အပိုင်း(၁၅၃၃)
Vol. 111 Ch. 1533
မိုးစက်များသည် တောင်ထိပ်ရှိ ကျောက်သားကျောက်စိုင်များပေါ်သို့ ကျဆင်းနေ၏။ သည်မိုးမှာ ရွှင်မြူးရမည့်အစား ကသိကအောက်ပင် ဖြစ်နေသည့်ပုံပင်။
သည်လေနှင့်မိုးထဲတွင် အဖြူရောင်ဝတ်စုံဖြင့်လူတစ်ယောက် ရှိနေ၏။ သူက တောင်ထိပ်ရှိ ကျောက်ဖျာပေါ်တွင် ထိုင်၍ စိတ်လှုပ်ရှားနေသော အဘိုးအိုကို တိတ်ဆိတ်စွာ ကြည့်နေသည်။
ဝမ်လင်းသည် သူ့ဝတ်စုံ မိုးစိုသည်ကို မဟန့်တားပေ။ သူက အတိတ်တုန်းက သူဉာဏ်အလင်းရခဲ့စဉ်ကလို သည်မိုးများ သူ့အပေါ် ကျဆင်းနေသည်ကို ခွင့်ပြုထား၏။ ဝမ်လင်းက မိုးထဲတွင် ငြိမ်သက်တိတ်ဆိတ်စွာ ရပ်နေသည်။
သူ့ဆံပင်ဖြူများက မိုးစိုနေပြီ။ သို့သော် ဝမ်လင်းက သဘာဝတရားကို ခံစားနေ၏။ သူကိုယ်တိုင်ပင် သည်တောင်၊သည်မြက်၊ သည်သစ်ပင်များ ဖြစ်နေသည့်နှယ်။
ဝမ်လင်းသည် ကျောက်ဖျာပေါ်ရှိ အဘိုးအိုကို ပြုံး၍ ကြည့်သည်။
“ဆရာ…” ထိုအဘိုးအိုက ထရပ်ကာ စိတ်လှုပ်ရှားစွာ ဒူးထောက်သည်။ မိုးစက်များက သူ့မျက်နှာထက်သို့ ကျဆင်းကာ သူ၏မျက်ရည်များနှင့် ရောယှက်နေသည်။
လွန်ခဲ့သောနှစ်ပေါင်းရှစ်ရာက ဝမ်လင်းသည် သည်ချင်းလင်ဂြိုဟ်သို့ ရောက်ခဲ့ပေ၏။ သူက သည်နေရာတွင် ဉာဏ်အလင်းနောက် စူးစမ်းရှာဖွေခဲ့ပြီး တပည့်တစ်ယောက်ကို လက်ခံခဲ့သည်။
သူ၏တပည့် ရွှယ်ချင်းမှာ ဝမ်လင်းဘဝတွင် တခဏသာ ကြုံခဲ့ရသောသူပင်။ သို့ပေမည့် သူ့ကြောင့်သာ ဝမ်လင်း၏နယ်ပယ်က ပြီးပြည့်စုံခြင်းသို့ ရောက်နိုင်စွမ်း ရှိခဲ့တာ ဖြစ်သည်။
ထို့အတွက်ကြောင့် သူတို့နှစ်ယောက်ကြားရှိ ကံမ္မတစ်ခုကို ဖန်တီးခဲ့ပြီးဖြစ်ကာ သူက ရွှယ်ချင်းကို သူ၏တပည့်အဖြစ် လက်ခံခဲ့ခြင်းပင်။
ဝမ်လင်းသည်ပင် ကံမ္မအကြောင်းတရားကြောင့် သူ လက်ခံခဲ့သော ဒီတပည့်က နှစ်ပေါင်းရှစ်ရာတိုင် သည်ချင်းလင်ဂြိုဟ်ပေါ်တွင် ထိုင်နေခဲ့မည်ဟု မထင်ထားမိခဲ့ပေ။
ရွှယ်ချင်းက လွန်ခဲ့သောနှစ်ပေါင်းရှစ်ရာက ဝမ်လင်းချန်ထားခဲ့သော နယ်ပယ်ကို နားလည်သဘောပေါက်ခဲ့ပြီး ဖြစ်၏။ ပညာရှိတစ်ယောက်ဖြစ်ခဲ့သော သူ့ဉာဏ်ရည်ဖြင့် သူ၏ကျင့်ကြံမှုအဆင့်မှာ ခုန်ပေါက်တိုးတက်ခဲ့သည်သာ။
