထုတ်ဖော်၏။ ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ ဟိန်းသံ။
ထိုဟိန်းသံသည် မိုးကြိုးသံအလား နန်းတော်တစ်လျှောက် ပျံ့နှံ့သည်။ ထိုဟိန်းသံတွင် ရှေးဟောင်းနတ်ဘုရား၏စွမ်းပကား ပါဝင်၏။ ၎င်းက ပြင်းထန်သောမုန်တိုင်းကို ဖန်တီးကာ လွှမ်းမိုးနိုင်သော အော်ရာနှင့် နန်းတော်တခွင် ပျံ့နှံ့သည်။ လင်းတန်က သွေးအန်လိုက်ရကာ ခရမ်းရောင်ပင်လယ် ပျက်စီးသွားတော့သည်။ သူက မြေပြင်ထက်သို့ ပြုတ်ကျသွားပြီးနောက် တိုက်ခိုက်ရန် ခွန်အားမဲ့သွားရသည်။
ကျိုးကျင်၏သွေးလက ပုံပျက်ယွင်းသွားကာ ၎င်းထံမှ နာကျင်စွာအော်မြည်သံများ ပဲ့တင်ထပ်သည်။ စုပ်ယူခံထားရသော ဝံပုလွေများသည် တစ်ကောင်ပြီးတစ်ကောင် ပျက်စီး၍ သိပ်မကြာခင်တွင် သွေးလပါ ပျောက်ကွယ်သွားလေ၏။
ကျိုးကျင်၏မျက်နှာမှာ ဖြူရောနေသည်။ သူ့ရင်ဘက်မှာ ခွက်နေ၏။ သူက သွေးအန်ကာ နောက်သို့ လွင့်ထွက်သွားပြီး မြေကြီးပေါ်သို့ ဆောင့်ကျ၏။
ရှေးဟောင်းနတ်ဘုရားဟိန်းသံမှ ဖန်တီးထားသော မုန်တိုင်းက နန်းတော်အနှံ့ ရိုက်ခတ်၏။ မရေမတွက်နို်ငသော ကျင့်ကြံသူများ၏ အလောင်းခန္ဓာကိုယ်များ ပျက်စီးကုန်သည်။ အလောင်းပုံတောင်ရှစ်လုံးသည်ပင် အမှုန့်အမွှားအဖြစ်သို့ ပြောင်း၍ နဂါးကြီးရှစ်ကောင်ပါ လွင့်ပါးပျောက်ကွယ်သွားသည်။
ရှေးအမိန့်ကလန်မှ အလောင်းများသာ ထိုဟိန်းသံကြောင့် မပျက်စီးဘဲ ကျန်ခဲ့၏။
ထာဆန် ရူးသွပ်သွားလေပြီ။
သူက ကြမ်းကြုတ်စွာ အော်ဟစ်၏။ ဝမ်လင်းက သူ၏မှတ်ဉာဏ်အမွေအနှစ်ကို လုယူခဲ့ပြီး ဖြစ်သလို ခုချိန်တွင်လည်း သူ၏ရှေးအမိန့်အမွေအနှစ်ကို ယူဆောင်နေပြန်သည်။ ထို့အတွက်ကြောင့် သူက မရူးသွပ်ဘဲ နေပါ့မည်နည်း။ သူက ခန္ဓာကိုယ်ကိုချဲ့ကားလိုက်သည့်အတွက် ဒဏ်ရာများ ပိုပြင်းထန်သွားစေလျှင်ပင် သူသည် သူ ပိုင်ဆိုင်သည်ဟု တွေးထင်ထားသော အရာအတွက် တန်ပြန်လုယူ တိုက်ခိုက်ရမည်သာ။
ခုချိန်၌ လင်းတန်နှင့် ကျိုးကျင်တို့မှာ သူ့အား မတားဆီးနိုင်တော့ချေ။ သူ့လက်က ရှေးဟောင်းသစ်ရွက်အဟကြားကနေ ဆန့်ထွက်လာ၏။ သူက ၎င်းတို့ကို ဆုတ်ဖြဲကာ ထိုးထွက်ရန် ဟန်ပြင်သည်။ ထိုအဖြစ်အပျက်များမှာ မြန်ဆန်လွန်းလှပေ၏။
