← Chapters

တန်လင်းဂြိုဟ်ရဲ့ ရှောင်မိသားစု

Vol. 111 Ch. 1534

တန်လင်းဂြိုဟ်ရဲ့ ရှောင်မိသားစု

Vol. 111 Ch. 1534

အရှင်လုဖူသည် အသက်ခပ်ပြင်းပြင်း ရှုသွင်းမိ၏။ သူ၏မျက်လုံးထဲရှိ တုန်လှုပ်မှုသည် ပိုအားကောင်းလာသည်။ သူက အတွေးတစ်ချို့ ရှိနှင့်ပြီး ဖြစ်သော်လည်း သည်ဓားကို ကိုယ်တိုင်ကိုယ်ကျ မြင်ရသည့်အခါတွင်မူ တုန်လှုပ်မိဆဲပင်။

သို့သော်လည်း ထိုတုန်လှုပ်မှုသည် ခပ်မြန်မြန် ပျောက်ကွယ်သွား၏။ အရှင်လုဖူ၏ မျက်လုံးသည် တလက်လက် ဖြစ်လာသည်။ သူက ဖြည်းဖြည်းချင်း လှောင်ပြောင်လိုဟန် ဖြစ်ပေါ်လာသည်။

“ကံကောင်းစွာနဲ့…သူက တတိယအဆင့်ကို မရောက်သေးတာပဲ။ သူ တတိယအဆင့်ကို မရောက်သေးသရွှေ့ သူ ဒီအဘိုးအိုကို တိုက်ခိုက်ရဲမယ်လို့ မယုံဘူး။ သူ့မှာ အနှစ်သာရနှစ်ခု ရှိနေတော့ရော ဘာဖြစ်သေးသလဲ။ ဒီအနှစ်သာရတွေက မျိုးစေ့သာသာပဲ။ သူက ငါ့ကို ရန်မစရင်တော့ ကိစ္စမရှိဘူး။ သူသာ ဒီအဘိုးအိုကို ရန်စဝံ့ရင်တော့ နိဗ္ဗာနလေဟာနယ်အစောပိုင်းအဆင့် တတိယအဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့ တည်ရှိမှုမျိုးက ဘယ်လိုလဲဆိုတာ ငါ သူ့ကို သင်ခန်းစာ ကောင်းကောင်း ပေးလိုက်မယ်…”

တန်လင်းဂြိုဟ်သည် ဒီအလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းတွင် အဆန်းကြယ်ဆုံး ဖြစ်၏။ ဝမ်လင်းသည် အတိတ်တုန်းက ထိုဂြိုဟ်နှင့် ပတ်သတ်သည့် ကောလဟာလမျိုးစုံကို ကြားသိခဲ့ရသည်။

ထိုဂြိုဟ်သည် နေရာအတည်အကျ မရှိပေ။ အလုံးစုံကောင်းကင်၏ အရှေ့ဘက်ခြမ်းတွင် ဖြည်းဖြည်းချင်း လွင့်မြောနေသော ဂြိုဟ်တစ်ခု ဖြစ်၏။ သင်သည် နိဗ္ဗာနဖြိုခွဲခြင်းနောက်ဆုံးအဆင့်သို့ ရောက်နေခဲ့လျှင်ပင် သည်တန်လင်းဂြိုဟ်ကို ရှာတွေ့နိုင်ဖို့ ခက်ခဲပေလိမ့်မည်။

သင်၏ နတ်ဘုရားအာရုံကို အသုံးပြုလျှင်ပင် ထိုဂြိုဟ်၏ တမူထူးသောအသွင်အပြင်ကြောင့် ရှာတွေ့နိုင်လိမ့်မည် မဟုတ်ပေ။ ကျင့်ကြံသူအများအပြားက သည်ဂြိုဟ်ကို ရှာနိုင်ဖို့အတွက် သူတို့၏ ပကတိမျက်လုံးအမြင်ကိုသာ မှီခိုရမည် ဖြစ်၏။

