← Chapters

ရောင်းရင်းကျင့်ကြံသူဟု ခေါ်လိုက်ခြင်း…

Vol. 112 Ch. 1543

ရောင်းရင်းကျင့်ကြံသူဟု ခေါ်လိုက်ခြင်း…

Vol. 112 Ch. 1543

ထိုရယ်သံသည် ကောင်းကင်ကို တုန်လှုပ်စေနိုင်၏။ ယင်းရယ်သံက ဝဲကတော့ထဲကနေ ထိုးထွက်ကာ ဝမ်လင်းထံသို့ ဦးတည်ဝင်လာသည်။ ဝမ်လင်းသည် ရုတ်တရက် ရပ်တန့်လိုက်၏။

ကျယ်လောင်စွာ မြည်ဟည်းသံသည် အဘက်ဘက်သို့ ပျံ့နှံ့သည်။

ဤက ပထမဆုံးအကြိမ်အဖြစ် အရှင်လုဖူနှင့် ဝမ်လင်းတို့ကြား ထိပ်တိုက်တွေ့မှုပင်။ သူတို့နှစ်ဦးသည် တိုက်ရိုက် တိုက်ခိုက်သည် မဟုတ်သော်လည်း တစ်ယောက်က ရှေ့ဆက်တိုးလို၏။ တဖက်ကလည်း ဝမ်လင်းကို ရှေ့ဆက်တိုးခြင်းကနေ ဟန့်တားလိုသည်။ အစီအရင်၏အထက်တွင် တိုက်ပွဲတစ်ခု အစပြုသည်။

ထိုရိုးရှင်းသော ရယ်သံထဲတွင် အရှင်လုဖူ၏ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်၏ ကျင့်ကြံခြင်း ပါဝင်ပေ၏။ ထိုရယ်သံသည် ကြယ်နယ်မြေကိုပါ တုန်ခါသွားစေပြီး ပျက်စီးတော့မလို ဖြစ်စေသည်။ မရေမတွက်နိုင်သော အက်ကြောင်းများ ပေါ်လာကာ ဝမ်လင်းထံသို့ ဓားသွားများအလား တိုးဝင်လာသည်။

အရှင်လုဖုသည် အစစ်အမှန် ခွန်အား လှစ်ဟပြလိုက်လေပြီ။ ဝမ်လင်းသာ ပဉ္စမကောင်းကင်ဘုံဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ပါက သူ့ခန္ဓာကိုယ်မှာ ထိုရယ်သံကြောင့် ဆုတ်ပြဲသွားနိုင်၏။ သူ၏မူလစိတ်ဝိညာဉ်ပါ ဖျက်စီးခံရနိုင်သည်။

နိဗ္ဗာနလေဟာနယ်အစောပိုင်းအဆင့် ကျင့်ကြံသူများသည်ပင် ထိုရယ်သံကို ခုခံပြီးနောက် ချက်ခြင်း ရှေ့ဆက်မတိုးနိုင် ဖြစ်သွားလောက်၏။

သို့ရာတွင် ဝမ်လင်းကမူ တတိယအဆင့်သို့ မရောက်သေးပေ။ သူသည် ရှေးအမိန့်အမွေအနှစ်ကြောင့် ကြယ်ခုနစ်လုံးရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်လာခဲ့သည်။ ထို့ကြောင့် သူသည် သူ၏ခန္ဓာကိုယ်စွမ်းအားဖြင့်ပင် တတိယအဆင့်ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားကို ခုခံနိုင်စွမ်း ရှိသည်။

သူ့ခန္ဓာကိုယ်စွမ်းအားသည် ကြောက်မက်ဖွယ်အဆင့်သို့ ရောက်နေ၏။ အရှင်လုဖူ၏ ရယ်သံကို ကြားလိုက်ရသည့်နောက် ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်သွားသည်။

“ဒီလောကမှာ ဘယ်ရယ်သံကမှ ရှေးဟောင်းနတ်ဘုရားတစ်ပါးရဲ့ ဟိန်းသံကို မယှဉ်နိုင်ဘူး။ အထူးသဖြင့် ရှေးအမိန့်ရဲ့ ဟိန်းအော်သံပေါ့။ သင်ဟာ တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်နေတော့ရော ဘာဖြစ်သေးသလဲ…”

ဝမ်လင်း၏မျက်ခုံးကြားရှိ ရှေးဟောင်းနတ်ဘုရားကြယ်များသည် မြန်ဆန်စွာ လှည့်လည်သည်။ ရှေးဟောင်းနတ်ဘုရားစွမ်းအားများ ဝမ်လင်း၏ခန္ဓာကိုယ်တွင် ပြည့်နှက်လာသည်။ ကြီးမားလှသော ရှေးအမိန့်ဦးခေါင်းကြီးတစ်ခု လေထဲကနေ ထွက်ပေါ်လာသည်။

ထိုဦးခေါင်းပေါ်လာသည်နှင့် ဝမ်လင်းက ပါးစပ်ဟကာ ကောင်းကင်တုန်လှုပ်ဖွယ် ဟိန်းသံကို အစီအရင်အတွင်းရှိ ဝဲကတော့ထံသို့ ဦးတည်၍ အော်ဟစ်လိုက်လေ၏။

