ကံကြမ္မာက သတ်မှတ်ထားသော ဒုတိယကြိမ်မြောက် တိုက်ပွဲ(၂)
Vol. 111 Ch. 1528
ဝမ်လင်းနှင့်ထာဆန်တို့၏ လက်သီးချင်း တေ့ဆိုင်သည်နှင့် ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်သည်။ တစ်ချိန်တည်းမှာ ထူစီ၏အရိပ်နှစ်ခုသည် ထိပ်တိုက်တွေ့သည်။
ထာဆန်၏ ထူစီအရိပ်မှာ တုန်ယင်လာ၏။ ညာလက်မှာ ပျက်စီးသွားပြီး နောက်သို့ ခြေလေးလှမ်းခန့် ဆုတ်ရသည်။ ထို့နောက် ကြမ်းကြုတ်သောထူစီသည် တစစီ ဖြစ်သွားသည်။
ဉာဏ်ပညာနှင့် ပြည့်နှက်သော ထူစီသည်လည်း တုန်ယင်၏။ သူ့ဘယ်လက်မှာ တစစီ ဖြစ်သွားသည်။ သူက နောက်သို့ ခြေသုံးလှမ်းခန့် ဆုတ်ရကာ သူ့ခန္ဓာကိုယ်ပေါ်တွင် အက်ကြောင်းများ ပေါ်လာပြီးနောက် တစစီ ဖြစ်သွားတော့သည်။
ရှေးဟောင်းနတ်ဘုရားအရိပ်နှစ်ခု ထိပ်တိုက်တွေ့မှုက ကောင်းကင်ချေမွနိုင်သောအားတစ်ခုကို ဖန်တီး၏။ သည်နန်းတော်ထဲ၌ အက်ကြောင်းကြီးတစ်ခု ပေါ်လာကာ ထိုအက်ကြောင်းမှာ ရှေးဟောင်းနတ်ဘုရားနှစ်ပါးကြားတွင် ဖြစ်တည်သည်။
တုန်ဟည်းသံများ ပဲ့တင်ထပ်နေရင်း ထာဆန်၏လက်သီးချက်က ဝမ်လင်းနှင့် တွေ့ဆိုင်သည်။ သူတို့၏လက်သီးချင်း ထိပ်တိုက်တွေ့သည့်အခါ သူ့မျက်လုံးသည် တောက်ပ၏။ မရေမတွက်နိုင်သော လှိုင်းဂယက်များသည် သူတို့၏လက်သီးကြားတွင် ပေါ်လာသည်။ ထိုလှိုင်းဂယက်တစ်ခုချင်းစီ၌ ကြောက်မက်ဖွယ်ရာအား ပါဝင်နေသည်။
သူတို့၏လက်သီးချက်များမှာ မတူညီသောနည်းလမ်းဖြင့် ထုတ်ဖော်ထားခြင်းပင်။ သို့သော် နှစ်ယောက်လုံးက ခွန်အားကို အသုံးပြုသည်။
ထာဆန်၏လက်သီးချက် ကျရောက်လာသည့်အခိုက်တွင် သူက တစ်ပြိုင်နက်တည်း လက်သီးချက်ကိုးဆယ့်ကိုးလုံးကို ပစ်သွင်းသည်။ ၎င်းက လက်သီးချက်တစ်ချက်တည်းဟု ထင်ရသော်လည်း အမှန်တွင်မူ မြန်လွန်းသဖြင့် ထိုသို့ ထင်ရခြင်းပင်။ ယင်းကား ထာဆန်၏ ခွန်အားတာအိုပင်။ ကောင်းကင်နှင့်မြေကြီးကို ခွန်အားဖြင့် ချိုးဖျက်မည့် စွမ်းပကားပင်။
ဝမ်လင်း၏လက်သီးချက်ကမူ သူ ဒုတိယမျိုးဆက်ဟင်္သာငှက်ထံမှ သင်ယူခဲ့သော လိပ်နက်မန္တာန်နည်းစနစ်ကို အသုံးပြုသည်။ သူက တန်ပြန်ကန်အားကို သူ့လက်သီးအတွင်းသို့ ပေါင်းစပ်၏။ ထို့ကြောင့် တန်ပြန်အားသည် တစ်ချီတည်း ပေါက်ကွဲထွက်နိုင်သည်။