ဆယ့်ကိုးကြိမ်မြောက်အသက်ရှုချိန်မှ ထွက်ပေါ်လာသော ပယ်ဖျက်အားက သူ၏ခန္ဓာကိုယ်အတွင်း တရကြမ်း ဝင်ရောက်နေစဉ် ဝမ်လင်း၏ခန္ဓာကိုယ်မှာ ဆက်လက် ပျက်စီးနေလေ၏။ သူ့ရင်ဘက်နှင့်ဘယ်လက်တို့မှာလည်း လေထဲတွင် ပျောက်ရှသွားကြပေပြီ။
ပလ္လင်ထက်၌ ဦးခေါင်းတစ်လုံးသာ ရှိနေပြီး တွယ်ငြိသောဆန္ဒတစ်ခုက ယင်းဦးခေါင်းအား ပလ္လင်နှင့် ချိတ်ဆက်ထားသည်။ သို့ပေမည့် ပျက်စီးမှုကား အဆုံးမသပ်သေးပါ။ ဆယ့်ကိုးကြိမ်မြောက် အသက်ရှုကြာချိန်မှာ နှေးလွန်းလှသည်ဟု ထင်မှားရသည်။
ဝမ်လင်း၏ မေးစေ့တွင် အက်ကြောင်းများ ပေါ်လာပြီးနောက် ပျောက်ကွယ်သွားတော့သည်။ သူ့နှုတ်ခမ်း၊ နှာခေါင်း၊ မျက်လုံးတို့သည်လည်း လေဟာနယ်အတွင်း ပျောက်ကွယ်ကုန်သည်။
သူ့မျက်ခုံးနှစ်ခုကြားရှိ ကြယ်ခြောက်လုံးကသာ ကျန်ရှိနေလျက် မြန်ဆန်စွာ လှည့်ပတ်နေသည်။ ပျက်စီးမှုမှာ ဆက်လက် ဖြစ်ပွားနေပြီး ဝမ်လင်း၏မူလစိတ်ဝိညာဉ်ကို ဆုပ်ကိုင်ထားသော သူ့ရှေးဟောင်းနတ်ဘုရားကြယ်များထိ ရောက်လာတော့မည့်အလား။
ရုတ်တရက် ခုနစ်လုံးမြောက်ကြယ်က တလျှံလျှံအလင်းကို ပေးစွမ်းလာ၏။ ထို့နောက် ရှေးဟောင်းနတ်ဘုရားစွမ်းအား ခွန်အားပြည့်စီးဆင်းမှုက သည်ကြယ်ထံမှ ဒီရေလှိုင်းတစ်ခုအလား ပေါက်ကွဲထွက်လာသည်။
၎င်း ပေါက်ကွဲနေလျက် ခုနစ်လုံးမြောက်ကြယ်သည် ချက်ခြင်းပင် ပုံရိပ်ယောင်ဖြစ်တည်မှုကနေ အထည်အဒြပ် ရှိလာတော့၏။ ၎င်းကြယ်သည် ခုချိန်တွင် ပြီးပြည့်စုံသွားလေပြီ။
ခုနစ်လုံးမြောက်ကြယ် ပေါ်လာသည့်အခါ ကြယ်ခုနစ်လုံးသည် ဖြည်းဖြည်းချင်း အရှိန်လျော့ကာ နှေးနှေးချင်း လည်ပတ်သည်။ ကြယ်ခုနစ်လုံး လည်ပတ်မှု တစ်ပတ် ပြည့်သွားလေပြီ။
ကြယ်ခြောက်လုံး ပိုင်ဆိုင်ခဲ့ချိန်ကထက် အဆများစွာ သာလွန်သော ရှေးဟောင်းနတ်ဘုရားစွမ်းအား ပေါက်ကွဲထွက်လာသည်။ ထိုစွမ်းအားမှာ ကြယ်ခုလုံးကနေသည် ဝမ်လင်း၏ဦးခေါင်းဆီသို့ ဦးတည်သည်။ သူ့မျက်ခုံး၊ မျက်လုံး၊ နှုတ်ခမ်းတို့မှာ ဖျပ်ခနဲအတွင်း ပြန်ပေါ်လာသည်။
ပြီးပြည့်စုံသောဦးခေါင်းတစ်လုံး ပေါ်လာကာ ဝမ်လင်းသည် ပြန်လည်မွေးဖွားလာသည့်နှယ်။ ထို့နောက် ကြယ်ခုနစ်လုံးသည် ဒုတိယကြိမ်မြောက် လှည့်ပတ်ခြင်း တပတ်ပြည့်၏။
