← Chapters

ကံကြမ္မာက သတ်မှတ်ထားသော ဒုတိယကြိမ်မြောက် တိုက်ပွဲ(၁)

Vol. 111 Ch. 1527

ကံကြမ္မာက သတ်မှတ်ထားသော ဒုတိယကြိမ်မြောက် တိုက်ပွဲ(၁)

Vol. 111 Ch. 1527

နှစ်ပေါင်းနှစ်ထောင်ကျော် ကျင့်ကြံပြီးသည့်နောက်တွင် နောက်ဆုံး၌ ဝမ်လင်းသည် သူ၏ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ကို ကြယ်ခုနစ်လုံးအဆင့်သို့ ရောက်ရှိစေခဲ့ပြီ ဖြစ်၏။

ကြယ်ခုနစ်လုံးရှေးဟောင်းနတ်ဘုရား ခန္ဓာကိုယ်သည် စမ်းသပ်မှုကပ်ဘေးကို မဖြတ်ကျော်ရသေးလျှင်ပင် ဒုတိယအဆင့်ကျင့်ကြံသူများ ထိခိုက်အောင် လုပ်နိုင်သော အရာတစ်ခု မဟုတ်တော့ပေ။

ကြယ်ခုနစ်လုံးရှေးဟောင်းနတ်ဘုရား၏ ခွန်အားက တတိယအဆင့် နိဗ္ဗာနလေဟာနယ်အဆင့်ကျင့်ကြံသူများနှင့် ယှဉ်တိုက်နိုင်ပြီဟု ဆိုနိုင်သည်။

ပို၍ အရေးကြီးသည်မှာ ကြယ်ခုနစ်လုံးဟူသည်မှာ ရှေးဟောင်းနတ်ဘုရားတစ်ပါးက အရွယ်ရောက်ခြင်းအဆင့်သို့ ဝင်ရောက်သည့် အဓိပ္ပာယ် ဖြစ်နေခြင်းပင်။ အချိန်နှင့်အမျှ ကြယ်ခုနစ်လုံးရှေးဟောင်းနတ်ဘုရားက အစွမ်းပိုထက်လာရန် ပိုကြီးထွားလာမည်သာ။

ရှေးဟောင်းနတ်ဘုရားများ၏ ကြယ်ကိုးလုံးတွင် ကြယ်ငါးလုံးပိုင်ဆိုင်ပြီးနောက် နောက်ထပ် ကြယ်တစ်လုံးချင်းစီကို ရဖို့မှာ အလွန်တရာ ခက်ခဲလေ၏။ သို့ပေမည့် ကြယ်တစ်ခုစီ ဖြစ်ပေါ်ပြီးသည်နှင့် ထိုရှေးဟောင်းနတ်ဘုရား၏စွမ်းအားသည် ခုန်ပေါက်တိုးပွားလာမည်ပင်။ ခုချိန်၌ သူ၏မန္တာန်များ၊ မီးနှင့်မိုးကြိုးအနှစ်သာရ၊ တာအိုမန္တာန်များနှင့် တခြားအရာများကြောင့် ဝမ်လင်းသည် တတိယအဆင့် နိဗ္ဗာနလေဟာနယ်အစောပိုင်းအဆင့်ကို ရင်ဆိုင်နိုင်ပြီ ဖြစ်၏။ မတော်တဆမှုတစ်ခုခုသာ မဖြစ်ခဲ့ပါက သူသည် အနိုင်ရရန်အတွက်ပင် လုံလောက်အောင် သန်မာနေခဲ့ပြီ။

ကြယ်ခုနစ်လုံးရှေးဟောင်းနတ်ဘုရားဝမ်လင်းသည် ထူစီ ကြယ်ခုနစ်လုံး ပိုင်ဆိုင်ခဲ့ချိန်ကထက် အားမနည်းပေ။ ထူစီက ပြီးပြည့်စုံသောအမွေအနှစ်ကို ပိုင်ဆိုင်ခဲ့သော်လည်း ဝမ်လင်းကမူ ရှေးဟောင်းနတ်ဘုရားတစ်ပါးနှင့် ကျင့်ကြံသူတစ်ယောက် ပေါင်းစပ်ထားသော ပထမဆုံးတည်ရှိမှုတစ်ခု ဖြစ်နေခဲ့သည်။

