အရှင်လုဖူ၏အမှား
Vol. 112 Ch. 1536
ဝမ်လင်းရှေ့သို့ လှမ်းလိုက်စဉ်တွင် တန်လင်းဂြိုဟ်ပေါ်မှ လုမိသားစုထံကနေ အမိန့်များ ထွက်ပေါ်လာ၏။
“အစီအရင်ဟာ ကောင်းကင်ဖြစ်လာစေ...”
“မိစ္ဆာကောင်းကင်ဘုံ ပိတ်ပင်ခြင်း...”
“အရပ်ရှစ်မျက်နှာ ဖိနှိပ်ခြင်း...”
ထိုအမိန့်များကို ပေးအပ်လာသည့်အခါ ဂြိုဟ်ငယ်များပေါ်မှ ကျင့်ကြံသူထောင်ချီသည် ချိပ်ဟန်များကို ဖြစ်ပေါ်စေကြ၏။ အလင်းခြုံလွှာတစ်ခု ပေါ်လာကာ တန်လင်းဂြိုဟ်ပတ်ပတ်လည်ကို လွှမ်းခြုံသည်။
လျှပ်တပြတ်အတွင်းမှာ ထိုအလင်းခြုံလွှာသည် အလွှာအထပ် တစ်ထောင်ကနေ တစ်သောင်း၊ တစ်သိန်း၊ တစ်သန်း၊ ဆယ်သန်းကနေ ကိုးဆယ့်ကိုးသန်းထိ တိုးပွားလာချေသည်။
ထိုအလင်းခြုံလွှာမှ အလင်းသည် ဟင်းလင်းပြင်ကို ထွင်းဖောက်ကာ အဘက်ဘက်သို့ ပျံ့နှံ့သည်။ ၎င်းက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၏ အရှေ့ဘက်ခြမ်းတွင် ပြည့်နှက်သည်။ အခြားနယ်မြေသုံးခုကနေပင် အရှေ့ဘက်ပိုင်းရှိ အားကောင်းသောအလင်းလွှာကို မြင်ရနိုင်၏။
အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းတစ်ခုလုံး ထိုအဖြစ်ကြောင့် တုန်လှုပ်ကုန်သည်။ ဂြိုဟ်များကို ဆွဲငင်ယူဆောင်နေသော ကျင့်ကြံသူများ၊ လှုပ်ရှားနေသော ကျင့်ကြံသူစစ်တပ်တို့သည် ဒီကြယ်အဖွဲ့အစည်း၏ အရှေ့ဘက်မှ ထွက်ပေါ်လာနေသော အလင်းကို တွေ့မြင်ကြသည်။
တန်လင်းဂြိုဟ်နှင့် အဝေးအရပ် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၏ စစ်ပွဲအတွက် အဓိကပြင်ဆင်နေသော နေရာ၌ ကျင့်ကြံခြင်းဂြိုဟ်ခြောက်ရာကျော်ကို စုစည်းလျက် အစီအရင်တစ်ခု ဖွဲ့စည်းထားသည်။ ထိုနေရာရှိ ဝဲကတော့အတွင်းနက်ပိုင်း၌ အရှင်လုဖူက အကွာအဝေးတစ်ခုသို့ လှမ်းကြည့်နေသည်။
သူ၏ဘေးတွင် အရှင်မီးတောက်၊ သွေးနတ်ဘုရား၊ လီယွမ်ဇီတို့သည် ဖြူရောသည့်ဟန်ပန်ဖြင့် ရှိနေကြသည်။ သူတို့သည် တန်လင်းဂြိုဟ်ထံမှ အဆုံးမဲ့ဟန် ထွက်ပေါ်နေသော အလင်းကို ခံစားမိရ၏။
“တန်လင်းဂြိုဟ်ဟာ ရှေးဟောင်းအချိန်တွေထဲက တည်ရှိခဲ့တာ။ ပြောကြတာက လုမိသားစုဟာ နှစ်ပေါင်းသောင်းချီပြီး အစီအရင်စိတ်ဝိညာဉ်တစ်ခုကို မြှင့်တင်ခဲ့ကြတယ်တဲ့။ အဲ့ဒီအစီအရင် အသက်ဝင်လာပြီး စိတ်ဝိညာဉ် ဝင်ရောက်လာတာနဲ့ ဒီအစီအရင်ရဲ့ စွမ်းအားဟာ တုန်လှုပ်ဖွယ်ရာ ကောင်းလိမ့်မယ်။ ဝမ်လင်းက ဒါကို ချိုးဖျက်နိုင်မလား ငါ သိချင်မိတယ်...”