ဝမ်လင်း၏ လည်ပင်း၊ရင်ဘက်၊ ဝမ်းဗိုက်၊လက်များနှင့် သူ့၏အပေါ်ပိုင်းခန္ဓာကိုယ်တစ်ခုလုံး ပေါ်လာခဲ့သည်။ ဦးဆုံး သူ၏အရိုးများ ဖြစ်ပေါ်သည်။ သည့်နောက်တွင် အသွေးအသားတို့ ကပ်ပါလာသည်။
ကြွက်သားမျှင်တစ်ခုချင်းစီတိုင်း၌ ရှေးဟောင်းနတ်ဘုရားစွမ်းအား မြောက်များစွာ ပါဝင်နေလေသည်။ အရိုးတစ်လက်မချင်းစီတွင် ရှေးဟောင်းနတ်ဘုရားအော်ရာ ပါဝင်နေလေသည်။
ဝမ်လင်း၏ ရှေးဟောင်းနတ်ဘုရားများ တတိယကြိမ်မြောက် လှည့်ပတ်ခြင်း ပြီးမြောက်သည့်အခါတွင် သူ၏ခန္ဓကိုယ်အောက်ပိုင်းမှာ ရုတ်တရက် ပေါ်လာခဲ့လေပြီ။ ဝမ်လင်း၏ အသစ်ဖြစ်သော ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်မှာ ပေတစ်သောင်းမျှ မြင့်မားနေချေ၏။ ပေတစ်သောင်းမြင့်မားလှသော တော်ဝင်ရှေးဟောင်းနတ်ဘုရားတစ်ပါး။
ဝမ်လင်း၏မျက်လုံးသည် ရုတ်တရက် ပွင့်ဟလာ၏။ သူ၏ခန္ဓာကိုယ်သည် ဤပလ္လင်ပေါ်တွင်သာ ရှိနေဆဲ ဖြစ်ပြီး တစ်လက်မပင် မရွှေ့၊မလှုပ်ပေ။
ကြယ်ခုနစ်လုံးသည် ဖြည်းဖြည်းချင်း လည်ပတ်နေပြီးနောက် အရှိန်မြင့်လာ၏။ ရှေးဟောင်းနတ်ဘုရားစွမ်းအားသည် သူ၏ခန္ဓာကိုယ်ထဲ၌ ပြည့်နှက်လာသည်။ ဝမ်လင်းက သူ့လက်သီးတစ်ချက်ဖြင့်ပင် ဂြိုဟ်တစ်လုံးကို လွင့်ထွက်သွားအောင် လုပ်နိုင်သလို ခံစားမိနေ၏။
ထို့အပြင် သည်အခိုက်အတန့်၌ ဒုတိယမျိုးဆက်ဟင်္သာငှက်မှ သူ့ကို သင်ပေးခဲ့သော လိပ်နက်ကလန်၏ အစွမ်းထက်ဆုံးရိုက်ချက် ပညာရပ်သည် သူ၏စိတ်ထဲ၌ ပေါ်လာ၏။ ခွန်အားကို မည်သို့မည်ပုံအသုံးပြုရမည့် နားလည်မှုသည် သူ၏စိတ်ထဲ၌ ပြည့်နှက်လာသည်။
ပလ္လင်၏အမွေအနှစ်မှ မြင်ကွင်းများသည်လည်း ထွက်ပေါ်လာ၏။ ထိုမြင်ကွင်းထဲရှိ မန္တာန်များသည် သူ၏ကိုယ်ပိုင်မှတ်ဉာဏ်များ ဖြစ်လာကြ၏။ တစ်ချိန်တည်းမှာ ဝမ်လင်းက အသက်ရှုချိန်ဆယ့်ရှစ်ကြိမ်ကို တောင့်ခံနိုင်သည့်အတွက်ကြောင့် သူ့နတ်ဘုရားအာရုံသည် ပလ္လင်နှင့် ထူးခြားစွာ ချိတ်ဆက်မှု ဖြစ်ပေါ်၏။
ထိုချိတ်ဆက်မှုမှာ အလွန်တရာ ထူးဆန်းသည်။ ဝမ်လင်းသည် အချိန်တိုအတွင်း ထိုသို့ဘာကြောင့်ဖြစ်မှန်းကို သိနိုင်မည် မဟုတ်သည့်အပြင် သူ့ထံ၌ တွေးနေရန်လည်း အချိန်မရှိပါ။
