← Chapters

အပိုင်း(၁၅၃၂)

Vol. 111 Ch. 1532

အပိုင်း(၁၅၃၂)

Vol. 111 Ch. 1532

ဝမ်လင်း၏အမူအရာသည် တည်ငြိမ်နေ၏။ သူက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။ သူ၏ကျင့်ကြံမှုအဆင့်ဖြင့် သူက တုန်ခါလှိုင်းကို ရှင်းလင်းစွာ ခံစားမိပေသည်။ တစ်စုံတစ်ယောက်က သူ့အပေါ်သို့ တာအိုမန္တာန်တစ်ခုကို အသုံးပြုခဲ့ခြင်းပင်။

“ကြည့်ရတာ ငါ ပြန်ရောက်လာတာဟာ လူတော်တော်များများရဲ့ အာရုံကို စွဲဆောင်မိတဲ့ပုံပဲ။ ဒီဆိုလည်း ကောင်းပါတယ်…” ဝမ်လင်းသည် ပြုံးလိုက်၏။ ခုချိန်၌ သူသည် အရာအားလုံးကို ရင်ဆိုင်နိုင်သောခွန်အား ရှိနေပေပြီ။ သူ ပြန်‌ရောက်လာသည်ကို မည်သူပင် သိသိ သူ့အတွက် ပြဿနာ မဟုတ်တော့ပေ။

ဝမ်လင်းသည် ယုံကြည်မှုူအပြည့်ဖြင့် ရှေ့ဆက်လျှောက်၏။ သူက မမြန်လွန်း၊မနှေးလွန်းပေ။ သို့သော် သူ့ခြေလှမ်းတိုင်းက အတိုင်းမသိအကွာအဝေးထိ ဖြတ်သန်းသွားကာ သူကား သည်ရင်းနှီးသောကြယ်အဖွဲ့အစည်းတွင် လျှောက်လှမ်းနေသည်။

ဝမ်လင်းရှေ့ အကွာအဝေးတစ်ခုတွင် ကျင့်ကြံသူတစ်ရာနီးပါးအုပ်စုတစ်စု ပျံသန်းနေကြ၏။ သူတို့သည် ကျင့်ကြံခြင်းဂြိုဟ်တစ်ခုကို ထွေးခြုံထားသော ပိုးသားကဲ့သို့အမျှင်များကို ကိုင်ဆောင်ထား၏။

ထိုကျင့်ကြံသူများကြား၌ သတ်လတ်ပိုင်းလူတစ်ယောက် ရှိနေ၏။ သူ၏မျက်လုံးတို့မှာ တောက်ပလျက် သူ၏ကျင့်ကြံမှုအဆင့်မှာ နိဗ္ဗာနသန့်စင်ခြင်းအထွတ်အထိပ်အဆင့်ပင်။ သူ့ထံမှ ထည်ဝါမှုကို ပေးစွမ်းနေ၏။ သူ့အား လျှပ်စီးစက်ဝန်းတစ်ခုက ခြုံလွှမ်းထားသေးသည်။

“မင်းတို့အားလုံး သေချာအာရုံစိုက်ပြီး ဂြိုဟ်ကို မပျက်စီးစေဘဲ ထုတ်ယူပါ။ မဟုတ်ရင် မိုးကြိုးကောင်းကင်ဘုံက မင်းတို့ကို အပြစ်တင်လိမ့်မယ်။ တိုက်ပွဲပြင်ဆင်မှုတွေအပေါ် သက်ရောက်ခဲ့ရင်တော့ ငါတို့အားလုံး ဌာနေပြန်ရောက်တာနဲ့ တံခါးပိတ်ကျင့်ကြံရလိမ့်မယ်…”

ထိုသက်လတ်ပိုင်းလူ၏ အသံသည် မိုးကြိုးခြိမ်းသံအလား။ ကျင့်ကြံသူရာချီ၏ နားထဲသို့ သူ့အသံ ပျံ့နှံ့သွား၏။ သူတို့က ထိုစကားကို ကြားလိုက်သည့်အခါ ပြုံးကြ၏။

“ကျန်းကုန်းလီ။ ငါတို့ တံခါးပိတ်ကျင့်ကြံရမယ်ဆိုလည်း အဆင်ပြေပါတယ်။ ဒါပေမဲ့ မင်းဟာ ကျန်းမိသားစုရဲ့ ဒီမျိုးဆက်ခေါင်းဆောင်တစ်ယောက်ပဲ။ မင်းကို ဘိုးဘေးက ဘယ်လိုလုပ်ပြီး တံခါးပိတ်ကျင့်ကြံခိုင်းပါ့မလဲ…”

