← Chapters

ဟိန်းသံတစ်သံ၏ စွမ်းအား

Vol. 111 Ch. 1525

ဟိန်းသံတစ်သံ၏ စွမ်းအား

Vol. 111 Ch. 1525

ကိုးခုမြောက်မြေပုံထဲ၌ မိစ္ဆာသခင်ကောင်းကင်ကိုးခု၏ ကိုယ်ပွားမှာလည်း သင်္ချိုင်းတလျှောက် မြန်ဆန်စွာ သွားလာနေသည်။ ဝမ်လင်းသည် ရှေ့က ခြေတစ်လှမ်းဦးနေသော်လည်း သူသည် မပူပန်ပေ။ သူ၏မူလခန္ဓာကိုယ်မှာ သည်သင်္ချိုင်းအတွင်းသို့ ရောက်နေခဲ့ပြီ မဟုတ်လား။

“လုယူတာလား။ မင်းက အားလုံး လုယူခဲ့ရင် ဒီသင်္ချိုင်းထဲကနေ ရှင်လျက် ထွက်သွားနိုင်မယ် မထင်နဲ့…” မိစ္ဆာသခင်ကောင်းကင်ကိုးခု၏ မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွား၏။ သို့ပေမည့် ထိုအခိုက်အတန့်တွင် လေဟာနယ်အတွင်းမှ ဟိန်းမြည်သံ ထွက်ပေါ်လာတော့သည်။ ဖျပ်ခနဲအတွင်းမှာ အစွမ်းထက်နတ်ဘုရားအာရုံတစ်ခုက သူ့ခန္ဓာကိုယ်ကို ဖြတ်သန်း၍ အဝေးသို့ ဆက်သွားသည်။

သို့ပေမည့် ထိုဖြတ်သန်းမှုက သူ၏ခန္ဓာကိုယ်ကို တုန်ယင်သွားစေသည်။ သူ့စိတ်မှာလည်း တုန်ယင်ရ၏။ သူ၏အမူအရာသည် ကြီးစွာ ပြောင်းလဲသွားသည်။ ထိုနတ်ဘုရားအာရုံ ဖြတ်သန်းသွားသည့်အခါ၌ သူ၏လျှို့ဝှက်ချက်အားလုံးကို ၎င်းက ဖြတ်မြင်သွားသည်ဟု မိစ္ဆာသခင်က ခံစားမိလိုက်သည်။

ကြောက်လန့်တကြား သူသည် လေထဲတွင် ရပ်လိုက်၏။ သူ၏မျက်လုံးထဲတွင် တုန်လှုပ်ခြင်း ကြီးစိုးကုန်သည်။

သည်အခိုက်တွင် သူ့ဦးရေပြားပင် ထုံထိုင်းသွားသလို ခံစားမိလိုက်၏။ ယင်းသို့ ခံစားမှုမျိုးကို သူသည် တတိယအဆင့်ကျင့်ကြံသူ ဖြစ်မလာခင်ကသာ ကြုံခဲ့ဖူးလေ၏။

“ ဘယ်သူလဲ။ ဒီနတ်ဘုရားအာရုံကို ဘယ်သူ ပိုင်ဆိုင်တာလဲ…” မိစ္ဆာသခင်ကောင်းကင်ကိုးခုက သူ့ရှေ့ရှိ လေဟာနယ်ကို စူးစိုက်ကြည့်သည်။ ပထမဆုံးအကြိမ်အဖြစ် သူ့စိတ်ထဲ၌ ကြောက်လန့်မှု ပေါ်လာသည်။

သူနှင့် ကောင်းကင်ဘုံကိုယ်လုပ်တော် ပန်းရောင်ဝတ်စုံအမျိုးသမီးတို့သာ ထိုသို့ ဖြစ်ကြသည် မဟုတ်။ သည်သင်္ချိုင်းအတွင်းရှိ ကျင့်ကြံသူအားလုံးက ထိုကြောက်မက်ဖွယ်ရာ နတ်ဘုရားအာရုံ ဖြတ်သန်းသွားသည်ကို ခံစားမိလိုက်သည်။

