အတိတ်တုန်းက အိပ်မက်လှလှ
Vol. 112 Ch. 1539
ထိုအမျိုးသမီးသည် မူပင်းမေထက်ပင် ပို၍ လှနေသေး၏။ သူမသည် ပြုံးမနေသော်လည်း အကြည့်တစ်ချက်ဖြင့်ပင် ကျင့်ကြံသူများ၏ စိတ်နှလုံးကို မြန်ဆန်ခုန်ပေါက်သွားစေနိုင်သည်။
သူမ၏မျက်ခုံးကြားတွင် ယင်စွမ်းအင် စုဝေးနေခြင်းက သူမကို တခြားအမျိုးသမီးများနှင့် သိသိသာသာ ခြားနားစေသည်။ သူမသည် ကိုယ်ပိုင်စွဲဆောင်မှု ပိုင်ဆိုင်ထားသူ ဖြစ်၏။
သူမ မျက်လုံးဖွင့်လာသည့်အခါ ယင်းမျက်လုံးတို့တွင် ကြယ်များ ပါဝင်သည်။
ဒီအေးခဲကုန်းမြေတစ်လျှောက်တွင် အက်သံများ ပဲ့တင်ထပ်လာပြီးနောက် မကြာခင်မှာပင် ကုန်းမြေတစ်ခုလုံးကို ဖုံးလွှမ်းသည်။ ရေခဲများအားလုံး ပြိုလဲကာ အဘက်ဘက်သို့ လွင့်ကြဲသည်။
ထိုအမျိုးသမီးက အသက်ဝဝရှိုက်သွင်းလိုက်ရာ သူမ၏ရှေးဟောင်းနတ်ဘုရားကြယ်များသည် စတင်၍ မြန်ဆန်စွာ လှည့်ပတ်သည်။ အားကောင်းသော ရှေးဟောင်းနတ်ဘုရားစွမ်းအင်က သူမ၏ခန္ဓာကိုယ်ထဲ၌ ပြည့်နှက်သည်။
အချိန်အတန်ကြာပြီးနောက် သူမ၏မျက်လုံးသည် တောက်ပလာကာ နူးညံ့ဟန်ရသောလက်ဖြင့် လက်သီးဆုပ်ဟန် ပြုသည်။ သူမ၏လက်ဝါးထံမှ ပြင်းထန်သော တုန်ဟည်းသံ ပဲ့တင်ထပ်ကာ ပတ်ဝန်းကျင်ကို လှုပ်ခါစေသည်။
သူမ လက်သီးစုပ်လိုက်စဉ် သူမ၏မျက်ခုံးနှစ်ခုကြားမှ ကြယ်များသည် လှည့်ပတ်မှုကနေ ရပ်တန့်ကာ ခရမ်းရောင်ကြယ်ခုနစ်လုံး လှစ်ဟပေါ်လာသည်။
ကြယ်ခုနစ်လုံး ရှေးဟောင်းနတ်ဘုရား။
ကြယ်ခုနစ်လုံး အမျိုးသမီးရှေးဟောင်းနတ်ဘုရား။
သူမပုံရိပ်ကို ရှေးဟောင်းနတ်ဘုရားအဖြစ် လှစ်ဟဖော်ပြသည့်အခါတွင် ဖြစ်ပျက်ခဲ့သမျှသည် အဓိပ္ပာယ်ရှိသွားခဲ့ပေပြီ။ အရှင်ရီမူ ဘာကြောင့် လမြွေနဂါးနောက် လိုက်သွားခဲ့ရသနည်း။ ရှောင်မိသားစုဘိုးဘေးက ဘာကြောင့် ဝမ်လင်း၏အသက်ဓာတ်အားလုံးကို ယူဆောင်ခဲ့ရသနည်း။ ဝမ်လင်း၏အသက်ဓာတ်မှာ ရှေးဟောင်းနတ်ဘုရားအသက်ဓာတ် မဟုတ်လား။
ဝမ်လင်းသည် ထိုအကြောင်းအရာများ အားလုံးကို မသိသော်လည်း သူသည် အများစုကို နားလည်သွားခဲ့ပြီ ဖြစ်၏။ သူက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းတွင် သွားလာနေသည်။
