← Chapters

ခွင့်ပြုလိုက်ခြင်း

Vol. 111 Ch. 1526

ခွင့်ပြုလိုက်ခြင်း

Vol. 111 Ch. 1526

လက်ဝါးချက်သည် ဟိန်းသံကို တစ်စက်လေးပင် မခုခံနိုင်ဘဲ ချက်ခြင်း ပျက်စီးသွား၏။

ဟိန်းသံက ထိုလက်ဝါးထံမှ ချိုးဖျက်လာပြီးနောက် ဟင်းလင်းပြင်အက်ကြောင်းထံမှ ထိုးထွက်ကာ အပြင်ဘက်ရှိ ဝတ်စုံနက်လူထံသို့ ကျရောက်သွားသည်။

“ဝေါင်း…”

“ဒါက…” ဝတ်စုံနက်လူ၏ အမူအရာသည် ကြီးစွာ ပြောင်းလဲသွား၏။ သူ၏ခန္ဓာကိုယ်သည် တုန်ယင်လျက် သွေးအန်ထွက်သည်။ သူက နောက်သို့ အရူးအမူး ဆုတ်၏။ သို့ပေမည့် သူ ခြေလှမ်းသုံးလှမ်းသာ ဆုတ်လိုက်နိုင်ပြီး သူ၏ခြေထောက်များသည် ပေါက်ကွဲထွက်သွား၏။ အသွေးအသားဟူ၍ မရှိဘဲ အရိုးဖြူများသာ ဖြစ်နေ၏။

သူ၏ဝတ်စုံနက်မှာလည်း အတော်များများ ဆုတ်ပြဲသားသည်။ သူက အလန့်တကြား အော်ဟစ်ကာ နောက်သို့ အမြန်ဆုတ်၏။ ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ အဆန်းကြယ်ဆုံးသူ၊ ဝမ်လင်းပေါ်တွင် ရေတွင်းထဲမှလမန္တာန် အသုံးပြုခဲ့သောလူ၊ အုပ်စိုးသူသည် ခုတော့ ခွေးတစ်ကောင်အလား ပြန်ပြေးရတော့သည်။

“အော်သံတစ်ခုရဲ့ စွမ်းအား၊ ဟိန်းသံတစ်ခုရဲ့ စွမ်းအား…” အတိတ်တုန်းကလည်း သူသည် အတွင်းနယ်မြေ၌ ဟိန်းသံတစ်သံကြောင့် ကီလိုမီတာဘီလီယံချီကာ နောက်ဆုတ်ခဲ့ရ၏။ သည်တစ်ကြိမ်တွင်လည်း ဟိန်းသံကြောင့်ပင် သူက နောက်ဆုတ်ရပြန်သည်။ သို့သော်ငြားလည်း သူကလွဲ၍ မည်သူကမျှ ထိုဟိန်းသံသည် တူညီသောလူတစ်ယောက်ထံမှ ဖြစ်သည်၊မဖြစ်သည်ကိုမူ သိနိုင်မည် မဟုတ်ပေ။

ရှေးဟောင်းကြယ်အဖွဲ့အစည်းအတွင်းရှိ ဟင်းလင်းပြင်အက်ကြောင်းသည် မြန်ဆန်စွာ ကြုံ့နေ၏။ သင်္ချိုင်းအတွင်း၌ ဝတ်စုံဖြူအမျိုးသမီးသည် မျက်နှာဖြူရောနေသည်။ သူမက အက်ကြောင်းနား ရောက်နေပေပြီ။ သူမက ဟိန်းသံကြောင့် တုန်ခါသွားခဲ့ရပြီး သူမကိုယ်သူမ အထူးနည်းလမ်းတစ်ခု အသုံးပြုကာ သူမ၏ခန္ဓာကိုယ်ကို ဆက်လက် ထိန်းသိမ်းထားလိုက်နိုင်သော်လည်း သူမလည်း ဒဏ်ရာ ရသွားခဲ့ပေ၏။ အက်ကြောင်းကြုံ့နေသည်ကို မြင်သည့်အခါ သူမက ထွက်ခွာရန် နောက်ကျသွားခဲ့ပြီကို သိလိုက်သည်။

“သင်က ငါ့ကို တစ်ကြိမ် ကူညီပေးခဲ့ဖူးတယ်။ ဒါ့ကြောင့် ငါ သင့်ကို တစ်ကြိမ် ပြန်ကူညီပေးမယ်…” ထိုအမျိုးသမီး မျှော်လင့်ချက်မဲ့နေရုံ ရှိသေး ဝမ်လင်း၏နတ်ဘုရားအာရုံက သူမ၏နားထဲ ဝင်ရောက်လာသည်။

