← Chapters

စစ်ပွဲအတွက် ပြင်ဆင်နေသော အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း

Vol. 111 Ch. 1531

စစ်ပွဲအတွက် ပြင်ဆင်နေသော အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း

Vol. 111 Ch. 1531

အလုံးစုံကောင်းကင်၌ လေထုသည် သိပ်သည်းလို့နေ၏။ အလုံးစုံကောင်းကင်၏ အနောက်မြောက်ဘက်တွင် ဂြိုဟ်ပေါင်း(၄၃၉)ဖြင့် ပြုလုပ်ထားသော အံ့ဩဘနန်းအစီအရင်ကြီးတစ်ခု ရှိလေသည်။ ထိုအစီအရင်၏အပြင်ဘက်၌ ကျင့်ကြံသူများစွာက ချိပ်ဟန်များကို ဖြစ်ပေါ်စေကာ အစီအရင်ကို အားဖြည့်ပေးနေသည်။

အတော်ဝေးဝေးနေရာတွင်ပင် ဂြိုဟ်များစွာကို သည်နေရာသို့ အတင်းအကြပ် ရွှေ့ရန် အမိန့်အောက်၌ လှုပ်ရှားနေသော ကျင့်ကြံသူများစွာ ရှိနေ၏။

ထိုဂြိုဟ်အစီအရင်၏အတွင်းဘက်ပိုင်းတွင် မြူတိမ်တစ်ခု ရှိသည်။ ထိုမြူသည် သိပ်သည်းခြင်း မရှိပေ။ လူတစ်ယောက်က ထိုမြူအတွင်း၌ အဘိုးအိုတစ်ယောက် ထိုင်နေသည်ကို ရှင်းလင်းစွာ မြင်နိုင်ပေသည်။

ထိုအဘိုးအိုက တာအိုဝတ်စုံကို ဝတ်ဆင်ထားကာ သူ့ထံမှ ထည်ဝါခမ်းနားမှုကို ပေးစွမ်းနေသည်။ သူ၏မျက်နှာက အနည်းငယ် ဖြူရောနေ၏။

ထိုအဘိုးအိုမှာ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၏ တတိယအဆင့်ကျင့်ကြံသူ၊ နိဗ္ဗာနလေဟာနယ်အစောပိုင်းအဆင့် အရှင်လုဖူပင်။

အတွင်းနယ်မြေ၌ တတိယအဆင့်ကျင့်ကြံသူမှာ အလွန်တရာ ရှားပါးလှသဖြင့် အရှင်လုဖူ၏အဆင့်အတန်းမှာ အင်မတန်ကို မြင့်မားပေသည်။ တခြားကျင့်ကြံသူအားလုံးက သူ့ရှေ့တွင်ဆို ပုရွတ်ဆိတ်များအလား သေးနုပ်ကြ၏။

အရှင်လုဖူကို အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းတစ်ခုလုံး၏ အစောင့်အရှောက်၊ မဟာမိတ်ကြယ်အဖွဲ့အစည်းကို အမှန်အကန် ဆန့်ကျင်နိုင်သူဟု ဆိုနိုင်၏။ ထာဆန်၏ရှေ့တွင်သာ သူသည် အသည်းအသန်ထွက်ပြေးခဲ့ရဖူးသည်။

ထာဆန် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းတွင် ထပ်မံပေါ်လာချိန်၌ အရှင်လုဖူက ထိတ်လန့်သါားကာ သူ့ကိုယ်သူ ဖုံးကွယ်ဖို့အတွက် အထူးမန္တာန်တစ်ခုကို အသုံးပြုခဲ့ရပေ၏။ ထာဆန် မထွက်သွားခင်ထိ သူသည် ပြန်မပေါ်လာခဲ့ပေ။

သူက သူ့ကိုယ်သူ ဖုံးကွယ်ကာ နှစ်ပေါင်းများစွာ ဒဏ်ရာ ကုသနေခဲ့သည်။ သူ့ထံ၌ လုံလောက်သောအပူဇော်ခံမီးတောက်များ ရှိမနေသော်လည်း ထာဆန်နှင့် တိုက်ပွဲတုန်းက ဒဏ်ရာများကို ဖြည်းဖြည်းချင်း ပြန်ကောင်းမွန်အောင် လုပ်နိုင်သော သူ၏ကိုယ်ပိုင်နည်းလမ်းများ ရှိနေ၏။