သို့ရာတွင် ထိုအထဲတွင် ဝမ်လင်း မပါဝင်ပေ။

သည်အခိုက်အတန့်တွင် အလုံးစုံကောင်းကင်၏ ကျယ်ပြောသော အရှေ့ဘက်ခြမ်း၌ တုန်လှုပ်ဖွယ်ရာ ကျင့်ကြံခြင်းဂြိုဟ်တစ်လုံး ဖြည်းဖြည်းချင်း လွင့်မြောနေ၏။ ယင်းဂြိုဟ်ထံမှ အဝါရင့်ရောင်တောက်ပမှုကို ပေးစွမ်းပြီး ပြင်းထန်သောဖိအားကို ထုတ်လွှတ်နေသည်။ ၎င်းမှာ တန်လင်းဂြိုဟ်ပင်။

ထိုဂြိုဟ်ကို ဂြိုဟ်ငယ်များက လှည့်ပတ်လို့နေ၏။ ယင်းဂြိုဟ်ငယ်များသည်လည်း တန်လင်းဂြိုဟ်နှင့်အတူ ရွှေ့လျားနေသည်။

အစီအရင်၏ အလင်းတန်းများက တဖျပ်ဖျပ်လင်းလက်ကာ တန်လင်းဂြိုဟ်ပတ်လည်ရှိ ဂြိုဟ်ငယ်များနှင့် ချိတ်ဆက်သည်။ အဝေးမှ ကြည့်ပါက ဧရာမပိုက်ကွန်ကြီးတစ်ခုအလား။

ထိုအခိုက်အတန့်တွင် တန်လင်းဂြိုဟ်ပေါ်ရှိ အစီအရင်သည် လုံးဝ အသက်ဝင်လာခဲ့ပေပြီ။ ထိုအခါ သည်ကြယ်အဖွဲ့အစည်းအနှံ့သို့ တစီစီအသံများကို ပဲ့တင်ထပ်စေသည်။

လူတစ်ယောက်သည် ထိုကျင့်ကြံခြင်းဂြိုဟ်ငယ်များပေါ်မှ ဓားအလင်းတန်းများကို မြင်ရနိုင်ပေမည်။ ကျင့်ကြံသူများစွာက အစီအရင်များစွာကို အလျင်အမြန် ပေါင်းထည့်လျက် တန်လင်းဂြိုဟ် အကာအကွယ်အစီအရင်၏ ကာကွယ်မှုအစွမ်းကို တိုးမြှင့်ပေးနေသည်။

လေထုထဲတွင်လည်း ကျင့်ကြံသူထောင်ချီ၏ သုန်မှုန်မှုတို့ကို ခံစားမိနိုင်သည်။

မည်သည့်ကျင့်ကြံသူကမျှ စကားမဆိုကြပေ။ သူတို့အားလုံးက အစီအရင်များ ခင်းကျင်းနေရာချခြင်းနှင့် အလုပ်များနေ၏။ ထို့နောက် သူတို့သည် အစီအရင်အားလုံးကို ကျင့်ကြံခြင်းဂြိုဟ်ဆယ့်နှစ်ခုကျော်ပေါ်သို့ ချခင်းကြသည်။

သည်ကျင့်ကြံခြင်းဂြိုဟ်တစ်ခုချင်းစီ၏ အတွင်းဘက်ရှိ အစီအရင်ဗဟိုချက်ထဲတွင် အဘိုးအိုသုံးယောက်စီ ထိုင်နေကြ၏။ သူတို့သည် အရေအတွက်တစ်ရာနီးပါးခန့် ရှိပေမည်။ သူတို့တစ်ယောက်ချင်းစီထံမှ ရှေးအော်ရာကို ပေးစွမ်းနေသည်။ ထိုသူတို့သည် အသက်ရှင်နေသည်မှာ ကြာမြင့်လွန်းခဲ့ပြီး ဖြစ်ကာ တော်ရုံတန်ရုံ ထွက်မလာတတ်ကြပေ။

