ရှေးအင်ပါယာအမိန့်
Vol. 112 Ch. 1537
ဂြိုဟ်တစ်ခုလုံးသည် ပင်လယ်ရေများမှ သွန်းဖြိုးသော မိုးစက်များနှင့် ဖုံးလွှမ်းကုန်သည်။ မိုးစက်များသည် မြေပြင်ထက်သို့ ကျဆင်းကာ ဖြည်းဖြည်းချင်း ပျံ့နှံ့လျက် မြစ်များ ဖြစ်ပေါ်လာကြသည်။
လက်သီးတစ်ချက်၏စွမ်းအားက တန်လင်းဂြိုဟ်ပေါ်ရှိ တောင်များအားလုံးကို တစစီ ဖြစ်သွားစေခဲ့၏။ ဖြစ်ပေါ်လာသော အက်ကြောင်းများမှာလည်း ပင်လယ်ရေများအတွက် လမ်းကြောင်းများသဖွယ် ဖြစ်လာကြပြီးနောက် မြစ်များ ပေါ်လာသည်။
ရှေးအမိန့် နတ်ဘုရားတုန်ဟည်းခြင်း မန္တာန်သည် မြေပြင်ထုကို တုန်ခါစေရုံသာမက လူများ၏ စိတ်နှလုံးကိုပါ တုန်ယင်စေသည်။
တန်လင်းဂြိုဟ် တောင်ဘက်ပိုင်းရှိ ရှုမိသားစုမှာ တုန်လှုပ်နေ၏။ သူတို့၏မျက်လုံးထဲတွင် အလွန်အမင်း ထိတ်လန့်မှုနှင့် မျှော်လင့်ချက်မဲ့မှုတို့ ကြီးစိုးနေပြီ။
ရှုမိသားစု၏ခေါင်းဆောင်နှင့် အကြီးအကဲများအားလုံးလည်း တုန်လှုပ်ခြင်းကြီးစွာ ဖြစ်ပေါ်နေ၏။
“ဒါ...ဒါက ဘယ်လိုစွမ်းအားမျိုးလဲ...”
“ရှေးဟောင်းအစီအရင်က တစ်စက်လေးတောင် ဒီလက်သီးချက်ကို ရပ်တန့်နိုင်စွမ်း မရှိခဲ့ဘူး။ ကျင့်ကြံခြင်းဂြိုဟ်အားလုံးလည်း ပျက်စီးကုန်ပြီ။ ရှေးအချိန်တွေထဲက တည်ရှိခဲ့တဲ့ တန်လင်းဂြိုဟ်တောင် တုန်ခါနေရတယ်...”
ထိုလက်သီးချက်၏ စွမ်းအားမှာ သူတို့ မျှော်လင့်ထားသည်ထက် ပိုလွန်နေ၏။ ယင်းလက်သီးချက်၏စွမ်းအားမှာ တတိယအဆင့်ကျင့်ကြံသူများ၏ နယ်ပယ်သို့ ရောက်နှင့်နေခဲ့သည်။
ဂြိုဟ်၏ အရှေ့ဘက်ပိုင်းမှ လျှိုမိသားစုသည်လည်း ကောင်းကင်ထက်မှ ကျဆင်းလာသော လက်သီးချက်ကို မျက်မြင် တွေ့ခဲ့ကြ၏။ တန်လင်းဂြိုဟ် တုန်ခါသည်ကို လက်တွေ့ကြုံရသည်။ လုမိသားစု ဖျက်စီးခံရသည်ကိုလည်း ကိုယ်တိုင်ကိုယ်ကျ မြင်ရသည်။
သူတို့အားလုံးသည် ဆွံ့အံကုန်ကြသည်။ “တန်လင်းဂြိုဟ်ဟာ ဒီလိုလက်သီးချက်မျိုး နောက်ထပ်တစ်ချက်ကို တောင့်ခံနိုင်ပါ့မလား...”