ပုံမှန်ဆိုရင်တော့ အပြစ်ပေးတဲ့အနေနဲ့ တံခါးပိတ်ကျင့်ကြံခိုင်းတာဟာ ကောင်းမွန်တယ်လို့ ဆိုနိုင်တယ်။ ဒါပေမဲ့ အခုက တိုက်ပွဲပြင်ဆင်မှုတွေ အစပြုနေပြီ။ စစ်ပွဲ စတော့မယ့်အချိန်မှာ ငါက အပြစ်ပေးခံရတဲ့အနေနဲ့ တံခါးပိတ်မကျင့်ကြံချင်ဘူး။

“အစ်ကိုကျန်း…ဒီတိုက်ပွဲအတွင် အဓိကကြယ်အဖွဲ့အစည်းလေးခုလုံးက ကြိုပြင်ဆင်နေကြပြီလို့ ငါ ကြားသိထားတယ်။ ဒါပေမဲ့ တိမ်ပင်လယ်ကတော့ ဦးစီးဦးဆောင်နဲ့ ရှေ့ရောက်နေတယ်။ ငါတို့ထဲက အများစုဟာ ဘာကြောင့် တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းက ဦးဆောင်တာလဲအပေါ် စိတ်ရှုပ်ထွေးမိကြတယ်။ သင်ကော တစ်ခုခု ကြားသိထားတာများ မရှိဘူးလား…”

ရယ်သံတစ်သံ ထွက်ပေါ်လာ၏။ လူတိုင်းသည် သူတို့၏မူလစွမ်းအင်များကို အသုံးပြုကာ သည်ဂြိုဟ်ကို ၎င်း၏ပတ်လမ်းကနေ ဖြည်းဖြည်းချင်း စွဲငင်ယူနေ၏။ ထိုဂြိုဟ်က ရှေ့သို့ ဖြည်းဖြည်းချင်း ဆွဲခေါ်ခြင်း ခံနေရ၏။

ထိုသက်လတ်ပိုင်းလူမှာ ကျန်းကုန်းလီပင်။ သူ့လက်ထဲတွင် ဂြိုဟ်ကို ဆွဲယူရာ၌ အသုံးပြုသော အမျှင်တန်းတစ်ခု ရှိနေ၏။ သူက ရယ်ကာမောကာ ပြောလိုက်သည်။ “ဒီကိစ္စဟာ ငါတို့အလုံးစုံကောင်းကင်ရဲ့ ဘိုးဘေး အရှင်လုဖူက သတ်မှတ်ထားတာ။ တခြားကြယ်အဖွဲ့အစည်းသုံးခုက လူတွေကိုတော့ ငါလည်း အများကြီး မသိထားဘူး။ ငါ တစ်ခုခု သတင်းကြားတာနဲ့ မင်းတို့ကို ပြောပြမှာပေါ့။ ဘာလို့များ အလျင်လိုနေတုန်း…”

အရှင်လုဖူဟူသော အမည်ကို ထုတ်ဖော်ပြောလိုက်ချိန်တွင် ထိုကျင့်ကြံသူများ၏မျက်လုံးထဲ၌ ဂုဏ်ယူမှုများ ပြည့်လာ၏။ သူတို့သည် ပြီးခဲ့သောနှစ်များက အရှင်လုဖူနှင့် ပတ်သတ်သည့်အကြောင်းအရာများကို သိလာခဲ့ကြ၏။ သူတို့၏အမြင်၌ အရှင်လုဖူသည် ဒီအလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းတွင် အသန်မာဆုံးပင်။ အရှင်လုဖူ ရှိနေသ၍ အလုံးစုံကောင်းကင်သည် ထာဝရတည်ရှိနိုင်လောက်မည်။

သူ့ဘေးပတ်လည်ကို ကြည့်ကာ ကျန်းကုန်လီသည် စိတ်ထဲကနေ သက်ပြင်းချမိ၏။ သူ့မျက်လုံးထဲတွင် လေးစားမှု ရှိနေသော်လည်း ဂုဏ်ယူမှုတော့ ရှိမနေပေ။ သူ၏ဂုဏ်ယူမှုကို တစ်စုံတစ်ယောက်က ဟိုးလွန်ခဲ့သောအတိတ်ကတည်းက ယူဆောင်သွားပြီး ဖြစ်သည့်အလား။