အရာအားလုံးသည် အေးချမ်းနေခဲ့ပေသည်။ သို့သော် ယနေ့တွင်တော့ ဝမ်လင်း ရှေးအမိန့်သင်္ချိုင်းကနေ ထွက်လာပြီး အလုံးစုံကောင်းကင်သို့ ချေချလိုက်သည့်အခါတွင် အရှင်လုဖူသည် မျက်လုံးဖွင့်လာခဲ့သည်။ သူ့မျက်လုံးတို့က တလက်လက် ဖြစ်လာ၏။

သို့ရာတွင် သူ သေချာ မတွေးနိုင်ခင်မှာပင် သူက သည်ကြယ်အဖွဲ့အစည်းတခွင် ပျံ့နှံ့လာသော ဝမ်လင်းစွမ်းအား၏ ဖိအားကို ခံစားမိလိုက်သည်။ အရှင်လုဖူ၏ အမူအရာသည် ကြီးစွာ ပြောင်းလဲသွားကာ သူက ရုတ်တရက် ထရပ်၏။ သူ့မျက်လုံးထဲတွင်လည်း တုန်လှုပ်မှုတို့ ပြည့်နေသည်။ သူက ရှေ့တည့်တည့်သို့ ကြည့်လိုက်ရာ အရာအားလုံးကို ဖြတ်၍ ဝမ်လင်းကို တွေ့မြင်သွားသည့်အလားပင်။

သို့ရာတွင် သူ ရှင်းရှင်းလင်းလင်း မမြင်နိုင်ခင်မှာပင် ပြင်းထန်သောအားတစ်ခုက သူ့နတ်ဘုရားအာရုံထံ တိုးဝင်လာကာ သူ့စိတ်ကို ရှုပ်ထွေးသွားစေ၏။ သူ့ရှေ့ရှိ အရာရာသည် ဝေဝါးသွားတော့သည်။ အရှင်လုဖူ၏အမူအရာသည် ထပ်မံ ပြောင်းလဲသွားသည်။ သူက မျက်မှောင်ကြုတ်သွား၏။

“သူက ဘယ်သူလဲ…။ ငါ သူ့ပုံပန်းသွင်ပြင်ကို မမြင်နိုင်ဘူး။ ဒါပေမဲ့ သူ့နတ်ဘုရားအာရုံကိုတော့ နည်းနည်းရင်းနှီးနေသလို ခံစားမိတယ်။ သူဟာ ခုထိ တတိယအဆင့်ကို ရောက်တဲ့ပုံ မပေါ်သေးဘူး။ ဒါပေမဲ့ ငါက ဘာကြောင့်များ သူ့ရှိကနေ ကြောက်မက်ဖွယ်ခံစားချက်ကို ရနေရတာလဲ…”

သည်ဂြိုဟ်အစီအရင်အတွင်း၌ အရှင်လုဖူတစ်ယောက်တည်းသာ မဟုတ်ပေ။ သူ့ပတ်လည်၌ အကြီးအကဲလေးယောက်လည်း ရှိနေ၏။ အရှင်လုဖူ ရုတ်တရက် မတ်တပ်ထရပ်လိုက်သည့်အခါတွင် အကြီးအကဲလေးယောက်သည် တုန်လှုပ်သွားကြ၏။ သူတို့က အရှင်လုဖူထံသို့ ကြည့်လိုက်သည်။

ဝမ်လင်းသာ သည်နေရာတွင် ရှိနေပါက သူသည် ထိုလေးယောက်ကို သိပေလိမ့်မည်။

မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ အရှင်မီးတောက်၊ ဝမ်ဝေကြောင့် ဒဏ်ရာအပြင်းအထန် ရသွားသော လီယွမ်ဇီ၊ အတိတ်တုန်းက ဝမ်လင်းကို လိုက်သတ်ခဲ့ကာ ချင်းရွှေ၏ ဟန့်တားခြင်း ခံရဖူးသော ယောင်မိသားစု၏ဘိုးဘေး သွေးနတ်ဘုရား။

