← Chapters

ရှေးအမိန့်အမွေအနှစ်

Vol. 111 Ch. 1529

ရှေးအမိန့်အမွေအနှစ်

Vol. 111 Ch. 1529

ဝမ်လင်း မျက်လုံးဖွင့်လာချိန်တွင် လက်သီးတစ်လုံး၊ လက်ချောင်းတစ်ချောင်းသည် ပေါက်ကွဲထွက်လာခဲ့လေပြီ။ နတ်ဘုရားတုန်ဟည်းခြင်းလက်သီးချက်က ဝမ်လင်းကို ဗဟိုပြု၍ မရေမတွက်နိုင်သော လှိုင်းဂယက်များကို ဖန်တီး၏။ သူ့ပတ်လည်ရှိ မြေပြင်ထုသည် တုန်ယင်ကာ တစစီဖြစ်၏။

မရေမတွက်နိုင်သော အစိတ်အပိုင်းများသည် အဘက်ဘက်သို့ ပြန့်ကျဲသည်။ လှိုင်းဂယက်တစ်ခုချင်းစီတွင် ထိုလက်သီးချက်၏ တုန်ခါမှု ပါဝင်၏။

မြေပြင်ပျက်စီး၊ ကောင်းကင် ဆုတ်ပြဲ၏။ တုန်ဟည်းသံများက သည်နေရာရှိ ကျန်နေသေးသော အလောင်းများအားလုံးကိုပါ ဖျက်စီးသွားသည်။ ပြင်းထန်သောမုန်တိုင်းတစ်ခုသည် ဝမ်လင်းကို ဗဟိုပြု၍ ဖြစ်တည်သည်။ ထိုမုန်တိုင်းသည် တုန်ဟည်းလျက် ထာဆန်ထံ တရှိန်ထိုး ဝင်ရောက်လာ၏။

ထာဆန်က မာန်သွင်းလိုက်ရာ တစီစီအသံများ ထွက်ပေါ်လာ၏။ သူက မုန်တိုင်းအတွင်း ရှေ့ဆက်ရန် ရုန်းကန်သည်။

ဝမ်လင်းက သူ့လက်ချောင်းကို ပြန်ရုတ်သိမ်း၏။ မိစ္ဆာတာအိုလက်ချောင်းသည် နတ်ဘုရားသတ်ဖြတ်ခြင်းလှံနှင့် ထိပ်တိုက်တွေ့ပြီ။ မုန်တိုင်းသံကိုပါ လွှမ်းမိုးသော ပြင်းထန်သောဟိန်းသံတစ်ခု ပဲ့တင်ထပ်၏။

နတ်ဘုရားသတ်ဖြတ်ခြင်းလှံသည် ဝမ်လင်း၏နတ်ဘုရားတုန်ဟည်းခြင်း၊ မိစ္ဆာတာအိုမန္တာန်တို့နှင့် ထိပ်တိုက်တွေ့သည့်အခါ တုန်ယင်လာကာ ရပ်တန့်ရသည်။

ဝမ်လင်း၏ လက်ချောင်းက သည်လောကရှိ အမာကြောဆုံးအရာ ဖြစ်လာသည့်နှယ်။ နတ်ဘုရားသတ်ဖြတ်ခြင်းလှံကို ဟန့်တားနိုင်သည့်ထိ လုံလောက်အောင် မာကြောနေ၏။

နတ်ဘုရားသတ်ဖြတ်ခြင်းလှံသည် အပြင်းအထန် တုန်ခါ၏။ မိစ္ဆာတာအိုတိုက်ခိုက်ခြင်းအပြင် ထိုတုန်ယင်မှုအများစုမှာ လှိုင်းဂယက်များကြောင့် ဖြစ်ပေါ်ခြင်းပင်။

လှိုင်းဂယက်များ အဘက်ဘက်သို့ ပျံ့နှံ့လျက် နတ်ဘုရားသတ်ဖြတ်ခြင်းလှံထံသို့ တိုးဝင်သည်။ လှံပေါ်တွင် စာလုံးများ အလွှာလိုက် ပေါ်လာသည်။ ထိုစာလုံးများက အပြင်းအထန် လင်းလက်၏။ ကြည့်ရသည်မှာ ယင်းတို့က သည်လှံကနေ တုန်ခါမှုကြောင့် စွန့်ခွာတော့မည့်နှယ်။

