ဒီကိစ္စဟာ ပြဿနာမရှိဘူး…
Vol. 112 Ch. 1535
သည်ကိစ္စမှာ ပြဿနာမရှိပေ။
ထိုရိုးရှင်းသောစကားလုံးများက မိမိကိုယ်ကို ယုံကြည်မှုကို လှစ်ဟပြနေ၏။ သို့ပေမည့် ထိုယုံကြည်မှုအပြည့်ရှိသောလူမှာ သူ စကားပြောနေစဉ်မှာပင် ဝမ်လင်းရောက်လာသည်ကိုမူ သိပင်မသိပေ။
သူသာ သိခဲ့ပါက သူ့ပါးစပ်ကနေ ထိုရိုးရှင်းသောစကားလေးခွန်းကို ထွက်လာနိုင်စွမ်းပင် ရှိလိမ့်မည် မဟုတ်ပေ။
ဝမ်လင်းက တန်လင်းဂြိုဟ်နှင့် ပေထောင်သောင်းချီဝေးသောနေရာတွင် ရပ်နေ၏။ သူက ထျန်ယွမ်ဂြိုဟ်ထက် အဆများစွာ ကြီးမားသော သည်ဂြိုဟ်ကို စိုက်ကြည့်နေသည်။ သူ၏မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်မှာ သာ၍ ပြင်းထန်လာသည်။
အတိတ်တုန်းက သူသည် မဟာမိတ်ကြယ်အဖွဲ့အစည်းကနေ ထွက်လာခဲ့စဉ်က လီမူဝမ်ကို ကယ်တင်မည့် မျှော်လင့်ချက်တို့ဖြင့် ပြည့်နေခဲ့ဖူး၏။ သူက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းတွင် သတ်ဖြတ်မှုများစွာ ပြုလုပ်ပြီးနောက် အဆုံးသပ်မှာ မိုးကြိုးကောင်းကင်ဘုံသားဟူသော အမည်နာမကို ရရှိခဲ့သလို တန်လင်းဂြိုဟ်ပေါ်ရှိ ရှောင်မိသားစု၏ ကတိကဝတ်တစ်ခုကိုပါ ရလာခဲ့သည်။
အတိတ်တုန်းက ဝမ်လင်းသည် ထိုအင်အားတောင့်တင်းလှသော ရှောင်မိသားစုကြီး၏ ရန်သူတစ်ယောက်ဖြစ်လာရန် မလုပ်လိုခဲ့ပေ။ သူက လီမူဝမ်ကို နိုးထစေချင်ခဲ့ရုံမျှသာ။
သူ တန်လင်းဂြိုဟ်သို့ ရှောင်ယွမ်တန်နှင့် ပထမဆုံး ရောက်လာခဲ့စဉ်ကဆို ထိုမိသားစု၏ဘိုးဘေးနှင့် တွေ့ဖို့ မျှော်လင့်ချက် အပြည့်ရှိခဲ့၏။ သို့ပေမည့် ထိုဘိုးဘေးက ဉာဏ်များလှည့်ဖြားခဲ့ချေ၏။ သူက လီမူဝမ်ကို နိုးထရှင်သန်အောင် မလုပ်နိုင်ခဲ့သည်သာမက ဝမ်လင်း၏အသက်ဓာတ်အားလုံးကိုပါ ယူဆောင်ခဲ့သည်။
မရဏလက်ချောင်းပညာရပ်ကြောင့်သာ မဟုတ်ပါက ဝမ်လင်းသည် သေသွားခဲ့မည်မှာ အချိန်ကြာနေလောက်ပေပြီ။
