အပိုင်း(၁၅၄၂)
Vol. 112 Ch. 1542
နှင်းကျဆင်းမှုသည် ပိုပို အားကောင်းလာသည်။
အချိန်မည်မျှ ကြာသွားမှန်း မသိပြီးနောက် ဝမ်လင်းက သူ့ညာလက်ကို ပြတ်ရုတ်သိမ်းကာ ကောင်းကင်ထက်သို့ ဆန့်ထုတ်လိုက်သည်။ မရေမတွက်နို်ငသောနှင်းပွင့်များသည် သူ့ညာလက်တွင် လာရောက် သိပ်သည်းပြီး နှင်းလုံးတစ်လုံးအသွင် ဖြစ်ပေါ်သည်။ ထိုနှင်းလုံးက ပို၍ အထည်ဒြပ်ဆန်လာ၏။
နှင်းလုံးကို ကြည့်နေရင်း ဝမ်လင်းက သူ့လျှာထိပ်ကို ကိုက်ကာ သူ၏ရှေးဟောင်းနတ်ဘုရားသွေးကို ထွေးထုတ်လိုက်၏။ သွေးက နှင်းလုံးပေါ်သို့ ကျရောက်သွားပြီး အနီရောင် စွန်းထင်းသွားရင်း နှင်းလုံးအတွင်းသို့ ပျော်ဝင်သည်။
ထိုသို့ ပျော်ဝင်နေရင်း ပိုများပြားသောနှင်းများ ကျဆင်းလာ၏။ သိပ်မကြာခင်တွင် ၎င်းနှင်းလုံးသည် ရေခဲသလင်းတစ်ခု ဖြစ်လာသည်။ ဝမ်လင်းက လက်ဝေ့ယမ်းလိုက်ရာ သွေးရေခဲသလင်းသည် ဓားရှည်တစ်လက်ဖြစ်သွား၏။
သွေးနီရောင်ဓားရှည်။
တစ်ချိန်တည်းမှာ ဝမ်လင်း၏ညာမျက်လုံးမှ မိုးကြိုးသည် တဖျပ်ဖျပ် လင်းလက်လာ၏။ အတူတကွတည်ရှိသော မိုးကြိုးကိုးမျိုးထဲမှ ဂျီမိုးကြိုးအမျှင်တန်းတစ်ခုသည် ပျံသန်းထွက်လာပြီး ထိုဓားနှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်သည်။
ထိုအခိုက်တွင် ၎င်းသွေးဓားထံမှ ကြောက်မက်ဖွယ်သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒ ပေါက်ကွဲထွက်လာ၏။
“တတိယအဆင့်အောက်က ဘယ်သူကမှ ဒီဓား ခုတ်ချက်တစ်ချက်ကို မခံနိုင်ဘူး။ နင်က နင့်ရဲ့ မွေးရပ်မြေကနေ မထွက်သွားချင်မှတော့ နင့်ကို ကာကွယ်ဖို့အတွက် ငါ ဒီဓား ပေးခဲ့မယ်။ နင့်ကို မလေးမစား လုပ်ဝံ့တဲ့သူရှိရင် သူတို့ကို ဒီဓားနဲ့ ခုတ်ပိုင်းလိုက်ပါ...”
ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ ထိုဓားသည် ရှီဇီဖန်၏ခန္ဓာကိုယ်ထံ တိုးဝင်သွားပြီး သူမ၏အသက်ရတနာလက်နက်တစ်ခု ဖြစ်လာ၏။
“ဆရာ...ဆရာ မင်းအတွက် နောက်ထပ်တစ်ခု လုပ်ပေးခဲ့ဦးမယ်။ ချင်းလင်ဂြိုဟ်ပေါ်မှာ နင့်ရဲ့စီနီယာအစ်ကိုတစ်ယောက် ရှိတယ်။ နင် အကူအညီလိုရင် ဒီဓားနဲ့အတူ အဲ့ကို သွားပါ...ရှီဇီဖန်...” ဝမ်လင်းသည် သူ့ရှေ့ရှိ အမျိုးသမီးကို ကြည့်သည်။
ရှီဇီဖန်က အောက်နှုတ်ခမ်းကို ကိုက်ကာ ဆိတ်ငြိမ်စွာ ခေါင်းမော့လာ၏။ သူမက ဝမ်လင်းကို ကြည့်၏။ သူတို့၏အကြည့်ချင်း ဆုံသည်။ သူမ၏မျက်လုံးထဲ၌ လွန်ခဲ့သောနှစ်ပေါင်းရှစ်ရာက ချစ်ခြင်းတရားကို နက်ရှိုင်းစွာ မြှုပ်နှံ့ထားလိုက်ပေပြီ။ ဝမ်လင်းသည် သူ့ရှေ့ရှိ ထိုအမျိုးသမီးကို လေးနက်စွာ ကြည့်ပြီးနောက် တိတ်ဆိတ်စွာ စဉ်းစား၏။ သူက သက်ပြင်းချပြီးနောက် လှည့်၍ လှမ်းထွက်လာတော့သည်။
“ဒီလို အဆုံးသပ်မျိုး။ ဖြစ်နိုင်တာက...ဒါဟာ ပိုကောင်းပါတယ်လေ...” ရှီဇီဖန်သည် ခေါင်းငုံ့လိုက်မိ၏။
ဝမ်လင်းသည် ကြယ်များကြား သွားလာနေရင်း သူ့မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသည်။ သူ၏အစွမ်းထက်ကျင့်ကြံမှုကြောင့် သူသည် သူမ၏မှတ်ဉာဏ်များကို ဖြတ်မြင်ခဲ့ပြီး ဖြစ်သည်။
သူသည် ရှီဇီဖန်၏ ကိုယ်ရေးကိုယ်တာကိစ္စများကို မကြည့်ခဲ့ပေ။ သို့သော် လွန်ခဲ့သောနှစ်ပေါင်းရှစ်ရာက သူမကို အရှက်ရစေခဲ့သော သူများကိုမူ ရှင်းလင်းစွာ မှတ်ထားလိုက်၏။ ထိုသူများ၏ ပုံပန်းအသွင်နှင့် အော်ရာများသည် ဝမ်လင်းစိတ်ထဲတွင် ရှင်းရှင်းလင်းလင်း ရှိနေပေပြီ။
“ငါ လူတွေ အများကြီး သတ်ရတော့လည်း ကိစ္စမရှိဘူး။ ပြဿနာ မရှိဘူး...” ဝမ်လင်း၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် တဖျပ်ဖျပ် ဖြစ်ပေါ်၏။ သူသည် ပျောက်ကွယ်သွားသည်။
ယွမ်တန်ဂြိုဟ်၊ ကျောက်မိသားစုတည်ရှိရနေရာ။ ကျောက်မိသားစုသည် သည်ဂြိုဟ်ပေါ်တွင် ဒုတိယအကြီးဆုံးမိသားစု ဖြစ်၏။ သူတို့သည် အမွေအနှစ်ဆက်ခံထားသော မိသားစုများကို မယှဉ်သာသော်လည်း သည်ကြယ်နယ်မြေတွင်မူ ကျောက်မိသားစုမှာ အစွမ်းထက်လှသည်။
ကျောက်မိသားစု၏ ခုလက်ရှိ မိသားစုခေါင်းဆောင်မှာ မြင့်မားသောကျင့်ကြံမှုအဆင့် ရှိ၏။ သူက မဟာမိတ်နှင့် စစ်ပွဲအတွင်း အကျိုးအမြတ်များစွာ ရခဲ့ပြီး ခုချိန်၌ သူသည် နိဗ္ဗာနသန့်စင်ခြင်းအလယ်အဆင့်တွင် ရောက်နေပေပြီ။