နတ်ဘုရားသတ်ဖြတ်ခြင်းလှံသည် ထူစီပိုင်ဆိုင်သော အသန်မာဆုံး တော်ဝင်ရှေးဟောင်းနတ်ဘုရား ရတနာ ဖြစ်၏။ ထာဆန်က ထူစီနှင့် အနီးစပ်ဆုံးသာ ယှဉ်နိုင်သည်။ ထို့ကြောင့် သူ ထုတ်ဖော်သော် လှံစွမ်းအားသည် ထူစီထက်စာလျှင်တော့ အားနည်းသည်သာ။

ဝမ်လင်း၏ လက်ချောင်းက ထိုလှံနှင့် ထိမိသွားချိန်၌ သူက အတိုင်းမသိအားတစ်ခု သူ၏လက်ချောင်းအတွင်း ဝင်ရောက်လာသည်ဟု ခံစားရ၏။ သူ့လက်သည်ပင် ပျက်စီးတော့မည့်အလား။ ပြင်းထန်သောအားက သူ၏ခန္ဓာကိုယ်ထဲ၌ လှိုင်းထန်စေသည်။

ဝမ်လင်း၏ပါးစပ်ထောင့်မှ သွေးများ စီးကျလာ၏။ သို့သော် သူ၏မျက်လုံးထဲတွင်မူ ပြတ်သားမှုတို့ ပြည့်၏။ သူသည် တည်ငြိမ်နေလျက်ပင်။

ထိုအခိုက်အတန့်တွင် သူ၏နတ်ဘုရားအာရုံကလည်း ပလ္လင်ကို ဖြတ်သန်းကာ တတိယထပ်ရှိ ဆန်းကြယ်စွာ ချိတ်ဆက်ထားသော နှလုံးနားသို့ ရောက်လာခဲ့ပြီ။ သို့ပေမည့် သူက ပို၍ နီးကပ်လာလေလေ ပယ်ဖျက်အားက သာ၍ ပြင်းထန်လာလေပင်။ ဝမ်လင်းသည် သူ့ကိုယ်ပိုင်စွမ်းအားဖြင့် တတိယအလွှာရှိ နှလုံးသားထိ လက်လှမ်းနိုင်စွမ်း မရှိပေ။

နတ်ဘုရားသတ်ဖြတ်ခြင်းလှံမှ ပြင်းထန်သောအားက သူ၏ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာ၏။ ပလ္လင်ပေါ်တွင် အက်ကြောင်းများ ပိုထင်းလာ၏။ ကျောက်ဖျာသည်ပင် နောက်ထပ် ပျက်စီးသည်။

တစ်ချိန်တည်းမှာ သူ၏ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်လာသော ပြင်းထန်သောအားက ပလ္လင်ထံသို့ တရကြမ်း ဝင်ရောက်၏။ ပယ်ဖျက်အားကို ဖြတ်သန်းနေသော ဝမ်လင်း၏ နတ်ဘုရားအာရုံက ပျောက်ကွယ်လုနီး ဖြစ်နေချေပြီ။ သို့ပေမည့် ထိုလှံမှအားက သူ၏နတ်ဘုရားအာရုံကို တွန်းထုတ်ပေးသလို ဖြစ်သွားသည်။ ဝမ်လင်း၏နတ်ဘုရားအာရုံသည် တတိယထပ်ရှိ နှလုံးနှင့် ဆန်းကြယ်စွာ ချိတ်ဆက်မှုအတွင်းသို့ ဝင်ရောက်သွားတော့သည်။ ဝမ်လင်း၏နတ်ဘုရားအာရုံက ထိုနှလုံးနှင့် ချိတ်ဆက်မိသွားချိန်၌ အစစ်အမှန်အမွေအနှစ် အစပြုတော့သည်။ ထိုအခိုက်အတန့်တွင် ဝမ်လင်းသည် တတိယထပ်ရှိ နှလုံးခုန်သံကို သူ၏စိတ်ထဲ၌ ကြားလာရသည်။

ထိုအသံသည် မိုးကြိုးသံအလား။ သူ၏စိတ်ထဲတွင် ပဲ့တင်ထပ်သည်။ ၎င်းက သူ၏နှလုံးကိုပါ သက်ရောက်သည်။ ခဏအကြာတွင် သူ့နှလုံးကပါ တူညီသောစည်းချက်အတိုင်း လိုက်ပါခုန်၏။