အချိန်ကုန်လွန်လာခဲ့သော်လည်း ထိုလူ့အပေါ် သူ၏ဂုဏ်ယူမှုက မပျောက်ကွယ်သွားခဲ့ပေ။ ထိုအစား သူက ထိုလူ့အကြောင်း ပို၍ နားလည်လာလေ‌လေ ပို၍ ဂုဏ်ယူလာလေပင်။

“ဒါပေမဲ့ အခု သူ ဘယ်ကိုများ ရောက်နေလဲ…” သူ့မျက်လုံးထဲ၌ အတိတ်ကိုအောက်မေ့မှုတို့ ရှိနေ၏။

ထိုလူက အလုံးစုံကောင်းကင်ကို ဖြတ်သန်းသွားခဲ့ချိန်က သူ့အပေါ်သို့သာ သက်ရောက်ခဲ့သည်မဟုတ် ရှန်းကုန်လီပေါ်သို့လည်း သက်ရောက်မှု ရှိခဲ့၏။ ရှန်းကုန်လီအကြောင်း တွေးမိသည်နှင့် သူသည် အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။ နှစ်ပေါင်းများစွာ ထိုရှန်းကုန်လီက သူနှင့် အမြဲတမ်း ဆန့်ကျင်ဘက် ဖြစ်ခဲ့၊ ကတောက်ကဆ ဖြစ်ခဲ့ပေသည်။

ကျင့်ကြံသူတစ်ရာနီးပါးက ရှေသို့ ဖြည်းဖြည်းချင်း သွားနေ၏။

ခဏအကြာတွင် အဖြူရောင်ပုံရိပ်တစ်ခုက ထိုကျင့်ကြံသူများရှေ့ရှိ အကွာအဝေးတစ်ခုမှ လှမ်းလျှောက်လာ၏။ သူတို့ကို တွေ့မြင်ပြီးနောက် ယင်းပုံရိပ်က ရပ်တန့်ကာ ငြိမ်သက်စွာ ကြည့်လိုက်သည်။

ထိုအဖြူရောင်ပုံရိပ်က သည်ကျင့်ကြံသူများ၏ အာရုံကို ဖမ်းစားသွား၏။ အထူးသဖြင့် ကျန်းကုန်လီကိုပင်။ သူ့မျက်လုံးက ကျဉ်းမြောင်းသွားသည်။ သို့သော် သူ့ကျင့်ကြံမှုအဆင့်ဖြင့် သူက ထိုအဖြူရောင်ပုံရိပ်ကို မည်သူမည်ဝါဖြစ်မှန်း ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။

“နည်းနည်း ထူးဆန်းနေသလိုပဲ။ လူတိုင်းပဲ ဂရုစိုက်ကြ…” ကျန်းကုန်လီက ရှေ့သို့ ရောက်လာကာ သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်၏။

ဝတ်စုံဖြူနှင့်လူကမူ သူတို့ကို ဘာမှ မလုပ်ဘဲ သူတို့ သူ့အား ဖြတ်သန်းသွားသည်ကို သည်အတိုင်း ကြည့်ရုံသာ ကြည့်နေ၏။

မည်သူကမျှ သူ၏ပုံပန်းသွင်ပြင်ကို ရှင်းလင်းစွာ မမြင်နိုင်ကြပေ။

ကျင့်ကြံသူတစ်ရာနီးပါးက ဂြိုဟ်ကို ဆွဲယူလာရင်း ထိုအဖြူရောင်ပုံရိပ်ကို ကျော်လွန်သွားမှ စိတ်အေးနိုင်တော့သည်။

“ဒီလူရဲ့ ကျင့်ကြံမှုဟာ မရိုးရှင်းဘူး။ သူ့ကို ကြည့်ရတာ ဒီအလုံးစုံကောင်းကင်က မဟုတ်လောက်ဘူး…”

“ခုချိန်မှာ ကြယ်အဖွဲ့အစည်းလေးခုရဲ့ အရံအတားဟာ ပွင့်ဟသွားခဲ့ပြီ။ လမ်းကြောင်းသိတာနဲ့ လူတိုင်းပဲ ဆန္ဒရှိသလို သွားလာနိုင်ပြီ။ ဒီလူဟာ တခြားကြယ်အဖွဲ့အစည်းတစ်ခုခုကများ ဖြစ်နေနိုင်မလား...”