ထိုသုံးယောက်အပြင် နောက်ဆုံးတစ်ယောက်မှာ ရှောင်ယွမ်တန်ပင်။

အတိတ်တစ်ချိန်တုန်းက ရှောင်ယွမ်တန်သည် ဝမ်လင်းကို တန်လင်းဂြိုဟ်ပေါ်သို့ ခေါ်ဆောင်ခဲ့ပြီး ရှောင်မိသားစု၏ဘိုးဘေးက ဝမ်လင်းကို လှည့်ဖြား၍ သူ၏အသက်ဓာတ်အားလုံးနီးပါးကို စုပ်ယူစေခဲ့တာကို ခွင့်ပြုခဲ့သောသူပင်။

အရှင်မီးတောက်ကတော့ အရှင်လုဖူနောက်သို့ လိုက်ခဲ့သည်မှာ အချိန်ကြာမြင့်ခဲ့ပေပြီ။ သူက အရှင်လုဖူ၏အမူအရာ ပြောင်းလဲသွားသည်ကို တွေ့မြင်သည့်အခါ သူ တုန်လှုပ်သွားမိ၏။ အနည်းငယ် ချီတုံချတုံ ဖြစ်ပြီးနောက် သူက လက်နှစ်ဖက်ကို ဆုပ်ကာ တလေးတစား မေးလိုက်သည်။ “စီနီယာ…ဘာများ ဖြစ်လို့လဲ…”

လီယွမ်ဇီနှင့် တခြားသူများသည်လည်း သုန်မှုန်နေ၏။ သူတို့ စိတ်ထဲ၌ မကောင်းသောခံစားချက် ဖြစ်ပေါ်နေသည်။ အရှင်လုဖူက တတိယအဆင့်၌ ရှိသော အံ့မခန်းအစွမ်းထက် တည်ရှိမှု ဖြစ်၏။ သည်လိုတည်ရှိမှုမျိုးက ဒဏ္ဍရီပင်။ အလွန်နည်းပါးသော တချို့အရာများကသာ သူ၏စိတ်ခံစားချက်ကို လွတ်သွားစေနိုင်အောင် လုပ်နိုင်ပေမည်။

သို့ပေမည့် သူတို့လေးယောက်ကို အရှင်လုဖူက ပြန်မဖြေခင်မှာပင် သူတို့သည် သူတို့၏စိတ်နှလုံးကို တုန်ယင်သွားစေသော ဖိအားတစ်ခုကို ခံစားမိလိုက်၏။

သူတို့၏အမူအရာများ ကြီးစွာ ပြောင်းလဲသွားကာ စိတ်ထဲ၌ တုန်ယင်ကုန်သည်။ သူတို့သည် ထိုဖိအားအောက်၌ ပျက်စီးတော့မတတ်ပင် ဖြစ်သွားရသည်။

ကံကောင်းစွာဖြင့် အနှီဖိအားက ဖျပ်ခနဲ ဖြတ်ကျော်သွားခြင်းပင်။ သို့ပေမည့် ထိုဖိအားကို ခံစားလိုက်ရသော တဒင်္ဂအချိန်လေးကပင် သူတို့၏မျက်နှာကို ဖြူရောသွားစေဖို့ လုံလောက်၏။ ထိတ်လန့်သွားစေဖို့ လုံလောက်၏။

သူတို့က ဒဏ္ဍရီတည်ရှိမှုဖြစ်သော အရှင်လုဖူက ဘာကြောင့် ခုလိုမျိုး ပြုမူသည်ကို ခပ်ရေးရေး ခံစားမိလိုက်သည်။

အရှင်လုဖူ၏မျက်လုံးက တလက်လက် ဖြစ်နေ၏။ သူက အမြဲတမ်း သူ့ဘဝတွင် သတိနှင့်နေသည်။ သတိလက်လွတ် ကျူးကျော်လုပ်သည်မှာ ဖြစ်ခဲ၏။ သူက တစ်ကြိမ် စွန့်စားခဲ့ဖူးကာ ရလဒ်အနေဖြင့် ထာဆန်ကြောင့် သူ အကြီးကြီးဆုံးရှုံးခဲ့ရသည် မဟုတ်လား။ သူက အသက်ခံရလုနီးနီးပင် ဖြစ်ခဲ့ရသည်။ ထို့အတွက် သူက သောင်ပြင်လွတ်သည့်ခွေးတစ်ကောင်လို ထာဆန်လက်မှ ရှောင်ပုန်းခဲ့ရသည်။