သူတို့အားလုံး ကြောက်လန့်ကုန်၏။

ထိုနတ်ဘုရားအာရုံသည် လွှမ်းမိုးခြင်းအော်ရာနှင့် ပြည့်နှက်၏။ ကောင်းကင်နှင့်မြေကြီး၏ အင်ပါယာတစ်ပါးက အထက်ကနေ အောက်သို့ ငုံ့ကြည့်လိုက်သည့်နှယ်။

ခုနစ်ခုမြောက် မြေပုံအတွင်း၌ အဆိပ်အိုကြီးက သူ၏မူလခန္ဓာကိုယ်ဖြင့် ရှေးဟောင်းသင်္ချိုင်းကို အမြန် ဖြတ်သန်းလာနေသည်။ သူ၏လေဟာနယ်ဆန်းကြယ်ခြင်း ကျင့်ကြံခြင်းအဆင့်က ပေါက်ကွဲထွက်နေ၏။ မည်သူကမျှ သူ့ကို မတားနိုင်ကြပေ။

သူသည် ရှေ့သို့ မြန်ဆန်စွာ သွားနေ၏။ သို့ပေမည့် သူက ရုတ်တရက် ရပ်တန့်လိုက်ကာ သူ့မျက်လုံးသည် လက်ခနဲ ဖြစ်သွားသည်။

သည်ရှေးအမိန့်သင်္ချိုင်းနှင့် ပေါင်းစပ်ထားသော ဝမ်လင်း၏နတ်ဘုရားအာရုံက ရိုက်ခတ်၏။ လောဘကြီးက သူ့လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ သူ့အား ကြောက်လန့်သွားစေသော နတ်ဘုရားအာရုံကို ဖမ်းဆုပ်ချင်ဟန် တူသည်။

သို့ပေမည့် သူ့ညာလက်ကို ဆန့်ထုတ်လိုက်ကာ ထိုနတ်ဘုရားအာရုံနှင့် ထိမိရုံ ရှိသေး သူက ၎င်းထံမှ ပြင်းထန်သောအားတစ်ခုကို ခံစားမိလိုက်သည်။ တုန်ဟည်းသံများ ပဲ့တင်ထပ်လျက် အဆိပ်အိုကြီးသည် နောက်သို့ အတင်းဆုတ်ရ၏။ သူ၏အမူအရာမှာ ချက်ခြင်း ပြောင်းလဲသွားသည်။ သူ့စိတ်မှာ တုန်ယင်မိသည်။

“ဘယ်သူလဲ…”

မည်သူကမျှ သူ့ကို ပြန်မဖြေပေ။ နတ်ဘုရားအာရုံသည် ဆက်လက် ပျံ့နှံ့သည်။ ၎င်းက ပျံ့နှံ့နေရင်း ခုနစ်ခုမြောက်မြေပုံဧရိယာ၊ ခြောက်ခုမြောက်၊ ငါးခုမြောက်ထိ ဖြတ်သန်းလာ၏။ ဒုတိယမြေပုံဧရိယာတွင်မူ မိစ္ဆာသခင်ကောင်းကင်ကိုးခု၏ မူလခန္ဓာကိုယ်နှင့် မြောင်ယင်တို့က တည်ငြိမ်စွာ ရှေ့ဆက်နေသည်။ သူတို့သည် ခြေတစ်လှမ်းဖြင့် အတိုင်းမသိအကွာအဝေးသို့ ဖြတ်သန်းကြသည်။

သို့ပေမည့် မိစ္ဆာသခင်ကောင်းကင်ကိုးခု၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားသည်။

“ဒီအဘိုးအိုရဲ့ ကိုယ်ပွား တွေ့ရှိခဲ့တာက…” သူ၏စကား အဆုံးမသပ်နိုင်ခင်မှာပင် ရုတ်တရက် ရပ်သွား၏။ သူ့ကိုယ်ပွားက ခံစားမိခဲ့သော လန့်စရာနတ်ဘုရားအာရုံသည် သူတို့အား ရိုက်ခတ်သွားသည်။

မြောင်ယင်၏မျက်လုံးသူငယ်အိမ် ကြုံ့သွားမိသည်။ မထင်မှတ်စွာဖြင့် ထိုနတ်ဘုရားအာရုံက သူ့စိတ်ကိုပါ သက်ရောက်မှု ဖြစ်စေကာ တုန်လှုပ်စေသည်။ သူက မိစ္ဆာသခင်ကောင်းကင်ကိုးခုထံသို့ ကြည့်လိုက်၏။