သူတို့ ဖြည်းဖြည်းချင်း ထွက်သွားနေရင်း ကျန်းကုန်လီက နောက်လှည့်ကာ သူ့ကို ခုထိ ကြည့်နေသော အဖြူရောင်ပုံရိပ်ကို ကြည့်၏။ သူက မျက်မှောင်ကြုတ်သွားမိသည်။

“ဒီလူ…ငါ သူ့ကို ရင်းနှီးသလို ခံစားရတယ်…”

ဝမ်လင်းသည် သူ့ရှေ့ရှိ ကျင့်ကြံသူအုပ်စုနှင့် ကျန်းကုန်လီတို့ကို ကြည့်နေ၏။ သူက အတိတ်ကို ပြန်စဉ်းစားမိသွားသည်။ ကျန်းကုန်လီသည် အရင်ထက်စာလျှင် အနည်းငယ် အသက်ကြီးလာသည့်ပုံ ပေါက်သည်။ အတိတ်တုန်းက မိုးကြိုးကန်အတွင်း၌ ကျန်းကုန်လီက ဝမ်လင်းထက် မြင့်မားသော ကျင့်ကြံမှု အဆင့်ရှိခဲ့၏။ သို့ပေမည့် ဝမ်လင်းက မူလမိုးကြိုးအမျှင်တန်းကို နားလည်ခဲ့ချိန်၌ ထိုကျန်းကုန်လီက သူ၏အစေခံ ဖြစ်လာချင်ခဲ့သည်။ ဝမ်လင်းက ထိုအကြောင်းကို ပြန်တွေးရင်း ပြုံးမိသည်။

“အသိဟောင်းတစ်ယောက်ကို ပြန်တွေ့နိုင်တာဟာ ဘဝရဲ့ ကောင်းချီးတစ်ခုပဲ…” ဝမ်လင်းသည် ပြုံး၍ အကွာအဝေးတစ်ခုသို့ ဆက်လျှောက်သွားသည်။ သူ ပျော်နေ၏။

ဝမ်လင်းက ဝေးသထက်အဝေးသို့ လှမ်းသွားသည်။ ကျန်းကုန်လီက မျက်မှောင်ကြုတ်မိနေဆဲပင်။ သူက သူ့ပတ်လည်ရှိ ကျင့်ကြံသူများ၏ စကားသံများကိုပင် မကြားနိုင် ဖြစ်နေသည်။ သူက သူ့မျက်လုံးရှေ့တွင် ပျောက်ကွယ်သွားသော ထိုအဖြူရောင်ပုံရိပ်ကို ကြည့်နေမိ၏။ ရင်းနှီးသောခံစားမှုကလည်း သူ့စိတ်ထဲတွင် ကပ်ငြိတွယ်နေသည်။

“သူ့ကို ငါ သေချာ သိသလိုပဲ…” ကျန်းကုန်လီက လှည့်၍ တခြားကျင့်ကြံသူများနှင့်အတူ ပျံသန်းသွားတော့၏။ သို့ပေမည့် သူ့စိတ်ထဲမှာမူ စဉ်းစားမိနေဆဲပင်။ ထိုရင်းနှီးသော ခံစားမှုက မည်သည့်နေရာက ရောက်လာခဲ့ရသနည်း။

ဝတ်စုံဖြူလူက သူ့စိတ်ထဲတွင် ဆက်တိုက် ဖြစ်ပေါ်နေ၏။

“ငါ သူ့ကို အရင်က တွေ့ဖူးတာ သေချာတယ်…” ကျန်းကုန်လီက ရုတ်တရက် ရပ်တန့်လိုက်သည်။ သည်အခိုက်တွင် သူ့မှတ်ဉာဏ်ထဲ၌ အဖြူရောင်ပုံရိပ်နှင့် လူတစ်ယောက် ဖြည်းဖြည်းချင်း ပေါ်လာ၏။ ထိုအခါ သူ့စိတ်ကို မိုးကြိုးပစ်ချခံရသလို ခံစားမိလိုက်၏။ သူ့ခန္ဓာကိုယ်ပါ တုန်ယင်သွားမိသည်။

သူ့မျက်လုံးထဲတွင် မယုံကြည်မှု ဖြစ်ပေါ်လာ၏။ သူက နောက်သို့ အလိုလို ပြန်လှည့်ကြည့်မိသည်။ ထို့နောက် သူ့မျက်လုံးက နီရဲ ပြူးကျယ်လာသည်။