တန်လင်းဂြိုဟ်၏ အနောက်ဘက်ခြမ်းတွင်မူ ရှောင်မိသားစုမှ လူများသည် သူတို့၏ဘိုးဘေး ရှိနေသောနေရာကို ဝန်းရံထားကြ၏။ သူတို့သည် ကောင်းကင်ထက်သို့ စိုက်ကြည့်နေသည်။ မိုးစက်များက သူတို့၏ခန္ဓာကိုယ်များပေါ်သို့ ကျဆင်းနေသည်။ သူတို့၏စိတ်နှလုံးမှာ ကြောက်ရွှံ့မှုကြောင့် တုန်ခါနေ၏။
ရှောင်ယွမ်တန်သည် ဖြစ်ပျက်သမျှကို မင်သက်ကြောင်ရီစွာ စောင့်ကြည့်နေရင်း ခါးသီးမှုတို့ ပြည့်နှက်နေ၏။ သူ့အဖို့ စကားတစ်လုံးပင် မဟနိုင် ဖြစ်ရသည်။
ထိုမြင်ကွင်းသည် ခုချိန်၌ အလွန်တရာ တုန်လှုပ်ဖွယ်ရာ ကောင်းလှ၏။ စိတ်ကူးနိုင်သည်ထက်ပင် ကျော်လွန်နေသည်။ ထိုကဲ့သို့ စွမ်းအားကို ရင်ဆိုင်ရသည့်အခါ သူတို့သည် မည်သို့များ တိုက်ခိုက်နိုင်ပါ့မည်နည်း။ မည်သို့များ ခုခံနိုင်ပါ့မည်နည်း။
လျှိုမိသားစု၏ ခေါင်းဆောင်၊ အကြီးအကဲများနှင့် ကျင့်ကြံသူတစ်သောင်းနီးပါးသည် အနောက်ဘက်သို့ လှမ်းကြည့်နေ၏။
တောင်ဘက်ခြမ်းမှ ရှုမိသားစုသည်လည်း အလားတူပင်။ သူတို့၏အကြည့်များက အနောက်ဘက်သို့ စုဝေးကျရောက်နေ၏။ အနောက်ဘက်ရှိ ရှောင်မိသားစုဝင်များသည်လည်း အတူတူပင်။ မည်သူက စကြည့်လိုက်မှန်း မသိရဘဲ သူတို့အားလုံးက သူတို့၏ဘိုးဘေး တံခါးပိတ်ကျင့်ကြံနေသော နေရာသို့ လှမ်းမျှော်ကြည့်နေလေ၏။
သူတို့သည် ဘိုးဘေး၏ တိုက်ခိုက်ရမည်လား၊ နောက်ဆုတ်ရမည်လားဟူသော အမိန့်ကို စောင့်နေသည်။ သူတို့က သူတို့၏ဘိုးဘေးထံမှ ထိုစကားများ ထွက်မလာခင်မှာပင် မိုးထဲ၌ အဖြူရောင်ပုံရိပ်တစ်ခုကို တွေ့မြင်လိုက်ရသည်။
တန်လင်းဂြိုဟ်သည် ဝမ်လင်း၏ရှေ့၌ ၎င်းတို့၏ခုခံမှုအားလုံး ဆုံးရှုံးနေရသည်။ ဝမ်လင်းသည် ကောင်းကင်ထက်၌ ပေါ်လာပြီး သူ၏အကြည့်က အနောက်ဘက်သို့ မြဲမြံစွာ ကျရောက်သည်။
“ခေါင်းတလားထဲက ခုထိ မထွက်လာသေးဘူးလား...” ဝမ်လင်း၏အသံမှာ တည်ငြိမ်၏။ သူ့အသံသည် ဒီနေရာရှိ ကျင့်ကြံသူအားလုံး၏ နားထဲသို့ တိုးဝင်သွားသည်။ ၎င်းက ထိုကျင့်ကြံသူများအားလုံးအပေါ်တွင် မမြင်ရသောဖိအားတစ်ခုကို ဖန်တီးသည်။
“သေတဲ့ထိ တိုက်ခိုက်ကြ...” ခပ်ရှရှခပ်ဩဩအသံတစ်ခုသည် ရှောင်မိသားစုဘိုးဘေး တံခါးပိတ်ကျင့်ကြံနေသော နေရာမှ ထွက်ပေါ်လာသည်။ ထိုအသံထဲ၌ အတိုင်းမသိ ကြောက်လန့်မှုနှင့် ရူးသွပ်မှုတို့ ပြည့်နှက်သည်။