ထို့အတွက်ကြောင့် သူ၏လုပ်ဆောင်မှုများကို ပို၍ သတိထားလာခဲ့၏။ အစောပိုင်းတုန်းက ဖိအားသည် သူ့ကိုပါ တုန်လှုပ်သွားစေသည့်အထိ အစွမ်းထက်နေ၏။ သည်အခိုက်အတန့်တွင် အကြောင်းအရာများက မရှင်းလင်းသေးသည် ဖြစ်ရာ သူက ၎င်းဖိအားကို သူကိုယ်တိုင် မစစ်ဆေးကြည့်ချင်သေးပေ။ အနည်းငယ် စဉ်းစားပြီးနောက် အရှင်လုဖူက ပြောလိုက်၏။ “မင်းတို့လေးယောက်…အလုံးစုံကောင်းကင် ကြေးမုံကို ခင်းကျင်းလိုက်။ ဒီအဘိုးအိုက အလုံးစုံကောင်းကင်ကို ရောက်လာတဲ့သူဟာ ဘယ်သူလဲဆိုတာ မြင်ချင်တယ်…”

အရှင်မီးတောက်နှင့် တခြားသူများက တလေးတစား ခေါင်းညိတ်လိုက်၏။ သူတို့က သူတို့ကိုယ်သူတို့ တည်ငြိမ်အောင် လုပ်လိုက်သည်။ သူတို့သည် ထောင့်လေးထောင့်ထံ ခပ်မြန်မြန် ရွှေ့လျားသွားပြီး ထိုင်ချလိုက်သည်။ သူတို့၏လက်များဖြင့် ချိပ်ဟန်များကို မြန်ဆန်စွာ ဖြစ်ပေါ်စေသည်။ ထိုမန္တာန်သည် အရှင်လုဖူ သူတို့ကို ပေးခဲ့သော မန္တာန်ဖြစ်ကာ သူတို့လေးယောက်ကလည်း လေ့ကျင့်ထားခဲ့သည်။ သူတို့က ၎င်းမန္တာန်ကို လုံးဝ ကျွမ်းကျင်လုနီးနီး တတ်မြောက်ထားသည်။

သူတို့လက်ဖြင့် ချိပ်ဟန်များကို ဖြစ်ပေါ်စေရင်း အဖြူရောင်အလင်း ဖျပ်ခနဲ လင်းလက်၏။ ထိုအဖြူရောင်အလင်းသည် သူတို့လေးယောက်ကြားတွင် ပိုတောက်ပသထက် တောက်ပလာသည်။ ခဏအကြာတွင် အဖြူရောင်ကြေးမုံတစ်ချပ် ပေါ်လာလေ၏။

အဖြူရောင်ကြေးမုံ ပေါ်လာသည့်အခါ ၎င်းထံ၌ လှိုင်းဂယက်မျး ပြည့်လာကာ ဝေဝါးနေဆဲပင်။ အရှင်လုဖူ၏မျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ ထို့နောက် သူက ထိုကြေးမုံမျက်နှာပြင်ပေါ်သို့ လက်ညွှန်လိုက်၏။

ကြေးမုံပေါ်ရှိ လှိုင်းဂယက်များ ရုတ်တရက် ရပ်တန့်သွား၏။ ထိုပုံရိပ်က ဆက်လက်၍ ပုံပျက်နေခြင်း မရှိတော့ပေ။ ယင်းကြေးမံပေါ်၌ ရုတ်တရက် ကြယ်အဖွဲ့အစည်းတစ်ခု၊ ဆံပင်ဖြူ၊ဝတ်ရုံဖြူနှင့် လူတစ်ယောက်က ထိုကြယ်အဖွဲ့အစည်းအတွင်း ဖြည်းဖြည်းချင်း ရွှေ့လျားနေသည်မြင်ကွင်း ပေါ်လာသည်။