ရှောင်မိသားစုဘိုးဘေး၏ မှတ်ဉာဏ်များကို ကြည့်ရှုပြီးသည့်နောက် ဝမ်လင်းသည် ထိုဘိုးဘေးဖြစ်သူသည် သူ၏ကျင့်ကြံမှုနည်းလမ်းကြောင့် သူ့ကိုယ်ပိုင်လောဘကို ကျေနပ်နိုင်ဖို့ငှာ အသက်ဓာတ်များကို စုပ်ယူခဲ့သည်အား သိလာခဲ့ပေပြီ။ သူက ဝမ်လင်းကို အသက်ရှင်လျက် ထွက်သွားစေဖို့ပင် စိတ်မကူးထားခဲ့ပေ။
သို့ရာတွင် ဝမ်လင်း၏အသက်ဓာတ်များကို စုပ်ယူပြီး ဝမ်လင်းကို သတ်မည်ဟု ဟန်ပြင်ခဲ့စဉ် သူသည် ရှေးဟောင်းတန်လင်းမိသားစုမှ အမိန့်တစ်ခုကို ရခဲ့၏။ ထိုဘိုးဘေးသည် ယင်းအမိန့်ကို မနာခံဘဲ မနေဝံ့ပေ။ ထို့အတွက်ကြောင့် သူက ဝမ်လင်းကို သတ်မည့်စိတ်ကူးအား စွန့်လွှတ်ခဲ့ခြင်းပင်။ သူက ဝမ်လင်း၏မူလခန္ဓာကိုယ်မှ ရှေးဟောင်းနတ်ဘုရားအသက်ဓာတ် မြောက်များစွာကိုလည်း စုပ်ယူခဲ့ပေ၏။
ဝမ်လင်းသည် ထိုအချင်းအရာများကို ရှောင်မိသားစုဘိုးဘေး၏ စိတ်ဝိညာဉ်ကို ရှာဖွေပြီးနောက် သိရှိလာခဲ့ခြင်းပင်။
“ရှေးဟောင်းတန်လင်း မိသားစု...” ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေ၏။ သူက အကွာအဝေးတစ်ခုထံသို့ လှည့်ကြည့်လိုက်သည်။
“ဒီမိသားစုအတွင်းမှာ ရှေးဟောင်းနတ်ဘုရားတစ်ပါး ရှိနေတယ်။ ဒီနတ်ဘုရားဟာ ရှေးဟောင်းနတ်ဘုရားအဖြစ် မွေးဖွားလာသူလား၊ ဒါမှမဟုတ် ငါ့လိုပဲ အမွေအနှစ်တစ်ခုကို ရခဲ့တဲ့သူလားတော့ ငါလည်း မသိဘူး...”
ဝမ်လင်းသည် အချိန်အတန်ကြာသည့်အထိ စဉ်းစားနေ၏။ ထို့နောက် သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ ရှေ့သို့ ဆက်လျှောက်သည်။
“ငါ သူတို့ကို သတိပေးထားခဲ့ပြီးပြီး။ ဒါ့ကြောင့် ငါနဲ့ လာမရှုပ်တော့နဲ့...”
“ကိစ္စလေးခုမှာ နှစ်ခုတော့ ဖြေရှင်းပြီးပြီး။ အခု တတိယကိစ္စ ကျန်သေးတယ်။ ယောင်မိသားစုရဲ့ သွေးနတ်ဘုရား...” ဝမ်လင်းသည် တည်ငြိမ်ဟန် ပေါက်သော်လည်း သူ၏မျက်လုံးထဲတွင် ခုထိ သတ်ဖြတ်လိုစိတ် ရှိနေဆဲပင်။
“သွေးနတ်ဘုရားဟာ အတိတ်တုန်းက ငါ့နောက်ကို လိုက်လံ သတ်ဖြတ်ခဲ့တယ်။ စီနီယာအစ်ကို ချင်းရွှေကြောင့်သာ မဟုတ်ခဲ့ရင် ငါ့ကိုယ်ပွားဟာ သေနေလောက်ပြီ။ ငါ ဒါကို ဘယ်မေ့နိုင်ပါ့မလဲ။ ဒါ့အပြင် သွေးနတ်ဘုရားရဲ့ ခန္ဓာကိုယ်အတွင်းမှာ ရှေးဟောင်းနတ်ဆိုးလည်း ရှိနေသေးတယ်။ ငါ့ရှေးဟောင်းနတ်ဆိုးကိုယ်ပွားဟာ ခုချိန်မှာ ရှေးဟောင်းနတ်ဆိုးစွမ်းအား လိုအပ်နေတာ...”