ဝမ်လင်း၏ကျင့်ကြံမှုအဆင့် တိုးတက်လာခဲ့ပြီး လီမူဝမ်ကို ပြန်အသက်သွင်းနိုင်ဖို့မှ မည်မျှခက်ခဲလွန်းမှန်း သိလာခဲ့ပြီးနောက် ဝမ်လင်းသည် အတိတ်တုန်းက သည်ရှောင်မိသားစုဘိုးဘေး ပြောခဲ့သည်မှာ အလိမ်အညာတစ်ခုသာ ဖြစ်မှန်း သိရှိခဲ့ပြီး ဖြစ်၏။ ထိုသူက လီမူဝမ်ကို တကယ်တမ်း ပြန်အသက်ရှင်အောင် လုပ်နိုင်စွမ်း မရှိနေပေ။ ဝမ်လင်း ရှာတွေ့ခဲ့သော ကောင်းကင်ဘုံဖယ်ကျဉ်ခြင်းခေါင်းတလားကြောင့်သာ မဟုတ်ပါက လီမူဝမ်ကို ပြန်အသက်ရှင်အောင် လုပ်မည့် ဝမ်လင်း၏မျှော်လင့်ချက်သည်ပင် လုံးဝ ပျက်စီးသွားနိုင်လောက်သည်။
ထိုရှောင်မိသားစုဘိုးဘေး ထိုးသွင်းခဲ့သော အသက်ဓာတ်က လီမူဝမ်၏ စိတ်ဝိညာဉ်ကို ပို၍ပင် ထိခိုက်စေခဲ့သောကြောင့် ဖြစ်၏။
ထိုဘိုးဘေးက ဝမ်လင်း၏အသက်ဓာတ်ကို လုယူနေရင်း လီမူဝမ်ကိုပါ ဖျက်စီးပစ်ဖို့ ကြိုးစားခဲ့တာ ဖြစ်နေ၏။
သို့ပေမည့် အတိတ်တုန်းက ဝမ်လင်း၏ကျင့်ကြံမှုအဆင့်သည် လုံလောက်ခြင်း မရှိသည့်အတွက် သူက ထိုအချက်ကို လုံးဝ နားမလည်နိုင်ခဲ့ပေ။ အခုချိန်တွင်မူ သူသည် ရှောင်မိသားစုဘိုးဘေး၏ ထိုလုပ်ရပ်ကို ရှင်းလင်းစွာ မြင်နိုင်ခဲ့ပေပြီ။ သည့်အတွက်ကြောင့်လည်း သူ၏အမုန်းတရားမှာ ကြောက်မက်ဖွယ် ဖြစ်နေ၏။
ထိုဘိုးဘေးက လီမူဝမ်၏စိတ်ဝိညာဉ်ကို ပြန်အသက်မသွင်းနိုင်သည့်အပြင် ပိုဆိုးရွားသွားစေမည်ကို အစကတည်းက သိခဲ့ရမည်။ ဝမ်လင်းက ထိုသို့ဘာကြောင့် ဖြစ်ခဲ့ရသည်ကို သိလိုသည်။
ရှောင်မိသားစု၏ဘိုးဘေးက လီမူဝမ်ကို ကယ်တင်ပေးမည်ဟူသော အကြောင်းပြချက်ဖြင့် သူ၏အသက်ဓာတ်ကို ဘာကြောင့်များ လှည့်ဖြား ရယူခဲ့သနည်း။ ထိုအတွက် အကြောင်းရင်းတစ်ခု ရှိကိုရှိရပေမည်။
အတိတ်တုန်းကတော့ ဝမ်လင်းသည် သနားစရာအနေအထားဖြင့်သာ ထွက်လာခဲ့ရ၏။ သူ့အနေဖြင့် မေးခွန်းမေးရန်၊ ခုခံရန် အရည်အချင်း မရှိခဲ့သည့်အတွက် အံကြိတ်၍သာ သည်းခံခဲ့ရသည်။
