← Chapters

အပိုင်း(၁၅၄၀)

Vol. 112 Ch. 1540

အပိုင်း(၁၅၄၀)

Vol. 112 Ch. 1540

ရှီဇီဖန်က သူမ၏အောက်နှုတ်ခမ်းကို ကိုက်ကာ စိတ်ဝိညာဉ်စွမ်းအင် ပြည့်နှက်နေသော ဂြိုဟ်ထံသို့ ပျံသန်းသွားသည်။ သူမသည် မျက်လုံးမှိတ်လိုက်၏။ သူမထံ၌ မျက်ရည်တို့ ရှိမနေတော့ပေ။ သူမ၏မျက်ရည်များသည် လွန်ခဲ့သောနှစ်ပေါင်း ရှစ်ရာတည်းက ခြောက်ခမ်းလုသွားခဲ့ပြီး ဖြစ်သည်။

သူမ၏ကျင့်ကြံမှုကို ဖြည်းဖြည်းချင်း အသက်ဝင်စေလိုက်၏။ သူမ၏ခန္ဓာကိုယ်ထံမှ နူးညံ့သောအလင်းတစ်ခု ပျံ့လွင့်လာသည်။ သူမ၏မူလစိတ်ဝိညာဉ်သည် နတ်ဘုရားအာရုံအမျှင်တန်းတစ်ခုကို ဖန်တီး၍ ကျင့်ကြံခြင်းဂြိုဟ်ထံသို့ ဦးတည် ရွှေ့လျားသည်။

ချက်ခြင်းပင် သူမ၏နတ်ဘုရားအာရုံသည် ကျင့်ကြံခြင်းဂြိုဟ်နှင့် ချိတ်ဆက်သွားသည့်ပုံ ရသည်။ သူမ၏မျက်နှာသည် ဖြူရောသွား၏။ အံတင်းတင်းကြိတ်လျက် သူမ၏နတ်ဘုရားအာရုံကို ဆွဲယူသည်။

ထိုကျင့်ကြံခြင်းဂြိုဟ်သည် ချက်ခြင်းပင် တုန်ဟည်းလာ၏။ ၎င်း၏ ဖြည်းဖြည်းချင်း လည်ပတ်ခြင်းမှာ သူမ၏နတ်ဘုရားအာရုံက ဆွဲငင်လိုက်ခြင်းကြောင့် ရပ်တန့်သွားသည်။

သို့ပေမည့် ၎င်းက ရပ်တန့်သွားသည့်အခိုက်တွင် အတိုင်းမသိတန်ပြန်ကန်အား ပေါ်လာကာ ရှီဇီဖန်၏နတ်ဘုရားအာရုံထံသို့ ကြမ်းတမ်းစွာ တိုးဝင်သည်။

ရှီဇီဖန်သည် သွေးအန်ထုတ်လိုက်ရ၏။ သူမ၏မူလစိတ်ဝိညာဉ်မှ နတ်ဘုရားအာရုံအပိုင်းသည် ထိုတန်ပြန်ကန်အားကို တောင့်ခံနိုင်စွမ်း မရှိပေ။

သူမ၏မျက်နှာသည် သေလောက်အောင် ဖြူရောသွားပြီး နောက်သို့ ပေရာချီ ဆုတ်လိုက်ရသည်။ သူမ၏ မူလစိတ်ဝိညာဉ်သည် ထပ်မံ ပျံသန်းကာ နတ်ဘုရားအာရုံအမျှင်တန်းတစ်ခုအဖြစ် ဖွဲ့စည်းသည်။ ထိုအမျှင်တန်းက ဂြိုဟ်ထံသို့ ဦးတည်သွားပြီး ထပ်မံ ဆွဲငင်ပြန်သည်။

