အကြီးအကဲရှန်း
Vol. 112 Ch. 1538
ထိုဘိုးဘေး၏ ခန္ဓာကိုယ်မှာ အရေပြားဟူ၍ ရှိမနေ၊ အနက်ရောင်အသွေးအသားတို့သာ ပိုင်ဆိုင်ထား၏။ ထိုသူသည် လူတစ်ယောက်နှင့်ပင် မတူတော့ဘဲ အလောင်းတစ်လောင်းနှင့် ပိုတူနေသည်။
ထိုသူ၏ ရင်ဘက်တွင် သွေးကြောများ ယှက်ထွေးလိမ်နေပြီး လက်သီးစုပ်ခန့် အနီရင့်ရောင်နှလုံးတစ်ခုကို မြင်နိုင်၏။
ထိုနှလုံးသည် ခုန်နေ၏။ သို့ပေမည့် ၎င်းသည် အသက်ဓာတ်ကို မထုတ်လွှတ်၊ အားကောင်းသောသေဆုံးခြင်းအော်ရာကိုသာ ထုတ်လွှတ်နေသည်။
ထိုသူသည် သွေးနီရောင်မျက်လုံးဖြင့် ဝမ်လင်းကို စိုက်ကြည့်လျက် ဒေါသနှင့် အကြောက်တရားမှာ လှစ်ဟပေါ်နေသည်။
သူ့ထံမှ ပဉ္စမကောင်းကင်ဘုံဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက်၏အော်ရာ ထွက်ပေါ်နေသည်။ ထိုအော်ရာသည် သည်နေရာရှိ သေဆုံးခြင်းအော်ရာကို စုဝေးစေကာ မရေမတွက်နိုင်သော စိတ်ဝိညာဉ်များ၏ အော်ဟစ်သံများအဖြစ်သို့ ပြောင်းလဲစေသည်။ စိတ်ဝိညာဉ်များက ဗလုံးဗထွေး စူးစူးဝါးဝါး ဝမ်လင်းထံ အော်ဟစ်နေသည့်နှယ်။
ထိုအဘိုးအိုသည် ပဉ္စမကောင်းကင်ဘုံဒုက္ခအဆင့်ကို ထုတ်လွှတ်နေသော်လည်း ဝမ်လင်းအမြင်တွင်မူ ထိုသူသည် အားနည်းလွန်းလှသည်။
ရှောင်မိသားစုဘိုးဘေးကြောင့် ဖြစ်ပေါ်နေသော သေဆုံးခြင်းဝဲကတော့ကို လစ်လျူရှုလျက် ဝမ်လင်းသည် ချောက်နက်အတွင်းသို့ ဆင်းသက်လာသည်။
သူ ဝင်ရောက်လာသည်နှင့် ထိုဝဲကတော့သည် ဝမ်လင်းကို ထိတ်လန့်သည့်အလား နောက်သို့ ဆုတ်သည်။
ဝမ်လင်း ချဉ်းကပ်လာသည်ကို မြင်သည့်အခါ ရှောင်မိသားစုဘိုးဘေး၏ အကြောက်တရားသည် ပိုပြင်းထန်လာသည်။ သူက သူ့ညာလက်ကို နှလုံးပေါ်သို့ တင်သည်။ သူ၏ ပါးစပ်မှ စူးစူးဝါးဝါးအော်သံများ ထွက်ပေါ်လာချေ၏။
သူ့ ညာလက်ဖြင့် ရင်ဘက်ပေါ်သို့ တင်လိုက်ရင်း သူ၏သေဆုံးခြင်းအော်ရာများသည် ပြန်ပြောင်းစီးဆင်းလျက် သူက ကြီးမြတ်သောချီရှီမန္တာန်ကို အသုံးပြုသည်။