ဝမ်လင်းသည် အကွာအဝေးတစ်ခုသို့ ပျောက်ကွယ်သွားတော့သည်။
တန်လင်းဂြိုဟ်သည် ဖျက်စီးခံရကာ ဂြိုဟ်ပေါ်ရှိ မိသားစုများသည်လည်း ပြိုလဲသွားပေပြီ။ တန်လင်းဂြိုဟ်မှ တိုက်ပွဲသံသည် ပျံ့လွင့်ကာ သည်သတင်းကို အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများစွာသည် အလျင်အမြန် သိကုန်ကြသည်။
တန်လင်းဂြိုဟ်သည် အလုံးစုံကောင်းကင်၌ အကြမ်းတမ်းဆုံးဂြိုဟ် ဖြစ်၏။ ၎င်း၏ပျက်စီးမှုနှင့် ဖျက်စီးခံရမှုသည် အလုံးစုံကောင်းကင်ကို တုန်လှုပ်သွားစေဖို့ လုံလောက်သည်။
သည်အခိုက်အတန့်တွင် အလုံးစုံကောင်းကင်၏ တောက်ဘက်ပိုင်းတွင် ကျင့်ကြံသူတစ်ရာနီးပါး အုပ်စုတစ်စုသည် ရှေ့သို့ ဖြည်းဖြည်းချင်း ဆက်သွားနေကြ၏။ သူတို့ထဲတွင် အမျိုးသမီးကျင့်ကြံသူတစ်ယောက် ပါသည်။
ထိုအမျိုးသမီးသည် မငယ်ရွယ်တော့ပေ။ သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ယောက်နှင့် တူနေပေပြီ။ သူမသည် သည်ကျင့်ကြံသူအုပ်စုနှင့်အတူ တိတ်တဆိတ် လိုက်ပါလာ၏။
သူမ၏မျက်နှာမှာ သက်လတ်ပိုင်းအရွယ် ဖြစ်သော်လည်း လူတစ်ယောက်သည် သူမငယ်ရွယ်စဉ်က အလှကိုမူ မြင်နိုင်ပေမည်။ စွဲငြှို့နိုင်စွမ်း လက်ကျန်အချို့ ရှိနေသေးသည်သာ။
သို့ပေမည့် သူမ၏မျက်နှာထက်မှ များစွာသောအမာရွတ်များ ရှိလို့နေသည်။ ထိုအမာရွတ်တို့က သူမ၏အလှကို ဖျက်စီးပစ်သည်။ သူမ၏ မူလက လှပသောမျက်နှာထက်တွင် အနီရင့်ရောင်အမာရွတ်များသည် ကြက်ခြေခတ်အသွင် ရှိနေကြ၏။ ထိုအဖြစ်က သူမကို ထိတ်လန့်စရာ မျက်နှာအသွင် ဖြစ်နေစေ၏။ ယင်းအဖြစ်က သူမနားသို့ လူအများ မလာစေချင်အောင် လုပ်နေသည်။
ထိုအမာရွတ်များကို သာမန်မန္တာန်များနှင့် မဖယ်ရှားနိုင်ပေ။ ယင်းအမာရွတ်တို့က သူမ၏စိတ်ဝိညာဉ်ထဲထိ တဖြည်းဖြည်း ရေးထွင်းနေသည့်အလား။
သူမ၏ကျင့်ကြံမှုအဆင့်မှာလည်း အလွန်မြင့်မားလှခြင်း မရှိဘဲ အထည်ဒြပ်ယန်အဆင့်တွင်သာ ရှိ၏။ သို့သော် သူမ၏ခန္ဓာကိုယ်မှ မောပန်းစိတ်ကုန်မှုနှင့် စိတ်ရှုပ်ထွေးမှုတို့ နက်နက်နဲနဲ ပေးစွမ်းနေသည်။