ပြင်းထန်သောတုန်ဟည်းသံ ပဲ့တင်ထပ်၏။ ဂြိုဟ်၏ပတ်လမ်း ပြောင်းလဲသည့် အရိပ်အယောင် ပြလာသည်။ သို့ပေမည့် တန်ပြန်ကန်အားကလည်း အရင်ထက် ပိုပြင်းထန်လာသည်။ တုန်ဟည်းသံများ ပဲ့တင်ထပ်နေရင်း ရှီဇီဖန်၏ နတ်ဘုရားအာရုံသည် တဖန် ပျက်စီးသည်။

ထိုပျက်စီးမှုက ရှီဇီဖန်၏နတ်ဘုရားအာရုံကို တလွှာချင်းပျက်စီးစေသည်။ သူမ၏မူလစိတ်ဝိညာဉ်သည် သူမ၏ခန္ဓာကိုယ်ထဲသို့ ပြန်ကန်ဝင်လာ၏။ သူမသည် သွေးအန်လိုက်ရကာ ခန္ဓာကိုယ်မှာ တဆက်ဆက် တုန်ယင်သည်။ သူမသည် တောင့်ခံနိုင်သည့်ပုံ မရတော့ပေ။ သူမ၏မျက်နှာမှာလည်း ပြာနှမ်းနေ၏။ မျက်လုံးတို့မှာ မှိန်ဖျော့လာသည်။

“အသုံးမကျတဲ့ အမှိုက်ပဲ...” အေးစက်စက်နှာခေါင်းရှုံ့သံနှင်အတူ မိုးကြိုးကောင်းကင်ဘုံကျောင်းတော် တမန်တော်က ရှီဇီဖန်ကို ကျော်၍ ပျံသန်းသွားပြီး သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းသည်။ သူ့မူလစိတ်ဝိညာဉ်သည် နတ်ဘုရားအာရုံအမျှင်တန်းတစ်ခုကို ဖွဲ့စည်းကာ ဂြိုဟ်နှင့် ချိတ်ဆက်သည်။ မာန်သွင်းလျက် သူသည် နှစ်ပေါင်းမရေမတွက်နိုင်အောင် တည်ရှိခဲ့သော ဂြိုဟ်၏ပတ်လမ်းကို ဆွဲငင်ယူ၏။

သက်လတ်ပိုင်းလူက လက်ဆန့်ထုတ်လိုက်ပြီး မာန်သွင်းကာ ပြော၏။ “ဂြိုဟ် ရွှေ့လျားစမ်း...”

ကျင့်ကြံသူတစ်ရာနီးပါးက ရှေ့သို့ ပျံသန်းလာကာ ငွေရောင်လိုင်းများလည်း ပျံသန်းထွက်လာပြီး ဂြိုဟ်ပတ်လည်တွင် ပိုက်ကွန်တစ်ခု ဖြစ်ပေါ်သည်။ သူတို့သည် တစ်ချီတည်းဖြင့် ထိုဂြိုဟ်ကို ရွှေ့လျားလာစေရန် ဆွဲယူလိုက်ကြသည်။

အဘိုးအိုတစ်ယောက်ကသာ သက်ပြင်းချ၍ ရှီဇီဖန်ထံ လှမ်းလာ၏။ သူက ဆေးပုလင်းတစ်လုံးကို ထုတ်ဘူကာ ရှီဇီဖန်ထံသို့ ခပ်မြန်မြန် ကမ်းပေးလိုက်သည်။

ရောင်းရင်းကျင့်ကြံသူ ရှီဇီ၊ အတိတ်တုန်းက ဒီအဘိုးအိုဟာ သူ မိုးကြိုးကောင်းကင်ဘုံနယ်မြေကနေ ခေါ်ထုတ်ပေးခံခဲ့ရတဲ့ တစ်ယောက်ပဲ...”