သို့ရာတွင် ရွှယ်ချင်းက မည်သည့်မန္တာန်၊ ကျင့်ကြံခြင်းနည်းလမ်းကိုမှ မကျင့်ကြံခဲ့ပေ။ သူ၏ကျင့်ကြံမှုလမ်းကြောင်းက တခြားကျင့်ကြံသူအားလုံး၊ ဝမ်လင်းနှင့်ပင် ကွာခြားနေ၏။
ဝမ်လင်းက တာအိုပေါင်းစပ်ခြင်းနှင့် မန္တာန်များကို ကျင့်ကြံခဲ့သေး၏။ သူက ထိုမန္တာန်များကို အသုံးချ၍ တဖြည်းဖြည်းခြင်း မဟာတာအိုနှင့်နယ်ပယ်ကို နားလည်လာခဲ့တာပင်။
သည်ရွှယ်ချင်းကမူ မန္တာန်များအားလုံးကို လက်လွှတ်ထားပြီး နယ်ပယ်တစ်ခုကိုသာ ကျင့်ကြံသည်။
ခုချိန်တွင် ရွှယ်ချင်း၏ခန္ဓာကိုယ်မှာ အလွန်အားနည်း၏။ မည်မျှအားနည်းသနည်းဆိုရပါမူ ဓားပျံတစ်လက်ကပင် သူ့ကို သတ်ဖို့ လုံလောက်နေ၏။ သူ၏ခန္ဓာကိုယ်မှာ ဆီကုန်သည့်မီးအိမ်တစ်ခုလိုပင်။ သို့သော် သူကား အသက်ဓာတ်နှင့် ပြည့်နှက်ကာ ရှင်သန်နိုင်နေဆဲပင်။
သူ့ခန္ဓာကိုယ်က အားပျော့သော်လည်း နှစ်ပေါင်းရှစ်ရာ နားလည်မှုဉာဏ်အလင်းက ရွှယ်ချင်း၏နယ်ပယ်အပေါ် နားလည်မှုကို သာမန်ကျင့်ကြံသူများထက် အပြတ်အသတ် ကျော်လွန်စေခဲ့ပေသည်။
နယ်ပယ်အပေါ် နားလည်မှုချင်း ယှဉ်ပါက နိဗ္ဗာနကြိုမြင်ခြင်းအဆင့် ကျင့်ကြံသူများသည်ပင် ရွှယ်ချင်းကို ယှဉ်နိုင်မည် မဟုတ်ပေ။ သူ၏နယ်ပယ်က နိဗ္ဗာနသန့်စင်ခြင်းအဆင့်သို့ ရောက်နေခဲ့ပေပြီ။ သူက ဥပဒေသများကိုပါ ဖမ်းဆုပ်မိနိုင်နေပြီ ဖြစ်၏။
သည်လို ကျင့်ကြံမှုနည်းလမ်းမှာ ဤလောကတွင် မတည်ရှိခဲ့ဖူးပေ။ ၎င်းက ရှေးဟောင်းနတ်ဘုရားများ သူတို့၏ ခန္ဓာကိုယ်ကိုသာ ကျင့်ကြံခြင်းနှင့်တော့ ဆင်တူသည်။ သို့ပေမည့် ရွယ်ချင်းကမူ သူ၏နယ်ပယ်ကိုသာ ကျင့်ကြံသည်။
သူ၏ခန္ဓာကိုယ်ထဲ၌ မူလစိတ်ဝိညာဉ် သို့မဟုတ် စဦးစိတ်ဝိညာဉ် လုံးဝ ရှိမနေပေ။ သူ့ထံ၌ ကျင့်ကြံသူများ ရှိသင့်ရှိထိုက်သော စိတ်ဝိညာဉ်များ ရှိမနေခဲ့ပေ။ သူက အသက်ဓာတ်များ ပြည့်နှက်သော စိတ်ဝိညာဉ်တစ်ခုကိုသာ ပိုင်ဆိုင်ထားသည်။
ရွှယ်ချင်းသည်ပင် ထိုအကြောင်းရင်းကို မသိပေ။ သူက မည်သည့်ကျင့်ကြံခြင်းနည်းလမ်းကိုမှလည်း မသိထားပေ။ ဝမ်လင်း သူ့ကိုပေးအပ်ခဲ့သော အရာကိုသာ နှစ်ပေါင်းရှစ်ရာလုံးလုံး နားလည်အောင် ဆင်ခြင်နေခဲ့ခြင်းသာ။