ထိုချီရှီမန္တာန်သည် သေဆုံးခြင်းအော်ရာကို အသက်ဓာတ်အဖြစ်သို့ အတင်းအကြပ် ပြောင်းလဲခြင်းပင်။ သူ၏ပျက်စီးနေသော ခန္ဓာကိုယ်မှာ မြန်ဆန်စွာ ပြန်ကောင်းမွန်လာချေ၏။
သို့ပေမည့် သူ ထိုမန္တာန်ကို အသုံးမပြုနိုင်ခင်မှာပင် ဝမ်လင်းက သူနှင့် ပေသုံးဆယ်အတွင်းသို့ ရောက်လာခဲ့ပေပြီ။ ဝမ်လင်းက နီးကပ်လာရင်း သူ့လက်ကို ရှေ့သို့ ညွှန်လိုက်၏။
ရှောင်မိသားစုဘိုးဘေး၏ လက်နှစ်ဖက်သည် ပုတ်သိုးပျက်စီးသော အသွေးအသားအဖြစ် ပျက်စီးသွားကာ တစီစီအသံများ ထွက်ပေါ်သည်။ ပြင်းထန်သော နာကျင်မှုသည် သူ့ထံ လှိုက်တက်လာကာ သူသည် ခေါင်းတလားထံမှ မြန်မြန်ဆန်ဆန် ဆုတ်သည်။ သို့ပေမည့် သူ ထွက်မပြေးနိုင်ခင်မှာပင် ဝမ်လင်းသည် ဒုတိယကြိမ်မြောက် လက်ညွှန်သည်။
တုန်ဟည်းသံများ ပဲ့တင်ထပ်ကာ ရှောင်မိသားစုဘိုးဘေး၏ ခြေထောက်နှစ်ဖက်မှာ ပျက်စီးခြင်း ဆိုက်သည်။ ပြင်းထန်သောစုပ်အားတစ်ခုကြောင့် သူ့ခန္ဓာကိုယ်သည် ဝမ်လင်းထံသို့ တရွတ်တိုက် ဆွဲခံရသည်။
အဖြစ်အပျက်များသည် မြန်လွန်း၏။ ခဏအကြာတွင် ဝမ်လင်းသည် ထိုရှောင်မိသားစုဘိုးဘေး၏ ဦးခေါင်းကို ဆုပ်ကိုင်ဖမ်းချုပ်လိုက်သည်။
ဝမ်လင်းသည် စကားများ၍ အချိန်ဖြုန်းမနေတော့ပေ။ သူ့မူလစွမ်းအင်ကို အသက်သွင်းကာ သူသည် သူ ရှာဖွေနေသော အဖြေကို ရဖို့အတွက် စိတ်ဝိညာဉ်ရှာဖွေမှုကို စတင်သည်။
“မင်း ငါ့ကို သတ်ရဲတယ်လား။ ငါ့ရှောင်မိသားစုဟာ ရှေးဟောင်းတန်လင်းမိသားစုရဲ့ အခွဲတစ်ခုပဲ။ ဒီအဘိုးအိုဟာ တန်လင်းမိသားစုအခွဲကလူ ဖြစ်တယ်။ ဒီအဘိုးအိုရဲ့ နာမည်ဟာ တန်လင်းထိုင်ပဲ။ မင်း ငါ့ကို သတ်ရဲလား...”
သူ၏မျက်လုံးထဲရှိ ကြောက်ရွှံ့မှုအောက်တွင်မူ ရူးသွပ်မှုတို့ ရှိနေ၏။ သူက ဝမ်လင်း စိတ်ဝိညာဉ်ရှာဖွေမှု ပြုသည့်အခါ အသည်းအသန် အော်ဟစ်လေသည်။
“မင်းဟာ တန်လင်းဂြိုဟ်ကို ဖျက်စီးခဲ့တယ်။ တန်လင်းဂြိုဟ်ပေါ်က ကျင့်ကြံသူ သောင်းချီကို သတ်ခဲ့တယ်။ မင်းဟာ တန်လင်းမိသားစုကို ရန်စခဲ့ပြီ။ မင်း သေရတော့မယ်။ မင်းသာမကဘဲ မင်းရဲ့ မိတ်ဆွေ၊ဆွေမျိုးအားလုံးလည်း ဖျက်စီးခံရလိမ့်မယ်။ မင်း ငါ့ကို သတ်ရဲလား...”