ယွမ်တန်ဂြိုဟ်ပေါ်တွင် သူ့အဆင့်အတန်းမှာ မြင့်မားလှ၏။ လူတိုင်း လေးစားခံရသည်။ သို့ပေမည့် လူအနည်းငယ်ကသာ လွန်ခဲ့သောနှစ်ပေါင်းရှစ်ရာက သူသည် ရှီဇီဖန်နောက်သို့ လိုက်လံခဲ့မှန်းကို သိကြ၏။ ရှီမိသားစု ကျဆုံးချိန်တွင် သူက သူ့ကျင့်ကြံခြင်းကိုယ်လုပ်တော် လုပ်စေဖို့ ရှီဇီဖန်ကို ဖမ်းဆီးရန် ကြိတ်၍ ကြိုးစားခဲ့ဖူးသည်။
သူ့ကို တစ်စုံတစ်ယောက်က ဟန့်တားခဲ့သော်လည်း ထိုအဖြစ်က ရှီဇီဖန်ကို နာကျင်စေခဲ့ပေသည်။
နှစ်ပေါင်းရှစ်ရာ ကျော်လာပြီ ဖြစ်သည့်အတွက် ကျောက်မိသားစုခေါင်းဆောင်မှာ ထိုကိစ္စကို မေ့နေပေပြီ။ အခု သူက ကျောက်မိသားစု၏ အဓိကခန်းမတွင် ထိုင်နေ၏။ ကျောက်မိသားစုဝင်များက သူ၏ တာအိုသင်ကြားမှုကို နားထောင်နေကြသည်။
သို့ပေမည့် ထိုစဉ်မှာပင် ကြောက်မက်ဖွယ်အေးစက်စက်အော်ရာတစ်ခု ကောင်းကင်ထက်မှ ဆင်းသက်လာပြီး ကျောက်မိသားစုအိမ်တော်ကို ဝန်းရံလာပြီး လူတိုင်းကို တုန်လှုပ်စေသည်။ တုန်လှုပ်ဖွယ်ဓားစွမ်းအင်တန်းတစ်ခုသည် အံ့မခန်းနှုန်းဖြင့် ကျောက်မိသားစု၏ အဓိကခန်းမထံ ကျဆင်းလာကာ ကျောက်မိသားစုဘိုးဘေးထံ ဦးတည်သည်။
အဖြစ်အပျက်သည် မြန်လွန်း၏။ ဖျပ်ခနဲအတွင်း ဓားစွမ်းအင်သည် ကျောက်မိသားစု၏ခေါင်းဆောင်ထံ တိုးဝင်သည်။ သူ့ခန္ဓာကိုယ်သည် ပျက်စီးကာ သူ၏မူလစိတ်ဝိညာဉ်လည်း ဖျက်စီးခံလိုက်ရ၏။
ထျန်မူဂြိုဟ်၊ တန်လိုင်မိသားစု။ အကြီးအကဲခေါင်းဆောင်မှာ မိသားစု၏ အထွတ်အမြတ်ထားရာ ပုဂ္ဂိုလ်ဖြစ်ပေ၏။ သူသည် လွန်ခဲ့သောနှစ်ပေါင်းသုံးရာကတည်းက နိဗ္ဗာနသန့်စင်ခြင်းအထွတ်အထိပ်အဆင့်သို့ ရောက်ခဲ့သည်။
လူအနည်းငယ်ကသာ လွန်ခဲ့သောနှစ်ပေါင်းရှစ်ရာက ရှီမိသားစု၏မိတ်ဆွေတစ်ယောက်ဖြစ်သော်လည်း သူ အကြီးအကဲခေါင်းဆောင် မဖြစ်လာခင် ရှီဇီဖန်ကို သူမ၏မျက်နှာအား ဖျက်စီးစေဖို့ တွန်းအားပေးခဲ့ဖူးသည်ကို သိထားကြ၏။ ရှီဇီဖန်၏ဘိုးဘေး ချန်ထားခဲ့သော နောက်ဆုံးရတနာကိုလည်း ရယူခဲ့သေးသည်။
ထိုအခိုက်အတန့်တွင် သူသည် သေမျိုးတစ်ယောက်ကဲ့သို့ ပန်းပင်များကို ရေလောင်းနေ၏။ သူ့နောက်တွင် သက်လတ်ပိုင်းလူသုံးယောက်က တရိုတသေမတ်တပ်ရပ်နေသည်။
“ကျင့်ကြံခြင်းဆိုတာဟာ ပန်းပင်တွေကို ပြုစုပျိုးထောင်သလိုပဲ။ မင်းတို့ဟာ သဘာဝတရားနဲ့ လောကရဲ့ ပြောင်းလဲမှုကို သိဖို့ လိုတယ်။ ဒီအဘိုးအိုဟာ နှစ်ပေါင်းသုံးရာလောက် တံခါးပိတ်မကျင့်ကြံခဲ့ပေမယ့် ဒီလိုနည်းနဲ့ ငါဟာ ကောင်းကင်ဘုံတာအိုကို အမှန်တကယ် နားလည်သဘောပေါက်ခဲ့တယ်...”