သူ ထိုသို့ ပြောလိုက်ပြီးသည့်နောက် ရှောင်မိသားစုဝင်အားလုံး၏ မျက်လုံးတို့မှာ ချင်းချင်းနီရဲလာကာ ဝမ်လင်းထံ တိုးဝင်လာကုန်သည်။ သူတို့သည် ရူးသွပ်သွားသည့်နှယ်။ သူတို့၏ အသိစိတ်များ ဖယ်ရှားခံရပြီး သတ်ဖြတ်လိုစိတ်အပြည့်က အစားထိုး ဝင်ရောက်သွားသည့်အလားပင်။
တောင်ဘက်ခြမ်းမှ ရှုမိသားစုလည်း ရှိသေး၏။ ကျင့်ကြံသူတစ်သောင်းနီးပါးသည် ရူးသွပ်သွားကြလေပြီ။ သူတို့သည် လေထဲသို့ ပျံသန်းတက်ကြ၏။
အရှေ့ဘက်ခြမ်းမှ လျှိုမိသားစုမှ ကျင့်ကြံသူအားလုံးကလည်း သူတို့၏ရတနာလက်နက်များစွာကို ထုတ်ဖော် အသုံးပြုသည်။ ကြောက်မက်ဖွယ် အလင်းတန်းများ ကောင်းကင်ထက်သို့ ထိုးတက်ကုန်၏။ သူတို့သည် ဝမ်လင်းထံ တိုးဝင်လာကြသည်။
လျှိုမိသားစုဝင်အားလုံးသည် သူတို့၏ရတနာများကို အသုံးပြုပြီးနောက် ထိုင်ချလိုက်ကြသည်။ သူတို့သည် ချိပ်ဟန်များစွာကို ဖြစ်ပေါ်စေပြီး မန္တာန်သံရွတ်သံများ ပဲ့တင်ထပ်သည်။
“သွေးရုပ်သေးမန္တာန်...” ကျင့်ကြံသူတစ်သောင်းနီးပါး၏ မန္တာန်ရွတ်သံများသည် အသံတစ်ခုတည်းအဖြစ်သို့ ပေါင်းစည်းကာ ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။ ထို့နောက်တွင် ထူးဆန်းသော ပန်းရနံ့တစ်ခုသည် သူတို့၏ခန္ဓာကိုယ်များထံမှ ထွက်ပေါ်လာသည်။
ထိုပန်းရနံ့ ပေါ်လာသည့်အခါ ဧရာမအဝါရောင်နေကြာပန်းတစ်ပွင့် မြေပြင်ထက်တွင် ပေါ်လာ၏။ ထိုပန်း၏ အနားအစွန်းသပ်များသည် ရွှေရောင်ရှိ၏။ အလယ်အူတိုင်ကမူ အနက်ရောင် ဖြစ်သည်။ မြောက်များစွာသော ပန်းမျိုးစေ့များကိုလည်း မြင်ရနိုင်၏။
သို့ရာတွင် ဝမ်လင်းသည် ထိုအစေ့အဆန်များသည် ကျင့်ကြံသူသောင်းချီ၏ ဦးခေါင်းများ ဖြစ်သည်ကို ရှင်းလင်းစွာ မြင်သည်။
ထိုအခိုက်အတန့်တွင် မန္တာန်ရွတ်သံသည် ပိုပြင်းထန်လာ၏။ သွေးကြောင်းတစ်ခုက သူတို့၏လည်တိုင်များပေါ်တွင် ပေါ်လာသည်။ သိပ်မကြာခင်တွင် အနီရောင်လင်းလက်ကာ သူတို့၏ဦးခေါင်းများသည် ခန္ဓာကိုယ်နှင့် ချိတ်ဆက်မှု ပြတ်တောက်သည်။ သွေးမြောက်များစွာ ပန်းထွက်လျက် မန္တာန်နှင့် ပေါင်းစပ်ကာ ပြင်းထန်သောအားတစ်ခုကို ဖန်တီးသည်။
ဧရာမနေကြာပန်းက သွေးနီရောင် ရောယှက်သော ရွှေရောင်အလင်းတစ်ခုကို ထုတ်လွှတ်လာ၏။ ၎င်းက မြေပြင်ထက်မှ ပျံသန်းထွက်ကာ ဝမ်လင်းထံ ဦးတည်သည်။