ဝမ်လင်း၏လက်သီးချက်က ထာဆန်ကို ရေမျက်နှာပြင်အလား တုန့်ပြန်ခြင်းပင်။ သူ့လက်သီးချက်မှာထာဆန်ထံမှ တန်ပြန်ကန်အားဖြင့် ဖန်တီးခြင်းပင်။ ဝမ်လင်းသည် သည်တန်ပြန်အားကို ကျွမ်းကျွင်စွာ အသုံးချ၍ သူ၏ကိုယ်ပိုင်တိုက်ခိုက်မှုအဖြစ် အသုံးပြုသည်။ ထိုတိုက်ချက်တွင် သူ့ကိုယ်ပိုင်စွမ်းအားအပြင် သူ ထာဆန်ထံမှ ငှားရမ်းအသုံးပြုသော စွမ်းအားလည်း ပါဝင်ပေသည်။
ဝမ်လင်းက ထာဆန်၏လက်သီးချက်ကိုးဆယ့်ကိုးချက်ကို ခွန်အားခြင်း ပြိုင်၏။ ဝမ်လင်း၏ လက်သီးချက်၌ နောက်ထပ်အရေးပါသောအားတစ်ခုလည်း ပါဝင်နေသေးသည်။
ထိုအား၏ တည်ရှိမှုကြောင့်လည်း ဝမ်လင်းက ကြယ်ရှစ်လုံးထာဆန်ကို ထိပ်တိုက်ရင်ဆိုင်ဝံ့ခြင်းပင်။
ယင်းစွမ်းအားသည် သူ့အောက်ရှိ ပလ္လင်ထံမှ ပယ်ဖျက်အားပင် ဖြစ်၏။
ထိုစွမ်းအာက သူ့ခန္ဓာကိုယ်တွင်းသို့ တရကြမ်း တိုးဝင်နေရင်း သူ၏လက်သီးချက်တစ်လျှောက် တည်ရှိသည်။ ထိုအစွမ်းထက်အားက ထာဆန်၏လက်သီးချက်နှင့် ထိပ်တိုက်တွေ့သည်။
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်၏။ ဝမ်လင်း၏ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။ အက်သံများ မြည်ဟည်းသည်။ ပလ္လင်ပေါ်တွင်ပင် အက်ကြောင်းသုံးခု ပေါ်လာ၏။ ပလ္လင်အောက်ရှိ ကြီးမားသော ကျောက်ဖျာမှာ စတင် ပျက်စီးသည်။ ဖျပ်ခနဲအတွင်း ကျောက်ဖျာ၏တစ်ဝက်မှာ ပျက်စီးသွားတော့သည်။
ထာဆန်၏ပါးစပ်ထောင့်မှလည်း သွေးများ စီးကျ၏။ သူက လေထဲတွင် ရှိနေပြီး ပလ္လင်ထံမှအားကို ငှားရမ်းနိုင်ခြင်း မရှိပေ။ သူက နောက်သို့ ပေထောင်ချီ ဆုတ်လိုက်ရပြီး ပုံရိပ်ယောင်ပိုက်ကွန်နားထိ ကပ်သွား၏။
“ဝမ်လင်း…မင်းက မင်းကိုယ်မင်း ရှေးဟောင်းနတ်ဘုရားတစ်ပါးလို့ ခေါ်ထိုက်တယ်…”
စွဲငြှို့နိုင်သောအမျိုးသမီးက အမည်မသိနည်းလမ်းအချို့ကို သုံးကာ သူမ၏ခန္ဓာကိုယ်ကို ပြန်ဖွဲ့စည်းခဲ့တာ ဖြစ်၏။ ထို့နောက် သူမက ထာဆန်နှင့် ချိတ်ဆက်မှုကို သုံး၍ သူ့ကို ရှာတွေ့ခဲ့ခြင်းပင်။ သူမက သည်ရှေးဟောင်းနတ်ဘုရားနှစ်ပါး၏ တိုက်ပွဲကို မျက်မြင်တွေ့ရသည်။