ဝတ်စုံဖြူအမျိုးသမီးက သည်နတ်ဘုရားအာရုံနှင့် ရင်းနှီးပေသည်။ သည်နတ်ဘုရားအာရုံက သူမကို စိတ်ကသိကအောက် ဖြစ်စေ၊ ကြောက်လန့်စေသော်လည်း ထိုအသံကို ကြားလိုက်ရသည့်နောက်တွင်မူ သူမ၏အမူအရာသည် ပြောင်းလဲသွားသည်။

“နင်ပဲကိုး…” သူမ ထိုသို့ ပြောလိုက်သည့်အခါမှာပင် ကြုံ့နေသော ဟင်းလင်းပြင်အက်ကြောင်းသည် ရုတ်တရက် တန့်သွား၏။

ဝတ်စုံဖြူအမျိုးသမီးက သူမစိတ်ထဲရှိ တုန်လှုပ်မှုကို ဖိနှိပ်သည်။ သူမက ခုချိန်က မေးခွန်းထုတ်နေရမည့် အချိန်အခါ မဟုတ်မှန်း သိ၏။ သူမသည် အက်ကြောင်းထံသို့ ဦးတည်သည်။ သူမက အက်ကြောင်းဘေးနားသို့ ရောက်သည့်အခါ နောက်သို့ လှည့်၍ ကြည့်လိုက်သည်။ သူမက ဝမ်လင်း၏နတ်ဘုရားအာရုံကို ခပ်ရေးရေး ခံစားမိနိုင်သည်။

စိတ်ရှုပ်ထွေးသောအမူအရာတစ်ခု သူမ၏မျက်နှာထက်၌ ပေါ်လာ၏။ သူမက ထိုနတ်ဘုရားအာရုံက သူမ၏အရာအားလုံးကို ဖြတ်မြင်ချိန်၌ စိတ်ကသိကအောက် ဖြစ်၊ စိတ်တိုမှုကို ခံစားခဲ့ရသည်။ သူမသည် လှည့်၍ အက်ကြောင်းအတွင်းသို့ ခြေလှမ်းဝင်သွားတော့သည်။

သူမ ထွက်သွားသည်နှင့် ဟင်းလင်းပြင်အက်ကြောင်းက ရုတ်တရက် ကြုံ့ကာ သည်ရှေးဟောင်းကြယ်အဖွဲ့အစည်းကနေ ပျောက်ကွယ်သွားလေသည်။

ဝမ်လင်း၏ နတ်ဘုရားအာရုံ ပြန်မဆုတ်ခွာခင် သူမက သင်္ချိုင်း၏စိတ်ဆန္ဒကို အသုံးပြုကာ သည်အက်ကြောင်းကို နှစ်သန်းချီ၍ ပိတ်ဆို့ပစ်လိုက်သည်။

“အုပ်စိုးသူဟာ ဒီဟိန်းသံကြောင့် မသေသွားခဲ့ဘူး။ သူဟာ ဝတ်စုံဖြူအမျိုးသမီး ဒီသင်္ချိုင်းထဲ ဝင်လာတာကို သိထားတယ်။ သူသာ သူမ ထွက်လာခဲ့တာကို သိရှိသွားခဲ့ရင် သံသယဝင်လာမှာပဲ။ သူ တကယ်တမ်း သံသယဝင်လာခဲ့ရင်ရော…ဒီအတွက် ငါ ဘာမှ မတတ်နိုင်ဘူး…”

နန်းတော်အတွင်း၌ ဝမ်လင်း၏နတ်ဘုရားအာရုံက ပလ္လင်ထံ ပြန်ရောက်လာ၏။ သူ၏နတ်ဘုရားအာရုံက သည်သင်္ချိုင်းနှင့် ပေါင်းစပ်နေခြင်းကြောင့် ပလ္လင်ထံမှ မည်သည့်ပယ်ဖျက်အားမှ ရှိမနေတော့ပေ။ ဝမ်လင်းသည် ပလ္လင်ပေါ်တွင် တည်ငြိမ်စွာ ထိုင်နေ၏။ သူ၏မျက်လုံးက တောက်ပနေ၏။ သူက ပျက်စီးသွားသော ပုံရိပ်ယောင်ပိုက်ကွန်နှင့် ဟိန်းသံကြောင့် လွင့်ထွက်သွားသော ထာဆန်ကို ကြည့်လိုက်သည်။