ဝမ်လင်းက နိဗ္ဗာနလေဟာနယ်အလယ်အဆင့် ကျင့်ကြံသူများနှင့်ပင် ရင်ဆိုင်ရဲပေ၏။ သူက ရှုံးနိမ့်ကောင်း ရှုံးနိမ့်နိုင်သော်လည်း ထိုအဆင့်ကျင့်ကြံသူများသည်ပင် သူ့ကို သတ်နိုင်ဖို့မှာ အလွန်တရာ ခက်ပေမည်။

တတိယအဆင့်များဖြစ်သော နိဗ္ဗာနလေဟာနယ်၊ စိတ်ဝိညာဉ်လေဟာနယ်၊ ဆန်းကြယ်လေဟာနယ်နှင့် လေဟာနယ်အတိဒုက္ခအဆင့်တို့ကိုလည်း ဒုတိယအဆင့်မှာကဲ့သို့ အစောပိုင်း၊အလယ်နှင့်နောက်ဆုံးအဆင့်ဟူ၍ ပိုင်းခြားထားပေ၏။ အဆင့်တစ်ခုချင်းစီ၏ ကွာခြားမှုက မိုးလောက်ကြီးမားသည်။

ဝမ်လင်းက ပလ္လင်ပေါ်တွင် ထိုင်နေရင်း ပယ်ဖျက်အားက သူ့ခန္ဓာကိုယ်ကို လှုပ်ခါစေသည်အား ခွင့်ပြုထား၏။ သူ၏မျက်လုံးတို့က တောက်ပနေသည်။ သို့ပေမည့် သူ့ခန္ဓာကိုယ်ကို တစ်ကြိမ် ပျက်စီးစေခဲ့သော သည်ပယ်ဖျက်ခြင်းစွမ်းအားက ခုချိန်တွင်မူ သူ့အပေါ်သို့ အများကြီး မသက်ရောက်နိုင်တော့ပေ။

အရင်ကအကြိမ်ရေများအတိုင်း ဆက်ရေပါက ခုဆို အသက်ရှုချိန် အကြိမ်နှစ်ဆယ်မြောက်နှင့် နှစ်ဆယ့်တစ်ကြိမ်မြောက် ရှိလာခဲ့၏။ ထိုအသက်ရှုချိန်နှစ်ကြိမ်စာက ချက်ခြင်း ကုန်လွန်သွား၏။ ပယ်ဖျက်အားက ကြီးမားစွာ တိုးပွားလာသည်။ ပယ်ဖျက်အားက ဝမ်လင်းကို ရိုက်ချနေရရင်း အမွေအနှစ်အော်ရာကလည်း အလားတူ မြင့်တက်လာသည်။

ထိုအမွေအနှစ်အော်ရာကို ဝမ်လင်းက အရူးအမူး ဝါးမြို၏။ သူ၏ခန္ဓာကိုယ်နှင့် ရှေးဟောင်းမိစ္ဆာတို့မှာ တွင်းနက်ကြီးများအလား ဖြစ်နေ၏။ အမွေအနှစ်အော်ရာက နှစ်ပိုင်းခွဲကာ သူတို့နှစ်ယောက်က စုပ်ယူသည်။

ပယ်ဖျက်အားက သူ့ကို ဆက်တိုက် တိုက်ခိုက်နေချိန်၌ အမွေအနှစ်အော်ရာကို စုပ်ယူခြင်းက အလွန်တရာ ခက်ခဲလွန်း၏။ သို့သော် ဝမ်လင်းက လက်မလျှော့ပေ။ ဝမ်လင်းက သူသာ အခုအခွင့်အရေးကို လွဲချော်သွားပါက နောက်ထပ်အခွင့်အရေးတစ်ခု ရဖို့ မဖြစ်နိုင်လုနီးပါးကို နားလည်၏။

နှစ်ဆယ့်နှစ်ကြိမ်မြောက် အသက်ရှုချိန်၊ နှစ်ဆယ့်သုံးကြိမ်၊ နှစ်ဆယ့်လေးကြိမ်။

ပလ္လင်မှ ပယ်ဖျက်အားက ကြောက်မက်ဖွယ်ရာအဆင့်တစ်ခုထိ ရောက်လာခဲ့သည်။ တုန်ဟည်းသံများ ပဲ့တင်ထပ်၏။ ဝမ်လင်း၏ကြယ်ခုနစ်လုံးရှေးဟောင်းနတ်ဘုရား ခန္ဓာကိုယ်ဖြင့်ပင် မတောင့်ခံနိုင်သလို ဖြစ်လာသည်။