သို့ပေမည့် ယနေ့တွင်မူ ဝမ်လင်းသည် ဒုတိယကြိမ်မြောက်အဖြစ် တန်လင်းဂြိုဟ်ကို လာရှာခဲ့ပြီ။ သူက ခုချိန်၌ အရာအားလုံးကို သိဖို့အတွက် အရည်အချင်း အပြည့်အဝ ရှိနေပေပြီ။
ဝမ်လင်း၏မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ်က ပိုပိုအားကောင်းလာနေ၏။ သူက ရှေ့သို့ ခြေလှမ်းလိုက်သည်။ တုန်ဟည်းသံများ ပဲ့တင်ထပ်သွားကာ သူသည် ခြေတစ်လှမ်းဖြင့်ပင် ပေထောင်သောင်းချီကို ဖြတ်သန်းသွားလေသည်။
တုန်ဟည်းသံများ ထွက်ပေါ်လာနေရင်း ဝမ်လင်းက တန်လင်းဂြိုဟ်နှင့် ပေတစ်သောင်းအကွာတွင် ပေါ်လာ၏။
ထိုကြယ်နယ်မြေသည် တုန်ခါကာ ဝမ်လင်းကို ဗဟိုပြု၍ လှိုင်းဂယက်များ ပျံ့နှံ့ကုန်သည်။
တုန်ဟည်းသံများက တန်လင်းဂြိုဟ်ကိုပါ တုန်ခါစေ၏။
တန်လင်းဂြိုဟ်ပတ်လည်ရှိ ဂြိုဟ်ငယ်များပေါ်တွင် ရှိနေသော ကျင့်ကြံသူထောင်ချီ၏ အမူအရာများသည် ပြောင်းလဲသွားသည်။ သူတို့သည် အထက်မှ ပြင်းထန်သောဖိအားကို ခံစားမိ၏။ ယင်းဖိအားသည် တန်လင်းဂြိုဟ်ပေါ်သို့ ရိုက်ချလာသည်။
ဂြိုဟ်၏အစီအရင်သည် အပြင်းအထန် လင်းလက်သည်။
ထိုအခိုက်အတန့်တွင် တန်လင်းဂြိုဟ်ပတ်လည်ရှိ ဂြိုဟ်ငယ်များပေါ်မှ ကျင့်ကြံသူများသည် သူတို့၏နှလုံးပြိုလဲသံကိုပင် ခံစားမိကုန်သည်။ အားတစ်ခုက သူတို့၏ခန္ဓာကိုယ်များထဲသို့ တိုးဝင်သည်။ သူတို့၏မူလစွမ်းအင်ကို အလျင်အမြန် လည်ပတ်စေ၏။ ထိုသို့မလုပ်ပါက သူတို့၏နှလုံးများမှာ တစစီဖြစ်သွားနိုင်သည့်နှယ်။
တန်လင်းဂြိုဟ်၏အပြင်ဘက်တွင် ရပ်နေရင်း ဝမ်လင်း၏မျက်လုံးများက လျှပ်စီးတန်းအလား။ သူ ပေါ်လာသည့်နောက်တွင် သူက ပါးစပ်ဟကာ စကားတစ်ခွန်းကို တည်ငြိမ်စွာ ဆိုသည်။
“ငါ ဘယ်သူလဲ သင် သိပါတယ်။ ခုချက်ခြင်း ထွက်လာခဲ့စမ်း...”