“သူ့ ကျင့်ကြံမှုအဆင့်ဟာ ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတဲ့ အဆင့်ကို ရောက်နေလဲတော့ ငါ မသိဘူး။ ဒါပေမဲ့ တန်လင်းဂြိုဟ်ရဲ့ အစီအရင်ကို ချိုးဖျက်နိုင်ဖို့ကတော့ အချိန်တချို့ ယူရလိမ့်မယ်...”
“ဒီအစီအရင်ကို ငါ ချိုးဖျက်ရရင် အချိန်ဘယ်လောက် ယူရမလဲ...” အရှင်လုဖူသည် အကွာအဝေးတစ်ခုသို့ ကြည့်လိုက်၏။ သူ့စိတ်ထဲကနေလည်း သူ့အမေးကို သူ့ဟာသူ ပြန်ဖြေလိုက်သည်။
“အသက်အခါ နှစ်ဆယ်ရှုချိန်လောက်ဆိုရင်တော့ လုံလောက်ပြီ။ ဒီဝမ်လင်းကကော ဒီအစီအရင်ကို ချိုးဖျက်ဖို့ ဘယ်လောက် အချိန်ယူရမလဲ ငါ မြင်ချင်မိတယ်...”
အလင်းလွှာသန်းကိုးဆယ်ကျော်ကနေ ဖြစ်ပေါ်သည့် ဤအစီအရင်ကို ချိုးဖျက်ဖို့အတွက် အရှင်လုဖူမှာ အသက်အခါနှစ်ဆယ်ရှုချိန်ခန့် လိုအပ်ပေလိမ့်မည်။ ထိုအစီအရင်မှာ ဒုတိယအဆင့်ကျင့်ကြံသူများအတွက် အကန့်အသတ်သို့ ရောက်နေ၏။ ပဥ္စမကောင်းကင်ဘုံဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက်အတွက်ပင် သည်အစီအရင်ကို တစ်ကိုယ်တည်း ချိုးဖျက်ဖို့မှာ မဖြစ်နိုင်ချေ။
ဝမ်လင်း၏မျက်လုံးတို့မှာ တည်ငြိမ်နေ၏။ သူက သူ့ရှေ့ရှိ အလင်းခြုံလွှာကို အေးစက်စက် စိုက်ကြည့်နေသည်။ သူက နှာခေါင်းရှုံ့လိုက်၏။
“ဒါက နည်းနည်းတော့ စိတ်ဝင်စားစရာပဲ။ ဒါပေမဲ့ ဒီအဆင့်နဲ့ မလုံလောက်သေးဘူး...”
ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်၍ ကောင်းကင်ထက်သို့ ညွှန်လိုက်သည်။ သူ၏မျက်ခုံးနှစ်ခုကြားမှ ရှေးဟောင်းနတ်ဘုရားကြယ်ခုနစ်လုံးသည် လှည့်ပတ်လာ၏။ အားကောင်းသော ရှေးဟောင်းနတ်ဘုရားစွမ်းအင် သို့တည်းမဟုတ် ပို၍ တိတိပပ ဆိုရသော် ရှေးအမိန့်စွမ်းအင်သည် ဝမ်လင်း၏ခန္ဓာကိုယ်ထံမှ ပေါက်ကွဲထွက်လာသည်။
ထိုအော်ရာ ပေါ်လာသည်နှင့် ၎င်းက ဟင်းလင်းပြင်ကိုပါ တွန့်ခေါက်သွားစေသည်။ မရေမတွက်နိုင်သော ဟင်းလင်းပြင်အက်ကြောင်းများ ပေါ်လာချေ၏။ ဟင်းလင်းပြင်သည်ပင် ရှေးအမိန့်အော်ရာကို တောင့်မခံနိုင်သည့်နှယ်။
ရှေးအမိန့် ဟူသည် ရှေးဟောင်းနတ်ဘုရားများထက် သန်မာသော တည်ရှိမှု ဖြစ်သည် မဟုတ်လား။ အကြောင်းမှာ ရှေးဟောင်းနတ်ဘုရားများသည် ရှေးအမိန့်ကနေ ကွဲထွက်လာခြင်းကြောင့်ပင်။