သူမ၏အမူအရာသည် ပြောင်းလဲသွား၏။ သူမ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် ဖြစ်ပေါ်သည်။ ထို့နောက် သူမသည် ပုံရိပ်ယောင်ပိုက်ကွန်ထံသို့ ဦးတည်သည်။ သူမက ဝမ်လင်းကို သတ်ဖို့ ထာဆန်ကို ကူညီပေးရန် ဖြစ်၏။
သို့ပေမည့် သူမ ပုံရိပ်ယောင်ပိုက်ကွန်အတွင်းသို့ ဝင်ရောက်ရုံရှိသေး ထာဆန်က ပိုက်ကွန်နား ရောက်လာ၏။ သူက လှည့်၍ တိုးဝင်လာသော ထိုအမျိုးသမီးထံ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
“ထွက်သွားစမ်း…အပြင်လူတွေဟာ ဒီနတ်ဘုရားကလန်ဝင်တွေရဲ့ တိုက်ပွဲကြား ဝင်ပါဖို့ အရည်အချင်း မပြည့်မှီဘူး…”
ထိုစွဲဆောင်မှုရှိသောအမျိုးသမီးသည် ထာဆန်က သူမကို တိုက်ခိုက်လာမည်ဟု မမျှော်လင့်ထားမိပေ။ လက်သီးချက် ကျရောက်လာသည့်အခါ သူမက လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်ပေါ်စေသည်။ ဖဲကြိုးတစ်ခု သူမပတ်လည်တွင် ပေါ်လာကာ ထိုလက်သီးအားကိ တောင့်ခံပေး၏။
ကျယ်လောင်စွာ မြည်ဟိန်းသွားသည်။ သူမသည် ဒဏ်ရာ အပြင်းအထန် ရထားနှင့်ပြီး ဖြစ်၏။ သူမက သွေးအန်ကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။
“ထာဆန်…နင်က ငါ့စိတ်ဆန္ဒကို ဆန့်ကျင် ပုန်ကန်ရဲတယ်လား…”
ထာဆန်၏မျက်လုံးထဲ၌ အေးစက်မှု ဖြစ်ပေါ်လာ၏။ သူက နှာခေါင်းရှုံ့ကာ ထိုအင်ပါယာကိုယ်လုပ်တော်ထံ လက်သီးတစ်လုံး ထပ်မံ ပစ်သွင်းလိုက်၏။ ထာဆန်က ပြောလိုက်သည်။ “နင်က ဒီနတ်ဘုရားကို ဦးနှောက်မရှိတဲ့လူလို့ တကယ် ထင်နေတာလား။ ငါ ပြန်ကောင်းမွန်ဖို့ နင့်ကို မလိုအပ်ဘူးဆိုရင် နင်က ဒီနတ်ဘုရားကို တကယ်ပဲ ထိန်းချုပ်နိုင်မယ်လို့ ထင်လား။ ဒီလောကမှာ ဒီနတ်ဘုရားကို ထိန်းချုပ်နိုင်တဲ့ အရည်အချင်း ဘယ်သူ့မှာများ ရှိလို့လဲ…”
“နင်ဟာ ကောင်းကင်ဘုံအုပ်စိုးသူရဲ့ ကစားစရာသာသာပဲ။ ဒါတောင် နင်က ငါ့ကို လာပြီး ကြံစည်ရဲတယ်။ ထွက်သွားစမ်း…” ထာဆန်၏လက်သီးချက် ဖန်တီးသော မုန်တိုင်းသည် ပုံရိပ်ယောင်ပိုက်ကွန်ထံ တိုးဝင်သည်။ ၎င်းက ဒဏ်ရာအပြင်းအထန်ရထားသော ကိုယ်လုပ်တော်အမျိုးသမီးကို နောက်သို့ ထပ်မံ ဆုတ်သွားစေသည်။
ထာဆန်သည် ပုံရိပ်ယောင်ပိုက်ကွန်ကို ဖမ်းကိုင်ကာ ဆွဲယူလိုက်၏။ သူ့ရှေးဟောင်းနတ်ဘုရားစွမ်းအားများကို ၎င်းပေါ်သို့ သွန်းလောင်းပြီး စွဲဆောင်မှုရှိသော ကိုယ်လုပ်တော် ထပ်မဝင်လာနိုင်ရန် ချိပ်ပိတ်လိုက်လေ၏။