ထိုအဘိုးအိုသည် ခပ်တိုးတိုး ပြောရင်း ရှီဇီဖန်ကို ကျော်၍ ဆက်လျှောက်သွားသည်။

ရှီဇီဖန်သည် ဆေးလုံးများကို တိတ်ဆိတ်စွာ ကြည့်နေလျက် ကျေးဇူးတင်ကြောင်း ပြသသည်။ ထိုဆေးပုလင်းထဲတွင် သူမကို မြန်ဆန်စွာ ပြန်ကောင်းမွန်စေနိုင်သည့် အဖိုးတန်ဆေးလုံးများ ပါဝင်နေ၏။ လွန်ခဲ့သောနှစ်ပေါင်းရှစ်ရာကျော်က သူမ၏မိသားစုနှင့် မိတ်ဆွေများသည် မိုးကြိုးကောင်းကင်ဘုံနယ်မြေ၌ ဝမ်လင်း ကယ်တင်ပေးခဲ့သောသူများကို အနည်းနှင့်အများဆိုသလို ကူညီပေးခဲ့ဖူးသည်။ သူတို့ကြောင့်သာ မဟုတ်ပါက ရှီဇီဖန်၏လမ်းကြောင်းမှာ အခုထက် ပို၍ ခက်ခဲပေလိမ့်မည်။

“နင် အဲ့မှာ ဘာရပ်လုပ်နေတာလဲ။ ဒီကိုလာပြီး ဂြိုဟ်ကို ရွှေ့စမ်း။ အမှိုက်က အမှိုက်ပဲ။ နင့်မှာ လှပတဲ့မျက်နှာလေး ပိုင်ဆိုင်ခဲ့ဖူးပေမဲ့ နင်က ဒါကို ဖျက်စီးခဲ့တယ်။ နင်သာ ငါ့တောင်းဆိုမှုကို သဘောတူခဲ့ရင် ဒီနေ့လိုမျိုး အဆုံးသပ်ရလိမ့်မှာ မဟုတ်ဘူး...”

မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ သက်လတ်ပိုင်းလူက နှာခေါင်းရှုံ့လိုက်၏။

ရှီဇီဖန်ကို ဆေးလုံးပေးခဲ့သော အဘိုးအိုသည် နောက်လှည့်ကြည့်ကာ ခွန်းတုန့်မပြန်မိဘဲ မနေနိုင်စွာ ပြောမိသည်။ “တမန်တော်အရှင်၊ ရောင်းရင်းကျင့်ကြံသူ ရှီဇီဟာ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်နဲ့ လက်တွဲခဲ့ပါတယ်။ သူမရဲ့ ကျင့်ကြံမှုက လိုအပ်ချက် ရှိပေမယ့်လို့ သူမဟာလည်း ငါတို့နဲ့ အဆင့်အတန်းတူတူပါပဲ။ သူမဟာ ဂြိုဟ်ပတ်လမ်းတွေကို လှုပ်ခါစေခဲ့ပေးပြီး ခုလည်း ဒဏ်ရာ ရနေတယ်။ သင်က ဘာကြောင့် သူမကို အတင်းအကြပ် ထပ်ပြီး တွန်းအား ပေးနေရတာလဲ။ သူမကို နည်းနည်းလောက် ကုသခွင့် ပေးလိုက်ပါ...”

သက်လတ်ပိုင်းလူ၏မျက်လုံးသည် တလက်လက် ဖြစ်သွား၏။ သူက ထိုအဘိုးအိုထံ ကြည့်လိုက်သည်။

“ဒီတမန်တော်ကို မင်း ဘာမှ လာထောက်ပြနေစရာ မလိုဘူး...”

ထိုအဘိုးအိုသည် နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်းအဆင့်တွင် ရှိပေ၏။ ထို့ကြောင့် သူသည် သူ့ကို စိုက်ကြည့်နေသော သက်လတ်ပိုင်းလူထံမှ ဖိအားကို ခပ်ရေးရေး ခံစားမိသည်။ သို့သော် သူက အံတင်းတင်းကြိတ်ကာ နှာခေါင်းရှုံ့၍ ဆက်ပြောသည်။

“သင်လည်း ရောင်းရင်းကျင့်ကြံသူ ရှီဇီက သူ့ကို ချစ်ခင်နှစ်သက်တာကို သိထားတာပဲ။ သူသာ ဒီနားမှာ ရှိနေရင် သင် အခုလိုမျိုး လုပ်ရဲအုံးပါ့မလား...”