“သူပဲကို…”

ချက်ခြင်းပင် ကျန်းကုန်လီက ဝမ်လင်းထွက်သွားသော နေရာထံသို့ မိုးကြိုးတန်းတစ်ခုအလား တိုးဝင်သွားတော့သည်။ သူ၏ရုတ်ချည်း လုပ်ဆောင်မှုက သူ့အနီးအနားရှိ ကျင့်ကြံသူတစ်ရာနီးပါးကို တုန်လှုပ်မိစေသည်။

ကျန်းကုန်လီက သူ၏အမြန်ဆုံးနှုန်းကို အသုံးပြုကာ ကြယ်အဖွဲ့အစည်းကို ဖြတ်သန်းလာသည်။ သို့ပေမည့် သူ့ရှေ့တွင်မူ ကြယ်များသာ ရှိနေပြီး ဝမ်လင်း၏ပုံရိပ်ကမူ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။

ကျန်းကုန်လီက အချိန်အကြာကြီး ရပ်နေမိသည်။ သူက ခါးသီးဟန် အမူအရာ ဖြစ်ပေါ်နေသည်။ “သူ ဘာလို့ ငါ့ကို မခေါ်တာလဲ…” ထိုနေရာတွင်ပင် အချိန်အကြာကြီး ရပ်နေပြီးနောက် ကျန်းကုန်လီက အနည်းငယ် ဦးညွတ်ကာ ပြန်ထွက်ခွာလာတော့သည်။

အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း။ အတွင်းနက်ပိုင်း၌ ဗလတည်းတည်းဖြစ်သော ကြယ်နယ်မြေတစ်ခု ရှိလေ၏။ ထိုနေရာသည် အလွန်တရာ လူသူကင်းမဲ့သည်။ ထိုနေရာရှိ ကျင့်ကြံခြင်းဂြိုဟ်များပေါ်တွင်လည်း စိတ်ဝိညာဉ်စွမ်းအင် လောက်လောက်လားလား ရှိမနေပေ။ ခပ်ဖျော့ဖျော့ လင်းနေသော ကျင့်ကြံခြင်းဂြိုဟ်ငယ်တစ်ခု ရှိနေ၏။ ထိုဂြိုဟ်၏ ခုနစ်ဆယ်ရာခိုင်နှုန်းကို ပင်လယ်ထုက ဖုံးလွှမ်းထားပြီး ကုန်းမြေများမှာ ပြန့်ကျဲ တည်ရှိသည်။

ချင်းလင်ဂြိုဟ်။

ထိုဂြိုဟ်ပေါ်တွင် ကျင့်ကြံသူများ ရှိ၏။ သို့သော် သူတို့၏ကျင့်ကြံမှုအဆင့်များက မမြင့်မားပေ။ သည်ဂြိုဟ်ပေါ်တွင် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် သုံးယောက်သာ ရှိ၏။ ခုချိန်၌ ချင်းလင်ဂြိုဟ်၏ အမြင့်ဆုံးတောင်ထိပ်၌ ထိုစိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူသုံးယောက်သည် အဘိုးအိုတစ်ယောက် ရှေ့၌ တလေးတစား ရပ်နေကြသည်။

ထိုအဘိုးအိုက ကျောင်းတော်သားဝတ်ရုံကို ဝတ်ဆင်ထား၏။ သူက ကျင့်ကြံသူတစ်ယောက်နှင့်မတူဘဲ သေမျိုးပညာရှိတစ်ယောက်နှင့် တူနေ၏။ သူက သည်တောင်ထိပ်ပေါ်တွင် တည်ငြိမ်စွာ ထိုင်နေသည်။ သူ သည်နေရာတွင် ထိုင်နေသည်မှာ နှစ်ပေါင်းရှစ်ရာ ကျော်ခဲ့ပြီ ဖြစ်၏။