“ဆူလိုက်တာ...” ဝမ်လင်း၏အမူအရာသည် တည်ငြိမ်လျက်ပင်။ သူ ထိုသို့ ပြောလိုက်စဉ် ပြင်းထန်သောအားတစ်ခုက ရှောင်မိသားစုဘိုးဘေး၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သည်။ ရှောင်မိသားစုဘိုးဘေး၏ ခန္ဓာကိုယ်အောက်ပိုင်းသည် လုံးဝ ပျက်စီးသွားပြီ။
ဝမ်လင်းက ရှောင်မိသားစုဘိုးဘေး၏ ဦးခေါင်းကို ကိုင်ကာ စိတ်ဝိညာဉ်ရှာဖွေမှုကို ဆက်လုပ်သည်။
သို့ပေမည့် ထိုအခိုက်အတန့်တွင် ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်သွားသည်။ သူသည် စိတ်ဝိညာဉ်ရှာဖွေမှု ဆက်လုပ်နေရင်း ချောက်နက်အပြင်ဘက်ရှိ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။
လေထုအတွင်းမှ ရွှေရောင်အလင်းတန်းများ ပေါ်လာကာ အဘက်ဘက်သို့ ပျံ့နှံ့သည်။ သိပ်မကြာခင်တွင် ရွှေရောင်ဂိတ်တံခါးတစ်ခု လောကတွင် ပေါ်လာသည်။
ထိုဂိတ်တံခါးပေါ်တွင် ရှေးဟောင်းစာလုံးနှလုံး ရှိနေသည်။ ထိုစကားနှစ်လုံးမှာ နာမည်တစ်ခု ဖြစ်၏။ ယင်းနာမည်သည် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းနှင့် အတွင်းနယ်မြေတစ်ခုလုံးတွင် အချိန်ကြာမြင့်စွာ တည်ရှိခဲ့သော မိသားစုတစ်စု၏နာမည်ပင်။
တန်လင်း။
ထိုတံခါးပေါ်လာသည့်အခါ ပြင်းထန်သောစွမ်းပကားတစ်ခုသည် ယင်းထံမှ ပျံ့နှံ့လာသည်။ ထိုဂိတ်တံခါးသည် ဝမ်လင်းအကြည့်ရှေ့တွင် ဖြည်းဖြည်းချင်း ပွင့်ဟကာ ရွှေရောက်တောက်ပသည်။ ပေတစ်သောင်းခန့် ကြီးမားသော ရွှေရောင်အရိပ်တစ်ခုသည် ယင်းဂိတ်တံခါးထံမှ လှမ်းထွက်လာသည်။
ထိုအရိပ်ကြီးက တောက်ပလွန်း၏။ ဖျပ်ခနဲကြည့်ပါက ၎င်းသည် ရွှေရောင်ချပ်ဝတ်နှင့်ဧရာမလူကြီးတစ်ယောက်နှင့် တူပေမည်။ ၎င်း၏ခန္ဓာကိုယ်သည် အစစ်အမှန် ဖြစ်သည့်အလား အလွန်တရာ အထည်ဒြပ် ရှိနေသည်။