ဝမ်လင်း ထိုသို့ ပြောလိုက်သည်နှင့် ကြောက်မက်ဖွယ်ရာပဲ့တင်သံတစ်ခု ဖြစ်ပေါ်သည်။
ခုချက်ခြင်း ထွက်လာခဲ့စမ်း...။
ခုချက်ခြင်း ထွက်လာခဲ့စမ်း...။
ခုချက်ခြင်း ထွက်လာခဲ့စမ်း...။
ထိုစကားတစ်ခွန်းက နှစ်ပေါင်းတစ်ထောင်ကြာ ဖိနှိပ်ထားရသော ဝမ်လင်း၏ဒေါသကို လှစ်ဟပြနေသည်။ ရှောင်မိသားစုအပေါ် ဝမ်လင်း၏အမုန်းတရားသည် ပေါက်ကွဲထွက်လာလေ၏။
ရှောင်မိသားစုက သူ၏ မျှော်လင့်ချက် အထွတ်အထိပ်ရောက်နေစဉ်မှာ သူ့အပေါ်တွင် လှည့်ဖြားခဲ့၏။ သူတို့က လီမူဝမ်၏ ပြန်ရှင်သန်နိုင်မည့် အခွင့်အရေးကိုပါ ဖြတ်တောက်ပစ်ခဲ့သည်။ သူတို့က သူ့အပေါ်တွင်သာ လှည့်ဖြားခဲ့သည်မဟုတ် သေနှင့်ပြီးသော အားနည်းသည့်အမျိုးသမီးတစ်ယောက်အပေါ်တွင်ပါ အကြံအစည် ထားခဲ့ကြသည်။ ထိုအရာမှာ ဝမ်လင်း လက်ခံနိုင်သောအရာ မဟုတ်ပေ။
သူသည် ထိုအချက်ကို လက်မခံနိုင်ပေ။
ပဲ့တင်သံများ ကြယ်များကြားတွင် အရူးအမူး ပျံ့နှံ့၏။
ဝမ်လင်း၏စကားတစ်ခွန်းနှင့်အတူ သည်ကြယ်နယ်မြေတွင် မိုးကြိုးများ ပြည့်နှက်၏။ မျက်စိတစ်မှိတ်အတွင်း တန်လင်းဂြိုဟ်ပတ်လည်ရှိ ဟင်းလင်းပြင်သည် မိုးကြိုးငရဲတစ်ခု ဖြစ်လာတော့သည်။
ထိုစဉ်မှာပင် မရေမတွက်နိုင်သောမုန်တိုင်းများသည်လည်း ဒေါသပုန် ထလေပြီ။ ထိုမုန်တိုင်းများက ဝမ်လင်း၏ ကြောက်မက်ဖွယ် အမုန်းတရားကို ကိုယ်စားပြုချေ၏။
တန်လင်းဂြိုဟ်ပတ်လည်ရှိ ဂြိုဟ်ငယ်များပေါ်မှ အစီအရင်အလင်းသည် အပြင်းအထန် လင်းလက်သည်။ သို့ပေမည့် ထိုဂြိုဟ်များထဲမှ ကိုးလုံးသည် ရုတ်တရက် ပျက်စီးသွားရသည်။
အလုံးစုံကောင်းကင်၏ အရှေ့ဘက်ပိုင်းတွင်းမှ ကြယ်နယ်မြေများအားလုံး အနှံ့ မိုးကြိုးတုန်ဟည်းသံများ မြည်ဟည်းလျက် ပျံ့လွင့်ကုန်သည်။ ထိုဂြိုဟ်ကိုးလုံး ပျက်စီးသွားချိန်မှာ ယင်းတို့ပေါ်တွင် အခြေချနေထိုင်သော ကျင့်ကြံသူအားလုံးလည်း သေဆုံးကုန်သည်။
သည်ဂြိုဟ်ကိုးလုံးကို ထိန်းချုပ်နေသော အဘိုးအိုနှစ်ဆယ့်ခုနစ်ယောက်သည်ပင် တစ်စက်လေးပင် မခုခံနိုင်ကြဘဲ တုန်လှုပ်ကြောက်လန့်ခြင်းကြီးစွာဖြင့် သေဆုံးသွားရသည်။
သူတို့သည် ဝမ်လင်း၏ ဒေါသတကြီးအော်သံကနေ လွတ်မြောက်နိုင်မည့် စွမ်းပကား ရှိမနေခဲ့ကြပေ။