“အကြီးအကဲခေါင်းဆောင်ဟာ ဉာဏ်ပညာကြွယ်ဝလှပါတယ်...” သက်လတ်ပိုင်းသုံးယောက်သည် တလေးတစား ခေါင်းညိတ်လိုက်ကြ၏။
အဘိုးအိုသည် ပြုံး၏။ သူက ထိုသုံးယောက် နားမလည်သည်ကို သိသည်။ သူက ဆက်လက်၍ စကားပြောမည် ပြုစဉ် ဂြိုဟ်သည် တုန်ခါလာ၏။ ကောင်းကင်သည် အရောင်များပြောင်းကာ တိမ်စိုင်များ ပြန့်ကျဲသည်။ ဓားအလင်းတန်းတစ်ခုသည် လောကကို ထွင်းဖောက်ကာ အထက်မှ သက်ဆင်းလာ၏။
ထိုဓားစွမ်းအင်တန်းသည် မြန်ဆန်လွန်းသည်။ အဘိုးအိုသည် အပေါ်သို့ မော့ကြည့်လိုက်ရာ ဓားစွမ်းအင်သည် သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားသည်။ ထိုအဘိုးအို၏ခန္ဓာကိုယ်သည် ပျက်စီးကာ သူ၏တည်ရှိမှုသည် ဒီလောကကနေ ပျောက်ကွယ်သွားတော့သည်။
ဇီမြောင်ဂြိုဟ်၊ လို့မိသားစု၊ အလုံးစုံကောင်းကင်၏ တောင်ဘက်ပိုင်းနယ်မြေရှိ အဓိကမိသားစုလေးခုထဲမှတစ်စု။ ထိုမိသားစု၏ လူငယ်သခင်သည် မြင့်မားသောကျင့်ကြံမှုအဆင့် ရှိ၏။ သူ့နောက်မှ သူ့မိသားစုလည်း ကျောထောက်နောက်ခံရှိသည့်အတွက် လူအနည်းငယ်ကသာ သူ့ကို ရန်စရဲသည်။
ထိုအခိုက်အတန့်တွင် လူငယ်သခင်သည် တံခါးပိတ်ကျင့်ကြံနေသည်။ သူသည် အဝတ်အစားကင်းမဲ့ကာ ခုလက်ရှိ၌ အမျိုးသမီးတစ်ယောက်၏အထက်တွင် လှုပ်ရှားနေသည်။ သူ ထိုသို့ လုပ်ဆောင်နေရင်း သူ့ထံမှ သားရဲကဲ့သို့ အသံများလည်း ထွက်ပေါ်နေ၏။
သူ့အောက်မှ အမျိုးသမီးကျင့်ကြံသူမှာ အတော်လေး လှသည်။ သို့သော် သူမ၏မျက်နှာကမူ ဖြူရောနေသည်။ သူမ၏အမူအရာသည် ကြီးစွာ ပြောင်းလဲသွားပြီး အလျင်အမြန် အိုမင်းလာ၏။ သိပ်မကြာခင်တွင် သူမသည် အရိုးစု ဖြစ်လုနီးပါး အဖြစ်သို့ ရောက်လာ၏။
ထိုအခိုက်တွင် ထိုအမျိုးသမီးကျင့်ကြံသူသည် နာကျင်ထိတ်လန့်စွာ အော်ဟစ်လိုက်ပြီး သူမ၏ဒွာရပေါက်များကနေ သွေးများ စိမ့်ထွက်ကာ နာနာကျင်ကျင် သေဆုံးသွားရသည်။
“နောက်တစ်ယောက်...” ထိုအမျိုးသားသည် ထရပ်၏။ သူက ဒီအမျိုးသမီးကို ကြည့်ပင်မကြည့်ပေ။ ကျင့်ကြံသူအချို့ ဝင်လာပြီး ဒီအမျိုးသမီးအလောင်းကို ယူဆောင်ပြီး နောက်ထပ် အသိစိတ်လွတ်နေသော အမျိုးသမီးကျင့်ကြံသူတစ်ယောက်ကို ထပ်ခေါ်လာသည်။