“မိတ်ဆွေ၊ သင်ဟာ တန်လင်းဂြိုဟ်ကို ဖျက်စီးခဲ့ပြီးပြီး။ ဒါက ပြစ်မှုတစ်ခု၊ သင့်အနေနဲ့ တန်လင်းဂြိုဟ်ပေါ်က လူများစွာကို သတ်ပစ်ခဲ့ပြီးပြီး။ ဒါက နောက်ထပ် ပြစ်မှုတစ်ခု၊ သင်က တန်လင်းကလန်ရဲ့ အဖွဲ့ဝင်တစ်ယောက်ကိုလည်း ဒဏ်ရာ ရစေခဲ့ပြီးပြီး။ ဒါက ပြစ်မှုတစ်ခု၊ ဒီပြစ်မှု သုံးခု ပေါင်းလိုက်ရင် သင့်မိသားစုရဲ့ မျိုးဆက်ကိုးဆက်ဟာ သုတ်သင် ခံရမယ်...” ရွှေရောင်လူကြီးသည် ထိုသို့ ပြောဆိုပြီးနောက် သူ၏ ညာလက်ကို ပင့်မြှောက်သည်။ ရွှေရောင်လင်းလက်သွားပြီး ပေတစ်သောင်းရွှေရောင်ဓားတစ်လက် ပေါ်လာကာ ဝမ်လင်းထံသို့ တိုးဝင်လာတော့သည်။
“သတ်တာက သတ်တာပဲ။ ဘာ သောက်အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ။ ဒီနေ့ ငါ သတ်မယ်။ ငါ့ကို ခုခံတဲ့သူ မှန်သမျှ သေရမယ်...” ဝမ်လင်းသည် သူ့ညာလက်ကို ညှစ်ချေလိုက်၏။ ရှောင်မိသားစုဘိုးဘေး၏ဦးခေါင်းသည် ကြေမွသွားတော့သည်။ ထို့နောက်တွင် သူသည် လေထဲသို့ ခုန်တက်ကာ ဆင်းသက်လာသော ရွှေရောင်ဓားထံသို့ သူ့ညာလက်ဖြင့် ညွှန်လိုက်သည်။
ထိုလက်ညွှန်ချက်တွင် ဝမ်လင်း၏ ရှေးအမိန့်စွမ်းအား ပါဝင်သည်။ သူ၏ကျင့်ကြံမှု ပါဝင်သည်။ သူ၏မိုးကြိုးနှင့် မီးအနှစ်သာရများပင် ပါဝင်သေး၏။ ၎င်းလက်ညှိုးချက်က ထိုဓားနှင့် ထိပ်တိုက်တွေ့ရာ ကျယ်လောင်စွာ မြည်ဟည်းသည်။
ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားသည်။ လက်ညွှန်လိုက်ပြီးနောက် သွေးအလင်း လင်းလက်ကာ သွေးဓား ပျံသန်းထွက်လာသည်။
ရွှေရောင်ဓားသည် အပြင်းအထန် တုန်ယင်ကာ ရုတ်တရက် ပျက်စီးသွားတော့သည်။ ရွှေရောင်လူကြီးသည်ပင် တုန်ယင်ကာ နောက်သို့ အမြန် ဆုတ်လိုက်ရသည်။
ထိုအခိုက်အတန့်တွင် သွေးဓားက နီးကပ်လာကာ နောက်ဆုတ်နေသော ရွှေရောင်လူထံ ထွင်းဖောက်သွားသည်။
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်သည်။ ရွှေရောင်အလင်းသည် ထိုရွှေရောင်လူထံမှ ပေါက်ကွဲထွက်လာပြီးနောက် ၎င်းသည် ပျက်စီးသွားသည်။ ရွှေရောင်အလင်းများ လောကတွင် ပြည့်နှက်သွားသည့်နှယ်။ ရွှေရောင်လူကြီး ပျက်စီးသွားပြီးနောက် ရွှေရောင်ဝတ်စုံနှင့်အဘိုးအိုတစ်ယောက်သည် ဂိတ်တံခါးအောက်ဘက်တွင် ပေါ်လာသည်။
ထိုအဘိုးအို၏မျက်နှာသည် ဖြူရောနေ၏။ သူက သွေးအန်ထုတ်လိုက်ရသည်။ သူ့မျက်လုံးထဲတွင်လည်း ထိတ်လန့်မှုတို့ ပြည့်နေ၏။ ဝမ်လင်း၏ လက်ချောင်းတစ်ချောင်းနှင့်ဓားတစ်ချက်က သူ၏နတ်ဘုရားပုံရိပ်ယောင်ကို ဖျက်စီးကာ သူ့မူလခန္ဓာကိုယ်ကိုယ်ပါ ထွက်ပေါ်လာစေသည်။