သို့ပေမည့် ခုချိန်တွင်မူ သူတို့အဖို့ ရွေးချယ်စရာ မရှိဘဲ ထွက်လာရ၏။ ရှောင်မိသားစုကို ကိုယ်စားပြုသော ရှောင်ယွမ်တန်က ထိတ်လန့်စရာ သတင်းဆိုးကို ယူဆောင်၍ ပြန်လာခဲ့သည် မဟုတ်လား။

သူတို့ဘိုးဘေး၏ အသက်ဓာတ် လုယူခြင်း ခံခဲ့ရသော ဝမ်လင်းက အရှင်လုဖူကိုပင် ပူပန်စေသော စွမ်းအားမျိုးနှင့် ပြန်ရောက်လာခဲ့ပြီ ဖြစ်၏။

ထိုသတင်းမှာ ရှောင်မိသားစုတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။ အနည်းငယ် စဉ်းစားပြီးနောက် ခုလက်ရှိ မိသားစုခေါင်းဆောင်၊ အကြီးအကဲခေါင်းဆောင်တို့က ချက်ခြင်းပင် တန်လင်းသွေးအမိန့်ကို ထုတ်ပြန်ခဲ့တော့သည်။

ရှောင်မိသားစုသည် တန်လင်းဂြိုဟ်၏ နောက်ကွယ်မှအုပ်စိုးသူ ဖြစ်ပေ၏။ သို့သော် သူတို့သည် မျက်နှာပြခဲသည်။ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းမှ ကျင့်ကြံသူများသည်ပင် ထိုအချက်ကို မသိကြပေ။ သူတို့သည် တန်လင်းဂြိုဟ်ပေါ်၌ မိသားစုကြီးသုံးစု ကြီးစိုးသည်ဟူ၍သာ သိထားကြ၏။

ရှု၊လု၊ လျှို။

ရှုမိသားစုသည် သတ်ဖြတ်သူနတ်ဘုရားများကို မွေးထုတ်ရာ၌ ကျော်ကြားလှ၏။ သူတို့၏ အမည်ကို ဖော်ပြရုံဖြင့် လူတစ်ယောက်ကို တုန်လှုပ်စေဖို့ လုံလောက်သည်။

လုမိသားစုလည်း ရှိသေး၏။ လုမိသားစုသည် ရှုမိသားစုလောက် မကျော်ကြားလှသော်လည်း သူတို့သည် အတားအဆီးပညာရပ်များတွင် ကျွမ်းကျင်ကြသည်။ သို့ပေမည့် သူတို့ထံ၌ လီယွမ်၏မိသားစုကဲ့သို့ ရှေးဟောင်းမဟာအတားအဆီးလေးခု၏ အမွေအနှစ်ကို ပိုင်ဆိုင်ထားကြခြင်း မရှိပေ။ သို့သော် သူတို့သည် အတားအဆီးပညာရပ်၌ ကျွမ်းကျင်သော ပါရမီရှင်များ ဖြစ်နေသေးသည်။

တန်လင်းဂြိုဟ်ပေါ်ရှိ အစီအရင်အားလုံးကို လုမိသားစုက နေရာချ ခင်းကျင်းထားခြင်း ဖြစ်သည်။

လျှိုမိသားစုကမူ အံ့ဖွယ်လက်နက်ရတနာများကြောင့် ကျော်ကြား၏။ သူတို့၏ ကိုးခုသွေးရုပ်သေးမန္တာန်သည် မန္တာန်များနှင့် လက်နက်ရတနာများကို တုန်လှုပ်ဖွယ်ကောင်းအောင် ပေါင်းစပ်နိုင်စွမ်း ရှိသည်။ ပြောကြသည်မှာ ၎င်းမန္တာန်ကို ဖန်တီးပြီးချိန်မှစ၍ တစ်ကြိမ်သာ အသုံးပြုရသေးသည် ဟူ၏။