အဝေးမှ ကြည့်ပါက ဧရာမအလင်းတိုင်လုံးကြီးတစ်ခုက ဝမ်လင်းထံသို့ ဦးတည် တိုးဝင်လာသည့်နှယ်။
ထိုအလင်းတိုင်လုံးထံမှ အဖျက်အစီးအားတစ်ခု မြန်ဆန်စွာ ပေါက်ကွဲထွက်နေ၏။ ထို့နောက်တွင် ခေါင်းပြတ်အရိပ်တစ်ခုသည် ထိုအလင်းထဲ၌ ဝိုးတဝါးပေါ်လာသည်။ ထိုအရိပ်မှာ ချပ်ဝတ်တစ်ခုကို ဝတ်ဆင်ထားကာ လှံတစ်လက် ကိုင်ဆောင်ထားသည်။
ယင်းစွမ်းအားသည် အမည်မသိနည်းလမ်းမှ တဆင့် ပဉ္စမကောင်းကင်ဘုံဒုက္ခအဆင့် ကျင့်ကြံသူများ၏ အကန့်အသတ်ကိုပါ ဖိနှိပ်လျက် တတိယအဆင့်ကျင့်ကြံသူများ၏ အပူဇော်ခံမီးတောက်စွမ်းအားနှင့် နီးနီးစပ်စပ် ဖြစ်လာသည်။
ယင်းအလင်းတိုင်လုံးထံမှ အော်ရာသည် နိဗ္ဗာနလေဟာနယ်အစောပိုင်းအဆင့် တတိယအဆင့်ကျင့်ကြံသူတစ်ယောက်၏ အော်ရာနှင့် အတော်လေး နီးကပ်နေပေပြီ။ ထိုသို့ဖြစ်ရခြင်းမှာ သည်အလင်းအတွင်းမှ ခေါင်းပြတ်အရိပ်ကြောင့်ပင်။
ဝမ်လင်းသည် ရုတ်တရက် လှည့်လိုက်၏။ သူ၏ လျှပ်စီးတန်းအလားအကြည့်က ဝေ့ခတ်ကျရောက်သည်။ သူသည် ခေါင်းပြတ်အရိပ်ကို မြင်သည်။ ထိုအလင်းတိုင်လုံးမှာ မြန်လွန်း၏။ ခုချိန်၌ ၎င်းသည် ဝမ်လင်းနှင့် ပေသုံးဆယ်ပင် မလိုတော့ပေ။
ဝမ်လင်းအဖို့ ရှောင်ဖို့ အခွင့်အရေးကို မပေးတော့သည့်အလား။
သို့ပေမည့် ဝမ်လင်းမှာ ရှောင်ဖို့ စိတ်ကူး မရှိပေ။ သူ၏မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက သူ့ညာလက်ကို ပင့်မြှောက်လိုက်သည်။ အလင်းတိုင်လုံး နီးကပ်လာနေရင်း သူ့ညာလက်ကို ရှေ့သို့ ဖိချလိုက်သည်။
မိုးကြိုးတုန်ဟည်းသံများ တန်လင်းဂြိုဟ်အနှံ့ ပဲ့တင်ထပ်၏။ အဘက်ဘက်သို့ ဟိန်းသံများ ပျံ့လွင့်သည်။ အလင်းတိုင်လုံးသည် ဝမ်လင်း၏ညာလက်ဝါးနှင့် ထိပ်တိုက်တွေ့ပြီ။ အလင်းထဲမှ ခေါင်းပြတ်အရိပ်သည် ဝမ်လင်း၏လက်ဝါးကို လှံဖြင့် ထိုးသည်။
သို့ပေမည့် ဝမ်လင်း၏ခန္ဓာကိုယ်ကမူ တစ်စက်လေးပင် လှုပ်ရှားမသွားပေ။ သူ၏အမူအရာသည်ပင် ပြောင်းလဲမသွားပေ။ သူက နိဗ္ဗာနလေဟာနယ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ တိုက်ခိုက်မှုနှင့် နီးစပ်လှသော တိုက်ခိုက်မှုကို လက်ဝါးတစ်ဖက်ဖြင့်သာ ခုခံလိုက်ခြင်းပင်။