မိစ္ဆာသခင်ကောင်းကင်ကိုးခု၏ အမူအရာသည် သုန်မှုန်နေသည်။ သူ့မျက်လုံးထဲတွင်လည်း တုန်လှုပ်မှု ရှိနေ၏။ “သန်မာလွန်းတယ်။ အတော်လေးကို သန်မာအားကောင်းလွန်းတာ…”

တတိယမြောက် ကောင်းကင်ဘုံကိုယ်လုပ်တော် ဖြစ်သူ ဝတ်စုံဖြူအမျိုးသမီးက သည်သင်္ချိုင်းထဲ ဆက်သွားရန် လက်လျှော့ခဲ့၏။ သူမက ပထမဆုံးမြေပုံထံသို့ အမြန် ပျံသန်းနေသည်။ သူမသည် သည်နေရာတွင် ကံကောင်းမှုကို ရှာနိုင်မည့် အခွင့်အရေးကို လက်လွှတ်ကာ ထွက်သွားရန် ရွေးချယ်ခဲ့သည်။ သူမသည် သူမသာ ခုချိန်ထွက်မသွားခဲ့ပါက သည်နေရာတွင် ထာဝရနေထိုင်ရမည်ဟုသော မကောင်းသည့် ခံစားချက်ကို ရနေ၏။

သူမက ရှေ့သို့ တရကြမ်း သွားနေစဉ် နတ်ဘုရားအာရုံသည် ဝေ့ခတ်သွားသည်။ သူမကို ဖြတ်ကျော်သွားမည် ရှိသေး ၎င်းနတ်ဘုရားအာရုံက ရပ်တန့်၏။ ဝတ်စုံဖြူအမျိုးသမီးသည် တုန်ယင်သားကာ နဖူးထက်တွင် ချွေးပြန်လာသည်။ သူမက ရပ်တန့်၏။ အမှန်တကယ်ပင် သူမသည် တစ်လက်မပင် မလှုပ်ရဲတော့ပေ။

ထိုနတ်ဘုရားအာရုံက သူမအား ဝန်းရံထားစဉ် သူမ၏စိတ်နှလုံးသည် ခုန်ပေါက်မိနေ၏။ သူမ၏အရာရာသည် ထွင်းဖောက်မြင်ရခြင်း ခံရသည့်နှယ်။

အချိန်အတန်ကြာပြီးနောက် ထိုနတ်ဘုရားအာရုံက သူမနားကနေ ထွက်ခွာကာ ရှေ့ဆက်သွားသည်။

ဝတ်စုံဖြူအမျိုးသမီးက ထိုနတ်ဘုရားအာရုံ ထွက်သွားသည့်အချိန်ထိ စိတ်မပေါ့သွားပေ။ သူမ၏မျက်နှာမှာ အနည်းငယ် နီမြန်းနေ၏။ ခဏအကြာတွင် သူမက နတ်ဘုရားအာရုံ ပျောက်ကွယ်သွားသော နေရာသို့ စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်လိုက်၏။

ဝမ်လင်းက နန်းတော်အတွင်း၌ ထိုင်နေ၏။ သူ၏နတ်ဘုရားအာရုံက သူ့ထိန်းချုပ်မှုကနေ လွတ်ကာ ပျံ့နှံ့သည်။ သူက သည်သင်္ချိုင်းအတွင်းရှိ ကျင့်ကြံသူအားလုံးကို မြင်ရသည်။ သူက လှပသောအမျိုးသမီး၊ မိစ္ဆာသခင်ကောင်းကင်ကိုးခုတို့ကို မြင်၏။ နတ်ဘုရားအာရုံ ဆက်လက် ပျံ့နေရင်း သူက အဆိပ်အိုကြီး၊ မိစ္ဆာသခင်ကောင်းကင်ကိုးခုတို့၏ မူလခန္ဓာကိုယ်ကိုလည်း မြင်သည်။ မြောင်ယင်ကိုလည်းမြင်၏။ နောက်ဆုံးတွင် သူသည် ဝတ်စုံဖြူအမျိုးသမီးကိုလည်း မြင်သည်။

သူ့နတ်ဘုရားအာရုံက ထပ်မံ ပျံ့သွားရင်း သူက ရှေးဟောင်းကြယ်အဖွဲ့အစည်းသို့ ဦးတည်သည့် ဟင်းလင်းပြင်အက်ကြောင်းကိုပါ မြင်ရသည်။