ဝမ်လင်းသည် ချောက်နက်ထံမှ ပျံသန်းထွက်လာပြီး ထိုရွှေရောင်ဝတ်စုံနှင့်အဘိုးအိုကို တည်ငြိမ်စွာ ကြည့်သည်။
ထိုအဘိုးအိုသည် အတိတ်တုန်းက မြင့်မြတ်သောလင်းတန်ကဲ့သို့ တတိယအဆင့်သို့ ခြေလှမ်းတစ်ဝက် ဝင်ရောက်နေပြီ ဖြစ်၏။
ဝမ်လင်းက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းသည်။ သူ၏ဆံပင်ဖြူများက ဝေ့ခတ်နေ၏။ သူ့ထံမှ ဆရာသခင်တစ်ယောက်၏အော်ရာတစ်ခု ထွက်ပေါ်နေသည်။ သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ဒီနေ့ ငါ လုံလောက်အောင် သတ်ခဲ့ပြီးပြီး။ ငါ ထွက်သွားတော့မယ်။ မင်း ငါ့ကို တားချင်လား...”
ရွှေရောင်ဝတ်စုံနှင့်အဘိုးအိုသည် ဝမ်လင်းကို ကြည့်သည်။ သူသည် စိတ်ရှုပ်ထွေးဟန် ဖြစ်ပေါ်သည်။ အချိန်အတန်ကြာပြီးနောက် သူက လက်နှစ်ဖက်ဆုပ်ကာ ပြောလိုက်သည်။ “သင်ဟာ အင်မတန် အစွမ်းထက်လှပါတယ်။ ဒီအဘိုးအိုက သင့်ကို တားနိုင်စွမ်း မရှိပါဘူး။ ဒါပေမဲ့ သင်က တန်လင်းဂြိုဟ်ကို ဖျက်စီးခဲ့ပြီး ကလန်ရဲ့ ဥပဒေကို ချိုးဖောက်ခဲ့တယ်။ ငါက ဒီအကြောင်းကို ကလန်ရှိ ပြန်တင်ပြရမယ်။ အဲ့နောက်ကျရင်တော့ အကြီးအကဲတွေ ဆုံးဖြတ်တဲ့အတိုင်း ဖြစ်လာလိမ့်မယ်...”
ဝမ်လင်း၏အမူအရာသည် တည်ငြိမ်လျက်ပင်။ တန်လင်းဂြိုဟ်မှ ကျင့်ကြံသူများကသာ သူ့ကို တားဆီးဖို့ မကြိုးစားခဲ့ပါက သူသည် ထိုသူများကို သတ်လိမ့်မည် မဟုတ်ပေ။ သို့သော် သူတို့က သူ့ကို လာတိုက်ခိုက်မှတော့ သူက မည်သို့ ခွင့်လွှတ်ပေးပါ့မည်နည်း။
“တခြားလူတွေက ငါ့ကို လာရန်မစရင် ငါလည်း သူတို့ကို ရန်မလုပ်ဘူး...” ဝမ်လင်း၏အေးစက်စက်အကြည့်က အဘိုးအိုကို ကျော်လွန်ကာ ကျရောက်သွားသည်။ သူ့စကားလုံးများသည် အဘိုးအိုထံသို့ တိုက်ရိုက် မရည်ညွှန်းပေ။ သူက အဘိုးအိုနောက်မှ တဝက်တပျက် ပွင့်ဟနေသော ရွှေရောင်ဂိတ်တံခါးထံသို့ လှမ်းကြည့်နေသည်။
ထို့နောက် ဝမ်လင်းသည် လှည့်၍ ကြယ်များထံ ခြေလှမ်းလိုက်သည်။ လှိုင်းဂယက်များ ထသွားပြီးနောက် သူလည်း ပျောက်ကွယ်သွားတော့သည်။