ထာဆန်မှာ အခြေအနေဆိုးနေ၏။ သူ၏ခန္ဓာကိုယ်သည် သွေးအလိမ်းလိမ်းဖြင့် အရိုးပင် ပေါ်နေသည်။ အသွေးအသားများကမူ မြန်ဆန်စွာ ရွှေ့လျားလျက် ပြန်ကောင်းမွန်နေ၏။ ထာဆန် ထိုမျှ ဒဏ်ရာပြင်းထန်လွန်းစွာ ရထားသည့်အတွက် ဝမ်လင်းအဖို့ ရခဲလှသောအခွင့်အရေးတစ်ခုပင်။

တခြားတစ်ယောက်ယောက်သာ ဆိုပါက သည်အခြေအနေတွင် ချက်ခြင်း တိုက်ခိုက်နှင့်နေပြီး ဖြစ်၏။ သို့သော် ဝမ်လင်းကမူ ထိုသို့ မလုပ်ပေ။ သူသည် ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်၏။ ထာဆန်မှာလည်း အလားတူပင်။ ရှေးဟောင်းနတ်ဘုရားများသည် သူတို့၏ဂုဏ်မာန ရှိသင့်၏။

ဝမ်လင်းသာ သူ၏ခုနစ်လုံးမြောက်ကြယ်ကို မပိုင်ဆိုင်ရသေးပါက သူက ချက်ခြင်း တိုက်ခိုက်ကောင်း တိုက်ခိုက်မိသည်။ သို့သော် ခုချိန်တွင်မူ သည် ထာဆန်နှင့် အစွမ်းကုန် တိုက်ခိုက်ချင်စိတ် ဖြစ်ပေါ်နေ၏။ ပို၍ အရေးကြီးသည်မှာ သူ ထိုသို့ လုပ်ရသည့်အကြောင်းရင်းတစ်ခုလည်း ရှိခြင်းပင်။

“ထာဆန်ရဲ့ ရှေးဟောင်းနတ်ဘုရားကြယ်တွေက အကြိမ်များစွာ ပျက်စီးခဲ့တယ်။ သူက အမည်မသိနည်းလမ်းအချို့ အသုံးပြုပြီး ကြယ်ရှစ်လုံး ထပ်မံ ရှိနေပေမယ့်လည်း ဒီကြယ်တွေဟာ အရင်ကလောက်တော့ အရည်အသွေးရှိတော့မှာ မဟုတ်ဘူး…”

ဝမ်လင်းသည် ပလ္လင်ပေါ်တွင် ထိုင်နေလျက် လွှမ်းမိုးမှုအပြည့်အော်ရာဖြင့် ငုံ့ကြည့်၏။ သူ၏အသံက ထာဆန်၏စိတ်ထဲသို့ ဖြည်းဖြည်းချင်း ဝင်ရောက်လာသည်။

ထာဆန်က ငြိမ်သက်စွာ စဉ်းစားလျက် သူ့ခန္ဓာကိုယ်သည် အလျင်အမြန် ပြန်ကောင်းမွန်လာနေသည်။ သူက ဟင်္သာပြဒါးဂြိုဟ်ကနေ လွတ်လာပြီးနောက် ထူစီ၏ခန္ဓာကိုယ်ကို သိမ်းပိုက်ယူနိုင်ခဲ့သည်။ ထူစီ၏ခန္ဓာကိုယ်သည် နှစ်ပေါင်းများစွာ ရှင်သန်နေထိုင်ခဲ့သော တော်ဝင်ရှေးဟောင်းနတ်ဘုရား၏ခန္ဓာကိုယ် ဖြစ်ချေသည်။

ဝမ်လင်း၏မျက်ခုံးနှစ်ခုကြား၌ ကြယ်ခုနစ်လုံးက မြန်ဆန်စွာ လှည့်ပတ်နေ၏။ သူ့ညာမျက်လုံးတွင်လည်း ရှေးဟောင်းမိစ္ဆာစွမ်းအင်က လည်ပတ်နေသည်။ သို့ပေမည့် ရှေးဟောင်းနတ်ဆိုးစွမ်းအင် အမွေအနှစ်ကင်းမဲ့မှုကြောင့် ၎င်းမှာ မပြည့်စုံပေ။ ထို့အတွက် ရှေးဟောင်းနတ်ဆိုးကြယ်သည် အပြည့်အဝပုံသဏ္ဌာန်အသွင် မဖွဲ့တည်နိုင်ချေ။