“စိတ်ဝိညာဉ် ကျင့်ကြံခြင်း…” ဝမ်လင်းက ရွှယ်ချင်းကို ကြည့်ကာ စဉ်းစားနေ၏။
ဝမ်လင်းကလည်း ကောင်းကင်ထက်မှ ရွာသွန်းနေသောမိုးစက်များကို ကြည့်နေ၏။ ထိုမိုးစက်များက သူ၏မျက်နှာထက်သို့ လာရောက်ထိမှန်ကြသည်။ သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “အင်မောတယ်ကျင့်ကြံသူတွေဟာ အင်မောတယ် ဖြစ်လာပြီး ထာဝရ ရှင်သန်နိုင်တယ်။ စစ်မှန်တဲ့ ကျင့်ကြံသူတွေကတော့ အမှန်တရားကို ကျင့်ကြံတယ်။ တာအိုကျင့်ကြံသူတွေကတော့ သူတို့ရဲ့ တာအိုကို ရှာဖွေကြတယ်။ ပြီးတော့ စိတ်ဝိညာဉ် ကျင့်ကြံသူတွေကတော့ သူတို့ရဲ့ စိတ်ဝိညာဉ်ကို သန့်စင်ပြီး လောကဟာ သူတို့ရဲ့ ဆရာ ဖြစ်လာကြတယ်…”
ရွှယ်ချင်းက ကျောက်ဖျာထက်တွင် ဒူးထောက်နေလျက် သူ၏မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှု၊ မသိနားမလည်မှုနှင့် ပြည့်နေ၏။ မိုးက ပိုသည်းလာသည်။ သူ့အဝတ်အစားများ ပိုစိုရွှဲလာသည်။ ထိုအဖြစ်က သူ့ကို မသက်မသာ ဖြစ်လာစေ၏။ ရွှယ်ချင်းသည် စိတ်ရှုပ်ထွေးနေရင်း သူ့ညာလက်ကို အမှတ်မထင် ပင့်မြှောက်ကာ သူ့ကိုယ်သူ ကာကွယ်ဖို့အတွက် မန္တာန်တစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။
သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေလိုက်သည့်အခါ လောကသည် တုန်ဟည်း၏။ ကောင်းကင်ထက်မှ ကျဆင်းနေသော မိုးစက်များက ဦးတည်ရာ ပြောင်းသွားပြီး ဘေးတစ်ဖက်သို့ ကျဆင်းသွားတော့သည်။
ဝမ်လင်းသည် ခေါင်းယမ်း၍ ခပ်တိုးတိုး ဆိုလိုက်၏။ “မင်းက မန္တာန်အားလုံးကို လုံးဝ လက်မလွှတ်ခဲ့ဘူးပဲ…”
“ရွှယ်ချင်း…ဒီတောင်ကို ကြည့်လိုက်၊ ဒါက မိုးစက်တွေ သူ့အပေါ်ကို ကျဆင်းတာကို တားဆီးလား။ မြစ်နဲ့ပင်လယ်တို့ကို ကြည့်လိုက်၊ သူတို့ကလည်း မိုးစက်တွေကို ဟန့်တားလား၊ အပင်တွေနဲ့ အရာအားလုံးကို ကြည့်လိုက်။ ငါတို့ လူသားတွေကလွဲလို့ တခြားဖြစ်တည်မှုတွေဟာ မိုးစက်တွေ သူတို့အပေါ် ကျဆင်းတာကို ဟန့်တားကြလို့လား…”