ဝမ်လင်း ထွက်သွားပြီးနောက် ရွှေရောင်ဝတ်စုံနှင့်အဘိုးအိုသည် သူ၏ဒဏ်ရာများကို ဆက်လက် မဖိနှိပ်ထားတော့ပေ။ သူ့ရင်ဘက်တွင် ဒဏ်ရာတစ်ခု ရှိနေပြီး သွေးများ စီးကျနေပေ၏။
သူသည် ဒဏ်ရာအပြင်းအထန် ရသွားကာ ဖြူရောနေ၏။ ဝမ်လင်း၏ လက်ညှိုးတစ်ချက်၊ ဓားတစ်လက်က သူ့ကို သေဆုံးလုနီးနီး ဖြစ်စေခဲ့ချေ၏။ ထိုအကြောင်း ပြန်တွေးမိတိုင်း သူသည် ကြောက်လန့်မိရသည်သာ။
အဘိုးအိုနောက်မှ သက်ပြင်းချသံတစ်သံ ထွက်ပေါ်လာသည်။ အလင်းသည် ပုံပျက်ယွင်းလာပြီးနောက် ဂိတ်တံခါးထံမှ လူတစ်ယောက် လှမ်းလျှောက်ထွက်လာသည်။ ထိုလူလည်း ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ သို့သော် သူက သက်လတ်ပိုင်းအရွယ်သာ ရှိသည်။
“သင် ဘာကြောင့် မတိုက်ခိုက်ခဲ့တာလဲ...” ရွှေရောင်ဝတ်စုံနှင့်အဘိုးအိုက သူ့ရင်ဘက်ကို ဖိကာ သက်လတ်ပိုင်းလူထံသို့ လှည့်ကြည့်လိုက်သည်။
“ဘိုးဘေး တစ်ခါတုန်းက ပြောခဲ့ဖူးတယ်။ တန်လင်းဂြိုဟ် ဖျက်စီးခံရရင် ငါတို့ တန်လင်းကလန် တဖန် ပြန်ပေါ်လာလိမ့်မယ်တဲ့။ ဒါဟာ တန်လင်းကလန်အတွက် ကပ်ဘေးတစ်ခု ဖြစ်လာလိမ့်မယ်။ ဒီလူဟာ ငါ့ကို သတိပြုမိရုံသာမက သတိလည်း ပေးသွားသေးတယ်။ သူဟာ မရိုးရှင်းဘူး...”
ထိုသက်လတ်ပိုင်းလူက ခေါင်းယမ်းလျက် ဝမ်လင်း ပျောက်ကွယ်သွားသော နေရာသို့ ကြည့်လိုက်သည်။
“ငါတို့ရဲ့ ကျင့်ကြံမှုအဆင့်ဟာ နည်းနည်းထူးဆန်းတယ်။ ငါတို့ဟာ တတိယအဆင့်ကို အမှန်တကယ် မဝင်ရောက်သေးဘူး။ ငါ တိုက်ခိုက်ခဲ့ရင်တောင် ငါ သူ့ကို မတားနိုင်မှာ စိုးရိမ်မိတယ်။ ငါ့ကျင့်ကြံမှုကလည်း နည်းနည်း ထူးခြားတော့ ငါ့အနေနဲ့ သင် မခံစားမိတဲ့ တစ်စုံတစ်ရာကို ခံစားမိနိုင်တယ်။ အဲ့လူရဲ့ ခန္ဓာကိုယ်ထဲမှာ တတိယအဆင့်ကျင့်ကြံသူနှစ်ယောက်ရဲ့ အော်ရာကို ငါ ခံစားမိခဲ့တယ်။ သူ မင်းကို တိုက်ခိုက်ဖို့ သုံးခဲ့တဲ့ အချိန်တိုလေးအတွင်းက စွမ်းအားဟာ သူ့ခွန်အားရဲ့ အစိတ်အပိုင်းတစ်ခုလောက်ပဲ ဖြစ်နေမှာ ငါ လန့်မိတယ်။ ငါ ဘယ်လိုလုပ် တိုက်ခိုက်နိုင်ပါ့တော့မလဲ...”