နှလုံးခုန်သံသည် ပို၍ ကျယ်လောင်သထက် ကျယ်လာသည်။ ဝမ်လင်းက သူ၏နှလုံးမှ ပြင်းထန်သောနာကျင်မှုကို ချက်ခြင်း ခံစားလိုက်ရသည်။

သူ့နှလုံးသားသည် တတိယအလွှာရှိ နှလုံးနှင့် တူညီသောစည်းချက် အတိုင်း ခုန်နေရင်း ဆန်းကြယ်သောချိတ်ဆက်မှုက သည်နှလုံးနှစ်ခုကြားတွင် ဖြစ်ပေါ်သည်။ ဝမ်လင်းကို ခေါင်းကိုက်စေသည့်ထိ ထူးဆန်းသောမှတ်ဉာဏ်မြောက်များစွာက သူ၏စိတ်ထဲတွင် ပြည့်နှက်လာသည်။

ထိုမှတ်ဉာဏ်များသည် ရှုပ်ပွနေ၏။ ယင်းတို့က ဒီရေအလားပင်။ ထိုမှတ်ဉာဏ်များသည် ဝမ်လင်းက ၎င်းတို့ကို လက်သင့်ခံနိုင်လား၊ တောင့်ခံနိုင်လားကိုလည်း ဂရုမစိုက်ပေ။

ဝမ်လင်းသည် သူ့စိတ်ဝိညာဉ်မှာ ဆုတ်ပြဲသွားသလို ခံစားရ၏။ ရှေးဟောင်းနတ်ဘုရား ပထမဆုံးစမ်းသပ်မှုကပ်ဘေးထက်ပင် ပိုနာကျင်မှုကို ခံစားရသည်။ ထိုနာကျင်မှုကို တည့်တည့်ရင်ဆိုင်ရင်း ဝမ်လင်းက အော်ဟစ်လိုက်မိ၏။

တတိယအလွှာရှိ နှလုံးက ပိုမြန်ဆန်စွ ခုန်လာသည်။ နှလုံးခုန်သံများ တစ်ခုနှင့်တစ်ခု ချိတ်ဆက်မိသည့်အထိ ဖြစ်လာ၏။ ဝမ်လင်း၏နှလုံးမှာလည်း ၎င်းနှင့်အတူ စတင် ခုန်သည်။ လူတစ်ယောက်သည် ဝမ်လင်း၏ ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ကို ဖြတ်မြင်နိုင်ပါက သူတို့သည် သူ့နှလုံးက မြန်လွန်းစွာ ခုန်နေသည်ကို မြင်ရပေမည်။ ၎င်းမှာ ပေါက်ကွဲတော့မည့်အလား။ သူ့သွေးကြောများထံမှ သွေးများစွာ စိမ့်ထွက်လာကာ ဘေးပတ်ပတ်လည်သို့ သွေးတို့ဖြင့် စွန်းထင်းကာ နီရဲနေတော့သည်။

အဖြစ်အပျက်များသည် မြန်ဆန်လွန်းသည်။ မျက်စိတစ်မှိတ်လောက်သာ ကြာမြင့်၏။

တတိယအလွှာရှိ နှခုံးက အပြင်းအထန် ခုန်ပေါက်နေရင်း ဝမ်လင်း၏စိတ်ထဲတွင် သက်ပြင်းသံတစ်သံ ပဲ့တင်ထပ်လာသည့်ပုံ ပေါ်သည်။ သူ့နှလုံသားမှ နောက်ဆုံးသော ပေါက်ကွဲအားက သူ၏စိတ်ထဲသို့ ဝင်ရောက်လာသည်။

ဝမ်လင်းသည် သွေးအန်လိုက်ရ၏။ မရေမတွက်နိုင်သော အက်ကြောင်းများ သူ့နှလုံးတွင် ပေါ်လာ၏။ သူ၏အမူအရာမှာ ကြမ်းကြုတ်နေသည်။ သူက မာန်သွင်းအော်ဟစ်နေရင်း ရှေးဟောင်းနတ်ဘုရားထူစီ၏ပုံရိပ်သည် သူ့နောက်တွင် ပေါ်လာလေ၏။ ထိုပုံရိပ်သည်လည်း နာကျင်မှုတို့ ပြည့်နှက်ကာ ရုန်းကန်နေရသည့်အလား။