“မင်းဟာ စိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက် ဖြစ်နေမှတော့ ဒီအရေပြားကို ဘာကြောင့် မက်မောနေအုံးမှာလဲ။ မူလသို့ ပြန်သွားခြင်း…။ အလွန်နည်းပါးလွန်းတဲ့သူတွေကသာ ဒါကို အမှန်တကယ် နားလည်နိုင်လိမ့်မယ်။ ဆရာဟာ ဒီမူလသို့ပြန်ခြင်းဆိုတဲ့ စကားကို နားလည်ခဲ့ပြီလို့ ထင်ခဲ့မိတယ်။ ဒါပေမဲ့ ငါ အရာများစွာကို ကြုံခဲ့တွေ့ခဲ့ရပြီးတဲ့နောက်မှာ၊ ငါ ဒီအလုံးစုံကောင်းကင်ကို ပြန်ရောက်လာခဲ့တဲ့အခါမှာ ဉာဏ်အလင်းရခဲ့တယ်။ မူလသို့ပြန်သွားခြင်းဆိုတာဟာ လူတစ်ယောက်က သူကိုယ်တိုင် သစ်ပင်၊တောင်တန်း၊ မြစ်ချောင်းတွေ ဖြစ်လာတာပဲ။ အကန့်အသတ်အားလုံးကို လွန်မြောက်တဲ့ လူဟာ လောကနဲ့ တစ်သားတည်း ဖြစ်လာလိမ့်မယ်။ ဒါကသာ မူလသို့အမှန်တကယ် ပြန်ရောက်နိုင်ခြင်း ဖြစ်တယ်…”
ရွှယ်ချင်း၏ခန္ဓာကိုယ်သည် တုန်ယင်နေ၏။ သူက တစ်ခုခုကို စမ်းတဝါးဝါးနားလည်မိသည်။
ဝမ်လင်းက သူ့လက်ကို ဝေ့ယမ်းလိုက်ရာ ရွှယ်ချင်း၏ မန္တာန်လေးမှာ ပျောက်ကွယ်သွား၏။ ထိုအခါ မိုးစက်များ ထပ်မံ ကျဆင်းလာတော့သည်။
“မင်းကိုယ်မင်း ဒီလောကရဲ့ တစိတ်တပိုင်းလို့ မြင်ကြည့်လိုက်ရင်၊ မင်းဟာ ကောင်းကင်နဲ့မြေကြီး ဖြစ်လာခဲ့ရင် အဲ့ကျရင် ဒီမိုးဟာ မင်းရဲ့ သွေးစက်တွေ ဖြစ်လာလိမ့်မယ်။ လေ၊မိုး၊နှင်း၊ မိုးကြိုး၊ သဘာဝရားကို ဘာကြောင့်များ ဟန့်တားမလဲ။ မင်းဟာ သူတို့ပဲ၊ သူတို့ဟာလည်း မင်းပဲ။ နှစ်ပေါင်းရှစ်ရာ၊ မင်းက ငါ မင်းကို လက်ဆောင်ပေးခဲ့တဲ့ ဉာဏ်အလင်းကို ခုထိ သေချာ ဖြတ်မမြင်နိုင်သေးဘူး။ မင်း မင်းရဲ့ အသွေးအသား၊ မင်းရဲ့မန္တာန်အားလုံးကို မေ့ဖျောက် စွန့်လွှတ်နိုင်ခဲ့ရင် မင်းဟာ တာအိုစိတ်ဝိညာဉ်တစ်ခု ဖြစ်လာခဲ့ရင် မင်း ငါ့ကို လာရှာနိုင်တယ်…”
ဝမ်လင်းသည် စဉ်းစားနေသော ရွှယ်ချင်ကို ကြည့်၏။ သူ့ညာလက်ကို လေထဲသို့ ဆန့်ထုတ်ကာ လေဟာနယ်အတွင်းသို့ လှမ်းသည်။ ကောင်းကင်သည် အရောင်များ ပြောင်းလဲလာကာ တိမ်များ ပြန့်ကျဲကုန်သည်။ သည်ဂြိုဟ်ကို ဖုံးလွှမ်းရွာသွန်းနေသော မိုးသည် ရွှင်မြူးဟန်ပေါ်ကာ အဘက်ဘက်မှ စုဝေးလာသည်။