ထိုအော်ရာ ပျံ့နှံ့လာသည်နှင့် ဝမ်လင်း၏နောက်တွင် ဧရာမတစ္ဆေပုံရိပ်တစ်ခု ပေါ်လာသည်။
ထိုတစ္ဆေပုံရိပ်သည် ဝေဝါးကာ မထင်ရှား၊ ဦးခေါင်းတစ်လုံးမျှသာ ဖြစ်နေ၏။ ထိုဦးခေါင်းတွင်လည်း ဘယ်ဘက်မျက်လုံး ကင်းမဲ့နေ၏။
ထိုဦးခေါင်းမှာ ကြီးမားလွန်းလှသည်။ ပြင်းထန်သောဖိအားတစ်ခုသည် အလုံးစုံကောင်းကင်၏ အရှေ့ဘက်ခြမ်းနယ်မြေတခွင်၌ ပျံ့နှံ့လာသည်။
ထိုအော်ရာ ပေါ်လာသည်နှင့် ၎င်းဖိအားကို ခံစားမိသော ကျင့်ကြံသူအားလုံး တုန်လှုပ်ကုန်၏။
အရှင်လုဖူသည် ထိုဧရာမဦးခေါင်းကြီးကို တွေ့မြင်သည့်အခါ သူ၏မျက်လုံးသူငယ်အိမ်ပင် ကြုံ့သွားပြီး သူ့မျက်လုံးထဲတွင် မယုံကြည်နိုင်မှုတို့ ပြည့်နှက်သည်။
“ဒါ...ဒါက ဒါက ဘာလဲ...။ ရှေးဟောင်းနတ်ဘုရားလား၊ ရှေးဟောင်းနတ်ဆိုးလား၊ ရှေးဟောင်းမိစ္ဆာလား...”
ရှေးအမိန့်၏ တည်ရှိမှုကို သိသောလူမှာ အလွန်နည်းပါးပေ၏။ တတိယအဆင့် ကျင့်ကြံသူ အရှင်လုဖူသည်ပင် ခုမှ သည်ရှေးအမိန့်တည်ရှိမှုကို ပထမဆုံး တွေ့မြင်ဖူးခြင်းပင်။
ဝမ်လင်း၏အမူအရာသည် တည်ငြိမ်နေ၏။ သူက သူ့ညာလက်ကို ပင့်မြှောက်လျက် ဖြည်းဖြည်းချင်း လက်သီးစုပ်သည်။ သူ့လက်ကို အောက်သို့ ပြန်ချလိုက်ရင်း သူသည် လက်သီးတစ်လုံးကို ထိုအလင်းခြုံလွှာထံသို့ ညင်သာစွာ ပစ်သွင်းလိုက်သည်။
“နတ်ဘုရား တုန်ဟည်းခြင်း...”
ဟင်းလင်းပြင်သည် တုန်ယင်သည်။ ဝမ်လင်း လက်သီးချက် ပစ်သွင်းလိုက်ချိန်တွင် ပုံရိပ်ယောင်လက်သီးတစ်လုံး ပေါ်လာကာ ရှေ့သို့ ပျံသန်းထွက်သွားသည်။ ထိုလက်သီးချက်မှာ ပေသောင်းချီ ကြီးမား၏။
ယင်းဧရာမလက်သီးချက်ကြီးက အလင်းလွှာကိုးဆယ့်ကိုးသန်းနှင့် ထိမိသွားလေပြီ။
လက်သီးချက် ကျရောက်လာချိန်၌ အလင်းခြုံလွှာသည် တုန်ဟည်းလာကာ တဖျပ်ဖျပ် တောက်ပသည်။ ကျယ်လောင်စွာ တုန်ဟည်းသံများသည် ကြယ်နယ်မြေတစ်ခုလုံးအနှံ့ ပဲ့တင်ထပ်သည်။
တစ်စက်လေးပင် ခုခံနိုင်စွမ်း မရှိဖြစ်ကာ အလင်းခြုံလွှာ အလွှာများသည် ပျက်စီး၏။ အလွှာပေါင်း သန်းသုံးဆယ်ကျော်၊ သန်းခြောက်ဆယ်၊ သန်းရှစ်ဆယ်၊ သန်းကိုဆယ်ထိ ပျက်စီးသွားတော့သည်။ ထိုအစီအရင်သည် ပြိုလဲကာ မြန်ဆန်စွာ ပျောက်ကွယ်လေ၏။
အလင်းလွှာများ ဆက်တိုက် ပျက်စီးနေသည်။ ထိုလက်သီးချက်ကို တစ်စက်လေးမှ ဟန့်တားနိုင်စွမ်း မရှိပေ။ အသက်ရှုချိန်တစ်ချိန်စာ အတွင်းမှာပင် သည်လက်သီးချက်က အလင်းလွှာပေါင်းကိုးဆယ့်ကိုးခုကို ထွင်းဖောက်သွားလေပြီ။