ဝမ်လင်း၏နတ်ဘုရားအာရုံက နောက်ဆုံးတွင် ဟင်းလင်းပြင်အက်ကြောင်း၌ ရပ်တန့်သွား၏။ သည်အခိုက်တွင် သူသည် ရှေးအမိန့်သင်္ချိုင်းနှင့် ပေါင်းစပ်နေ၍ သူ၏ ခုလက်ရှိ ကျင့်ကြံမှုအဆင့်နှင့် မမြင်နိုင်သော တချို့အရာများကိုပါ တွေ့မြင်လိုက်ရသည်။

တည်ရှိမှုတစ်ခု၊ တာအိုသခင်မြောင်ယင်ကဲ့သို့ လူမျိုးပင် မမြင်နိုင်သော တည်ရှိမှုတစ်ခုကို သူ မြင်လိုက်ရ၏။

သည်ဟင်းလင်းပြင်အက်ကြောင်းမှာ မဟာမန္တာန်တစ်ခုကြောင့် ပွင့်ဟနေခြင်း ဖြစ်၏။ ထို့ကြောင့် ၎င်းသည် မပိတ်ဆို့သွားပေ။ ဟင်းလင်းပြင်အက်ကြောင်း၏ အပြင်ဘက်၊ ရှေးဟောင်းကြယ်အဖွဲ့အစည်းတွင်မူ လက်ဝါးရာကြီးက ခုထိ မပျောက်ကွယ်သွားဘဲ ရှိနေသေး၏။ ထိုလက်ဝါးရာ၏အောက်တွင် ဝတ်စုံနက်ပုံရိပ်တစ်ခုလည်း ရှိလို့နေသေးသည်။

သို့ပေမည့် ဝမ်လင်း၏နတ်ဘုရားအာရုံက သည်ဟင်းလင်းပြင်အက်ကြောင်းနှင့် နီးကပ်လာသည့်အခါတွင် ထိုဝတ်စုံနက်လူက ရုတ်တရက် ခေါင်းမော့လာ၏။ သူ၏မျက်လုံးသည် တောက်ပလွန်းသည်။

သူ့အကြည့်က ဟင်းလင်းပြင်အက်ကြောင်းကို ထွင်းဖောက်လာဟန်တူပြီး ဝမ်လင်း၏နတ်ဘုရားအာရုံကို သူ မြင်တွေ့သည်။

ငြိမ်သက်တိတ်ဆိတ်သွားခြင်း။

သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ဟင်းလင်းပြင်အက်ကြောင်းကို ဖြတ်၍ ကြည့်ကြ၏။

“သင် ဘယ်သူလဲ…” သူတို့နှစ်ယောက်လုံးထံမှ တစ်ပြိုင်နက်တည်းလိုလို အသံတစ်သံ ထွက်ပေါ်လာ၏။ ကွာခြားသည်ဟူ၍ ထိုဝတ်စုံနက်လူ၏အသံမှာ ကြမ်းရှသည်။ သူ့အသံက ရှေးကျကာ ကြမ်းရှလွန်းသည်။

ဝမ်လင်း၏အသံကမူ နတ်ဘုရားအာရုံကနေ ဖြတ်၍ ထွက်ပေါ်လာခဲ့ကာ သည်သင်္ချိုင်း၏ ဆန္ဒပါဝင်သည်။ ၎င်းထံမှလည်း ရှေးကျလွန်းသောအော်ရာကို ပေးစွမ်းသည်။

ဝတ်စုံနက်လူက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ဒီအဘိုးအိုဟာ ဒီရှေးဟောင်းကြယ်အဖွဲ့အစည်းရဲ့ အုပ်စိုးသူပဲ…”

ဟင်းလင်းပြင်အက်ကြောင်းအတွင်း၌ ဝမ်လင်းက ငြိမ်သက်စွာ စဉ်းစားနေ၏။ အချိန်အတန်ကြာသည့်အထိ သူသည် မတုန့်ပြန်ပေ။ ဝတ်စုံနက်လူက မျက်မှောင်ကြုတ်ကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။ “သင်ဟာ ဘယ်သူပဲ ဖြစ်ဖြစ် ကျေးဇူးပြုပြီး သူတို့ကို လွှတ်ပေးပါ။ နောင်တချိန်ကျရင် ဒီအဘိုးအိုဟာ သင့်ကို ကျေးဇူးတင်မိမှာပါ…”