သူ့ခန္ဓာကိုယ်က တုန်ယင်လျက် ပျက်စီးတော့မည့် အရိပ်အယောင်များ ပြလာ၏။ သို့ပေမည့် ကြယ်ခုနစ်လုံးရှေးဟောင်းနတ်ဘုရား၏ ပြန်ကောင်းမွန်နှုန်းသည် ကြယ်ခြောက်လုံးရှေးဟောင်းနတ်ဘုရားထက် အဆများစွာ ပိုအားကောင်းသည်။ ပျက်စီးသည်နှင့် သူ့ခန္ဓာကိုယ်က မြန်ဆန်စွာ ပြန်ကောင်းမွန်၏။

ဝမ်လင်းသည် အမွေအနှစ်အော်ရာကို ဆက်လက် စုပ်ယူနေရင်း အားပျော့သောမုန်တိုင်းငယ်တစ်ခုက သူ၏ကြယ်ခုနစ်လုံးဘေးတွင် ပေါ်လာ၏။ ထိုမုန်တိုင်းငယ်မှာ ရှစ်လုံးမြောက်ကြယ်၏ အရိပ်လက္ခဏာပင်။ ၎င်းသာ လုံးဝ ပေါ်လာသည်နှင့် ဝမ်လင်းသည် ကြယ်ရှစ်လုံးရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်လာပေလိမ့်မည်။

ကြယ်ရှစ်လုံးရှေးဟောင်းနတ်ဘုရားသည် သည်လောက၌ အလွန်တရာစွမ်းသော တည်ရှိမှုတစ်ခုပင်။

သို့ပေမည့် ကြယ်ရှစ်လုံးရှေးဟောင်းနတ်ဘုရား ဖြစ်လာဖို့က အတော်လေး ခက်ခဲလှသည်။ မုန်တိုင်းငယ်က ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်သော်လည်း သေချာမကြည့်ပါက သတိပြုမိရန်ပင် မလွယ်လှချေ။

ဝမ်လင်းသာ တဒင်္ဂစိတ်ပေါ့လိုက်သည်နှင့် ထိုအားပျော့သောမုန်တိုင်းငယ်မှာ ပျောက်ပျက်သွားနိုင်၏။

တစ်ချိန်တည်းမှာ ကျောက်သားရှေးဟောင်းမိစ္ဆာခန္ဓာကိုယ်ကလည်း ဝမ်လင်း အရူးအမူး သွန်းလောင်းပေးသော ရှေးဟောင်းမိစ္ဆာစွမ်းအင်များနှင့် ပြည့်နှက်လာသည်။ ဝမ်လင်းက သူ့ညာမျက်လုံးတွင်းမှ အပြည့်အဝပုံစံအသွင် မဖြစ်ပေါ်သေးသော ရှေးဟောင်းမိစ္ဆာကြယ်ကိုပင် ၎င်းကျောက်သားရှေးဟောင်းမိစ္ဆာထံသို့ ပို့လွှတ်ပေးသည်။ ကျောက်သားခန္ဓာကိုယ်သည် တဖြည်းဖြည်း ပြန်ကောင်းမွန်သည့် အရိပ်အယောင်များ ပြသလာသည်။ အချို့ခန္ဓာအစိတ်အပိုင်းများဆို ကျောက်သားလို မမာကြောတော့ဘဲ ပျော့ပျောင်းလာခဲ့လေပြီ။

၎င်း၏မူလက အရောင်အစင်းမဲ့သော ညာမျက်လုံးသည်ပင် တောက်ပလာ၏။ ရှေးဟောင်းမိစ္ဆာကြယ်တစ်လုံး ဖွဲ့စည်းလာတော့ပေမည်။ ၎င်းက ဖြည်းဖြည်းချင်း သိပ်သည်းနေရင်း ပိုပို ထင်ရှားလာသည်။

ထိုအခိုက်အတန့်၌ ပုံရိပ်ယောင်ပိုက်ကွန်အပြင်ဘက်တွင် ဒဏ်ရာကုသနေသော ထာဆန်က ရုတ်တရက် လှုပ်ရှား၏။ သူ၏အသွေးအသားများက ရွှေ့လျားလာကာ သူသည် ရှစ်ဆယ်ရာခိုင်နှုန်း ပြန်ကောင်းမွန်သွားပြီ ဖြစ်သည်။