အဘိုးအိုသည် ထိုသို့ ပြောလိုက်ပြီးနောက် သက်လတ်ပိုင်းလူက ကြမ်းကြုတ်သောအကြည့်တစ်ခုကို ထုတ်ဖော်၏။ သူ့စိတ်သည် တုန်လှုပ်သွားမိသည်။ သူသည် အဘိုးအိုပြောသော သူ ဟူသောလူကို သိထားပေသည်။ သူက ပြိုင်ပွဲတုန်းက ဖြစ်ပျက်ခဲ့သမျှကို မှတ်မိနေတုန်း ဖြစ်၏။ အတိတ်တုန်းက ထိုသူသည် အထည်ဒြပ်ယန်အဆင့်တွင်သာ ရှိခဲ့၏။ သို့သော် ထိုသူသည် သူ မော့ကြည့်ခဲ့ရသော တည်ရှိမှုတစ်ခု ဖြစ်နေခဲ့သည်သာ။

သူက ထိုလူ၏ရှေ့တွင် မည်သည့် မလေးမစား အပြုအမူကိုမျှ မပြဝံ့ပေ။ ထိုသူသည် မဟာမိတ်ကြယ်အဖွဲ့အစည်းနှင့် တိုက်ပွဲအတွင်းမှာလည်း အဆင့်အတန်းမြင့်မားလာခဲ့သေးသည်။ ထိုသူသည် မဟာမိတ်နှင့်အလုံးစုံကောင်းကင် နှစ်ခုလုံးတွင် ကျော်ကြားသူပင်။ သက်လတ်ပိုင်းလူက သူဟာ ထိုသူ့ရှေ့တွင် ပုရွတ်ဆိတ်တစ်ကောင်မျှသာ ဖြစ်သည်ကို ဝန်ခံနိုင်၏။

“သူ ပျောက်နေတာ ကြာလှနေပြီ။ သူ သေတောင် သေနေ...” သက်လတ်ပိုင်းလူ၏ စကားမဆုံးသေးခင်မှာပင် အဘိုးအိုက နှာခေါင်းရှုံ့ကာ ကြားဖြတ်၍ ပြောလိုက်သည်။

“သူ ပြန်လာခဲ့မယ် ဆိုရင်ရော...”

ထိုစကားသည် ဒီသက်လတ်ပိုင်းလူကို ငြိမ်သက်စွာ စဉ်းစားသွားစေ၏။ အချိန်အတန်ကြာပြီးနောက် သူက အေးစက်စက်နှာခေါင်းရှုံ့ကာ လက်ဝေ့ယမ်းလိုက်သည်။ သူက အော်ပြောလိုက်၏။ “မင်း စကားတော်တော်များတာပဲ။ မင်းနဲ့ ရှီဇီဖန် ဒီဂြိုဟ်ကို သွားရွှေ့ကြ...”

ထိုအဘိုးအိုသည် သက်လတ်ပိုင်းလူကို ကြည့်ရုံသာကြည့်လိုက်ပြီး စကားဆက် မဆိုတော့ပေ။ သူက ဂြိုဟ်ကို ရွှေ့နေသော ကျင့်ကြံသူများနှင့် သွားရောက် ပူးပေါင်းသည်။

ရှီဇီဖန်က ငြိမ်သက်စွာ စဉ်းစားလို့နေ၏။ သူမက ဒဏ်ရာကုသမှုကို လက်လွှတ်ကာ ရှေ့သို့ ပျံသန်းသွားသည်။ သူမသည် အံတင်းတင်းကြိတ်လျက် သူမ၏မူလစိတ်ဝိညာဉ် အမျှင်တန်းတစ်ခုသည် ခွဲထွက်လာကာ ငွေရောင်အမျှင်တန်းတစ်ခုအဖြစ်သို့ ပြောင်းလဲပြီး ဂြိုဟ်နှင့် တွယ်ဆက်သည်။ သူမသည်လည်း လူအုပ်နှင့်အတူ ဖြည်းဖြည်းချင်း ရွှေ့လျားလျက် ဂြိုဟ်ကို ဆွဲငင်ယူ၏။