သို့ရာတွင် အသုံးပြုခဲ့သော ထိုတစ်ကြိမ်က အလုံးစုံကောင်းကင်၏ အရှေ့ဘက် အစိတ်အပိုင်းမှ သက်ရှိအားလုံးနီးပါးကို မျိုးပြုတ်စေခဲ့သည် ဟူ၏။

ထိုမိသားစုကြီး သုံးစုက တစ်စုနှင့်တစ်စု ဆက်တိုက် တိုက်ခိုက်လျက် သူတို့မိသားစုများ၏ အသက်ဓာတ်ကို ထိန်းသိမ်းနိုင်ဖို့ငှာ ကြမ်းကြုတ်သောနည်းလမ်းကို အသုံးပြုကြသည်။ သို့ပေမည့် လူနည်းစုမွန်းစတားအိုအချို့သာ တကယ့်အမှန်တရားကို သိ၏။ ထိုအမှန်တရားမှာ ရှု၊ လု၊ လျှို မိသားစုသုံးစုသည် ရှောင်မိသားစု၏ အခွဲများ ဖြစ်နေခြင်းပင်။

ရှောင်မိသားစုသည် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းတွင် အားအကောင်းဆုံး မိသားစု ဖြစ်၏။ သူတို့သည် မိုးကြိုးကောင်းကင်ဘုံကျောင်းတောင်နှင့်ပင် ယှဉ်နိုင်ကြသည်။ တကယ်တော့ ထိုသတ်မှတ်ချက်များတွင် အရှင်လုဖူကို ထည့်မတွက်ထားပေ။

ရှောင်မိသားစုမှာ အိပ်ပျော်နေသော ကြောက်မက်ဖွယ်မွန်းစတားတစ်ကောင်နှင့် တူ၏။ နိုးထလာသည်နှင့် သည်မိသားစုက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းတစ်ခုလုံးကို လှုပ်ခါစေလိမ့်မည်။

ထို့အတွက်ကြောင့်လည်း ရှောင်မိသားစုကို ကိုယ်စားပြုသူ ရှောင်ယွမ်တန်သည် သူ၏ ကျင့်ကြံမှု မလုံလောက်သော်လည်း အရှင်လုဖူထံမှ တာအိုမန္တာန်ကို သင်ကြားနိုင်မည့် လေးဦးတွင် ရွေးချယ်ခံရခြင်းပင်။

အရှင်လုဖူက သွေးနတ်ဘုရား၊ လီယွမ်ဇီ၊ အရှင်မီးတောက်၊ ရှောင်ယွမ်တန်တို့ကို ရွေးချယ်ခဲ့ရာ၌ သူ့အဓိပ္ပာယ်နှင့်သူ ရှိပေသည်။

မွန်းစတားအိုအချို့ကြား၌ ကောလဟာလ တစ်ခုလည်း ရှိပေ၏။ ၎င်းမှာ ရှောင်မိသားစုနှင့် ဆက်နွှယ်နေသည်။ သို့ပေမည့် မည်သူကမျှ ထိုကောလဟာလမှာ အမှန်လား၊အမှားလား မသိပေ။ ဖြစ်နိုင်သည်မှာ အရှင်လုဖူကိုယ်တိုင်သာ သည်ကောလဟာလ သတင်းစကားကို အတည်ပြုပေးနိုင်မည့်ပုံပင်။

၎င်းကောလဟာလက ရှေးဟောင်းအချိန်တွေတုန်းက အမွေအနှစ်တစ်ခုကို ဆက်ခံရခဲ့သော ဆန်းကြယ်လွန်းသောမိသားစုတစ်စုသည် ရှောင်မိသားစုနှင့် ချိတ်ဆက်မှု ရှိသည် ဟူ၏။ သည်သတင်းစကား အရဆို ရှောင်မိသားစုသည် လူအများ နာမည်ပင် မသိရသော ဆန်းကြယ်သောမိသားစု၏ အခွဲတစ်ခု ဖြစ်သည် ဟူ၏။