အစီအရင်သည် ပျက်စီးသွားစဉ် လည်ပတ်နေသော ကျင့်ကြံခြင်းဂြိုဟ် ဒါဇင်ချီကြောင့် ဖြစ်ပေါ်နေသော ဝဲကတော့တစ်ခု ပေါ်လာ၏။ အစီအရင်၏အစိတ်အပိုင်းများက ထိုဝဲကတော့ကို ထိမှန်သည်။ ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်၏။ အက်ကြောင်းမြောက်များစွာ ထိုဂြိုဟ်များပေါ်တွင် ပေါ်လာသည်။ ကြည့်ရသည်မှာ ယင်းတို့သည် အချိန်မရွေး ပျက်စီးသွားတော့မည့်နှယ်။
သို့ပေမည့် ထိုမျှနှင့် အဆုံးမသပ်သေးပေ။ ဝမ်လင်း၏ နတ်ဘုရားတုန်ဟည်းခြင်းမန္တာန်မှာ ရှေးအမိန့်အမွေအနှစ်ကနေ ရရှိခဲ့သော သူ၏ကြယ်ခုနစ်လုံးရှေးဟောင်းနတ်ဘုရားစွမ်းအားဖြင့် ဖန်တီးထားသည့် အစွမ်းထက် တိုက်ချက် ဖြစ်၏။
ထိုလက်သီးတိုက်ချက်အောက်တွင် သည်အစီအရင်မှာ စက္ကူစတစ်ခုအလား ဖြစ်ရပေမည်။ ၎င်းအစီအရင်သည် လက်သီးချက်စွမ်းအား၏ ဆယ်ရာခိုင်နှုန်းကိုပင် ချေဖျက်နိုင်စွမ်း မရှိခဲ့ပေ။
ကြယ်ခုနစ်လုံးရှေးဟောင်းနတ်ဘုရားတစ်ပါး၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားသည် တတိယအဆင့်ကျင့်ကြံသူများဖြင့်ပင် နှိုင်းယှဉ်နိုင်၏။ ထို့အတွက်ကြောင့် သည်တန်လင်းဂြိုဟ်လေးက မည်သို့များ ခုခံနိုင်ပါ့မည်နည်း။
မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်နေရင်း ပုံရိပ်ယောင်လက်သီးချက်သည် တန်လင်းဂြိုဟ်ပတ်လည်ရှိ ဝဲကတော့နှင့် ထိပ်တိုက်တွေ့သည်။ ဝဲကတော့သည် ပေါက်ကွဲထွက်သွား၏။
ဝဲကတော့ကို ဖြစ်ပေါ်စေသော ကျင့်ကြံခြင်းဂြိုဟ်ဆယ့်နှစ်ခုလုံးကျော်မှာလည်း တုန်ခါ၏။ ဂြိုဟ်ဆယ်လုံးကျော်၏ မျက်နှာပြင်ထက်တွင် ကြီးမားသော ချိုင့်နက်ကြီးများ ဖြစ်ကာ ၎င်းတို့က ကျိုးပျက်မည့် အရိပ်အယောင် ပြသလာသည်။ ခဏအကြာတွင် ယင်းဂြိုဟ်အားလုံး တစစီ ပျက်စီးကုန်သည်။
ထိုဂြိုဟ်များပေါ်ရှိ ကျင့်ကြံသူများစွာသည်လည်း ဂြိုဟ်များနှင့်အတူ ပျက်စီးကုန်သည်။ အစီအရင်ကို ထိန်းသိမ်းထားသော အစွမ်းထက်အကြီးအကဲများသည်ပင် ထွက်ပြေးနိုင်စွမ်းမရှိ ဖြစ်ရ၏။ ဂြိုဟ်များနှင့်အတူ သူတို့၏တည်ရှိမှုမှာ ဖျက်သိမ်းခံလိုက်ရချေသည်။
ဝမ်လင်း၏လက်သီးချက်က ဝဲကတော့အတွင်းသို့ တိုးဝင်လာပြီး တန်လင်းဂြိုဟ်ပေါ်သို့ ဦးတည်သည်။