သက်လတ်ပိုင်းလူကမူ ရှေ့ဆုံးတွင် ရှိနေ၏။ သူ၏အမူအရာသည် သုန်မှုန်နေသည်။

“သူသာ ပြန်လာခဲ့ရင်ရော...” ထိုစကားလုံးများသည် သူ့နားထဲတွင် ကပ်ငြိနေ၏။

တဖြောင့်တည်းရှိသော ကျင့်ကြံသူတစ်ရာနီးပါးသည် ရှေ့သို့ ဖြည်းဖြည်းချင်း သွားကာ သူတို့နှင့်အတူ ဂြိုဟ်ကို ဆွဲငင်ယူ၏။ သူတို့သည် တဖြည်းဖြည်း အဝေးသို့ ပိုပိုရောက်လာ၏။

သို့ရာတွင် ခဏအကြာ၌ သူတို့ရှေ့တွင် အဖြူရောင်ပုံရိပ်တစ်ခု ပေါ်လာသည်။ သူက ရှေ့သို့ ဖြည်းဖြည်းချင်း ရွှေ့လျားလာ၏။ သူသည် နှေးသည့်ပုံ ထင်ရသော်လည်း အမှန်ကတူ သူ့ခြေလှမ်းတိုင်းသည် အတိုင်းမသိအကွာအဝေးကို ဖြတ်သန်းလာနေခြင်းပင်။ ခြေလှမ်းအနည်းငယ် လှမ်းလာပြီးနောက် ထိုပုံရိပ်က အနီးရောက်လာပြီး လွှမ်းမိုးနိုင်စွမ်းအပြည့် အော်ရာတစ်ခု ပျံ့နှံ့လာသည်။ ခဏအကြာတွင် ထိုဖိအားသည် ပျောက်ကွယ်သွား၏။ အဖြူရောင်ပုံရိပ်မှာလည်း လူတိုင်း၏မျက်လုံးရှေ့တွင်ပင် ပျောက်ကွယ်သွားတော့သည်။

အဖြစ်အပျက်သည် မြန်လွန်း၏။ လူတိုင်းသည် ဘာမှ မတုန့်ပြန်လိုက်နိုင်လောက်အောင် မြန်သည်။

လူတိုင်းမှာ တုန်လှုပ်သွားကြပြီး သူတို့၏မျက်လုံးထဲတွင် ထိတ်လန့်မှုတို့ ကြီးစိုးကုန်သည်။ ရှေ့ဆုံးမှ သက်လတ်ပိုင်းလူက တခဏ မင်သက်သွားပြီးနောက် အလန့်တကြား ဖြစ်သွား၏။

သို့ပေမည့် လူတိုင်း သူတို့၏ တုန်လှုပ်ခြင်းကနေ မနိုးထလာနိုင်ခင်မှာပင် သူတို့သည် တိုးညင်းသောအာမေဍိတ်သံတစ်သံကို ကြားလိုက်ရ၏။

ထိုအသံသည် လူတိုင်း၏နားထဲသို့ ဝင်လာကာ သူတို့၏စိတ်ကို လှုပ်ခါစေသည်။ သူတို့၏အမူအရာများသည် ပြောင်းလဲသွားပြီး နောက်သို့ အလျင်အမြန် ဆုတ်ကြသည်။

ရှီဇီဖန်သည် တုန်ယင်၏။ ထိုအသံသည် တိုးညင်းသော်လည်း သူမကို ပြိုလဲသွားစေဖို့ရာ လုံလောက်နေသည်။ သူမ၏စိတ်သည် အပြင်းအထန် တုန်ယင်နေ၏။