ရှောင်မိသားစုက ထိုအလွန်တရာဆန်းကြယ်သော မိသားစု၏ ဝင်ပေါက်ကို စောင့်ကြပ်ပေးရသည် ဟူ၏။

ထိုရှေးဟောင်းကျင့်ကြံခြင်း မိသားစုသည် ကောင်းကင်ဘုံနယ်မြေ မပြိုလဲခင်ကတည်းက တည်ရှိခဲ့သည်။ သူတို့ ပိုင်ဆိုင်သော စွမ်းအားမှာလည်း အံ့မခန်း ဖြစ်သည်။

သူတို့သည် အတော်လေးလည်း လျှို့ဝှက်ဆန်းကြယ် ကြသည်။ ထိုမိသားစုမှ လူများသည် နှစ်ပေါင်းထောင်သောင်းချီ အတိတ်ကာလတုန်းကပင် ထွက်ပေါ်လာခဲသည်။ အတိတ်တုန်းက ဝမ်လင်း အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းတွင် ရှိခဲ့စဉ်၊ အရှင်လုဖူက မဟာမိတ်ကြယ်အဖွဲ့အစည်းကို တိုက်ခိုက်ဖို့ စစ်ပွဲ စတင် ချိန်ကပင် ထိုဆန်းကြယ်သောမိသားစုသည် လူတစ်ယောက်နှင့် အမိန့်တစ်ခုကိုသာ စေလွှတ်ခဲ့သည်။

ထိုအမိန့်သည် ကောင်းကင်ဘုံသားဟူသော အမည်နာမ ချီးမြှင့်ရန် ဖြစ်သည်။ စေလွှတ်ခဲ့သည့်သူကမူ လမြွေနဂါးမှ အဆီအနှစ်ကို ချိပ်ပိတ်ရန် ကြိုးစားခဲ့သော အဘိုးအို အရှင်ရီမူပင်။

တန်လင်းဂြိုဟ်ပေါ်မှ မိသားစုသုံးစုသည် ရှောင်မိသားစု၏ သွေးအမိန့်အောက်တွင် လှုပ်လှုပ်ရှားရှား ပြင်ဆင်နေကြ၏။ ဤအခိုက်အတန့်တွင် ဂြိုဟ်တစ်ခုလုံးသည် တိုက်ပွဲအတွက် အသင့်ဖြစ်နေကြလေပြီ။

မြေပြင်ထုသည် ရှေးအချိန်များတည်းက သွေးဖြင့် ရွှဲနစ်ခဲ့သည့်အလား နီဆွေးနေ၏။ သွေးနံ့သည် ထိုနေရာတွင် အချိန်ကြာမြင့်စွာ ကပ်ငြိတွယ်နေသည်။

သည်ဧရိယာတစ်ခုလုံးက လွှမ်းမိုးချောက်ချားဖွယ်အော်ရာကို ထုတ်လွှတ်နေ၏။

သည်ဂြိုဟ်၏ အရှေ့ဘက်ခြမ်းတွင် အတောမသပ်နိုင်သော အုတ်ဂူများနှင့် ပြည့်နေ၏။ အဖြူရောင်အရိုးများ၊ ပုတ်သိုးနေသော အသားစများလည်း ပြန့်ကြဲနေ၏။

သည်အရှေ့ဘက်ပိုင်း ဧရိယာတစ်ခုလုံးသည် ကြောက်မက်ဖွယ် သေခြင်းအော်ရာနှင့် ပြည့်နှက်နေသည်။ ထိုသေခြင်းအော်ရာသည် ကျင့်ကြံသူတစ်ယောက်၏ စိတ်ကို တုန်လှုပ်စေနိုင်သော ဝဲကတော့တစ်ခုအသွင် ဖြစ်ပေါ်နေသည်။

မရေမတွက်နိုင်သော စိတ်ဝိညာဉ်များ၏ ငြီးတွားသံများလည်း ရှိနေကာ ယင်းအသံများထဲ၌ မကျေမချမ်းမှုနှင့် ပြည့်နေ၏။