တုန်ဟည်းသံများ မြည်ဟည်းနေသည့်အောက်တွင် လောကသည် ဆုတ်ပြဲသွားဟန် တူ၏။ ဝမ်လင်းအောက်ရှိ မြေပြင်ထက်တွင် ချောက်နက်ကြီးတစ်ခု ပေါ်လာသည်။ ထိုချောက်နက်က ဂြိုဟ်အတွင်းနက်ပိုင်းထိ ချဲ့ကားသွားသည်။ ချက်ခြင်းပင် တန်လင်းဂြိုဟ်၏ အရှေ့ဘက်ခြမ်းသည် ဂြိုဟ်နှင့် ကင်းကွာသွားလေသည်။
လူတစ်ယောက်သည် အပေါ်စီးမှ ကြည့်ပါက တန်လင်းဂြိုဟ်ကို အက်ကြောင်းတစ်ခုက ပိုင်ခြားလိုက်သည်ကို မြင်ရပေမည်။ ဂြိုဟ်၏ ကြီးမားသော အစိတ်အပိုင်းတွင် သွေးရုပ်သေးမန္တာန်ကို အသုံးပြု၍ သေဆုံးသွားသော လူသေကျင့်ကြံသူများ ပြည့်နေတော့သည်။ ထိုလူသေများသည် ကျယ်ပြောသောဟင်းလင်းပြင်အတွင်းသို့ လွင့်စင်ထွက်ကြ၏။
တန်လင်းဂြိုဟ်သည် ကြေမွကာ ကြီးမားစွာ ပျက်စီးမှု အစပြုလေပြီ။
အလင်းတိုင်လုံး ပျောက်ကွယ်သွားပြီး ၎င်းနှင့်အတူ ခေါင်းပြတ်အရိပ်မှာလည်း ကွယ်ပျောက်သွားသည်။ ဝမ်လင်းသည် ခြေတစ်လှမ်းပင် နောက်မဆုတ်ခဲ့ပေ။ ထို့နောက် သူက သူ့ညာလက်ကို ဖြည်းဖြည်းချင်း ပြန်ရုတ်သိမ်း၏။
“ဒီလိုမန္တာန်မျိုး ရှိနေတာပဲ မင်းတို့မှာ။ ဒါလည်း ဖျက်စီးခံလိုက်ရပြီ။ နည်းနည်းတော့ သနားစရာပဲ...”
ထိုအလင်းတိုင်လုံး ပျောက်ကွယ်သွားခိုက်၊ တန်လင်းဂြိုဟ် စတင်ပျက်စီးခိုက်တွင် ကျန်သည့် ကျင့်ကြံသူအားလုံးမှာလည်း ရူးသွပ်သွားကြလေပြီ။ အကြောင်းမှာ ရှောင်မိသားစုဘိုးဘေးက သေသည့်အထိ တိုက်ခိုက်ရန် အော်ဟစ် အမိန့်ပေးခဲ့ခြင်းကြောင့်ပင်။
သူတို့အားလုံး ဝမ်လင်းထံ တိုးဝင်လာ၏။ သူတို့၏မျက်လုံးများသည် နီရဲတွတ်နေ၏။ သူတို့က ဝမ်လင်းကို မသတ်နိုင်သေးသ၍ လက်လျှော့မည့်ပုံ မပေါ်ပေ။
“ငါ ဝမ်လင်းဟာ လူအများကြီး သတ်ခဲ့ပြီးပြီး။ လူတွေ သတ်ရတဲ့အတွက်လည်း ငါ ဘယ်လိုမှ မနေဘူး။ မင်းတို့ကို ဘာလို့ သေလမ်းပို့လဲတော့ ငါ မသိဘူး။ ဒါပေမဲ့ ငါက မင်းတို့ ဆန္ဒကို ဖြည့်ဆည်းပေးမယ်...” ကျင့်ကြံသူ သောင်းချီ သူ့ထံ တိုးဝင်လာနေစဉ် ဝမ်လင်းသည် တည်ငြိမ်လျက်ပင်။ သူက သူ့ညာလက်ကို ပင့်မြှောက်ကာ ညင်သာစွာ ဝေ့ယမ်းလိုက်၏။
သူ ဝေ့ယမ်းလိုက်စဉ် ကိုးရောင်စုံမီးသည် သူ၏ဘယ်မျက်လုံးတွင် ပေါ်လာသည်။ သူ့ ညာလက်ကို ဝေ့ယမ်းလိုက်ရင်း မီးသည် သည်လောကသို့ ပျံ့နှံ့သည်။
သိမ်မွေ့ဆန်းကြယ်မီး ကျင့်ကြံသူများသည် အုပ်စုလိုက်တိုက်ပွဲများ၌ ထူးကဲလှသူများ မဟုတ်လား။