ထိုပလ္လင်နှင့် ချိတ်ဆက်မှုကြောင့် ဝမ်လင်းသည် ဤနေရာတွင် ထိုင်နေရင်းဖြင့်ပင် ရှေးအမိန့်သင်္ချိုင်းသုံးလွှာလုံး၏ မြေပုံဧရိယာသည် သူ့စိတ်ထဲတွင် ပေါ်လာတော့သည်။
သူ့နတ်ဘုရားအာရုံသည် ပလ္လင်ထံမှ တစ်ဆင့် ဆန်းကြယ်သောနည်းလမ်းဖြင့် အဆသောင်းချီ ချဲ့ကားသည်။ သူသည် သည်သင်္ချိုင်းအတွင်းရှိ စိတ်ဆန္ဒတစ်ခုကိုပင် ခံစားမိနိုင်သွားသည်။ ယင်းဆန္ဒမှာ ရှေးအမိန့်ယဲ့မို၏ ကြွင်းကျန်ခဲ့သော စိတ်ဆန္ဒ ဖြစ်၏။
ဝမ်လင်း၏ နတ်ဘုရားအာရုံကလည်း ထိုဆန္ဒနှင့် ပေါင်းစပ်သွားသည်။ သူ၏နတ်ဘုရားအာရုံက နန်းတော်အတွင်းကနေ ရုတ်တရက် ထိုးထွက်သွားသည်။
ဦးဆုံး ခံစားလိုက်ရသူမှာ ထာဆန်ပင်။ သူ့ဟိန်းအော်သံပါ ရပ်တန့်သွားပြီး သူ့ခန္ဓာကိုယ်သည် တုန်ယင်၏။ သူ၏မျက်လုံးထဲတွင် ထိတ်လန့်မှုပင် ပေါ်ထွက်သွားသည်။
ကိုးခုမြောက်မြေပုံအတွင်း၌ ဆွဲညှို့နိုင်သောအမျိုးသမီးက သုန်မှုန်သည့်ဟန်ဖြင့် ရှေ့ဆက်လာနေသည်။ သူ ထာဆန်ကို ထိန်းချုပ်ဖို့ အသုံးပြုထားသော အတားအဆီးမှာ လွတ်ထွက်သွား၍ ထိုအဖြစ်က သူမကို မလွယ်ကူမှုကို ခံစားမိစေသည်။
“ဒီရှေးဟောင်းနတ်ဘုရားလေးက အဲ့နေရာကို အရင်ဆုံး ရောက်သွားလိမ့်မယ်လို့ ငါ မထင်ထားမိဘူး။ ဒါပေမဲ့ ထာဆန် ရှိနေတဲ့အတွက် ငါ့မှာ အခွင့်အရေးတစ်ခုတော့ ရှိနေဆဲပဲ။ ဒါပေမဲ့ ဒီအတားအဆီးဟာ ဘာလို့ ပြေလျော့သွားရတာလဲ…”
သူမသည် မျက်မှောင်ကြုတ် စဉ်းစားရင်း ရှေ့ဆက် ပျံသန်းနေသည်။
သူမ၏ခန္ဓာကိုယ်မှာ ရုတ်တရက် ရပ်တန့်သွား၏။ ရူးသွပ်ဖွယ်လေပြင်းက သူမ၏ပတ်လည်ရှိ ဟင်းလင်းပြင်အက်ကြောင်းတွင်းမှ ထွက်ပေါ်လာသည့်နှယ်။ သူမက ရုတ်တရက် မော့ကြည့်လိုက်ရာ သူမ၏အမူအရာမှာ ပြောင်းလဲသွားသည်။ သူမသည် သူမအား တုန်ယင်သွားစေအောင် လုပ်နိုင်သော နတ်ဘုရားအာရုံတစ်ခုက ဖြတ်သန်းသွားသည်ကို ရှင်းလင်းစွာ ခံစားမိလိုက်လေ၏။
ထိုနတ်ဘုရားအာရုံသည် အလွန်အမင်းအစွမ်းထက်လှသည်။ သူမ၏စိတ်ကို တုန်ယင်မြည်ဟည်းသွားစေ၏။ သူမသည် အချိန်အတန်ကြာသည့်ထိ မင်သက်မိနေပြီးမှ ပြန်သတိဝင်လာသည်။ သူမ၏မျက်လုံးထဲ၌ ကြောက်လန့်မှုတို့ ပြည့်နှက်လျက်။
“ဒါက…ဒီနတ်ဘုရားအာရုံကို ဘယ်သူ ပိုင်ဆိုင်တာလဲ။ ဒါဟာ ရှေးဟောင်းအုပ်စိုးသူတောင် မသတ်နိုင်ခဲ့တဲ့ ရှေးအမိန့်ယဲ့မိုများ ဖြစ်နေနိုင်လား…”
***