ဝမ်လင်းသည် အရင်က သည်နေရာသို့ တစ်ခေါက် ရောက်လာခဲ့ဖူး၏။ ယင်းနေရာမှာ အသက်ရှင်လျက် ရှိနေသော ရှောင်မိသားစုဘိုးဘေး တံခါးပိတ်ကျင့်ကြံသော နေရာပင်။

မြေကြီး အတွင်းဘက် ပိုရောက်လေလေ မြေကြီးထုသည် ပိုနက်မှောင်လာလေပင်။ သည်နေရာတွင် မည်သည့်သက်ရှိမှ ရှင်သန်နိုင်ခြင်း မရှိပေ။ ရှောင်မိသားစုဝင်များသည်ပင် အရေးတကြီး ကိစ္စမရှိပါက ဤနေရာသို့ မကြာမကြာ မလာကြပေ။

သူတို့ရောက်လာသည့်အကြိမ်တိုင်းတွင်လည်း သူတို့၏အသက်ဓာတ်များကို သည်နေရာရှိ မြေကြီးက စုပ်ယူသည်။ သည့်နောက် သူတို့ ပြန်ထွက်ခွာလာသည့်အခါတွင်မူ သူတို့သည် အတော်လေး အားနည်းသွားကြပြီး ချက်ခြင်း ကျင့်ကြံဖို့ လိုပေမည်။

ခုချိန်၌ ဝတ်စုံနက်အဘိုးအိုနှစ်ယောက်က သုန်မှုန်သည့်ဟန်အမူအရာဖြင့် ဖြည်းဖြည်းချင်း လျှောက်လှမ်းကာ သည်ဧရိယာ၏ အတွင်းနက်ပိုင်းသို့ ဝင်လာကြ၏။

သူတို့ထဲမှ တစ်ယောက်က လက်နှစ်ဖက်ကို တရိုတသေ ဆုပ်ကိုင်ကာ ပြောလိုက်၏။ “ဘိုးဘေး...သင် အမိန့်ပေးထားသလို အရာအားလုံးကို လုပ်ဆောင်ပြီးပါပြီ။ ကျနော်တို့ ဝမ်လင်း ရောက်လာမှာကို စောင့်ဖို့ပဲ လိုပါတော့တယ်...”

ထိုအဘိုးအို၏အသံက မြေပြင်ထဲသို့ ထွင်းဖောက်သွားကာ ပဲ့တင်ထပ်၏။ ယင်းအသံသည် မြေအောက်ရှိ ကျယ်ပြောသော လှိုဏ်ခေါင်းပေါက်ဧရိယာတစ်ခုထံသို့ ရောက်ရှိသွားသည်။

အကြည့်တစ်ချက်ဖြင့်ပင် ထိုမြေအောက်လှိုဏ်ခေါင်းဧရိယာသည် အဆုံးမရှိသည်ဟု ထင်ရပြီး များပြားလှသောဦးခေါင်းများနှင့် ပြည့်နှက်နေ၏။ သည်နေရာရှိ သေဆုံးခြင်းအော်ရာသည် အပြင်ဘက်ထက် မရေမတွက်နိုင်အောင် ပိုအားကောင်းသည်။

သည်လူသားဦးခေါင်းပင်လယ်၏ ဗဟိုချက်တွင်မူ ဦးခေါင်းမျှော်စင်တစ်ခု ရှိလို့နေ၏။ ထိုမျှော်စင်ပေါ်တွင် မြေဝါရောင်ခေါင်းတလားတစ်ခု ရှိသည်။ ထိုခေါင်းတလားထံမှ အဝါရောင်ပျစ်ပျစ်အရည်များ စီးကျနေသည်။ ထိုအရည်များက လူဦးခေါင်းများပေါ်သို့ တစက်စက်ကျကာ တရှဲရှဲအသံများကို ဖန်တီးလေ၏။