သူ့ထံ၌ ပြီးပြည့်စုံသော ရှေးဟောင်းမိစ္ဆာကိုယ်ပွားလည်း မပိုင်ဆိုင်ထားပေ။

ရှေးဟောင်းမိစ္ဆာကိုယ်ပွားကို တစ်ခြားတစ်နေရာရာတွင်သာ ဖြစ်နေပါက ရှာတွေ့ဖို့ ခက်ခဲပေလိမ့်မည်။ သို့သော် သူက သည်သင်္ချိုင်းထဲတွင်မူ ရှေးဟောင်းမိစ္ဆာတစ်ယောက်ကို ရှာတွေ့နိုင်ပေ၏။ အထူးသဖြင့် ဤနေရာတွင် ဖြစ်သည်။

ဤနန်းတော်တွင်း၌ ကျောက်ဖြစ်သွားသော ရှေးအမိန့်ကလန်သုံးခု၏ ကလန်ဝင်များ၏ အလောင်းများ ရှိနေ၏။ သူတို့ကြား၌ ပေတစ်သောင်းမြင့်မားသော ရှေးဟောင်းမိစ္ဆာတစ်ပါးလည်း ရှိ၏။ ထိုရှေးဟောင်းမိစ္ဆာအလောင်းမှာ တခြားအလောက်များထက် မျက်စိဖမ်းစားနိုင်စွမ်း ရှိကာ သိသာနေသည်။

ဝမ်လင်းက လက်မြှောက်ကာ ရှေ့သို့ ဆန့်ထုတ်လိုက်၏။ ထိုရှေးဟောင်းမိစ္ဆာခန္ဓာကိုယ်က သူ့ထံ ပျံသန်းလာပြီး သူ့ရှေ့သို့ ကျရောက်သည်။ ထို့နောက် သူက သူ့ညာလက်ဖြင့် ၎င်း၏ခန္ဓာကိုယ်ကို ဖိထားလိုက်သည်။

“ကံမကောင်းစွာနဲ့ ဒီမှာ တော်ဝင်ရှေးဟောင်းမိစ္ဆာခန္ဓာကိုယ် ရှိမနေတာပဲ။ ဒီအလောင်းမှာတော့ တော်ဝင်ရှေးဟောင်းမိစ္ဆာတစ်ပါးရဲ့ အော်ရာအချို့တော့ ရှိတယ်…”

ဝမ်လင်းက သူ့ညာလက်ဖြင့် ၎င်းရှေးဟောင်းမိစ္ဆာအလောင်းပေါ်သို့ ဖိချ၏။ သူ့ညာမျက်လုံးတွင်းမှ မိစ္ဆာစွမ်းအင်များသည် သူ့ညာလက်မှ ၎င်းအလောင်းထံသို့ တစ်ဆင့် စီးဝင်သည်။

ဝမ်လင်း၏ခန္ဓာကိုယ်ထဲရှိ ရှေးဟောင်းမိစ္ဆာအော်ရာမှာ အလွန်ကြီးမား၏။ သည်အခိုက်တွင် ၎င်းအော်ရာက ရှေးဟောင်းမိစ္ဆာ၏ ကျောက်သားခန္ဓာကိုယ်ထဲသို့ တရကြမ်း ဝင်ရောက်သည်။

ဝမ်လင်းသည် နေရာတွင်ပင် ထိုင်နေ၏။ သူ၏မိစ္ဆာစွမ်းအင်များသည် သူ့ရှေ့ရှိ ရှေးဟောင်းမိစ္ဆာခန္ဓာကိုယ်ထဲ တရကြမ်း တိုးဝင်နေသည်။ သူ့အကြည့်ကမူ ဒဏ်ရာကုသနေသော ထာဆန်ထံသို့ မြဲမြံစွာ ကျရောက်နေသည်။