သူမ၏ မိသားစုဝင် အားလုံးနီးပါးသည် မဟာမိတ်ကြယ်အဖွဲ့အစည်းနှင့် တိုက်ပွဲတုန်းက သေဆုံးသွားခဲ့ကြပြီး ဖြစ်၏။ သူမကို အချစ်ဆုံး ဘိုးဘေးဖြစ်သူသည်ပင် စစ်ပွဲတွင် ဒဏ်ရာအပြင်းအထန် ရခဲ့ကာ ဟင်္သာပြဒါးဂြိုဟ်နားတွင် သူမကို ကယ်တင်ပေးနိုင်ဖို့အတွက် ရှေးဟောင်းနတ်ဘုရားတစ်ပါးကြောင့် သေဆုံးခဲ့ရသည်။ သူမ၏မိသားစုတစ်စုလုံး ပြိုလဲပျက်စီးသွားခဲ့ပေပြီ။
စစ်ပွဲ အဆုံးသပ်သွားပြီးနောက် သူမက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းသို့ ဒဏ်ရာရ မောပန်းကာ ပြန်ရောက်လာခဲ့၏။ သို့သော် သူမ၏မိသားစုကမူ မတည်ရှိတော့ပေ။ သူမသည် ပျက်စီးဆုံးရှုံးသွားသော မိသားစုဌာနေတွင် မျက်ရည်ဖြိုင်ဖြိုင် ကျခဲ့ရပြီးနောက် တိတ်တဆိတ် ထွက်လာခဲ့တော့သည်။ သူမသည် တစ်ကိုယ်တည်း ကျင့်ကြံကာ အိမ်ခြေယာမဲ့လူတစ်ယောက် ဖြစ်လာခဲ့တော့သည်။
စစ်ပွဲပြီးသည့်နောက် ဗရမ်းဗတာဖြစ်နေသော အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းတွင် အမျိုးသမီးတစ်ယောက်အတွက် ရှင်သန်နိုင်ဖို့မှာ ခက်ခဲလွန်းခဲ့သည်။ သူမထံ၌ အသိမိတ်ဆွေ အချို့ ရှိသော်လည်း သူမ၏မိသားစု ပျက်စီးပြိုလဲသွားပြီးနောက် မည်သို့ အသုံးဝင်ပါတော့မည်နည်း။ ထိုစဉ်က သူမသည် ငယ်ရွယ်ကာ လှပသောမျက်နှာကို ပိုင်ဆိုင်ထားသေး၏။
သူမ၏ အလှအပကို တပ်မက်သော လူအများက၊ ကတိများစွာ ပေးလျက် သူမနောက်သို့ လိုက်လံခဲ့ကြ၏။ ထိုသို့သော အခြေအနေတွင် သူမအတွက် ရှင်သန်နိုင်ဖို့မှာ ခက်ခဲလှသည်။ သူမ၏အလှကပင် လူအများကို စွဲဆောင်မိစေတော့သည်။
သူမသည် မူလကလန်မှ လုယန်ဖေကဲ့သို့မျိုး ကြုံရ၏။ သို့သော် သူမသည် ပို၍ ပြတ်သား၏။ သူမသည် သူမ၏မျက်နှာလှလှကို ကိုယ်တိုင်ကိုယ်ကျ ဖျက်စီးပစ်ခဲ့သည်။ ထို့အတွက်ကြောင့် သူမ၏အလှကို မက်မော၍ လိုက်ပါသော သူများကို ရပ်တန့်ပစ်နိုင်ခဲ့သည်။
လှပစွာ မွေးဖွားခဲ့ခြင်းက ကံဆိုးခဲ့သည်။ သူမ၏ ထိုအလှကို ဖျက်စီးခြင်းက ကံဆိုးမှုကို ထွက်ခွာသွားတာ ဖြစ်ကောင်း ဖြစ်နိုင်မည်။