ထိုသို့ ထိုင်နေရသည့်အကြောင်းရင်းမှာ သူ့ဆရာပြောခဲ့သော စကားများကြောင့်ပင်။

“ငါ့တဘဝလုံးမှာ တပည့်လုံးဝ လက်မခံခဲ့ဘူ။ မင်းရဲ့ ဉာဏ်အလင်းဟာ ငါ ဖန်တီးခဲ့တဲ့ ကံမ္မအကြောင်းရင်း ဖြစ်တဲ့အတွက် ငါက မင်းကို ငါ့ရဲ့ ဂုဏ်ထူးဆောင်တပည့်တစ်ယောက်အဖြစ် လက်ခံနိုင်တယ်။ ငါဟာ မင်း ကျင့်ကြံဖို့အတွက် ဒီတောင်ကို ပေးအပ်ခဲ့မယ်။ ငါ မင်းကို ဘာမန္တာန်ကိုမှ မသင်ပေးနိုင်ဘူး။ အဲ့အစား မင်းကို နားလည်မှုဉာဏ်အလင်းရနိုင်မယ့် အခွင့်အရေးတစ်ခုကိုပဲ လက်ဆောင်ပေးခဲ့မယ်…”

ထိုအဘိုးအိုသည် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာ၏။ သူက သူ့ရှေ့ရှိ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူ သုံးယောက်ကို ကြည့်မနေ။ ထိုအစား သူက မိုးကုပ်စက်ဝန်းရှိ တိမ်စိုင်များထံသို့သာ ငြိမ်သက်စွာ ကြည့်ရှုနေသည်။

“မင်းတို့သုံးယောက် ထွက်သွားနိုင်ပြီ…။ ဒီနေရာဟာ ငါ့ဆရာ ပိုင်ဆိုင်တဲ့ နေရာပဲ။ သူ မပြန်လာသေးခင်ထိ ဘယ်သူကမှ ဒီနေရာရဲ့ မြက်တစ်ပင်၊ သစ်တစ်ချောင်း၊ ရေတစ်စက်ကိုတောင် ယူခွင့် မရှိဘူး…”

“ဒါပေမဲ့လည်း စစ်ပွဲပြင်ဆင်ရမယ့်အတွက်ကြောင့် မိုးကြိုးကောင်းကင်ဘုံနယ်မြေဟာ အမိန့်တစ်ခု ချမှတ်ခဲ့ပြီ။ သူတို့က သုံးရက်အတွင်း ဒီဂြိုဟ်ကို ယူဆောင်ဖို့ လာကြလိမ့်မယ်။ ငါတို့…”

စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူသုံးယောက်ထဲမှ တစ်ယောက်က စိုးရိမ်ပူပန်ဟန် ဖြစ်နေ၏။ အဘိုးအိုက ထိုသူ့ကို ကြည့်လိုက်သည်။

သူ့အကြည့်တစ်ချက်ကပင် ထိုစိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူကို တုန်ယင်သွားစေ၏။ သူက စကားဆက်မဆိုဝံ့တော့ပေ။ သူတို့သုံးယောက်သည် တလေးတစား ထွက်သွားကြလေ၏။

အဘိုးအိုသည် တိတ်ဆိတ်စွာ တွေးနေမိ၏။ သူက ကောင်းကင်ထက်ရှိ မြူလွှာတစ်ခုကို အချိန်အတန်ကြာ ကြည့်နေသည်။ ထို့နောက်တွင် ကောင်းကင်ထက်တွင် ခပ်သဲ့သဲ့မိုးကြိုးသံတစ်သံ ထွက်ပေါ်လာကာ လေပြင်းများ တိုက်ခတ်လာချေသည်။

မိုးသံသည် အကွာအဝေးတစ်ခုကနေ နီးကပ်လာကာ သည်မြေထုကို ခြုံလွှမ်း၏။

တောင်ထိပ်ပေါ်သို့ မိုးစက်များစွာ ကျဆင်းလာလေသည်။ လောကသည် မှုန်ရီလာ၏။ လေပြင်းများ ပိုပြင်းထန်လာသည်။ ထိုအဘိုးအို၏ဝတ်ရုံမှာ မိုးရေဖြင့် ရွှဲနစ်နေပြီ။ သို့သော် မိုးက ကောင်းကင်ထက်သို့ ကြည့်နေသော သူ၏အကြည့်ကို မပိတ်ပင်နိုင်ပါ။

သည်လောကတွင် သက်ပြင်းချသံတစ်သံ ထွက်ပေါ်လာကာ ယင်းအဘိုးအို၏နားထဲသို့ တိုးဝင်လာ၏။ ထိုအဘိုးအိုသည် တုန်ယင်သွားပြီး သူ၏မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုတို့ ကြီးစိုးလာလေသည်။

“မင်းနာမည်က ရွှယ်ချင်းဆိုတာ ငါ မှတ်မိပြီ…”

***

All Chapters