လက်ဝေ့ယမ်းလိုက်သည်နှင့် သိမ်မွေ့ဆန်းကြယ်မီးသည် ထိုကျင့်ကြံသူများ၏ ခန္ဓာကိုယ်များအတွင်း၌ စတင် လောင်ကျွမ်းတော့သည်။ နာကျင်ထိတ်လန့်စွာ အော်သံများ ပဲ့တင်ထပ်လျက် ထိုသူများ ပြာဖြစ်သည့်အထိ လောင်ကျွမ်းခံရလေသည်။
မည်သူမျှ ချွင်းချက် မရှိပေ။ မီးပင်လယ် ပျံ့နှံ့နေရင်း ကောင်းကင်တစ်ခုလုံးမှာ အဖြူရောင်အခိုးအငွေ့များနှင့် ဖုံးလွှမ်းလာသည်။ ဝမ်လင်းက သူ၏အသက်ဓာတ်ကို လုယူခဲ့သော ရှောင်မိသားစုဘိုးဘေး ရှိနေသော ဂြိုဟ်အနောက်ဘက်ပိုင်းသို့ ဖြည်းဖြည်းချင်း လှမ်းလျှောက်လာ၏။
ဝမ်လင်း ဆက်လျှောက်လာစဉ် နာကျင်စွာအော်သံများသည် ဆက်တိုက် ပဲ့တင်ထပ်နေသည်။ သူ့အနီးအနား ရောက်လာသော ကျင့်ကြံသူများသည် ပြာအဖြစ် လောင်ကျွမ်းခံရသည်သာ။
မည်သူကမျှ ဝမ်လင်းကို မဟန့်တားနိုင်ကြပေ။ သိပ်မကြာခင်တွင် ဝမ်လင်းက ဂြိုဟ်၏ အနောက်ဘက်ပိုင်း အနီရင့်ရောင်မြေကြီးထု ရှိနေသော နေရာသို့ ရောက်လာ၏။ သူ၏ ရှေ့တွင် ရှောင်မိသားစုဘိုးဘေး ရှိနေသော မြေအောက်လှိုဏ်ဂူသို့ ဦးတည်သည့် ချောက်နက်တစ်ခု ရှိနေသည်။
ဝမ်လင်းက ရှေ့သို့ ခြေလှမ်းကာ ထိုချောက်နက်အတွင်းသို့ ဝင်ရောက်၏။ သူ ဝင်ရောက်လိုက်သည်နှင့် မြေဝါရောင်ခေါင်းတလားအတွင်းမှ အော်သံတစ်သံ ထွက်ပေါ်လာသည်။ အဝါရောင်အရည် ခပ်ပျစ်ပျစ်များသည်လည်း ပျံသန်းထွက်လာကာ လှိုင်းတစ်ခုအသွင် ဖြစ်ပေါ်ပြီး ဝမ်လင်းထံသို့ တိုးဝင်လာသည်။
အသွေးအသား ပုတ်သိုးနံ့နှင့် သေဆုံးခြင်းအော်ရာတို့မှာ ထိုအရည်နှင့် ပေါင်းစပ်လျက် မုန်တိုင်းတစ်ခုအသွင် ဖြစ်ပေါ်ကာ ဝမ်လင်းထံ တိုးဝင်သည်။ ဝမ်လင်းက တည်ငြိမ်လျက်ပင်။ ထိုမုန်တိုင်း တိုးဝင်လာသည့်အခါ သူက လက်ဝေ့ယမ်းလိုက်၏။ မုန်တိုင်းမှာ ချက်ခြင်း ပျက်စီးသွား၏။ အဝါရောင်အရည်များက တရှဲရှဲအသံများ ထုတ်လွှတ်လျက် ဘေးပတ်လည်ရှိ ကျောက်စိုင်ကျောက်တုံးများပေါ်သို့ ကျရောက်သည်။
တစ်ချိန်တည်းမှာ အရိုးပေါ်အရေတင် ညာလက်တစ်ဖက်သည် ခေါင်းတလားအစွန်းကို ပို၍ တင်းကြပ်စွာ ဆုပ်ကိုင်၏။ ခပ်ရှရှအသံတစ်သံ ထိုခေါင်းတလားထံမှ ထွက်ပေါ်လာသည်။
“ရှေးအင်ပါယာအမိန့်အရ တန်လင်းဂြိုဟ်ကို ဖျက်စီးရင် သူတို့ရဲ့ ဆွေစဉ်မျိုးဆက်ကိုးဆက်အထိ အသတ်ခံရမယ်...” ထိုအသံ ပဲ့တင်ထပ်နေရင်း ရှောင်မိသားစုဘိုးဘေးက သူ၏ တုန်ရီနေသော ခန္ဓာကိုယ်ဖြင့် ရုန်းကန်ကာ ထရပ်လာသည်။
***