ထာဆန်၏ခန္ဓာကိုယ်မှာ ထူစီ၏ခန္ဓာကိုယ် ဖြစ်၏။ အတိတ်တုန်းက ထူစီသည် တော်ဝင်ကြယ်ကိုးလုံးရှေးဟောင်းနတ်ဘုရား ဖြစ်လာရန် အလွန်နီးစပ်ခဲ့သူ မဟုတ်လား။ သူက ကြယ်ရှစ်လုံးအဆင့်၌ အချိန်ကြာမြင့်စွာ တန့်နေခဲ့သည်။ သူ၏ခန္ဓာကိုယ်မှာ ကြယ်ရှစ်လုံးအဆင့်၏ အကန့်အသတ်သို့ ရောက်နေခဲ့ပေပြီ။

ကြယ်ကိုးလုံးအဆင့်ကို ရောက်ရန် ချိုးဖျက်နိုင်ဖို့အတွက် ထူစီက ရှေးဟောင်းနတ်ဘုရားများ၏ တားမြစ်မန္တာန်ကို အသုံးပြုခဲ့သည်။ သို့ပေမည့် သူ ကျရှုံးခဲ့၏။ ထို့ကြောင့်လည်း ထူစီ၏အတွင်းနတ်ဆိုး ထာဆန် ပေါ်လာခဲ့ခြင်းပင်။

ထာဆန်၏ပြန်ကောင်းမွန်နှုန်းက ဝမ်လင်းထက် အဆများစွာ သာသည်။ အစောပိုင်းက ဟိန်းသံကြောင့် ရရှိခဲ့သော ဒဏ်ရာများက ပြင်းထန်လွန်းသည့်အတွက်ကြောင့်သာ မဟုတ်ပါက သူသည် ပြန်ကောင်းမွန်ဖို့ ခုလောက်ထိပင် ကြာလိမ့်မည် မဟုတ်ပေ။

ရှစ်ဆယ်ရာခိုင်နှုန်းပြန်ကောင်းမွန်ခြင်းက ထာဆန်၏ အကန့်အသတ်ပင်။ ကျန်နှစ်ဆယ်ရာခိုင်နှုန်းမှာ သူ၏ ရုပ်ပိုင်းခန္ဓာကိုယ်ကို ထိခိုက်သွားခြင်း မဟုတ်၊ ဟိန်းသံက သူ၏စိတ်ဝိညာဉ်ကို ထိခိုက်ပျက်စီးစေခဲ့ခြင်းပင်။ သူက အပြည့်အဝ ပြန်ကောင်းမွန်ရန်အတွက် တံခါးပိတ်ကျင့်ကြံကာ အချိန်ယူရပေလိမ့်မည်။

ထာဆန်က ခေါင်းမော့လိုက်၏။ သူ၏ ကြယ်ရှစ်လုံးမှာ မြန်ဆန်စွာ လှည့်ပတ်သည်။ သူသည် ပလ္လင်ပေါ်တွင် ထိုင်နေသော ဝမ်လင်းကို စိုက်ကြည့်နေလျက် စိတ်ရှုပ်ထွေးဟန် ဖြစ်ပေါ်သည်။

သည်လောက၌ သူသည် ဝမ်လင်းကို နားအလည်ဆုံးလူဟု ပြောနိုင်ပေ၏။ သေးနုပ်လှသော အမြုတွေဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံသူလေးကနေ မျိုးဆက်တစ်ဆက်၏ ဆရာသခင် ဖြစ်လာကာ သူ့ကိုပင် ပြန်ကောင်းမွန်ရန် အချိန်ပေးဝံ့သူ ဖြစ်လာခဲ့ပေသည်။

ထိုသည်က အပြောလွတ်သော်လည်း သည်လောက၌ လူဘယ်လောက်များကများ အခုလိုမျိုး လုပ်နိုင်ပါ့မည်နည်း။