ဝမ်လင်းသည် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကို ဖြည်းဖြည်းချင်း ဖြတ်သန်းနေ၏။ အရာရာက သူ့ကို ရင်းနှီးမှုအား ခံစားမိစေ၏။ အလုံးစုံကောင်းကင်သည် မဟာမိတ်ကြယ်အဖွဲ့အစည်း မဟုတ်သော်လည်း သည်နေရာတွင် ဝမ်လင်း၏ခြေရာများစွာ ရှိခဲ့ဖူးသည် မဟုတ်လား။

“ငါ သိတဲ့လူတွေ ဒီမှာ ရှိနေသေးလား ငါ သိချင်မိတယ်…” ဝမ်လင်းက သက်ပြင်းချလိုက်ရင်း ရုတ်တရက် မျက်မှောင်ကြုတ်ကာ ကြယ်များထံ မော့ကြည့်၏။ သူ့ညာမျက်လုံးထဲရှိ မိုးကြိုးအမှတ်အသားက တဖျပ်ဖျပ် လင်းလက်၏။

“ထွက်သွားစမ်း…”

ထိုသို့ပြောပြီးနောက် မိုးကြိုးအမှတ်အသားသည် သူ့မျက်လုံးထံမှ ပျံသန်းထွက်လာကာ လောကသည် တုန်ယင်၏။ မိုးကြိုးအမှတ်အသားက လေဟာနယ်ကို ထွင်းဖောက်၍ ပျောက်ကွယ်သွား၏။

ကြေးမုံပေါ်လာကာ အဖြူရောင်ပုံရိပ်တစ်ခုကို သူတို့ တွေ့မြင်လိုက်ရစဉ်မှာပင် ဝမ်လင်း၏အော်သံက သူတို့၏နားထဲသို့ ပဲ့တင်ထပ်သွားလေ၏။

တုန်ဟည်းသံများ ပဲ့တင်ထပ်ကာ ထိုကြေးမုံထံမှ ကြောက်မက်ဖွယ်မိုးကြိုးများ ပေါက်ကွဲထွက်လာသည်။ မိုးကြိုးသည် ကြေးမုံမျက်နှာပြင်မှ ဖြတ်၍ သည်ဧရိယာသို့ ရိုက်ခတ်၏။

ကြေးမုံမှာလည်း တစစီ ဖြစ်သွားလေ၏။ အရှင်လုဖူ၏အမူအရာသည် ပြောင်းလဲသွားကာ သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ အပျက်အစီးများကို တွန်းထုတ်လိုက်လေသည်။

သို့ပေမည့် အဆုံးမဲ့မိုးကြိုးက လေထဲသို့ မြင့်တက်လာပြီး တုန်ဟည်းသံများကို ဖန်တီးသည်။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာ ထိတ်လန့်ကုန်သည်။

အရှင်မီးတောက်က သွေးအန်ကာ နောက်သို့ အမြန်ဆုတ်လိုက်ရ၏။ သူ့မျက်လုံးထဲတွင်လည်း မယုံကြည်နိုင်မှုတို့ ပြည့်နေ၏။ ထိုအခိုက်တွင် အသံတစ်သံမှာ သူ့စိတ်ထဲ၌ အခါခါ ဟိန်းမြည်နေတော့သည်။

“ဝမ်လင်း…သူက ဝမ်လင်းပဲ…” သူသည် ဝမ်လင်း၏ဆံပင်ဖြူ၊ဝတ်ရုံဖြူတို့ကို ရှင်းလင်းစွာ တွေ့မြင်ခဲ့ဖူးသည်။ သူသည် ဝမ်လင်း၏ပုံရိပ်ကို ဘယ်တော့မှ မေ့နိုင်မည် မဟုတ်ပေ။

လီယွမ်ဇီကလည်း သွေးအန်လိုက်ရကာ နောက်သို့ အလန့်တကြား ဆုတ်သည်။ သူကလည်း ဝမ်လင်းနှင့် အများဆုံး ပတ်သတ်ခဲ့ဖူးသူပင်။ အထူးသဖြင့် နောက်ဆုံးအကြိမ်၌ သူက ဝမ်လင်းကြောင့် ချောင်ပိတ်သည့်အထိ ဖြစ်ခဲ့ရ၏။ ထိုမှတ်ဉာဏ်က သူ့စိတ်ထဲတွင် ရေးထွင်းနေ၏။