ဝတ်စုံနက်အဘိုးအိုတစ်ယောက်၏ အသံက ထိုနေရာသို့ ရောက်ရှိလာချိန်တွင် သေဆုံးခြင်းအော်ရာကြောင့် အတော်လေး အားနည်းလာခဲ့သည်။ ထိုအသံသည် ခေါင်းတလားအတွင်းသို့ ဝင်ရောက်သွား၏။ ခဏတာ ငြိမ်သက်တိတ်ဆိတ်သွားပြီးနောက် ကြမ်းရှရှအသံတစ်သံ ဖြည်းဖြည်းနှေးနှေး ထွက်ပေါ်လာသည်။

“အတိတ်တုန်းက ဒီကောင်လေးရဲ့ အသက်ဓာတ်ဟာ အတော်လေးကို ကောင်းမွန်ခဲ့တယ်။ ငါဟာ ဒီအသက်ဓာတ်ကို အတော်ကြာကြာ အရသာခံခဲ့ရတယ်။ သူ ကံကောင်းသွားတာက သူ့အသက်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ပေမယ့် မသေခဲ့တာပဲ...”

“မင်းတို့အားလုံး ပြန်သွားကြ။ အရှင်လုဖူက တစ်ဆိတ်ကိုတစ်အိတ်လုပ်နေတာပဲ။ ဒီကောင်လေးဟာ အဲ့အဆင့်ကို မရောက်သေးဘူး။ ဒီတော့ သူ့ကိစ္စဟာ ပြဿနာ မဟုတ်ပေဘူး...”

မြေကြီးထုသည် တုန်ယင်သွား၏။ ခေါင်းတလားအတွင်းမှ လူ၏ အသံသည် ပဲ့တင်ထပ်သည်။ သည်ဘိုးဘေး၏စကားများကို ကြားလိုက်ရသည့်နောက်တွင်တော့ အပြင်ဘက်မှ အဘိုးအိုနှစ်ယောက်သည် စိတ်သက်သာရာ ရသွားကြ၏။ ရှောင်ယွမ်တန် သယ်ဆောင်လာသော သတင်းကို ကြားခဲ့ရသည့်နောက် သူတို့က တုန်လှုပ်ခဲ့ရ၏။ သို့ပေမည့် သူတို့အတွက်မူ သူတို့ဘိုးဘေးက ကောင်းကင်တမျှပင်။

သူတို့ဘိုးဘေး ပြောသည့်စကားမှာ မည်သို့မှ မှားနိုင်လိ့မ်မည် မဟုတ်ပေ။

သို့ရာတွင် ရှောင်မိသားစုဘိုးဘေး အပါအဝင် မည်သူကမျှ သည်ဒေသ၌ အဖြူရောင်ပုံရိပ်တစ်ခု ပေါ်လာပြီး တန်လင်းဂြိုဟ်ထံ ဦးတည်လာနေသည်ကိုမူ သတိမပြုမိကြပေ။

ဝမ်လင်း ရောက်လာခဲ့လေပြီ။

ဝမ်လင်းက အစီအရင်များဖြင့် ဖုံးလွှမ်းကာ ဂြိုဟ်ငယ်ဒါဇင်ချီ ဝန်းရံထားသော တန်လင်းဂြိုဟ်ကို ကြည့်၏။ သူက အတိတ်တုန်းက သူ၏စီနီယာအစ်ကို ချင်းရွှေ၊ ရှောင်ယွမ်တန်တို့နှင့် လာခဲ့ဖူးသည်ကို ပြန်အမှတ်ရပေ၏။ အတိတ်တုန်းက သည်နေရာသို့ ဝမ်လင်းသည် မျှော်လင့်ချက်အပြည့်ဖြင့် ရောက်လာခဲ့ဖူးသည် မဟုတ်လား။

ဝမ်လင်း၏မျက်လုံးမှာ တဖြည်းဖြည်း အဆုံးစွန်ထိ အေးစက်လာလေ၏။

***

All Chapters