သူ့ကိုယ်ပိုင်ဂုဏ်မာနအပြင် ဝမ်လင်း ခုချိန်၌ ထာဆန်ကို မတိုက်ခိုက်ရသည့် တခြားအကြောင်းရင်းမှာ သူ့အတွက်လည်း အချိန်လိုအပ်နေခြင်းကြောင့်ပင်။ သူက တိုက်ခိုက်ရန်အတွက် သည်ပလ္လင်ကနေ ထွက်မသွားနိုင်ပေ။ သည်ပလ္လင်၌ ပယ်ဖျက်အား မရှိတော့သော်လည်း ပယ်ဖျက်အား ပျောက်ကွယ်သွားခြင်းကြောင့် ဝမ်လင်း၏မျက်လုံးကို နီရဲစေသော အမွေအနှစ်အော်ရာကပါ ပျောက်ရှသွားခဲ့လေပြီ။

ဝမ်လင်းက သူသာ အခုချိန်ထသွားပြီး ပြီးမှ ပြန်လာထိုင်လျှင်ပင် အမွေအနှစ်သည် ဆက်ရှိတော့မည် မဟုတ်ဟု နားလည်ထားသည်။ ထိုသို့နားလည်ရခြင်းမှာ သူ၏နတ်ဘုရားအာရုံက သည်သင်္ချိုင်း၏စိတ်ဆန္ဒနှင့် ပေါင်းစပ်သွားချိန်တုန်းက သူ ရရှိခဲ့သော မပြောပြတတ်သည့် ဉာဏ်အလင်းကြောင့်ပင်။

ထို့အတွက်ကြောင့်လည်း သူက ပလ္လင်ထံကနေ ထ၍ မရပေ။ သည်အမွေအနှစ်က သူ့ကို ကြယ်ခုနစ်လုံးထိ ဖြစ်စေခဲ့ပြီး ဖြစ်သော်လည်း ဝမ်လင်းကမူ ကျေနပ်မှု မရှိသေးပေ။

သူက ပိုများပြားသော အမွေအနှစ်ကို လိုချင်သေး၏။ သူက ထိုပယ်ဖျက်အား ထပ်မံပေါ်လာစေချင်သေးသည်။ ထိုမှသာ အမွေအနှစ်အော်ရာကလည်း အဆများစွ တိုးပွားပြီး တတိယအလွှာရှိ နှလုံးခုန်သံကနေ ထိုးထွက်လာလိမ့်မည်။

ထိုပယ်ဖျက်အား ထပ်မံပေါ်လာရန် နည်းလမ်းတစ်ခုသာ ရှိလေ၏။

ဝမ်လင်းက ပြတ်သားသောအကြည့်ကို ထုတ်ဖော်၏။ ထာဆန် အပြင်ဘက်တွင် ရှိနေကာ ပယ်ဖျက်အားက အန္တရာယ်များလှသော်လည်း သူက လက်လျှော့ဖို့ ဆန္ဒမရှိပေ။ သူက ပြတ်သားသောအကြည့်ကို ထုတ်ဖော်လိုက်ချိန်မှာပင် သူ၏နတ်ဘုရားအာရုံကို သင်္ချိုင်းနှင့် ဖျက်တောက်ပစ်လိုက်၏။

ထိုအခါ ကောင်းကင်တုန်လှုပ်ဖွယ်ပယ်ဖျက်အားသည် ပလ္လင်ထံမှ ထပ်မံပေါ်လာတော့၏။ တစ်ချိန်တည်းမှာ တတိယအလွှာရှိ နှုံးက မြန်ဆန်စွာ စတင် ခုန်၏။ အမွေအနှစ်အော်ရာက ပလ္လင်ထံသို့ တရှိန်ထိုး ဝင်ရောက်လာတော့သည်။

ကြယ်ခုနစ်လုံးရှေးဟောင်းနတ်ဘုရားတစ်ပါးက ကြယ်ခြောက်လုံးရှေးဟောင်းနတ်ဘုရားထက် များစွာ သန်မာပေ၏။ ဝမ်လင်းက မလှုပ်မယှက်ထိုင်ကာ ပယ်ဖျက်အားကို ခုခံသည်။ သည်တစ်ကြိမ်၌ သူက ထိုအော်ရာ စိမ့်ထွက်ခြင်းကနေ ကာကွယ်ရန် သူ့ခန္ဓာကိုယ်ကို ချိပ်ပိတ်ခြင်း မပြုတော့ပေ။ ထိုအစား ဆန့်ကျင်ဘက်အနေဖြင့် သူက ပလ္လင်ထံမှ အမွေအနှစ်ကို အတင်းအကြပ် စုပ်ယူဖို့ ပယ်ဖျက်အားကို သည်အတိုင်း ခွင့်ပြုလိုက်သည်။

***

All Chapters