သူသည် ဝတ်စုံလူနှင့်လူမှာ ဝမ်လင်းမှန်း ချက်ခြင်း သိလိုက်၏။ သူက မင်သက်ကြောင်ငေးသွားကာ စကားတစ်ခွန်းပင် မဆိုနိုင် ဖြစ်သွားသည်။

“ဝမ်လင်း..သူပဲကို…” သွေးနတ်ဘုရား၏မျက်နှာက သေလောက်အောင် ဖြူရောသွား၏။ သူ့နှလုံးသားမှာ ခုန်ပေါက်နေသည်။ သူက နောက်ဆုတ်၏။ သူသည် သူတွေ့မြင်ခဲ့ရသည့်အရာကို မယုံကြည်နိုင် ဖြစ်ရသည်။ သူက သူ အမဲလိုက်ခဲ့သော ထိုပုရွတ်ဆိတ်လေးက ချင်းရွှေသာ ကြားမဝင်ပါက သေဆုံးသွားမည်ဖြစ်သော ထိုကျင့်ကြံသူလေးက သူ့ကိုပင် တုန်ရီသွားစေသည့် ဖိအားကို ပေးစွမ်းမည်ဟု စိတ်ကူး၍ပင် မကြည့်ဖူးပေ။

ရှောင်မိသားစုမှ ရှောင်ယွမ်တန်လည်း ရှိသေး၏။ သူ့မျက်နှာသည် ဖြူရောနေ၏။ သူက သည်နေရာတွင် အားအနည်းဆုံးဖြစ်ကာ ဝမ်လင်း၏မူလစိတ်ဝိညာဉ်မှ မိုးကြိုးထွက်ပေါ်လာချိန်၌ မထင်မှတ်စွာပင် သူ့တာအိုနှလုံးသား၌ ခပ်နက်နက်အက်ကြောင်းတစ်ခု ထင်ကျန်သွားခဲ့၏။

“ဝမ်လင်း…” ရှောင်ယွမ်တန်၏မျက်နှာထက်၌ အလွန်ထိတ်လန့်မှုတို့ ဖြစ်ပေါ်နေသည်။ သူ ပထမဆုံးတွေးမိသည်မှာ သူ့ဘိုးဘေးက ဝမ်လင်း၏ဇနီးကို အသက်ပြန်ရှင်အောင် လုပ်ပေးမည်ဟု လှည့်ဖြားကာ သူ၏အသက်ဓာတ်ကို ခြောက်ခမ်းကုန်ခမ်းလုနီးနီး စုပ်ယူခဲ့ခြင်းကိုပင်။ ထို့အတွက်ကြောင့် သူတို့ကြား၌ ရန်ငြှိုးတစ်ခု ရှိနေခဲ့၏။

အစတုန်းက ရှောင်မိသားစုက ထိုအခြင်းအရာကို တစ်စက်လေးပင် ဂရုမစိုက်ခဲ့ပေ။ ဝမ်လင်းက မည်မျှပင် သန်မာလာပါစေ ရှောင်မိသားစုနှင့် ယှဉ်ပါက ကျောက်ဆောင်ကို ကြက်ဥနှင့် ပေါက်သလိုသာ ဖြစ်နေပေလိမ့်မည်။ ရှောင်မိသားစု၏ဘိုးဘေးက နှစ်ပေါင်းသောင်းချီ တံခါးပိတ်ကျင့်ကြံနေခဲ့တာ ဖြစ်၏။ သူသာ ရှိနေပါက သူတို့ကို စော်ကားဝံ့သူမှာ မရှိသလောက်ပင်။

“စီနီယာ…ဒီလူရဲ့ ကျင့်ကြံမှုက…” ရှောင်ယွမ်တန်က သူ့စိတ်နှလုံးထဲရှိ ကြောက်ရွှံ့မှုကို အတင်းဖိနှိပ်ကာ အရှင်လုဖူထံသို့ ကြည့်လိုက်၏။