သို့ရာတွင် တတိယအလွှာရှိ နှလုံးမှ ထွက်ပေါ်လာသော အားအောက်တွင် ထူစီ၏အရိပ်သည် ပျက်စီးရသည်။ ၎င်းသည် ဝမ်လင်း၏ မှတ်ဉာဏ်အမွေအနှစ်ကနေ ပယ်ဖျက်ခြင်း ခံရ၏။ ထူစီ၏အရိပ် ပျောက်ကွယ်သွားသည်နှင့် ဧရာမဦးခေါင်းကြီးတစ်ခုက ဝမ်လင်းနောက်မှ ထူစီ၏ပုံရိပ်နေရာတွင် အစားထိုး ဝင်ရောက်သည်။

၎င်းဦးခေါင်းမှာ ထူစီ၏ ခန္ဓာကိုယ်လောက် ကြီးမား၏။ ထိုဦးခေါင်းသည် ဝေဝါးသည့်အတွက် မည်သည့်ပုံပန်းအသွင် ရှိမှန်း မြင်ရဖို့ မဖြစ်နိုင်ပေ။ သို့ပေမည့် ၎င်း၏ဘယ်မျက်လုံးသည် ဗလာသပ်သပ် ဟောက်ပက်ဖြစ်နေ၏။ အနက်ရောင်သွေးများက ထိုမျက်လုံးအိမ်ကနေ စီးကျနေသည်။ ထိုဦးခေါင်းမှာ အလွန်တရာ ကြမ်းကြုတ်သည့်ပုံ ပေါ်သည်။

ထိုဦးခေါင်း ပေါ်လာသည်နှင့် နှလုံးမှ နောက်ဆုံးလက်ကျန်အားသည် ဝမ်လင်းထံ ထိုးထွက်လာ၏။ သူ့အောက်ရှိ ကျောက်ဖျာသည် လုံးဝ ပျက်စီးသွားတော့သည်။

ထိုအခါ မရေမတွက်နိုင်သော ကျောက်စကျောက်န အစိတ်အပိုင်းများသည် အဘက်ဘက်သို့ ပြန့်ကျဲကုန်သည်။

ကျောက်ဖျာသည် နှလုံးထံမှအားကို တောင့်မခံနိုင် ဖြစ်ကာ လုံးဝ ပျက်စီးသွားလေပြီ။ ပလ္လင်၏အစိတ်အပိုင်းအများစုသည်ပင် ပျက်စီးရသည်။

ထိုအားအောက်၌ ဝမ်လင်း၏ခန္ဓာကိုယ်သည်ပင် တစစီ ဖြစ်တော့မည့်အလား။ ဝမ်လင်းက နတ်ဘုရားသတ်ဖြတ်ခြင်းလှံမှ သူ့လက်ကို ပြန်ရုတ်သိမ်းကာ ဝေ့ယမ်းလိုက်၏။ ကြောက်မက်ဖွယ်သွေးအလင်း တောက်ပသွားကာ သွေးဓား ပေါ်လာလေပြီ။

ထိုအခိုက်တွင် ဝမ်လင်း၏ လက်ချောင်းက ဟန့်တားထားခြင်း မရှိတော့သည် ဖြစ်ရာ နတ်ဘုရားသတ်ဖြတ်ခြင်းလှံက ဝမ်လင်းကို ထွင်းဖောက်ပစ်လိုသည့်အလား ရှေ့တိုးဝင်လာသည်။

သွေးအလင်းသည် လင်းလက်ကာ သွေးဓားက ပေါ်လာ၏။ ဝမ်လင်းသည် ကျောက်ဖျာပျက်စီးမှုအား၊ ပလ္လင်ပျက်စီးမှုအား၊ တတိယထပ်ရှိ နှလုံးခုန်သံမှ အလွန်အမင်း လွှမ်းမိုးနိုင်သောအော်ရာတို့ကို သွေးဓားအတွင်းသို့ ပေါင်းစပ်စေသည်။