လူငယ်သခင်က ထိုအမျိုးသမီးကျင့်ကြံသူကို ဆွဲယူကာ သူမကိုအသုံးပြု၍ ကျင့်ကြံရန် ပြင်၏။ သို့ပေမည့် ထိုအခိုက်အတန့်တွင် ကောင်းကင်ထက်မှ တုန်လှုပ်ဖွယ်ရာအော်သံတစ်သံ ထွက်ပေါ်လာသည်။
ထိုအခါ သည်တံခါးပိတ်ကျင့်ကြံသောနေရာမှာ တစစီ ဖြစ်သွားပြီး လူငယ်သခင်လည်း အလန့်တကြား ဖြစ်သွား၏။သူက အမျိုးသမီးကို ဆွဲယူကာ ဒိုင်းအဖြစ် ကာလိုက်သည်။ ဓားအလင်းတန်းတစ်ခုက သူမ၏ခန္ဓာကိုယ်ကို ဖောက်ထွင်းသွား၏။ သို့သော် အန္တရာယ်မဖြစ်စေပေ။ ထို့နောက် ၎င်းဓားအလင်းတန်းသည် လူငယ်သခင်၏မျက်ခုံးနှစ်ခုကြားသို့ တိုက်ရိုက်ကျရောက်သွားသည်။
ကျယ်လောင်စွာ ပေါက်ကွဲသွားပြီး သူသည် မျက်လုံးပြူးမျက်ဆန်ပြူးဖြစ်ကာ သူ၏ခန္ဓာကိုယ်သည် ပျက်စီးသွား၏။ သူ့သွေးများသည် အမျိုးသမီးဖြစ်သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက် ရွှဲနစ်သွားတော့သည်။
ရှုလို့ဂြိုဟ်၏ ချန်မိသားစု။
ကောင်းကင်ချိုးဖျက်ခြင်းဂြိုဟ်၏ နေမိသားစု။
ရှုလင်းဂြိုဟ်၏ လီမိသားစု။
ဓားအလင်းတန်းများသည် ထိုနေရာများကို ထွင်းဖောက်ကာ ရှီဇီဖန်ကို အရှက်ရစေခဲ့သော သူအားလုံးကို သတ်ပစ်လေ၏။
ကျင့်ကြံသူတစ်ရာနီးပါး အုပ်စုတစ်စုက ကျင့်ကြံခြင်းဂြိုဟ်နှစ်လုံးကို ဆွဲငင်နေကြ၏။ သူတို့ကို အဘိုးအိုတစ်ယောက်က ဦးဆောင်သည်။ သူ့ထံမှ ထည်ဝါမှု ပေးစွမ်းနေ၏။ ကျင့်ကြံသူအားလုံးသည် သူ့ကို တလေးတစား ကြည့်နေကြသည်။ သို့ပေမည့် သူတို့ ရှေ့ဆက်လာနေရင်း ဓားအလင်းတန်းတစ်ခု ကျရောက်လာသည်။ လူတိုင်း ဘာမှ မတုန့်ပြန်နိုင်ခင်မှာပင် ဓားစွမ်းအင်သည် ထိုအဘိုးအို၏ခန္ဓာကိုယ်ကို ထွင်းဖောက်ကာ သူ့အား သတ်သွားသည်။
အလားတူ မြင်ကွင်းများသည် အလုံးစုံကောင်းကင်၏ နေရာအနှံ့တွင် ဖြစ်ပွားလေ၏။
ရှီဇီဖန်ကို စော်ကားခဲ့ကြသော လူတိုင်းသည် ဓားအလင်းတန်းတစ်ခုကြောင့် သေဆုံးကုန်ကြ၏။
ဧရာမကြယ်အစီအရင်အတွင်း၌ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ ကျင့်ကြံသူများသည် လှုပ်ရှားနေ၏။ သူတို့သည် အစီအရင်များကို ချခင်းကာ အတူတကွ ချိတ်ဆက်မှု ပြုနေကြသည်။