“ ရေတွင်းထဲက လဖမ်းခြင်း…သိပ်ကောင်းမွန်တဲ့ မန္တာန်…” ခဏအကြာတွင် ဝမ်လင်း၏စကားများက အက်ကြောင်းထဲမှ ထွက်ပေါ်လာကာ ဝတ်စုံနက်လူ၏စိတ်ထဲသို့ တိုးဝင်သည်။ ဝတ်စုံနက်အဘိုးအိုက တုန်လှုပ်မိသွား၏။ သူက ချက်ခြင်းပင် သူ့ညာလက်ကို ဝေ့ယမ်းလိုက်သည်။ ဧရာမလက်ဝါးရာတစ်ခုက ဟိန်းသံပေးလျက် ဟင်းလင်းပြင်အက်ကြောင်းထံသို့ ရိုက်ချလာတော့၏။

သို့ပေမည့် သူသည် ခြေတစ်လှမ်း နောက်ကျသွားခဲ့လေပြီ။

ဝမ်လင်းက ဤရှေးသင်္ချိုင်း၏စိတ်ဆန္ဒနှင့် ပေါင်းစပ်ထားခဲ့ပြီး ဖြစ်၏။ ထို့ကြောင့် သူကိုယ်တိုင်မှာ ရှေးသင်္ချိုင်း ဖြစ်နေပေပြီ။ ဟင်းလင်းပြင်အက်ကြောင်းက ပိတ်ဆို့သွားသင့်သော်လည်း ပြင်ပအားတစ်ခုကြောင့် ပွင့်ဟနေခြင်းပင်။ ခုချိန်၌ ဝမ်လင်း၏စိတ်ဆန္ဒနှင့် ဟင်းလင်းပြင်အက်ကြောင်းသည် တုန်ဟည်းသွားကာ သည်အက်ကြောင်းကို အတင်းအကြပ် ပွင့်ဟနေစေသောအားသည် ရှေးအမိန့်ယဲ့မို၏ကြွင်းကျန်စိတ်ဆန္ဒနှင့်အတူ ဒီရှေးအမိန့်သင်္ချိုင်း၏စွမ်းအားကို တောင့်မခံနိုင်တော့ချေ။ ဟင်းလင်းပြင်အက်ကြောင်းသည် မြန်ဆန်စွာ ကြုံ့လာတော့၏။

၎င်းအက်ကြောင်း ပိတ်ဆို့သည်နှင့် ဝမ်လင်းက သည်ရှေးအမိန့်သင်္ချိုင်းပေါ်တွင် ချိပ်ပိတ်မှု ချန်ထားနိုင်မည်။ ထိုအခါ ၎င်းအက်ကြောင်းသည် နှစ်သောင်းနှင့်ချီကြာသည့်အထိ ပွင့်ဟလာနိုင်တော့မည် မဟုတ်ပေ။

ယင်းသို့ ဖြစ်လာပါက သင်္ချိုင်းအတွင်း ဝင်ရောက်သွားသော လူများသည် လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။ ဤသို့ဆိုပါက ရှေးဟောင်းကြယ်အဖွဲ့အစည်း စွမ်းအား၏ သုံးဆယ်ရာခိုင်နှုန်း ဖျက်စီးခံရသည်နှင့် တူညီပေမည်။

ဝတ်စုံနက်လူက မာန်သွင်းလျက် မြန်ဆန်စွာ ကြုံ့လာနေသော ဟင်းလင်းပြင်အက်ကြောင်းဘေးနားသို့ ရောက်လာ၏။ သူက သူ၏သွေ့ခြောက်သောလက်တစ်ဖက်ကို ပင့်မြှောက်ကာ ဆင်းသက်လာသော လက်ဝါးချက်နှင့် ပေါင်းစပ်သည်။

ဧရာမလက်ဝါးကြီးက သူ၏ညာလက်နှင့် ပေါင်းစပ်သွားသည့်ပုံရပြီး အက်ကြောင်းပေါ်သို့ ရိုက်ချလာသည်။ ထိုအခိုက်တွင် သူ့ညာလက်မှ အပူစွမ်းအင် ထွက်ပေါ်လာ၏။ ထိုအပူသည် မီးမဟုတ်ပေ။ အလင်းဖြစ်ချေ၏။ ၎င်းမှာ မူလဥပဒေသပင်။