ထိုဓားက နတ်ဘုရားသတ်ဖြတ်ခြင်းလှံထံသို့ ပျံသန်းဝင်ရောက်၏။

ကောင်းကင်နှင့်မြေကြီးကြားတွင် ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်နေတော့သည်။ သွေးဓားနှင့် နတ်ဘုရားသတ်ဖြတ်ခြင်းလှံတို့ စီးချင်းတွေ့လေပြီ။ သွေးဓားက လှံ၏ထိပ်ဖျားကို ထိမှန်ကာ ဝါးလုံးကို ပိုင်းဖြတ်သည့်နှယ် ဖြတ်ပိုင်းသွားလေသည်။ တုန်လှုပ်ဖွယ်ဖိသိပ်အားနှင့် သွေးဓား၏ထက်ရှမှုတို့က နတ်ဘုရားသတ်ဖြတ်ခြင်းလှံကို ထက်ပိုင်းခြမ်း ပစ်လိုက်လေပြီ။

သွေးဓားသည် နတ်ဘုရားသတ်ဖြတ်ခြင်းလှံကို ထွင်းဖောက်ရင်း သွေးရောင်လင်းလက်ကာ ထာဆန်၏ခန္ဓာကိုယ်တွင်းသို့ မြှားတစ်စင်းနှယ် တူးဆွဝင်ရောက်သည်။ ၎င်းက ထာဆန်၏ရင်ဘက်အတွင်းသို့ ဝင်ရောက်ကာ နောက်ကျောမျ ပြန်ထွက်လာ၏။ ထာဆန်သည် နာကျင်စွာ အော်ဟစ်လိုက်ရသည်။

ထာဆန်သည် သွေးအန်လိုက်ရပြီး သူ့ခန္ဓာကိုယ်သည် နောက်သို့ ပေထောင်ချီ လွင့်ထွက်သွားသည်။ သူ့ ဒူးတစ်ဖက်သည်ပင် မြေပေါ်သို့ ထောက်ကျသွားကာ သူက ခေါင်းမော့၏။

သည်အခိုက်တွင် ဝမ်လင်း၏ရှေ့တွင် နတ်ဘုရားသတ်ဖြတ်ခြင်းလှံက နှစ်ပိုင်းကွဲကာ သူ၏ဘေးတစ်ဖက်ရှိ မြေပြင်ထက်သို့ ထိုးစိုက်သွားသည်။ မြေပြင်ထက်မှ စာလုံးအားလုံးသည် ပျက်စီးသွား၏။

ဝမ်လင်း အမွေအနှစ်အော်ရာကို စုပ်ယူနေရင်း ရှစ်ခုမြောက်ကြယ် ဖြစ်လာမည့် မုန်တိုင်းငယ်က ဝေဝါးနေရာကနေ ပို၍ အထည်ဒြပ် ရှိလာ၏။ သူက ထိုမုန်တိုင်းကို ရှစ်လုံးမြောက် ကြယ်ဖြစ်လာဖို့အတွက် ခက်ခဲလှသောဖြစ်စဉ်ကို ပြီးပြည့်စုံရပေမည်။

မည်သို့ပင် ဖြစ်စေ သည်အဖြစ်က ဝမ်လင်းကို ကြယ်ရှစ်လုံးရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်လာရန် ခိုင်မာသော အခြေခံအုတ်မြစ်ကို ပေးစွမ်းလေ၏။ ထိုမုန်တိုင်းသာ မရှိပါက ဝမ်လင်းအတွက် ကြယ်ရှစ်လုံး ပိုင်ဆိုင်ဖို့မှာ အလွန်တရာ ခက်ခဲမည်။ သူက ရှေးဟောင်းနတ်ဘုရားစွမ်းအားကို နှစ်ပေါင်းသောင်းချီ စုစည်းဖို့ လိုချင်လိုမည်။ သို့မဟုတ် သူ မအောင်မြင်တာပင် ဖြစ်နိုင်၏။

ကြယ်ရှစ်လုံးရှေးဟောင်းနတ်ဘုရား၊ ရှေးဟောင်းနတ်ဘုရားများကြား၌ ကြယ်ကိုးလုံးရှေးဟောင်းနတ်ဘုရားအောက်တွင် အသန်မာဆုံး ခန္ဓာကိုယ်။ ၎င်းအဆင့်ကို ရောက်နိုင်ဖို့မှာ မည်သို့ လွယ်ကူပါ့မည်နည်း။