အဖြစ်အပျက်များသည် မြန်ဆန်လွန်းသည်။ ထို့နောက် ထာဆန်က နောက်ပြန်လှည့်ကာ ဝမ်လင်းထံ ကြည့်သည်။
“အခု ဘယ်သူကမှ ငါတို့ တိုက်ပွဲကို မနှောက်ယှက်နိုင်တော့ဘူး…”
ကျောက်ဖျာ၏ အစိတ်အပိုင်းများစွာက ပျက်စီးသွားပြီ ဖြစ်၏။ အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးလာနေသည်။ ခုချိန်ဆို အသက်ရှုချိန်သုံးဆယ့်ကိုးချိန်မြောက်ထိ ရှိလာခဲ့ကာ ပယ်ဖျက်အားသည် ဝမ်လင်း၏အကန့်အသတ်သို့ ရောက်လာခဲ့ပေပြီ။ သူ၏ကြယ်ခုနစ်လုံး ရှေးဟောင်းနတ်ဘုရား ခန္ဓာကိုယ် ပြန်ကောင်းမွန်နှုန်း၊ သူ၏အနှစ်သာရကို အသုံးပြုကာ တောင့်ခံထားလျှင်ပင် သူက ဆက်လက် တင်းခံနိုင်ဖို့ ခက်ခဲနေပေပြီ။
ထိုသို့သာ ဆက်ဖြစ်ပါက သူ့ခန္ဓာကိုယ်သည် ထပ်မံ ပျက်စီးကာ သူ သေသွားနိုင်၏။
ပယ်ဖျက်အားက ပို၍ ကြမ်းလာသလို အမွေအနှစ်အော်ရာကလည်း မြင့်တက်လာသည်သာ။ ဝမ်လင်းက ၎င်းကို အရူးအမူး စုပ်ယူနေ၏။ ရှစ်လုံးမြောက်ကြယ်ကို ကိုယ်စားပြုသော မုန်တိုင်းငယ်က ပို၍ ထင်ရှားလာသည်။
ကျောက်သား ရှေးဟောင်းမိစ္ဆာခန္ဓာကိုယ်မှာလည်း သူ့ဘေးတွင် လဲလျောင်းနေ၏။ မိစ္ဆာစွမ်းအင်များက ၎င်းထံသို့ စီးဝင်နေလျက် ပထမ၊ဒုတိယ၊တတိယ၊စတုတ္ထ ရှေးဟောင်းမိစ္ဆာကြယ်များသည် ၎င်း၏ညာမျက်လုံးထဲတွင် ပေါ်လာသည်။
ဝမ်လင်းက ထိုအမွေအနှစ်ကို အတင်း ဆက်လက် စုပ်ယူနေရင်း သူ့ဘယ်မျက်လုံးမှ သွေးများ စီးကျလာ၏။ ထိုအဖြစ်က သူ့ကို ပြင်းထန်စွာ နာကျင်စေသည်။
လီကောင်းက ယဲ့မို၏ ဘယ်မျက်လုံးကို လေးဖြင့်ပစ်ခွင်းခဲ့သည့်အတွက် ရှေးအမိန့်အမွေအနှစ်သည် မပြည့်မစုံ ဖြစ်ခဲ့ရ၏။ ဝမ်လင်းက အမွေအနှစ်ကို ပို၍ စုပ်ယူလေလေ သူ့ဘယ်မျက်လုံးထဲ၌ နာကျင်မှု ပိုလှိုက်တက်လာလေပင်။
သူက ယဲ့မို ဖြစ်လာသည့်နှယ်။ သူ့ကိုယ်ပိုင် ဘယ်မျက်လုံးက ပျက်စီးသွားခဲ့တော့သည်။ ဝမ်လင်း၏ ဘယ်မျက်လုံး၏အမြင်သည်ပင် မြန်ဆန်စွ ဝေဝါးလာ၏။ ဝမ်လင်းက သူ့ဘယ်မျက်လုံးကို ဆုံးရှုံးတော့မည့်အလားပင်။
ဝမ်လင်းက သည်ဘယ်မျက်လုံးလောက်ကို လက်လွှတ်နိုင်ပေ၏။