သူမသည် အလိုလို မော့ကြည့်ချင် မိသွား၏။ သို့သော် သူမကိုယ်သူမ ပြန်ထိန်းကာ ပို၍ပင် ခေါင်းငုံ့သွားမိသည်။ သူမ၏ခန္ဓာကိုယ်၌ ရှင်းပြရန်ခက်သော စိတ်ခံစားမှုတစ်ခု ဖြစ်နေသည်။ သူမကို မမြင်တွေ့စေလိုပေ။

ထို တိုးညင်းသောအာမေဍိတ်သံ ပဲ့တင်ထပ်သွားရင်း စောနက ပျောက်ကွယ်သွားသော အဖြူရောင်ပုံရိပ်သည် သူတို့ရှေ့တွင် ပေါ်လာ၏။ ထိုပုံရိပ်၏အကြည့်က သူတို့ထံသို့ ဝေ့ခတ် ကျရောက်လာသည်။

ထိုအကြည့်အောက်တွင် မည်သူကမျှ သည်ပုံရိပ်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြပေ။

ရှေ့ဆုံးမှ သက်လတ်ပိုင်းလူက တုန်ယင်နေ၏။ သူသည် တစ်လက်မပင် မလှုပ်ဝံ့ဘဲ ဖြစ်နေ၏။

ထိုသူက သူတို့၏ခန္ဓာကိုယ်နှင့် မူလစိတ်ဝိညာဉ်ကို အတွေးတစ်ချက်ဖြင့်ပင် ဖျက်စီးပစ်နိုင်သည်ဟု ခံစားမိနေ၏။

ထိုကဲ့သို့ တည်ရှိမှုသည် သူတို့၏နားလည်နိုင်မှုအလွန်တွင် ရှိနေသည်။

“စီ...စီနီယာ...” သက်လတ်ပိုင်းလူက ကျင့်ကြံမှုအမြင့်ဆုံး ဖြစ်သလို အဖြူရောင်ပုံရိပ်နှင့်လည်း အနီးဆုံးပင်။ သူက မထင်မှတ်စွာပင် ဒူးထောက်လိုက်မိသည်။ သူ့အသံသည် တစ်ခုခုကို ပြောလိုသည့်အလား တုန်ယင်နေ၏။

ထိုအဖြူရောင်ပုံရိပ်မှာ ဝမ်လင်းပင်။

ဝမ်လင်းသည် အစတုန်းကမူ သည်ကျင့်ကြံသူအုပ်စုကို ဂရုမစိုက်ပေ။ သို့သော် သူ ဖြတ်သန်းသွားခဲ့သည့်အခါ၌ သူက လူတစ်ယောက်ကို ခံစားမိလိုက်၏။ ထိုသူမှာ တချိန်တုန်းက သူ့ကို သဘောကျခဲ့သော အမျိုးသမီး ဖြစ်နေသည်။ သို့ပေမည့် ထိုအမျိုးသမီးကသာ အရင်တုန်းက ပုံစံမျိုး၊အသွင်ဟန်ပန်မျိုးသာ ရှိနေဦးမည် ဆိုပါက သူသည် ဒီအတိုင်း ဆက်၍ ထွက်သွားမည်သာ။ သို့သော် ခုချိန်၌ သူ သူမကို တွေ့မြင်ရသည့်အခါတွင် သူ့စိတ်ထဲ၌ နာကျင်မိသွား၏။ သူ့ရှေ့ရှိ ကျင့်ကြံသူများသည် သူ့အမြင်တွင် ပျောက်ကွယ်သွားပြီး ထိုလူအုပ်ကြားတွင် ပုန်းကွယ်နေသောပုံရိပ်တစ်ခုသာ သူ့အမြင်တွင် ရှိနေတော့သည်။ ဖြူရောသောမျက်နှာဖြင့် တုန်ရီနေသော အမျိုးသမီးတစ်ယောက်။ သူမသည် ခေါင်းငုံ့ထားသော်လည်း ဝမ်လင်းက သူမမျက်နှာထက်ရှိ အမာရွတ်များကို ရှင်းလင်းစွ မြင်နိုင်၏။ ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေသည်။