တတိယအလွှာမှ ပေါက်ကွဲထွက်လာသော ထိုစွမ်းအားက ဝမ်လင်းထံသို့ တရဟော ဝင်ရောက်လာရင်း သူ့ညာလက်မှတစ်ဆင့် ရှေးဟောင်းမိစ္ဆာထံသို့ စီးဆင်းကာ ၎င်းကို လှုပ်ခါနေစေသည်။ ကျောက်သားအားလုံးများ ပျက်စီးသွားပြီး၏ ၎င်းရှေးဟောင်းမိစ္ဆာ၏ခန္ဓာကိုယ်သည် ကျောက်သားကဲ့သို့ ဆက်၍ မမာကြောတော့ပေ။ တစ်ချိန်တည်းမှာ ၎င်း၏ညာမျက်လုံးထဲတွင် ရှေးဟောင်းမိစ္ဆာကြယ်များ ပေါ်လာသည်။

ငါးခုမြောက်နှင့်ခြောက်ခုမြောက် ရှေးဟောင်းမိစ္ဆာကြယ်များ ရုတ်တရက် ပေါ်လာလေ၏။

အဖြစ်အပျက်သည် မြန်ဆန်လွန်းသည်။ ဝမ်လင်း၏ ဘယ်မျက်လုံးကမူ အမြင်အာရုံ ပျောက်ရှလုနီးနီး ဖြစ်နေ၏။ ပြင်းထန်သောနာကျင်မှုက သူ၏ ဘယ်မျက်လုံးမှသာမက သူ့နှလုံးသားထံမှပါ ထွက်ပေါ်လာခြင်းပင်။သူ့ဘယ်မျက်လုံး၏ အသွေးအသားများမှ လက်ဆတ်သောသွေးများ စီးကျနေသည်။

ထိုသို့သာ ဆက်ဖြစ်ပါက သူ၏ဘယ်မျက်လုံးသည် လုံးဝ ကန်းသွားပေမည်။ သူ၏မှတ်ဉာဏ်တစ်ဝက်လည်း ဆုံးရှုံးသွးပေလိမ့်မည်။

သူ၏မိဘများ၊ သူချစ်ရသူများ၊ သူ့မွေးရပ်မြေနှင့် အရာအားလုံးကို မေ့သွားပေမည်။ ဤက ဝမ်လင်း လုပ်နိုင်သော အရာ တစ်ခု မဟုတ်ပေ။ သူက ဗလုံးဗထွေးအော်ဟစ်လိုက်ရသည်။ ပထမဆုံးအကြိမ်အဖြစ် သူက ထရပ်၏။

သူသည် ဒီပလ္လင်ထံမှ ထွက်ခွာ၏။

သူ ထရပ်လိုက်သည်နှင့် သူ့နှလုံးသားနှင့် တတိယအလွှာရှိ နှလုံးတို့ကြား ဆန်းကြယ်စွာချိတ်ဆက်မှုသည် ရပ်တန့်သွားတော့သည်။ ပလ္လင်သည်လည်း အပျက်အစီးပုံအဖြစ်သို့ ဆိုက်ရောက်သွားသည်။

နန်းတော်တစ်ခုလုံးသည် အလွန်ငြိမ်သက် တိတ်ဆိတ်နေ၏။ ခပ်ပြင်းပြင်းအသက်ရှုသံသာ သည်နန်းတော်တွင်း၌ ဆက်လက် ပဲ့တင်ထပ်နေသည်။

ဝမ်လင်းသည် သူ့မျက်လုံးကို မှိတ်လိုက်သည်။ ထူစီ၏အရိပ်နေရာတွင် အစားထိုးသော ဦးခေါင်းကြီးမှာလည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။ အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက တဖြည်းဖြည်း တည်ငြိမ်လာသည်။ သူက မျက်လုံးဖွင့်လာ၏။

“ခုက စပြီး ငါဟာ ထူစီရဲ့ မှတ်ဉာဏ်အမွေအနှစ်ကို ဆက်ခံသူ မဟုတ်တော့ဘူး။ ငါဟာ ရှေးအမိန့်ပဲ…” ဝမ်လင်းက သူ့ညာလက်ကို ရှေးဟောင်းမိစ္ဆာထံမှ ပင့်မြှောက်ကာ သူ၏မျက်ခုံးနှစ်ခုကြားသို့ ညွှန်လိုက်၏။ သူက ရှေးဟောင်းနတ်ဘုရားကုန်းမြေမှ ရခဲ့သော ထူစီ၏မှတ်ဉာဏ်အမွေအနှစ်ကို ဖြည်းဖြည်းချင်း ထုတ်ယူသည်။

***

All Chapters