သို့သော် လီကောင်း ဖျက်စီးခဲ့သော သည်ဘယ်မျက်လုံးထဲ၌ ယဲ့မို၏ မှတ်ဉာဏ်တစ်ဝက်၊ သူ့မွေးရပ်မြေနှင့် ပတ်သတ်သည့် အသိသညာများ ပါဝင်နေပေ၏။ ဝမ်လင်း၏ ဘယ်မျက်လုံးနာကျင်မှုက ပိုပြင်းထန်လာနေရင်း သူ၏မှတ်ဉာဏ်များသည်ပင် ဆုတ်ပြဲလာတော့မည့်ဟန်ပင်။ နှစ်ပေါင်းတစ်ထောင်မှတ်ဉာဏ်များ၊ လီမူဝမ်နှင့် ပတ်သတ်သော မှတ်ဉာဏ်များ၊ သူ့မွေးရပ်မြေ ဟင်္သာပြဒါးဂြိုဟ်နှင့် ပတ်သတ်သော မှတ်ဉာဏ်များ သူ အလေးထားသော လူများ၏ မှတ်ဉာဏ်များသည် သူ့ရှိကနေ ပျက်စီးပျောက်ကွယ်မလို ဖြစ်လာတော့သည်။
“ငါ့ ဘယ်မျက်လုံးကို ပြန်ပေးစမ်း…” ဝမ်လင်းသည် အမွေအနှစ်အော်ရာကို စုပ်ယူနေရင်း ထိုဟိန်းအော်သံက သူ့စိတ်ထဲတွင် ပဲ့တင်ထပ်သည်။
သည်အခိုက်တွင် ထာဆန်၏မျက်လုံးထဲတွင်လည်း တိုက်ပွဲဆန္ဒ တောက်လောင်နေလျက် သူက ဝမ်လင်းထံ လှမ်းလျှောက်လာ၏။ သူ့ညာလက်ကို ကောင်းကင်ထက်သို့ ဆန့်ထုတ်လိုက်ရာ လောကသည် တုန်ဟည်း၍ ပေတစ်ထောင်လှံတစ်လက် သူ့ညာလက်တွင် ပေါ်လာသည်။ ထူစီ၏ တော်ဝင်ရှေးဟောင်းနတ်ဘုရားရတနာ၊ နတ်ဘုရားသတ်ဖြတ်ခြင်းလှံ။
မာန်သွင်းလိုက်ရင်း ထာဆန်က နတ်ဘုရားသတ်ဖြတ်ခြင်းလှံကို ကိုင်ဆောင်၏။ သူ့ခန္ဓာကိုယ်ရှိ အားအကုန်သည် ထိုလှံတွင် စုဝေးလာသည်။ ထို့နောက် သူက ၎င်းလှံကို ဝမ်လင်းထံသို့ ပစ်လွှတ်လိုက်တော့သည်။
နတ်ဘုရားသတ်ဖြတ်ခြင်းလှံသည် တောက်ပစွာ လင်းလက်ကာ ရှေးဟောင်းနတ်ဘုရားအော်ရာကို ထုတ်လွှတ်၏။ ၎င်းက ဝမ်လင်းထံ တရှိန်ထိုး ဝင်ရောက်လာသည်။
ဝမ်လင်း၏ဘယ်မျက်လုံးမှ သွေးများ စီးကျနေဆဲပင်။ ထိုအဖြစ်က တုန်လှုပ်စရာ မြင်ကွင်းတည်း။ နတ်ဘုရားသတ်ဖြတ်ခြင်းလှံ နီးကပ်လာချိန်၌ ဝမ်လင်းက ခေါင်းမော့လာ၏။ သူ့ဘယ်မျက်လုံးအမြင်မှ ဝေဝါးနေပြီ ဖြစ်သည်။ သူ့စိတ်ထဲရှိ မှတ်ဉာဏ်များ ဆုတ်ဖြဲခံနေရသည့်အတွက် သူ့မျက်နှာထက်မှ သွေးကြောများဟာ ဖောင်းကြွလို့နေသည်။
နတ်ဘုရားသတ်ဖြတ်ခြင်းလှံက ရောက်ရှိလာ၏။ ထာဆန်က တရကြမ်း တိုးဝင်လာသည်။ ထိုစဉ် အသက်ရှုချိန် လေးဆယ့်လေးကြိမ်မြောက် ရှိလာခဲ့ပေပြီ။
ပယ်ဖျက်အားသည် ဝမ်လင်း၏ခန္ဓာကိုယ်ထဲသို့ ရုတ်ချည်း မြင့်တက်လာ၏။ သူက မျက်လုံးမှိတ်လျက် အတိတ်တုန်းက ယဲ့မိုအသုံးပြုခဲ့သော လက်သီး၊လက်ဝါး၊လက်ချောင်းတို့ကို ပြန်မြင်ယောင်ကြည့်သည်။