ရှီဇီဖန်သည် အောက်နှုတ်ခမ်းကို ကိုက်ထား၏။ နှစ်ပေါင်းရှစ်ရာအတွင်း သူမ၏မျက်ရည်များ ခြောက်ခမ်းကုန်ခမ်းသွားပြီဟု သူမ တွေးထင်ထားခဲ့၏။ သို့ပေမည့် ယနေ့ သည်အခိုက်အတန့်တွင် မျက်ရည်စီးကြောင်းနှစ်ခု သူမ၏ပါးနှစ်ဖက်ပေါ်သို့ စီးကျလာတော့သည်။

သူမသည် ပုန်းကွယ်လိုနေ၏။ သူမသည် ထိုလူ သူမကို မမြင်တွေ့စေလိုပေ။ သူမ စိတ်ခံစားချက် အလွန်ရှုပ်ထွေးလို့နေသည်။ သူမသည် အတိတ်တုန်းကနှင့် လုံးဝ ကွာခြားသွားခဲ့ပေပြီ။ သူမ၏ခုလိုသနားစရာ အခြေအနေကို တွေ့မြင်ခြင်း ခံရသည်ထက် တစ်ကိုယ်တည်းသာ သေဆုံးသွားချင်သေး၏။

သူမသည် သူ့ကို သူမ၏ရုပ်စိုးသည့်မျက်နှာကို မမြင်စေလိုပေ။ ခေါင်းငုံ့ထားလျက် မျက်ရည်များ ပိုစီးကျလာတော့၏။ သူမ အလိုလိုနောက်ဆုတ်မိသည်။ သူမက ပျောက်ကွယ်သွားချင် နေမိ၏။ သူမ၏ မျက်ရည်များကို သုတ်ဖို့ပင် မေ့နေတော့သည်။

ဝမ်လင်းက နောက်ဆုတ်နေသော ထိုအမျိုးသမီးကို ကြည့်ကာ ညင်သာစွာ ပြောလိုက်သည်။ “ရှီဇီဖန်...ငါ ဝမ်လင်းပါ...” ဝမ်လင်းက တောက်ပသောအပြုံးဖြင့် လူအုပ်ကြားကနေ သူ့ထံသို့ ကြည့်နေခဲ့ဖူးသော နေ့၊လ၊နှစ်တို့ကိုမူ မေ့သွားခဲ့ပြီ ဖြစ်၏။ အတိတ်တုန်းက ထိုမျက်နှာသည် တဖြည်းဖြည်းအိုမင်းကာ ဒဏ်ရာအမာရွတ်များ ပြည့်နေခဲ့လေပြီ။

သူက သူ့နာမည်ကို ထုတ်ဖော် ပြောလိုက်သည်နှင့် ကျင့်ကြံသူတစ်ရာနီးပါးသည် တုန်လှုပ်သွားကြသည်။ ရှေ့ဆုံးမှ သက်လတ်ပိုင်းလူ၏မျက်နှာမှာဆို သွေးရောင်ပင် မရှိတော့ပေ။ သူ့နှလုံးခုန်မှုပါ ရပ်တန့်သွားသည့်အလား။ သူ၏မူလစိတ်ဝိညာဉ်သည်ပင် ပြိုလဲသွားမတတ် ဖြစ်ရ၏။

ဝမ်လင်း။

အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကို လှုပ်ခတ်စေခဲ့ဖူးသော အမည်နာမတစ်ခု။

“ကျွန်မက ရှီဇီဖန် မဟုတ်ပါဘူး။ စီနီယာ လူမှားနေပြီ ထင်တယ်...” နောက်ဆုတ်နေသော အမျိုးသမီးက သည်နေရာကနေ ထွက်ပြေးလိုသည့်အလား တုန်တုန်ရီရီအသံဖြင့် ပြောလာသည်။

***

All Chapters