မိုးများသည် စုဝေးလျက် ပေတစ်သိန်းကျော် ရှည်လျားသော ဧရာမမိုးဓားတစ်လက်အဖြစ်သို့ ပေါင်းစပ်သည်။
လက်ဝေ့ယမ်းလိုက်ရာ ထိုမိုးဓားသည် ကောင်းကင်ထက်မှ သက်ဆင်းလာပြီး သည်တောင်ထိပ်ပေါ်သို့ ထိုးစိုက်သည်။ ထိုအခါ သည်တောင်၏ သုံးဆယ်ရာခိုင်နှုန်းကို သည်မိုးဓားကို နေရာယူသွားတော့သည်။ လူတစ်ယောက်သည် ထိုမျှ ကြီးမားလှသော ဓားကို အဝေးကနေပင် ရှင်းလင်းစွာ မြင်နိုင်ပေမည်။
သည်မိုးဓားထံမှ အစွမ်းထက်ခွန်အားတစ်ခု ထွက်ပေါ်နေလျက် သည်လောကကို ခြုံလွှမ်း၏။ ယင်းခွန်အားက ချင်းလင်ဂြိုဟ်ကနေ ဟင်းလင်းပြင်ထိ ပျံ့လွင့်သည်။
မိုးဓားက ပုံစံအသွင် ဖြစ်ပေါ်လာသည့်အခိုက်မှာ ဝမ်လင်းက သူ့ညာလက်ဖြင့် သူ၏မျက်ခုံးနှစ်ခုကြားသို့ ညွှန်သည်။ သူ့ရှေးဟောင်းနတ်ဘုရားကြယ်များမှ ရှေးဟောင်းနတ်ဘုရားစွမ်းအား ထွက်ပေါ်လာကာ သည်မိုးဓားထံသို့ စီးဝင်သည်။ ထို့နောက် သူ၏မိုးကြိုးနှင့်မီးအနှစ်သာရနှစ်ခုသည်လည်း သူ၏မျက်လုံးထံမှ ပျံသန်းထွက်လာကာ သည်မိုးဓားအတွင်းသို့ ဝင်ရောက်သည်။
ထိုရိုးရှင်းသောမိုးဓားသည် ယခုတွင်မူ ပြီးပြည့်စုံသောအနှစ်သာရနှစ်ခုနှင့် ဝမ်လင်း၏ရှေးဟောင်းတိုက်ပွဲအော်ရာ ပါဝင်နေချေပြီ။ ထိုအော်ရာသည် အဝေးသို့ မပျံ့လွင့်ပေ။ သို့ပေမည့် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းတစ်ခုလုံးအား တုန်လှုပ်သွားစေဖို့ရာ လုံလောက်သည်။
“ဒီဓား ဒီမှာရှိရင် လူအနည်းငယ်ကသာ ဒီဂြိုဟ်ကို ရန်ပြုဝံ့လိမ့်မယ်….” ဝမ်လင်း၏အသံမှာ တည်ငြိမ်သည်။ သည်ဓားထံမှ အော်ရာကို ခံစားမိပါက စိတ်ဝိညာဉ်လေဟာနယ်အဆင့်ကျင့်ကြံသူများပင် အနည်းငယ် ချီတုံချတုံ ဖြစ်သွားနိုင်၏။ တစ်စုံတစ်ယောက်အဖို့ ပြီးပြည့်စုံလုနီး ဖြစ်သောအနှစ်သာရနှစ်ခုနှင့် သည်ကျင့်ကြံခြင်းဂြိုဟ်ကို တိုက်ခိုက်ခြင်းသည် ထိုက်တန်လိမ့်မည် မဟုတ်ပေ။ ထို့အပြင် ဤဓားထံ၌ လူတိုင်းကို တုန်လှုပ်သွားစေနိုင်သော ရှေးအမိန့်ဖိအားတစ်ခုလည်း ရှိနေသေးသည်။
“ဒီဓား…မင်းသာ ဒါကို လုံးဝ နားလည်သွားခဲ့ရင် မင်းအတွက် ဒီဓားဟာ ဆရာရဲ့ လက်ဆောင်ပဲ...”