သူ့ ပထမဆုံးလက်သီးချက် ရှေ့သို့ ရွှေ့လျားနေရင်း သူ၏လက်သီးချက်နှင့် ထိပ်တိုက်တွေ့သော ကျန်သည့်ဂြိုဟ်များမှာလည်း တစ်လုံးပြီးတစ်လုံး ပျက်စီးသည်။
ဝမ်လင်း၏ လက်သီးချက်က တန်လင်းဂြိုဟ်ပေါ်သို့ ကျရောက်လာခါနီးတွင် ဂြိုဟ်၏ မြောက်ဘက်ပိုင်းမှ လုမိသားစုထံကနေ စူးစူးဝါးဝါးအော်သံတစ်သံ ထွက်ပေါ်လာ၏။ တစ်ချိန်တည်းမှာ လုမိသားစု၏ အကြီးအကဲအဘိုးအိုများကို ဝန်းရံထားသော ကျင့်ကြံသူထောင်ချီသည်လည်း သွေးအန်ထုတ်သည်။ ထိုအဘိုးအိုတို့၏ ခန္ဓာကိုယ်များသည် စတင် ဖောင်းကြွလာသည်။
ခဏအကြာတွင် ထိုအကြီးအကဲများ၏ ခန္ဓာကိုယ်များသည် သွေးလုံးများကဲ့သို့ ဖြစ်လာ၏။ သူတို့၏ အဝတ်အစားများသည် စုတ်ပြဲကုန်သည်။ သူတို့၏အရေးပြားအောက်မှ သွေးကြောများကိုပါ မြင်နိုင်ပေမည်။
“သွေးစတေးခြင်း...အစီအရင် စိတ်ဝိညာဉ်...သိပ်သည်းဖွဲ့စည်းစေ...”
ထိုစကားလုံးများ ပဲ့တင်ထပ်လာသည့်အခါ အဘိုးအိုဆယ့်နှစ်ယောက်ကျော်သည် သွေးမြူများအဖြစ် ပေါက်ကွဲထွက်ကာ စုဝေးသည်။ ထိုသွေးမြူများထံမှ ဟိန်းအော်သံတစ်သံ ထွက်ပေါ်လာ၏။ ထို့နောက်တွင်မူ သွေးအရိပ်တစ်ခုသည် ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။
သွေးအရိပ်သည် မပီဝိုးတဝါးဖြစ်နေသည့်အတွက် ၎င်း၏ပုံပန်းသွင်ပြင်ကို မြင်ရဖို့မှာ မဖြစ်နိုင်ပေ။ သို့ပေမည့် ၎င်း၏ခန္ဓာကိုယ်ထံမှ အစွမ်းထက်အတားအဆီးအော်ရာတစ်ခု ထွက်ပေါ်လို့နေသည်။
ထိုအခိုက်အတန့်တွင် တန်လင်းဂြိုဟ်၏ မြောက်ဘက်ပိုင်းသည် နက်မှောင်နေ၏။ အလင်းအားလုံးကို ဧရာမလက်သီးကြီးက အစားထိုးထားသည့်နှယ်။ ဝမ်လင်း၏လက်သီးချက်သည် တန်လင်းဂြိုဟ်အထက်သို့ ဆင်းသက်လာခဲ့ပြီးပင်။
သွေးအရိပ်က ထိုလက်သီးချက်ထံ တိုးဝင်လာ၏။
သည့်နောက်တွင် ဝမ်လင်း၏ရှေးအမိန့်လက်သီးချက်နှင့် ၎င်းအရိပ်တို့သည် ထိပ်တိုက်တွေ့တော့သည်။
ပြင်းထန်သော တုန်ခါမှုများ တန်လင်းဂြိုဟ်အနှံ့တွင် ပဲ့တင်ထပ်သည်။ ၎င်းက အဘက်ဘက်သို့ ပျံ့နှံ့ကုန်သည်။ သို့ပေမည့် ထိုတုန်ခါမှု မပျောက်ကွယ်သေးခင်မှာပင် သွေးအရိပ်က ကောင်းကင်ယံမှ ရွာသွန်းလာသော သွေးမိုးများအဖြစ်သို့ ပေါက်ကွဲထွက်လေ၏။
ထိုသွေးမိုးက မြေပြင်ကို မထိမှန်ခင်မှာ ဝမ်လင်း၏ရှေးအမိန့်လက်သီးချက်က ၎င်းကို ကျော်လွန်လျက် တန်လင်းဂြိုဟ်၏ မြောက်ဘက်ပိုင်းပေါ်သို့ ကျရောက်သွားတော့သည်။