တန်လင်းဂြိုဟ်ပတ်လည်ရှိ ကျန်သည့်ဂြိုဟ်ငယ်များမှ ကျင့်ကြံသူထောင်ချီလည်း သွေးအန်လိုက်ရသည်သာ။ သူတို့၏နှလုံးသားများမှာ လှုပ်ခါနေပြီး ကြောက်လန့်မှုတို့ မြင့်တက်လာချေ၏။
ဝမ်လင်း၏ အော်သံ ပဲ့တင်ထပ်နေရင်း တန်လင်းဂြိုဟ်၏မျက်နှာပြင်ထက်တွင် အက်ကြောင်းများစွာ ပေါ်လာသည်။ မရေမတွက်နိုင်သော တောင်များ ပြိုလဲပျက်စီးသလို မြစ်ချောင်းများလည်း မြင့်တက်ကုန်၏။
တန်လင်းဂြိုဟ်၏ မြောက်ဘက်ပိုင်းတွင် ပင်လယ်တစ်ခု ရှိ၏။ သည်ပင်လယ်တွင် လှိုင်းများ မြင့်တက်လာရင်း ဝဲကတော့ကြီးတစ်ခု ဖြစ်ပေါ်သည်။ အော်ဟိန်းသံက ထိုပင်လယ်အတွင်းသို့ တရှိန်ထိုး ရိုက်ခတ်ရာ ပေတစ်သောင်းခန့် ဆူနာမီမုန်တိုင်းတစ်ခု ဖြစ်ပေါ်ကာ ကုန်းမြေထုကို နစ်မြုပ်ရန် တာဆူသည်။
တန်လင်းဂြိုဟ်၏ အရှေ့ဘက်စွန်းစွန်းတွင်လည်း ဝတ်စုံနက်နှင့်အဘိုးအိုနှစ်ယောက်က စိတ်အေးမိရုံ ရှိသေး ဝမ်လင်း၏အော်သံကြောင့် တုန်လှုပ်မိသွားသည်။ ထိုအသံကြောင့် သူတို့၏ခန္ဓာကိုယ်များ တုန်ယင်ကာ ပေနှစ်ထောင်ခန့် နောက်လွင့်ထွက်သွားသည်။ သူတို့သည် သွေးအန်လိုက်ရ၏။ သူတို့ထဲမှ တစ်ယောက်၏ခန္ဓာကိုယ်ဆို ပေါက်ကွဲထွက်သွားသည်။
ဝမ်လင်း၏ ဟိန်းအော်သံသည် မြေအောက်တွင်းထိ ရိုက်ခတ်၏။ မြေပြင်ထုသည် တုန်ခါလာကာ ဧရာမချောက်နက်ကြီးတစ်ခု ပေါ်လာသည်။ ထိုနေရာတွင် နှစ်ပေါင်းသောင်းချီ စုစည်းနေသော သေဆုံးခြင်းအော်ရာသည်ပင် နောက်လွင့်စင်ရလေ၏။
မြေအောက်အတွင်းမှ မြေဝါရောင်ခေါင်းတလားသည်လည်း တုန်ခါ၏။ ထို့နောက် ၎င်း၏ ခေါင်းတလား အဖုံးသည် အစိတ်စိတ်အမွှာမွှာ ဖြစ်သွား၏။
အဖုံး မရှိတော့သော ခေါင်းတလားအတွင်းမှ မာန်သွင်းအော်ဟစ်သံတစ်သံ ရုန်းကန်ကာ ထွက်ပေါ်လာ၏။ သွေ့ခြောက်သောလက်တစ်စုံသည် ခေါင်းတလားအတွင်းမှ လှမ်းထွက်လာပြီး ခေါင်းတလားအစွန်းကို ဖမ်းဆုပ်သည်။
မြေမျက်နှာပြင်ထက်တွင်မူ သွေးအန်လိုက်ရသော ဝတ်စုံနက်အဘိုးအိုကမူ အတိုင်းမသိကြောက်လန့်မှုနှင့် ပြည့်နေ၏။ သူက တွေဝေမနေဘဲ သူ့ညာလက်ဖြင့် ချိပ်ဟန်များကို အလျင်အမြန် ဖြစ်ပေါ်စေသည်။ အနက်ရောင်ကျောက်စိမ်းပြားတစ်ခု မြန်ဆန်စွာ ထွက်ပေါ်လာ၏။
“အစီအရင်ကို တည်ခင်းလိုက်၊ ဘယ်လိုပဲ ပေးဆပ်ရပါစေ ဒီလူ တန်လင်းဂြိုဟ်ထဲ ဝင်မလာနိုင်အောင် တားဆီးကြ...”