“နတ်ဘုရားတုန်ဟည်းခြင်း။ စစ်တပ်အစီအရင်…” ဝမ်လင်းက ပယ်ဖျက်အားဒဏ်ကို ခံနေရစဉ် အသက်ဝဝရှိုက်သွင်း၏။ သူ့ဒွာရပေါက်များကနေ သွေးများ ပန်းထွက်နေသော်လည်း သူက အမွေအနှစ်အော်ရာ မြောက်များစွာကို စုပ်ယူနေသည်သာ။
သူက ဘယ်လက်ဖြင့် လက်သီးတစ်လုံးကို ညင်ညင်သာသာ ပစ်သွင်း၏။ သူ့ရှေ့ရှိ လေဟာနယ်မှ တွန့်ခေါက်လာကာ လှိုင်းဂယက်များသည် သူ့ကို ဗဟိုပြု၍ စတင်ပျံ့နှံ့သည်။
သူ၏ကြယ်ခုနစ်လုံး ပတ်လည်မှ ရှစ်လုံးမြောက်ကြယ်သည် ရုတ်တရက် သိပ်သည်းလာသည်။ မုန်တိုင်းငယ် မြန်ဆန်စွာ ဖြစ်တည်၏။ ထိုမုန်တိုင်းငယ်က ရှစ်လုံးမြောက်ကြယ် အပြည့်အဝ ဖြစ်ဖို့ အဝေးကြီး လိုသေးသော်လည်း ကျင့်ကြံသူများအတွက် အခြေခံအုတ်မြစ်ချခြင်းနှင့် ဆင်တူနေသည်။ အခြေခံအုတ်မြစ်ရှိမှသာ အနာဂတ်တွင် သူသည် ကြယ်ရှစ်လုံးရှေးဟောင်းနတ်ဘုရား ဖြစ်လာနိုင်မည် မဟုတ်လား။
မည်သည့်ကြယ်မွေးဖွားလာမှုမဆို မုန်တိုင်းငယ် ဖြစ်ပေါ်ဖို့ လိုအပ်၏။ ထို့နောက် ၎င်းမုန်တိုင်းက ကြယ်ဖြစ်ပေါ်ဖို့အတွက် ရှေးဟောင်းနတ်ဘုရားစွမ်းအင်များကို လုံလောက်အောင် စုပ်ယူပေမည်။
နတ်ဘုရားသတ်ဖြတ်ခြင်းလှံက အလွန်အမင်း မြန်၏။ ချက်ခြင်း ရောက်လာကာ ဝမ်လင်းနှင့် ပေတစ်ရာပင် မလိုတော့ပေ။ လေတိုက်ခိုက်သဖြင့် ဝမ်လင်း၏ ဆံပင်များသည် လွင့်ဝဲနေသည်။ ပျက်စီးသွားသော ကျောက်ဖျာမှ အစိတ်အပိုင်းများသည် လွင့်ထွက်သွား၏။
“မိစ္ဆာတာအို။ သေခြင်းရှင်ခြင်း ပြောင်းပြန်စီးဆင်းခြင်း…” ဝမ်လင်းသည် မျက်လုံးမှိတ်လိုက်သည်။ သူ့ဘယ်လက်ကို ရှေ့သို့ ညွှန်သည်။ သူ ညွှန်လိုက်သည့်နေရာမှာ တိုးဝင်နီးကပ်လာသော နတ်ဘုရားသတ်ဖြတ်ခြင်းလှံထံသို့ ဖြစ်၏။
သူ၏လက်ချောင်းနှင့် နတ်ဘုရားသတ်ဖြတ်ခြင်းလှံထိပ်တို့ ထိမိသွားချိန်၌ ဝမ်လင်းက ရုတ်တရက် မျက်လုံးဖွင့်လာသည်။ တစ်ချိန်တည်းမှာ သူ၏နတ်ဘုရားအာရုံသည် ပေါက်ကွဲထွက်လာကာ ပလ္လင်အတွင်းသို့ တရကြမ်း ဝင်ရောက်သည်။ သူက ပယ်ဖျက်အားကို တရကြမ်း ဖြတ်သန်း၏။ သူ့နတ်ဘုရားအာရုံမှာ တစ်လွှာချင်းတစ်လွှာချင်း ပျက်စီးလျက် သူက ဆန်းကြယ်သောနည်းလမ်းမှ တဆင့် ပလ္လင်နှင့်ချိတ်ဆက်ထားသော တတိယအလွှာရှိ နှလုံးထံသို့ တဟုန်ထိုး ဦးတည်လေသည်။
***