ဂြိုဟ်တစ်ခုလုံး တုန်ခါကာ မြောက်ဘက်ပိုင်း မြေပြင်ထုသည် တစ်လွှာချင်း ပျက်စီး၏။ ကျင့်ကြံသူတစ်သောင်းနီးပါးလည်း သေဆုံးကုန်သည်။ ပေသောင်းချီကျယ်ပြောသော ဧရာမတွင်းပေါက်ကြီးတစ်ခု ပေါ်လာ၏။
ထိုတွင်းပေါက်က တန်လင်းဂြိုဟ်၏ အောက်ဘက် ခြောက်ဆယ်ရာခိုင်နှုန်းထိ ဆင်းသက်သွားသည်။ ထိုတွင်းပေါက်သည် လုံးဝ နက်မှောင်ကာ သွေးနံ့ကိုသာ ပေးစွမ်း၏။ တန်လင်းဂြိုဟ်သည် မပေါက်ကွဲသွားသေးသော်လည်း ပို၍ အပြင်းအထန် ပျက်စီးလေပြီ။ ပင်လယ်ပြင်ထုက လေထဲသို့ ကြွတက်ကာ တစ်ဝက်က ထိုတွင်းနက်ထဲ ပြန်ကျဆင်းပြီး ကျန်တစ်ဝက်က မိုးစက်များအလား တန်လင်းဂြိုဟ်အနှံ့သို့ ကျဆင်းသည်။
သိပ်မကြာခင်တွင် ဝမ်လင်း၏လက်သီးချက်ကြောင့် ဖြစ်ပေါ်လာသော တွင်းပေါက်က ပင်လယ်ပြင် ဖြစ်လာတော့၏။ အထက်စီးမှ ကြည့်ပါက လက်သီးရာတစ်ခု ရှင်းလင်းစွာ ရှိနေသည်ကို မြင်နိုင်ပေမည်။ သေမျိုးတစ်ယောက်က ရွှံ့နွံထဲ လက်သီးထိုး၍ အရာထင်စေသည့်ပုံစံမျိုး ဖြစ်နေသည်။
အသက်ရှုချိန် ရှစ်ကြိမ်စာ ကြာချိန်။
ဝမ်လင်းလက်သီးချက် ပစ်လွှတ်လိုက်သည်မှစ၍ အလင်းခြုံလွှာပျက်စီးဖို့၊ ဂြိုဟ်ငယ်များ ကြေမွသွားဖို့၊ လုမိသားစုကို မျိုးဖြုတ်ပစ်ဖို့၊ ဧရာမတွင်းနက်ကြီး ပေါ်လာဖို့မှာ အသက်ရှုချိန် ရှစ်ကြိမ်စာမျှသာ ကြာမြင့်လိုက်ပေသည်။
အရှင်လုဖူသည် ဝဲကတော့အတွင်းမှ ရုတ်တရက် မတ်တပ် ထရပ်သည်။ သူ၏မျက်လုံးထဲတွင် တုန်လှုပ်မှုတို့ ပြည့်နေ၏။ သူက ဝမ်လင်းကို အကဲဖြတ်ရာ၌ ကြီးကြီးမားမား မှားခဲ့ပြီကို သိလိုက်တော့သည်။
“သူဟာ တတိယအဆင့်ကိုတောင် မရောက်သေးဘူး။ ဒါတောင် သူ့ရဲ့ လက်သီးစွမ်းအားဟာ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေပြီ။ အသက်ရှုချိန် ရှစ်ခါစာ၊ ရှစ်ခါစာ...”
အရှင်လုဖူသည် လေအေးတစ်ချက် ရှိုက်သွင်းမိ၏။ သူ ဝမ်လင်း သူ့တပည့်ကို ကာကွယ်မှုပေးရန် ချန်ထားခဲ့သော မိုးဓားကို တွေ့မြင်ခဲ့စဉ်က အတွေးများလည်း အခု သူ့ထံ၌ မရှိတော့ပေ။ သူ့စိတ်ထဲရှိ ဝမ်လင်း၏အဆင့်အတန်းသည် များစွာ တိုးတက်လာခဲ့ပြီ။ ဝမ်လင်းသည် သူနှင့် ဘက်တူသည့်အဆင့်သို့ ရောက်နှင့်နေခဲ့ပြီးဟု အရှင်လုဖူ ထင်မြင်မိတော့၏။
***