တန်လင်းဂြိုဟ်၏ တောင်၊အရှေ့၊ မြောက်အရပ်တို့မှ အစွမ်းထက်အော်ရာများ ထိုးထွက်လာ၏။ ကျင့်ကြံသူမြောက်များစွာ စုဝေးလာကြသည်။ အနည်းဆုံး သောင်းချီရှိလောက်၏။
မြောက်ဘက်ပိုင်းသည် လီမိသားစု၏ ဌာနေဖြစ်၏။ ကျင့်ကြံသူသောင်းချီသည် မြေပြင်ထက်တွင် ထိုင်ကာ ဧရာမအစီအရင်ကြီးတစ်ခုကို ဖြစ်ပေါ်စေသည်။ လေထဲတွင် ထိုင်နေသော အဘိုးအိုဆယ့်နှစ်ယောက်လောက်လည်း ရှိလို့နေ၏။ သူတို့က ချိပ်ဟန်များစွာကို အလျင်အမြန် ဖြစ်ပေါ်စေကာ သွေးများပင် ထွေးထုတ်နေသည်။ ထိုသွေးတို့က မြန်မြန်ဆန်ဆန် စုဝေးကာ ကြီးမားသည့် သွေးအရိပ်ကြီးတစ်ခု ပေါ်လာ၏။
တောင်ပိုင်းဧရိယာကတော့ ရှုမိသားစု၏ဌာနေ ဖြစ်၏။ ကျင့်ကြံသူသောင်းချီက သွေးအိုင်ကြီးတစ်ခုကို ဝန်းရံထားကြသည်။ ထိုသွေးကန်ထံမှ ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ် တလျှံလျှံ ထွက်ပေါ်နေ၏။ ထိုကျင့်ကြံသူများသည် ၎င်းသွေးကန်အတွင်းသို့ လှမ်းလျှောက်သွားလေ၏။
အရှေ့ဘက်ပိုင်းကမူ လျှိုမိသားစု၏ ဌာနေပင်။ သူတို့ကလည်း အုပ်စုခုနစ်ခု ဖွဲ့ကာ ကီလိုမီတာသောင်းချီကို သိမ်းပိုက်ထားသည်။ အုပ်စုတစ်ခုစီတွင် အဝါရောင်တောက်ပမှုကို ပေးနေသော ရတနာတစ်ခု ရှိနေ၏။
လူတစ်ယောက်သည် အထက်စီးမှ ကြည့်ပါက သူတို့သည် လျှိုမိသားစုတစ်စုလုံးသည် ဧရာမနေကြာပန်းပွင့်အသွင် ဖြစ်ပေါ်နေသည်ကို မြင်ရပေလိမ့်မည်။
တစ်ချိန်တည်းမှာ တန်လင်းဂြိုဟ်ပတ်လည်ရှိ ကျန်သည့်ဂြိုဟ်ငယ်များထံမှ အစီအရင်အလင်းသည်လည်း တလက်လက် လင်းလက်သည်။ ယင်းတို့သည် တန်လင်းဂြိုဟ်ကို မြန်ဆန်စွာ စတင်လှည့်ပတ်ပြီး တန်လင်းဂြိုဟ်ကို ဗဟိုပြုလျက် ဝဲကတော့ကြီးတစ်ခု ဖြစ်ပေါ်စေသည်။
ဝမ်လင်းသည် သူ့ရှေ့ရှိ အရာအားလုံးကို အေးစက်စက် ကြည့်နေ၏။ သူ့မျက်လုံးသည် တလက်လက် ဖြစ်နေသည်။ သူက ရှေ့သို့ ခြေလှမ်းလိုက်သည်။
“မင်း ထွက်မလာမှတော့ ငါက ဆွဲထုတ်ရတော့မှာပေါ့။ ငါ့ကို တားဆီးဝံ့တဲ့သူတိုင်း မင်းနဲ့အတူ သေရမယ်...”
***