ဖျပ်ခနဲ ဓားအလင်းတန်းဆယ့်တစ်ခုက ပေါ်လာပြီး မတူညီသောနေရာ ဆယ့်တစ်ခုသို့ ကွဲထွက်၏။ အစီအရင်တစ်ခုကို နေရာချခင်းနေသော သက်လတ်ပိုင်းလူတစ်ယောက်သည် ထိုဓားအလင်းတန်း၏ ထွင်းဖောက်ခြင်း ခံရသည်။ သူသည် မညိသို့မည်ပုံပင် မသိလိုက်ရပါဘဲ သေဆုံးသွားတော့၏။
နောက်တခဏအတွင်းမှာလည်း သည်ဧရာမအစီအရင်ကြီး၏ မတူညီသောအစိတ်အပိုင်းများ၌ လူဆယ်ယောက်မှာ သေဆုံးသွားရပြန်သည်။
နောက်ဆုံးဓားအလင်းတန်းက ဝဲကတော့အတွင်းသို့ ထွင်းဖောက်ကာ အစီအရင်ကို အားဖြည့်နေသော အဘိုးအိုတစ်ယောက်ကို ထွင်းဖောက်သွား၏။ ထိုအဘိုးအိုသည် တုန်ယင်ပြီး သူ့ခန္ဓာကိုယ်သည် ပေါက်ကွဲထွက်သွားသည်။
ရုတ်တရက် ထိုမြင်ကွင်းသည် အစီအရင်အတွင်းရှိ လူတိုင်းကို တုန်လှုပ်သွားစေသည်။ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ လူများသည် ထိတ်လန့်ကုန်ကြသည်။
ဝမ်လင်းသည် တစ်ယောက်ပင် ပိုမသတ်၊ ထို့အတူ တစ်ယောက်ကိုမျှလည်း အလွတ်မပေးခဲ့ပေ။ ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို အသုံးပြုကာ ဓားစွမ်းအင်တန်းတစ်ရာ နီးပါးကို အလုံးစုံကောင်းကင်အနှံ့သို့ ထုတ်လွှတ်ခဲ့သည်။ ဤကား ရှီဇီဖန်အတွက် သူ နောက်ဆုံး လုပ်ပေးသောအရာပင်။
သူ ရှေ့ဆက်လျှောက်လာရင်း အလုံးစုံကောင်းကင်က တည်ဆောက်ထားသော ဧရာမအစီအရင်ကြီး၏အပြင်ဘက်တွင် ပေါ်လာလေ၏။
သူက ဂြိုဟ်ရာချီဖြင့် ဖန်တီးထားသော အစီအရင်၏အတွင်းနက်ပိုင်းသို့ ကြည့်လိုက်၏။ မရေမတွက်နိုင်သော မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ ကျင့်ကြံသူများသည် ငြိမ်သက်စွာ ရှိနေကြစဉ် သူ ရှေ့ဆက် လျှောက်လာသည်။
သူသည် မမြန်လွန်းပေ။ သို့သော် သူ့ ခြေလှမ်းတိုင်းသည် ဒီကြယ်နယ်မြေကို လှုပ်ခါစေ၏။
မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ဖြူရောကာ နောက်သို့ အမြန် ဆုတ်ကြ၏။ အဝေးမှ ကြည့်ပါက ဒီရေလှိုင်းတစ်ခုအလား ထိုကျင့်ကြံသူလူအုပ်ကြီးက နောက်သို့ ဆုတ်သွားသည်ကို တွေ့မြင်နိုင်ပေမည်။
ဝမ်လင်း ရှေ့ဆက်လျှောက်လာစဉ် ခပ်စူးစူးရယ်သံတစ်သံသည် ဝဲကတော့၏ဗဟိုချက်တွင် ရှိနေသော အရှင်လုဖုထံမှ ထွက်ပေါ်လာလေသည်။
***