ဝမ်လင်းက ရွှယ်ချင်းကို ထပ်ကြည့်၏။ သည့်နောက် သူသည် လှည့်၍ သည်တောင်ကနေ ထွက်သွားတော့သည်။ သူ့ပုံရိပ်က အကွာအဝေးတစ်ခုတွင် ပျောက်ကွယ်သွားတော့သည်။
ရွှယ်ချင်းက ဝမ်လင်း ပျောက်ကွယ်သွားသောနေရာသို့ ငြိမ်သက်စွာ ကြည့်နေ၏။ ထို့နောက် သူက ဒူးထောက်ချကာ သုံးကြိမ်တိုင်တိုင် ဦးညွတ်မှု ပြုသည်။
ချင်းလင်ဂြိုဟ်ပေါ်တွင် အတိတ်တုန်းက နေထိုင်ခဲ့သော ရွေးချယ်ခံမသေမျိုးကလန်မှာလည်း ထွက်ခွာသွားခဲ့ကြပြီး ဖြစ်၏။ သူတို့၏ အရိပ်အယောင်ပင် မရှိတော့ပေ။
ဝမ်လင်းလည်း ထွက်ခွာလာခဲ့ပြီ။
သူက သည်အလုံးစုံကောင်းကင်နှင့် နေရာလေးခုသို့သွားကာ အရာလေးခုကို လုပ်ရမည် ဖြစ်သည်။ ခုချိန်တွင် သူသည် ပထမဆုံးနေရာသို့ လာခဲ့ပြီး ပထမဆုံးတာဝန်ကို လုပ်ဆောင်ပေးခဲ့ပြီးပင်။ သူက တောက်ပသောကြယ်များကြား လျှောက်လှမ်းနေရင်း သူ၏မျက်လုံးက တဖြည်းဖြည်းချင်း အေးစက်လာကာ သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်နှက်လာသည်။
“ရှောင်မိသားစုဘိုးဘေး။ အတိတ်တုန်းက ကိစ္စကို ဖြေရှင်းဖို့ အချိန်ကျပြီ…”
ဝမ်လင်းသည် သူ၏အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ပြီးနောက် သူသည် သူ၏အသက်ဓာတ်အားလုံးနီးပါး ဆုံးရှုံးခဲ့ရသော ရှောင်မိသားစု၏ဂြိုဟ်ထံသို့ ဦးတည်တော့သည်။
ဝမ်လင်းထွက်ခွာသွားပြီး နာရီများစွာ ကြာပြီးနောက် ကျင့်ကြံသူဆယ့်နှစ်ယောက်ကျော်က သည်ချင်းလင်ဂြိုဟ်ထံ ပျံသန်းလာကြ၏။ သူတို့ကို ဦးဆောင်သူမှာ မိုးကြိုးဝတ်ရုံနှင့် သက်လတ်ပိုင်းလူတစ်ယောက်ပင်။
ထိုသူတို့သည် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှလူများ ဖြစ်၏။ သူတို့က ဒဏ္ဌာရီလာ ကပ်ဘေးခုနစ်ခုကြယ်အစီအရင်ကို ဖြစ်ပေါ်စေဖို့ ဘိုးဘေး၏လိုအပ်ချက်နှင့် ကိုက်ညီသော ဂြိုဟ်များကို ရှာရမည်ဟု အမိန့်ပေးခံထားရသည်။