“မင်းက ငါနဲ့ တိုက်ခိုက်ချင်ရင် ငါကလည်း မင်းရဲ့ တောင်းဆိုမှုကို ဖြည့်ဆည်းပေးရမှာပေါ့။ ချိပ်ပိတ်နယ်မြေအစီအရင်ရဲ့ အပြင်ဘက်က တိုက်ပွဲဟာ ဘာမျ ကျေနပ်စရာ မကောင်းခဲ့ဘူး။ ဒီနေ့ ငါတို့ ဒီရှေးဟောင်းကုန်းမြေမှာ ထပ်ပြီး တိုက်ခိုက်ကြတာပေါ့…” ထာဆန်သည် ထိုသို့ ပြောနေရင်း ရှေ့သို့ လှမ်းသည်။ သူက ရှေးဟောင်းသစ်ရွက်များ၏ အဟကြားကနေ လှမ်းထွက်လာ၏။ သူသည် ခြေလှမ်းကာ နန်းတော်အတွင်းသို့ ဝင်ရောက်လာသည်။

သည်တစ်ကြိမ်က ထာဆန် သူ့ကိုယ်သူ ဒီနတ်ဘုရားဟု မသုံးနှုန်းသည့် ပထမဆုံးအကြိမ်ပင်။ ရိုးရှင်းသောစကားဆိုပုံ ပြောင်းလဲမှုလေးသာ။ သို့သော် ထိုအချက်က သူသည် ဝမ်လင်းကို ရှေးဟောင်းနတ်ဘုရားတစ်ပါးအဖြစ် အသိအမှတ်ပြုလိုက်ခြင်းကို ဖော်ပြရာ ရောက်သည်။

ထာဆန်သည် ဘယ်တုန်းကမှ ဝမ်လင်းကို ရှေးဟောင်းနတ်ဘုရားတစ်ပါးဟု မယုံကြည်ခဲ့ပေ။ လွတ်မြောက်လာပြီးနောက်တွင်ပင် သူက ဝမ်လင်းသည် မှတ်ဉာဏ်အမွေအနှစ်ကို လုယူသွားသော တစ်စုံတစ်ယောက်အဖြစ်သာ ယုံကြည်နေခဲ့သည်။ ဝမ်လင်းက ကြယ်ခြောက်လုံးအဆင့်ကို ရောက်ကာ သူနှင့် တိုက်ခိုက်ခဲ့သော်လည်း ထာဆန်က ဝမ်လင်းကို ရှေးဟောင်းနတ်ဘုရားတစ်ပါးအဖြစ် မမြင်ပေ။ သူ့စိတ်ထဲ၌ ဝမ်လင်းသည် ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်လာရန် အရည်အချင်း မပြည့်မှီဟု အမြဲ ခံစားမိနေခဲ့၏။

သို့ရာတွင် ခုချိန်တွင်မူ ဝမ်လင်းက ကြယ်ခုနစ်လုံးရှေးဟောင်းနတ်ဘုရား ဖြစ်လာသည်ကို တွေ့မြင်ခဲ့ပြီးနောက် သူသည် ဝမ်လင်း၏ခန္ဓာကိုယ်မှ အားကောင်းသော ရှေးဟောင်းနတ်ဘုရားစွမ်းအားကို ခံစားမိပေပြီ။ ဝမ်လင်းက သူ့ရှေ့တွင်ပင် အန္တရာယ်များသော အမွေအနှစ်ကို ရင်ဆိုင် ရယူနေသည်ကိုလည်း မျက်မြင် တွေ့၏။ ဝမ်လင်းက သူ့အား ပြန်ကောင်းမွန်ရ အချိန်ပါ ပေးခဲ့သေးသည်။ သည့်အတွက် ယခုချိန်၌ သူသည် ဝမ်လင်းကို ရှေးဟောင်းနတ်ဘုရားတစ်ပါးအဖြစ် အသိအမှတ်ပြုလိုက်ပေပြီ။

“ငါတို့ကြားမှာ ရန်ငြှိုးကြိုးကြီးမားမား မရှိဘူး။ ဒါဟာ ငါတို့ရဲ့ ကံကြမ္မာက သပ်မှတ်ထားတဲ့ တိုက်ပွဲပဲ။ အမွေအနှစ်အတွက် တိုက်ပွဲပဲ…” ထာဆန်၏အသံက လှိုင်းတစ်ခုအလား ထွက်ပေါ်လာ၏။ သူက ရှေ့သို့ လှမ်းလိုက်သည်နှင့် နန်းတော်မှာ တုန်ခါသွားသည်။ လျှပ်တပြတ်အတွင်း သူ၏ခန္ဓာကိုယ်သည် ပေတစ်သောင်းထိ မြင့်မားလာ၏။ သူ၏ညာလက်ဖြင့် လက်သီးဆုပ်ကာ ပစ်သွင်းလိုက်လေသည်။

ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ ခန္ဓာကိုယ်က ထိုသို့ ပြောင်းလဲနိုင်၏။ ထာဆန်သည်လည်း လုပ်နိုင်သည်။ အရင်တုန်းက ဝမ်လင်းသည် ထိုအချက်ကို သဘောမပေါက်ခဲ့ပေ။ သို့သော် ကြယ်ခုနစ်လုံးအဆင့်သို့ ရောက်လာပြီးနောက် သူက ရေးတေးတေးခံစားမှုတစ်ခု ရှိလာခဲ့၏။ ပေတစ်သောင်းခန္ဓာကိုယ်က ကြယ်ခုနစ်လုံးရှေးဟောင်းနတ်ဘုရားတစ်ပါး၏ အကန့်အသတ် မဟုတ်ဟူသော ခံစားမှုမျိုးပင်။

ဝမ်လင်း၏မျက်လုံးတို့က တောက်ပနေ၏။ ထာဆန် နန်းတော်အတွင်းသို့ လှမ်းဝင်လာချိန်၌ သူ၏မျက်လုံးထဲတွင် တိုက်ပွဲဆန္ဒနှင့် ပြည့်လာ၏။ သူ၏ကြယ်များက မြန်ဆန်စွာ လှည့်ပတ်ကုန်သည်။ ထာဆန်က လက်သီး ပစ်သွင်းလိုက်ရာ ဝမ်လင်းကလည်း သူ့ဘယ်လက်သီးချက်ကို နှေးဖင့်ခြင်းမရှိ ပစ်သွင်း၏။

ရှေးဟောင်းနတ်ဘုရားနှစ်ပါး၊ ထူစီ၏အမွေအနှစ်ကို ပိုင်ဆိုင်ထားသော ရှေးဟောင်းနတ်ဘုရားနှစ်ပါးသည် သူတို့၏ ဒုတိယကြိမ်မြောက် တိုက်ပွဲကို စတင်လေပြီ။

ထာဆန်က ထိုလက်သီးချက်ကို ပစ်သွင်းလိုက်ချိန်၌ မုန်တိုင်းတစ်ခုသည် နန်းတော်တစ်လျှောက် တိုက်ခတ်လာ၏။ ထိုအဖြစ်က လင်းတန်နှင့် ကျိုးကျင်တို့ကို နောက်လွင့်သွားစေသည်။ သူတို့နှစ်ယောက်မှာ ဒဏ်ရာအပြင်းအထန် ရထားသည့်အတွက် ဆက်လက် မတိုက်ခိုက်နိုင်ကြတော့ပေ။ သူတို့က အကွာအဝေးတစ်ခုတွင် ထိုင်ကာ မြန်မြန်ဆန်ဆန် ကုစားနေ၏။

လင်းတန်က တည်ငြိမ်သည်။ သူသည် သည်တိုက်ပွဲ၏ ရလဒ်ကို ဂရုမစိုက်ပေ။ ပြန်ကုသခြင်းတွင်သာ အာရုံအပြည့် စိုက်ထား၏။

ကျိုးကျင်၏မျက်လုံးထဲတွင်မူ ရှုပ်ထွေးဟန်တို့ ဖြစ်ပေါ်နေသည်။ သူက အရင်တုန်းက ဝမ်လင်း၏ခွန်အားကို ရှင်းရှင်းလင်းလင်း ကိုယ်တွေ့ကြုံဖူး၏။ သူ၏ ပုန်ကန်မည့် နောက်ဆုံးမျှော်လင့်ချက်မှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ကာ သူကလည်း မျက်လုံးမှိတ်၍ ဒဏ်ရာ ကုသတော့သည်။

ထာဆန်က လေထဲသို့ ခုန်တက်ကာ သူ့နောက်တွင် ဧရာမအရိပ်ကြီးတစ်ခု ပေါ်လာ၏။ ထိုအရိပ်ကြီးသည် လွှမ်းမိုးနိုင်မှုအသွင် အပြည့်အဝ ရှိသည်။ ၎င်းက မောက်မာမှုနှင့် အထင်သေးမှုတို့ကို ထုတ်လွှတ်နေ၏။ ၎င်းပေါ်လာသည်နှင့် နန်းတော်မှာ ပျက်စီးတော့မည့်အလား အပြင်းအထန် တုန်ခါသည်။