“သွားကြစို့...ငါတို့ကလန်မှာက လူအနည်းငယ်ပဲ ကျန်တော့တာ။ ငါတို့နှစ်ယောက် သတိထားရမယ်...” ထိုသို့ ပြောပြီးနောက် သက်လတ်ပိုင်းလူသည် ရုတ်တရက် တုန်လှုပ်သွား၏။ သူသည် ရွှေရောင်ဝတ်စုံနှင့်အဘိုးအိုနှင့်အတူ နောက်သို့ ကြည့်လိုက်၏။ တဝတပျက်ပွင့်နေသော ဂိတ်တံခါးမှ တုန်လှုပ်ဖွယ်အော်ရာတစ်ခု ထွက်ပေါ်နေလေသည်။
သူတို့၏မျက်လုံးထဲတွင် ပျော်ရွှင်မှု ပေါ်လာ၏။ သူတို့သည် တွေဝေမနေဘဲ ချက်ခြင်းပင် ထိုဂိတ်တံခါးအတွင်းသို့ ဝင်ရောက်လိုက်၏။ သည်ရွှေရောင်ဂိတ်တံခါးတစ်ခုသာ လောကတွင် မလှုပ်မယှက် ကျန်ရစ်ခဲ့လေ၏။
သည်ဂိတ်တံခါး၏ အတွင်းဘက်၌ ရေခဲကမ္ဘာတစ်ခု ရှိနေသည်။ သည်နေရာတွင် လောကတစ်ခု ရှိနေခြင်းပင်။ သို့သော အရာအားလုံးသည် အေးခဲနေ၏။ တိမ်များလည်း အေးခဲနေ၏။ ဒီလောကသည် ရေခဲချပ်လွှာများနှင့်သာ ပြည့်နေသည်။
သည်ဧရိယာ၏ အေးခဲနေသောကုန်းမြေတစ်ခုပေါ်တွင် အမျိုးသမီးတစ်ယောက် ထိုင်နေ၏။ ထိုအမျိုးသမီးသည် လှသည်။ သို့သော် သူ့မျက်နှာထက်တွင် အေးစက်မှုသာ ပြည့်နေ၏။ သူမ၏ခန္ဓာကိုယ်မှာ သည်ကုန်းမြေနှင့်အတူ အေးခဲနေသည်။ သို့သော် ဤအခိုက်အတန့်၌ သူမသည် ရုတ်တရက် မျက်လုံးဖွင့်လာသည်။
သူမ မျက်လုံးဖွင့်လိုက်သည်နှင့် သူ၏မျက်ခုံးနှစ်ခုကြားတွင် ကြယ်များ စတင်ပေါ်လာကာ လှည့်ပတ်သည်။ အားကောင်းသော ရှေးဟောင်းနတ်ဘုရားအော်ရာသည် ပျံ့လွင့်လာသည်။
ရွှေရောင်ဝတ်စုံနှင့် ကျင့်ကြံသူနှစ်ယောက်သည် အေးခဲလောကအတွင်းသို့ ဝင်လာကာ သည်နေရာသို့ အလျင်စလို လာကြ၏။ သူတို့သည် ထိုအမျိုးသမီး ရှိနေသော ကုန်းမြေထက်တွင် တလေးတစား ရပ်နေ၏။ သူတို့နှစ်ယောက်သည် သူတို့၏စိတ်လှုပ်ရှားမှုကို ဖိနှိပ်ကာ တစ်ပြိုင်နက်တည်း ပြောလိုက်သည်။ “သင် တံခါးပိတ်ကျင့်ကြံတာကနေ ပြန်ထွက်လာတာကို ကြိုဆိုပါတယ်...အကြီးအကဲရှန်း...”
***