အလင်းသည် တလျှံလျှံဖြစ်ကာ ဟင်းလင်းပြင်အက်ကြောင်းပေါ်သို့ ကျရောက်သွားသည်။ ၎င်းက ဟင်းလင်းပြင်အက်ကြောင်းကို ထွင်းဖောက်၍ ဝမ်လင်း၏နတ်ဘုရားအာရုံပေါ်သို့ ကျရောက်သွားသည်။

ထိုလက်ဝါး၏စွမ်းအားမှာ အလွန်အမင်း သန်မာသည်။ ၎င်းလက်ဝါးက သည်သင်္ချိုင်းနှင့် ပေါင်းစပ်ထားသော ဝမ်လင်း၏နတ်ဘုရားအာရုံပေါ်သို့ ကျရောက်လာသည့်အခါတွင် ရှေးအမိန့်သင်္ချိုင်းသည်ပင် တုန်ခါသွား၏။ ဝမ်လင်း၏နတ်ဘုရားအာရုံပါ နောက်သို့ လွင့်ထွက်သွားသည်။ ထိုလက်ဝါးချက်၏စွမ်းအားသည် လောကတစ်ခုကို ဖျက်စီးပစ်ဖို့ လုံလောက်သည်။

၎င်းလက်ဝါး၏စွမ်းအားသည် ဤကြယ်အဖွဲ့အစည်း၏ အကန့်အသတ်သို့ ရောက်နေ၏။

သို့ရာတွင် ရှေးအမိန့်သင်္ချိုင်း၏ဆန္ဒနှင့် ယဲ့မို၏အကြွင်းအကျန်စိတ်ဆန္ဒတို့မှာ မည်သို့ လွယ်လွယ် ဖျက်စီးခံရပါ့မည်နည်း။ လက်ဝါးက ဟင်းလင်းပြင်အက်ကြောင်းကို ဖြတ်သန်းလာနေရင်း ဒီသင်္ချိုင်း၏ တတိယမြောက်အလွှာမှ ဟိန်းသံတစ်သံ ထွက်ပေါ်လာသည်။

မည်သူကမျှ ထိုဟိန်းသံကို မကြားနိုင်ပေ။ ဝမ်လင်းတစ်ယောက်သာ ၎င်းအသံကို ကြားနိုင်၏။ ထိုဟိန်းသံက ဝမ်လင်း၏နတ်ဘုရားအာရုံအတွင်း ဝင်ရောက်လာကာ သူ၏ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကိုပါ လင်းထင်းတောက်ပသွားစေသည်။

သူ၏မျက်လုံးသည် တလက်လက် ဖြစ်လာစဉ် သူ့နတ်ဘုရားအာရုံသို့ ဝင်ရောက်လာသော ဟိန်းသံက သူ့ခန္ဓာကိုယ်ထဲသို့ပါ ဝင်ရောက်သည့်ဟန် တူသည်။ ထူးဆန်းသောလှိုင်းဂယက်တစ်ခုက သူ့ထံမှ ပျံ့နှံ့လာပြီး ဝမ်လင်း၏ လည်ချောင်းအတွင်းမှ ရူးသွပ်ဖွယ်အော်သံတစ်သံ ထွက်ပေါ်လာစေတော့၏။

ထိုဟိန်းအော်သံ၏ စွမ်းအားသည် လောကကိုပါ အရောင်များ ပြောင်းလဲစေနိုင်၏။ ထာဝရတည်ရှိမှုကိုပင် လှုပ်ခါစေနိုင်သည်။

မုန်တိုင်းများ ကောင်းကင်တွင် ပြည့်ဖုံးလာကာ ထာဆန်က သွေးအန်၍ နောက်သို့ လွင့်ထွက်သွား၏။ သူက သူ့ရှေ့ကို လက်ဖြင့် ပိတ်ဆို့ထားလိုက်၏။ သို့သော် သူ၏ခန္ဓာကိုယ်တစ်ဝက် အသွေးအသားတို့မှာ ချက်ခြင်း လွင့်ပျောက်သွားပြီး အောက်မှ အရိုးဖြူများကိုပါ လှစ်ဟပေါ်ထွက်သွားစေသည်။