သူမသည် အတိတ်တုန်းက သူမ၏လိုအင်ဆန္ဒကို လုံးဝ မမေ့နိုင်ပေ။ သူမသည် ဘိုးဘေးကဲ့သို့ ဖြစ်လာချင်ခဲ့၏။ အစွမ်းထက် အမျိုးသမီးကျင့်ကြံသူတစ်ယောက် ဖြစ်ချင်ခဲ့၏။ အလုံးစုံကောင်းကင်တွင် သူမ၏ ကိုယ်ပိုင်လောကကို ပိုင်ဆိုင်ချင်ခဲ့၏။
သို့ပေမည့် ထိုဆန္ဒများသည် သူမထံမှ ပိုပို ဝေးကွာလာခဲ့သည်။ သူမ၏စိတ်နှလုံးသားထဲရှိ ပုံရိပ်တစ်ခုကြောင့်သာ မဟုတ်ပါက သူမသည် တစ်စုံတစ်ယောက်၏ ကိုယ်လုပ်တော် ဖြစ်လာကာ အကွာအကွယ်ယူ၍ သူမ ဆက်လက်ကျင့်ကြံတာ ဖြစ်သွားနိုင်သည်။
သို့ပေမည့် ထိုပုံရိပ်သည် သူမကိုယ်သူမ အရှက်ရခြင်းကနေ ကာကွယ်ပေးခဲ့၏။ သူမသည် ထိုကဲ့သို့ နိမ့်ချပစ်ဖို့ သူမကိုယ်သူမ ခွင့်မပြုခဲ့ပေ။ ထိုသူကတော့ သူမ၏ နာမည်၊ သူမနှင့် ပတ်သတ်သည့်အရာအားလုံးကို မေ့ကောင်းမေ့နေမည် ဖြစ်သော်လည်း သူမကမူ မှတ်မိနေဆဲသာ။ အတိတ်တုန်းက အလုံးစုံကောင်းကင်ကို တုန်လှုပ်စေခဲ့ပြီး မိုးကြိုးကောင်းကင်ဘုံသား ဟူသော ခေါင်းစီးကို ရယူခဲ့သော ထိုသူကို သူမ မမေ့နိုင်ပေ။ ထိုသူကတော့ သူမ ရှိနေခဲ့သည်ကို သိချင်မှ သိပေမည်။ ထိုသူကတော့ သူမ စိတ်ထဲရှိ ပျော်ရွှင်ခဲ့ရမှုကို သိချင်မှ သိမည်။ လွန်ခဲ့သော နှစ်ပေါင်းရှစ်ရာက သူမ ဝမ်းနည်းချိန်တိုင်း ထိုပုံရိပ်အကြောင်း တွေးမိကာ သူမသည် ဆက်လက် ရုန်းကန်ရန် အားတင်းခဲ့ရ၊ သတ္တိမွေးခဲ့ရသည်။
အတိတ်သည် မီးခိုးငွေ့အလား။ သူမ၏စိတ်ထဲတွင် တဖျပ်ဖျပ် မြန်ဆန်စွာ ပေါ်သည်။ မကြာခင်တွင် သည်ကျင့်ကြံသူအုပ်စု၏ရှေ့တွင် စိတ်ဝိညာဉ်စွမ်းအင်နှင့် ပြည့်နှက်နေသော ကျင့်ကြံခြင်းဂြိုဟ်တစ်လုံး ပေါ်လာ၏။
ထိုကျင့်ကြံသူအုပ်စုက ၎င်းကျင့်ကြံခြင်းဂြိုဟ်၏ အပြင်ဘက်တွင် ရပ်လိုက်ကြသည်။ ခေါင်းဆောင်မှာ သက်လတ်ပိုင်းလူတစ်ယောက် ဖြစ်၏။ သူက သူ့နောက်မှ ကျင့်ကြံသူများကို လှည့်ကြည့်လိုက်သည်။ အမျိုးသမီးတစ်ယောက်ကို တွေ့မြင်သည့်အခါ သူသည် မနှစ်မြိုဟန် ပေါ်သည်။
“ရှီဇီဖန်...မင်းရဲ့ မူလစိတ်ဝိညာဉ်ကို အသုံးပြုပြီး ဒီဂြိုဟ်ရဲ့ ပတ်လမ်းကို လှုပ်ခါအောင် လုပ်လိုက်...” ထိုသက်လတ်ပိုင်းလူမှာ နိဗ္ဗာနကြိုမြင်ခြင်းအဆင့်တွင် ရှိ၏။ သူ့စကားလုံးများထဲတွင် မငြင်းဆန်နိုင်သော ထည်ဝါမှုတို့ ပါဝင်နေသည်။