အရှင်လုဖူ၏အမူအရာသည် ပို၍ သုန်မှုန်လာ၏။ သူက သည်ကြယ်အဖွဲ့အစည်းအတွင်း လွင့်ပျံ့သွားသော ထည်ဝါသည့်မိုးကြိုးတိမ်တိုက်များကို ကြည့်လို့နေသည်။ အချိန်အတန်ကြာပြီးမှ သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ဝမ်လင်း…ဒီအဘိုးအို မှတ်မိပြီ။ အတိတ်တုန်းက မဟာမိတ်ကြယ်အဖွဲ့အစည်းရဲ့ ရှေးဟောင်းနတ်ဘုရား ကုန်းမြေမှာ ငါ သူ့ကို တွေ့ခဲ့ဖူးတယ်…”

အရှင်လုဖု၏မျက်လုံးထဲတွင် အလင်းတစ်ခု ဖြတ်ပြေးသွားသည်။ ထို့နောက် သူက ဝဲကတော့အတွင်းနက်ပိုင်းသို့ လှမ်းလျှောက်သွား၏။

“ဒီလူဟာ တတိယအဆင့်ကို မရောက်သေးဘူး။ ဒါပေမဲ့ ဒီအဘိုးအိုက သူ့ကို အနိုင်ယူနိုင်လိမ့်မယ်လို့ ယုံကြည်မှု မရှိဘူး။ ဒီအဘိုးအိုဟာ မင်းတို့နဲ့ သူ့ကြားမှာ ဘာကိစ္စပဲ ရှိရှိ ဂရုမစိုက်ဘူး။ ဒီမှာနေပါ။ ဒါဆို မင်းတို့ လုံခြုံလိမ့်မယ်…”

ထိုစကားများ သူတို့၏စိတ်ထဲဝင်လာသည့်အခါ သူတို့လေးယောက်သည် ငြိမ်သက်စွာ စဉ်းစားသွားကြ၏။

အရှင်မီးတောက်၏မျက်လုံးသည် တလက်လက် ဖြစ်နေပြီး တဖြည်းဖြည်း သူက တည်ငြိမ်လာ၏။ သူက သူ့ကိုယ်သူ မေးနေမိသည်။ သူက ဝမ်လင်းနှင့် ပတ်သတ်၍ လွဲမှားစွာ မပြုမူ၊ မဆက်ဆံခဲ့သည်ကို သိ၏။ သူက ဝမ်လင်းကို အကူအညီပင် နည်းနည်း ပေးဖူးသေးသည်။ သူက ယုံကြည်မှု ရှိပေသည်။ သို့သော် သူ့စိတ်ထဲတွင်မူ တုန်လှုပ်မှုက ငြိတွယ်နေဆဲသာ။

လီယွမ်ဇီ၏အမူအရာက အကြိမ်များစွာ ပြောင်းလဲနေ၏။ အချိန်အတန်ကြာပြီးမှ သူက သက်ပြင်းသာ ချမိတော့သည်။

စိတ်အပူဆုံးမှာ သွေးနတ်ဘုရားနှင့် ရှောင်ယွမ်တန်တို့ပင်။

ခဏအကြာတွင် ရှောင်ယွမ်တန်က အရှင်လုဖူထံ လက်နှစ်ဖက်ဆုပ်ကာ တခြားသုံးယောက်ကိုလည်း စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်လိုက်၏။ သူက သည်သတင်းကို သူ့မိသားစုထံသို့ မြန်နိုင်သမျှ မြန်မြန် ပို့ပေးချင်နေ၏။ ထိုမှသာ သူတို့သည် ကြိုပြင်ဆင်မှုများ လုပ်နိုင်မည်။ ဝမ်လင်းက အလုံးစုံကောင်းကင်၏ဘိုးဘေး အရှင်လုဖူပင် မတိုက်ခိုက်ဝံ့သူ ဖြစ်လာခဲ့ပြီ။ ထို့အတွက် သူတို့၏ရှောင်မိသားစုက မည်သို့များ တိုက်ခိုက်နိုင်ပါ့မည်နည်း။ ထိုသို့ တွေးမိရုံဖြင့် သူသည် ကြောက်လန့်မှုကို ခံစားရသည်။

သွေးနတ်ဘုရားကမူ အနည်းငယ် စဉ်းစား၏။ ထို့နောက် သူက ထိုင်ချလိုက်သည်။ သူသည် ထွက်မသွားဝံ့ပေ။

***

All Chapters