ကြယ်ရှစ်လုံးရှေးဟောင်းနတ်ဘုရားတစ်ပါး၏ ခန္ဓာကိုယ်သည်ပင် ပျက်စီးရလေ၏။

ဝမ်လင်း၏ ပါးစပ်မှ ဟိန်းသံ ထွက်ပေါ်လာကာ သည်ရှေးအမိန့်သင်္ချိုင်းတစ်ခုလုံးကို လှုပ်ခါစေသည်။ မိစ္ဆာသခင်ကောင်းကင်ကိုးခု၏ ကိုယ်ပွားမှာလည်း တစ်စက်လေးပင် မခုခံနိုင်ဘဲ ပျက်စီးသွား၏။ လေးယောက်မြောက်ကောင်းကင်ဘုံကိုယ်လုပ်တော်မှာလည်း သွေးအန်လိုက်ရသည်။ သူမက လက်ဖြင့် ဖဲသားစတစ်ခုကို ဝေ့ယမ်းကာ သည်အန္တရာယ်ကနေ လွတ်မြောက်အောင် ပြုလုပ်၏။ ထိုဖဲသားမှာ သူမကို ရှေးဟောင်းကောင်းကင်ဘုံအုပ်စိုးသူက လက်ဆောင်ပေးထားခဲ့ခြင်းပင်။

ထိုဖဲသား ပျက်စီးသွား၏။ ညှို့ငင်နိုင်သောအမျိုးသမီးသည် နာကျင်စွာအော်ဟစ်လိုက်ရပြီး သူမ၏ခန္ဓာကိုယ်သည် ပျက်စီး၏။ သူမ၏မူလစိတ်ဝိညာဉ်မှာ ပျံသန်းထွက်လာသည်။ သူမက အမည်မသိနည်းလမ်းအချို့ကို အသုံးပြုကာ သူမ၏မူလစိတ်ဝိညာဉ် အကြိမ်များစွာ ပျက်စီးပြီးနောက် အသက်မသေရုံမျှ ရှင်သန်နိုင်ခဲ့၏။

အဆိပ်အိုကြီး၊ မိစ္ဆာသခင်ကောင်းကင်ကိုးခုတို့၏ မူလစိတ်ဝိညာဉ်၊ မြောင်ယင်တို့အားလုံးမှာလည်း သွေးအန်လိုက်ရပြီး သူတို့၏ခန္ဓာကိုယ်များသည် ပျက်စီးသွား၏။ ဆန်းကြယ်လေဟာနယ်အဆင့် ကျင့်ကြံသူများသည်ပင် သည်ဟိန်းသံကို တောင့်ခံနိုင်သည့် အရည်အချင်း မရှိကြပေ။

သို့ရာတွင် ဆန်းကြယ်လေဟာနယ်အဆင့် မွန်းစတားအိုကြီး ဖြစ်သည့်အတွက် သူတို့ထံ၌ အသက်ကယ်မန္တာန်များ ပိုင်ဆိုင်ထားပေ၏။ ထိုဟိန်းသံကနေ ရှင်သန်လာပြီးနောက် သူတို့အားလုံးသည် သူတို့ သန့်စင်ထားသော ခန္ဓာကိုယ်အပိုများကို ထုတ်ယူလိုက်၏။ သူတို့၏မျက်လုံးထဲတွင်မူ အကြောက်တရားများ အလွန်အမင်း ပြည့်နှက်နေ၏။ သူတို့သည် ရှေ့ဆက်၍ပင် မသွားဝံ့ ဖြစ်ရ၏။ သူတို့က နောက်ဆုတ်ကာ သည်သင်္ချိုင်းကနေ ထွက်ခွာရန် နှေးဖင့်မနေကြတော့ပေ။

ဟိန်းသံ ပဲ့တင်ထပ်ရင်း ပထမဆုံးမြေပုံဧရိယာအတွင်းရှိ ဟင်းလင်းပြင်အက်ကြောင်းထံသို့ တိုးဝင်လာကာ အစွမ်းထက်လက်ဝါးချက်နှင့် ထိပ်တိုက်တွေ့လေပြီ။ ဟိန်းသံတစ်သံ၏ စွမ်းပကား။

***

All Chapters