သူက သည်အမျိုးသမီးကို အချိန်ကြာကတည်းက သိထားခဲ့သူပင်။ သူမ၏အလှနောက် လိုက်လံခဲ့သော တစ်စုံတစ်ယောက်လည်း ဖြစ်ခဲ့ဖူးသည်။သို့ပေမည့် ထိုအချက်ကြောင့်ပင် သူက သူမ၏အခု ရုပ်စိုးသွားသောမျက်နှာသွင်ပြင်ကို တွေ့မြင်ရလေလေ ပို၍ မနှစ်မြို့ဟန် ခံစားမိလေပင်။
ကျင့်ကြံခြင်းဂြိုဟ်တစ်လုံးကို ရွှေ့ဖို့သည် လူတစ်ယောက်က ဂြိုဟ်၏ပတ်လမ်းကို လှုပ်ခါစေဖို့ သူတို့၏မူလစိတ်ဝိညာဉ်ကို အရင်ဆုံး အသုံးပြုရန် လိုသည်။ ဂြိုဟ်ပတ်လမ်း ပြောင်းသွားသည့်အခါ တန်ပြန်ကန်အားက မူလစိတ်ဝိညာဉ်ကို ဒဏ်ရာအပြင်းအထန် ရစေနိုင်ပေသည်။
ရှီဇီဖန်သည် အနည်းငယ် စဉ်းစားနေ၏။ သူမ၏မျက်နှာသည် ဖြူရောနေသည်။ ခဏအကြာတွင် သူမသည် လက်နှစ်ဖက်ဆုပ်ကာ ခပ်ရှရှအသံဖြင့် ပြောလိုက်သည်။ “တမန်တော်အရှင်...ငါ့မူလစိတ်ဝိညာဉ်နဲ့ ပြီးခဲ့တဲ့ ဂြိုဟ်သုံးလုံးရဲ့ ပတ်လမ်းကို လှုပ်ခါစေခဲ့ပြီး ဖြစ်ပါတယ်။ ငါ့ဒဏ်ရာတွေ ခုထိ ပြန်မကောင်းမွန်သေးပါဘူး။ ငါ...”
ရှီဇီဖန်၏စကား မဆုံးသေးခင်မှာပင် ထိုသက်လတ်ပိုင်းလူသည် မျက်မှောင်ကြုတ်ကာ နှာခေါင်းရှုံ့လိုက်သည်။
ရှီဇီဖန်၏ခန္ဓာကိုယ်သည် တုန်ယင်သွား၏။ သူမက အောက်နှုတ်ခမ်းကို ခပ်တင်းတင်း ကိုက်လိုက်သည်။ သူမ စကားဆက်မဆိုတော့ပေ။ ထိုအစား ကျင့်ကြံခြင်းဂြိုဟ်ထံသို့ ဦးတည်လိုက်သည်။
သူမနောက်မှ ကျင့်ကြံသူတစ်ရာနီးပါးထဲမှ အချို့သည် သက်ပြင်းချမိ၏။
“လွန်ခဲ့တဲ့ နှစ်တစ်ထောင်တုန်းက ရှီမိသားစုဟာ ထိပ်တန်းမိသားစုတစ်စု မဟုတ်တောင်မှ မိသားစုကြီးတစ်ခုပဲ။ ရှီမိသားစုရဲ့ တိုက်ရိုက်မျိုးဆက်၊ လှပပြီးစွဲဆောင်မှုရှိလှတဲ့ ရှီဇီဖန်ဟာ အခုလိုမျိုး အဆုံးသပ်ခဲ့ရတယ်။ ကံတရားဟာ ရက်စက်လှတာပဲ...”
“ဒီရှီဇီဖန်ဟာ စိတ်ခိုင်ပြီး ဇွဲခတ်တဲ့ အမျိုးသမီးတစ်ယောက်။ ကံမကောင်းလိုက်တာ...သူမ တကယ် ကံမကောင်းဘူး...”
“ထူးထူးထွေထွေ သနားစရာတော့ အကြောင်း မရှိဘူး။ စစ်ပွဲပြီးတဲ့နောက် လူအများအပြားဟာ သူမထက် ပိုဆိုးတဲ့ အဖြစ်သနစ်မျိုး အဆုံးသပ်ခဲ့ရတယ် မဟုတ်လား...”