ချင်းလင်ဂြိုဟ်မှာ ထိုလိုအပ်ချက်များနှင့် ကိုက်ညီနေ၏။ သည်ဂြိုဟ်ကို နေရာရွှေ့ရမည့် အမိန့်ကို လက်ခံပြီးနောက် သူတို့က အခု သည်ဂြိုဟ်ကို ရွှေ့ပြောင်းရန် အဆင်သင့် ဖြစ်နေကြပြီ။ သို့ပေမည့် သူတို့ ချင်းလင်ဂြိုဟ်နှင့် ကီလိုမီတာသုံးသန်းအကွာသို့ ရောက်သည့်အခါ သူတို့သည် ကြောက်မက်ဖွယ်ရာဓားစွမ်းအင်ကို ခံစားမိရသည်။
ထိုဓားစွမ်းအင်သည် ဟင်းလင်းပြင်ကိုပင် ပျက်စီးစေဖို့အထိ လုံလောက်အောင် သန်မာနေ၏။ ရှေ့ဆုံးမှ သက်လတ်ပိုင်းလူက ထိုဓားစွမ်းအင်ဖြင့် ဦးဆုံးထိမှန်ခြင်း ခံရသည်။ သူ၏အမူအရာသည် ပြောင်းလဲသွားကာ သွေးအန်ပြီး နောက်လွင့်စင်သွားသည်။
သူ့နောက်မှ ကျင့်ကြံသူအားလုံးသည်လည်း သွေးအန်လိုက်ရသည်သာ။ သူတို့၏မျက်လုံးထဲတွင် ကြောက်ရွှံ့မှုတို့ ပြည့်နှက်လျက် အားလုံး နောက်ဆုတ်ကုန်သည်။
သူတို့အားလုံး သည်ဓားစွမ်းအင်ကြောင့် ကြောက်လန့်ကုန်ကြစဉ်မှာပင် ရွှယ်ချင်းကျင့်ကြံနေသော နေရာ၏ အထက်တွင် တွန့်ခေါက်မှု ဖြစ်ပေါ်ကာ လူတစ်ယောက် လှမ်းလျှောက်ထွက်လာသည်။ ထိုသူမှာ တာအိုဝတ်ရုံဖြင့် အရှင်လုဖူပင်။
သူက ဝမ်လင်းနှင့် ချက်ခြင်း မျက်နှာချင်း မဆိုင်ချင်သေးပေ။ သူက သည်ဓားစွမ်းအင်ကို ခံစားမိသည့်အခါ၌ ဝမ်လင်း ထွက်ခွာသွားပြီးနောက် ဒီနေရာကို တိတ်တဆိတ် ရောက်လာခဲ့ခြင်းပင်။ သူက လေထဲတွင် ရှိနေလျက် မျက်မှောင်ကြုတ်ကာ စဉ်းစားနေသည်။ ထို့နောက် သူက တောင်ပေါ်တွင် ထိုးစိုက်နေသော ဧရာမဓားကြီးထံသို့ လက်ညွှန်လိုက်လေ၏။
အရှင်လုဖူ ထိုဓားနှင့် ထိမိသွားချိန်၌ မည်သည့်အသံမှ ထွက်ပေါ်လာခြင်း မရှိပေ။ သို့သော် သူ့ခန္ဓာကိုယ်က တုန်ယင်သွား၏။ သူသည် အလန့်တကြား မော့ကြည့်မိသည်။
“ဒါက အော်ရာတစ်ခုပဲ။ ရှေးဟောင်းနတ်ဘုရားအော်ရာနဲ့ အတော်လေး ဆင်တူတယ်။ ဒါပေမဲ့ လုံးဝကွဲပြားနေပြန်တယ်။ ဒီအော်ရာဟာ ဒီအဘိုးအိုရဲ့ ဦးရေပြားကိုတောင် ကျိန်းစပ်သွားစေမိတယ်။ ဒါ့အပြင် ဒီဓားထဲမှာ အနှစ်သာရနှစ်ခုလည်း ရှိနေသေးတယ်…”
***