၎င်းမှာ ထူစီ၏ပုံရိပ်ယောင်အရိပ်ပင်။

ကြယ်ရှစ်လုံးအထွတ်အထိပ် ရှေးဟောင်းနတ်ဘုရားထူစီ၏ အရိပ်။ ထာဆန်သည် ထူစီ၏အတွင်းနတ်ဆိုး ဖြစ်လေ၏။ သူက သူ့သခင်ကို တိုက်ခိုက်ခဲ့သော်လည်း သူ့စိတ်ဝိညာဉ်မှာမူ ထူစီ ဖြစ်နေဆဲပင်။ သည်အခိက်တွင် ခွန်အားပြည့်လက်သီးချက်နှင့်အတူ ထူစီ၏အရိပ် ပေါ်လာ၏။ ထိုအရိပ်ကလည်း ဝမ်လင်းထံသို့ လက်သီးချက်တစ်လုံး ပစ်သွင်းလိုက်သည်။

ချက်ခြင်းပင် ဧရာမအရိပ်တစ်ခုက ဝမ်လင်းနောက်တွင်လည်း ပေါ်လာ၏။ ထိုအရိပ်မှာလည်း ထူစီ ဖြစ်နေသည်။ သို့ပေမည့် ထာဆန်၏အရိပ်နှင့် ယှဉ်ပါက ဝမ်လင်း၏အရိပ်သည် လွှမ်းမိုးကြမ်းကြုတ်မှု ရှိမနေဘဲ ဉာဏ်ပညာနှင့်သာ ပြည့်နှက်၏။

ဝမ်လင်းက လေထဲသို့ လက်သီးချက် ပစ်သွင်းလိုက်ရာ သူ့နောက်ရှိ ထူစီ၏အရိပ်မှာလည်း ၎င်း၏ဘယ်လက်ကို မြှောက်ကာ လက်သီးတစ်လုံး ပစ်သွင်းသည်။

သည်နေရာတွင် ကောင်းကင်တစ်ခုသာ ရှိနေပါက အရောင်ပြောင်းလဲသွားမည်။ တိမ်များသာ ရှိနေပါက ပြန့်ကျဲသွားမည်။

ရှေးဟောင်းနတ်ဘုရားအရိပ်ကြီးနှစ်ခုက ချွတ်ဆွတ်တူနေ၏။ ယင်းတို့က တစ်ယောက်နှင့်တစ်ယောက် လက်သီးချင်း ယှဉ်လိုက်ကြပေပြီ။

ကွာခြားသည်ဟူ၍ မိစ္ဆာတစ်ကောင်အလား ကြမ်းကြုတ်မှုနှင့် တစ်ဖက်အရိပ်က ဉာဏ်ပညာဖြင့် တည်ငြိမ်မှုသာ။

ထိုဧရာမရှေးဟောင်းနတ်ဘုရားအရိပ်နှစ်ခုအောက်တွင်မူ ဝမ်လင်းနှင့် ထာဆန်တို့ ရှိကြသည်။

သူတို့နှစ်ယောက်သည် နီးသထက် နီးလာ၏။ ဖျပ်ခနဲအတွင်း ထာဆန်က ကျောက်ဖျာနား ရောက်လာသည်။ သူ၏ညာလက်သီးချက် ဆင်းသက်လာကာ ဝမ်လင်း၏ဘယ်လက်သီးချက်နှင့် ထိပ်တိုက်တွေ့သည်။

တစ်ချိန်တည်းမှာ သူတို့နှစ်ယောက်၏ ကံကြမ္မာသတ်မှတ်ထားသော တိုက်ပွဲစသည်နှင့် စွဲဆောင်မှုရှိသော ပုံရိပ်တစ်ခုက ပုံရိပ်ယောင်ပိုက်ကွန်အပြင်ဘက်တွင် ပေါ်လာခဲ့သည်။ ထိုအမျိုးသမီးမှာ ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော် ရှစ်ယောက်ထဲမှ တစ်ယောက်ပင်။

***

All Chapters