ယား…။

ထိုဟိန်းအော်သံသည် ချက်ခြင်း ပျံ့နှံ့ကာ အရှင်လုဖူ၏ ရယ်သံကို ဖိနှိပ်သွား၏။ ၎င်းက ကြောက်မက်ဖွယ်ရာ အသံလှိုင်းတစ်ခုအဖြစ်သို့ ပြောင်း၍ ရှေ့သို့ ရိုက်ခတ်သည်။

ထိုဟိန်းအော်သံက ဝမ်လင်းနှင့် အရှင်လုဖူတို့ကြားရှိ ဟင်းလင်းပြင်ကို တုန်ဟည်းစေ၏။ သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် မမြင်ရသော တိုက်ခိုက်မှုများကို ထုတ်ဖော်လိုက်ကြပြီးပင်။ ဒီကြယ်နယ်မြေသည် တုန်ခါသွားကာ မရေမတွက်နိုင်သော ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံး သွေးအန်ရသည်။ သူတို့သည် အရူးအမူး နောက်သို့ ထပ်ဆုတ်ကြသည်။

အစီအရင်၏ ဝဲကတော့အတွင်းနက်ပိုင်း၌ အရှင်မီးတောက်နှင့် တခြားသူများသည် ဖြူရောသည့်အမူအရာဖြင့် ရှိနေကြ၏။ သူတို့သည် သူတို့၏မူလစွမ်းအင်များကို အလျင်အမြန် လှည့်ပတ်လိုက်ရသည်။ ထိုသို့မလုပ်ပါက ယင်းဟိန်းသံကြောင့် သူတို့သည် ပြိုလဲသွားနိုင်၏။

အရှင်လုဖူက သူတို့ရှေ့တွင် ထိုင်နေပြီး သူ၏အမူအရာသည် ပြောင်းလဲသွားသည်။ သူသည် သူ့ထံသို့ တရှိန်ထိုး ဝင်ရောက်လာသော အံ့မခန်းဖိသိပ်အားကို ခံစားမိပေသည်။

ထိုရှေးအမိန့်ဟိန်းအော်သံရှေ့၌ သူ၏ရယ်သံမှာ ချက်ခြင်း ပြိုလဲပျက်စီးရ၏။ အရှင်လုဖူ၏ ဝတ်ရုံသည် လေမတိုက်ပါဘဲ တဖျပ်ဖျပ် ဖြစ်နေ၏။ သူ၏အမူအရာသည် ပြောင်းလဲသွားသော်လည်း သူ့မျက်လုံးထဲတွင်မူ အေးစက်မှုတစ်ခု ဖြတ်ပြေးသည်။

သို့ရာတွင် ထိုအေးစက်မှုအောက်တွင် မသိမသာ တုန်လှုပ်သွားမှုကိုမူ မဖုံးကွယ်လိုက်နိုင်ပေ။

အစတုန်းက သူသည် ဝမ်လင်း၏ခွန်အားကို ရှင်းရှင်းလင်းလင်း နားလည်ထားခဲ့၏။ ဝမ်လင်းက တန်လင်းဂြိုဟ်၏ အစီအရင်ကို အသက်ရှုချိန်ရှစ်ချိန်စာအတွင်း ဖျက်စီးခဲ့သော်လည်း သူ့ထံ၌ ရတနာလက်နက်များနှင့် မန္တာန်များစွာ ပိုင်ဆိုင်ထား၏။ တုန်လှုပ်စရာ ဖြစ်သော်လည်း သူသည် မလန့်သွားပေ။ သူ့အမြင်၌ သူတို့သည် ဘက်တူသူများသာ ဖြစ်ပြီး တစ်ယောက်နှင့်တစ်ယောက် မဖိနှိပ်နိုင်ဟူ၍ ထင်၏။

သို့ရာတွင် ခုချိန်တွင်မူ ပြီးခဲ့သော သူ၏သုံးသပ်ချက်မှာ အကြီးအကျယ် လှုပ်ခါသွားပေပြီ။ ထိုဟိန်းသံအတွင်း၌ သူ့ကို ထိတ်လန့်စေသော အော်ရာတစ်ခု ပါဝင်နေ၏။ သူသည် ထိုအော်ရာကို မခုခံနိုင်ဟု ခပ်ရေးရေး ခံစားမိရသည်။

ထိုဟိန်းသံအတွင်း၌ သူ နားမလည်သော တည်ရှိမှုတစ်ခု ရှိလို့နေ၏။ ထိုတည်ရှိမှု၏ လွှမ်းမိုးနိုင်စွမ်းသည် သည်ဟိန်းသံအဖြစ် လှစ်ဟပြသည်။

ဟိန်းသံ ပဲ့တင်ထပ်နေရင်း အရှင်လုဖူ ရှိနေသော ဝဲကတော့သည် အဆက်မပြတ် လည်ပတ်၏။ သို့သော် ထိုအခိုက်အတန့်တွင် ၎င်းသည် ရပ်တန့်မည့်အရိပ်အယောင် ပြလာသည်။ ဟိန်းသံ၏ ရှေ့တွင် အနှီဝဲကတော့သည်ပင် မလည်ပတ်ဝံ့သည့်နှယ်။

အရှင်မီးတောက်၏မျက်နှာသည် ဖြူရောနေ၏။ သူ့စိတ်ထဲတွင်လည်း ကြောက်လန့်မှုတို့ ကြီးစိုးနေသည်။ သူသည် ဝဲကတော့အပြင်ဘက်ရှိ ဝမ်လင်းကို စိုက်ကြည့်မိနေသည်။ သို့သော် သူသည် အတိတ်တုန်းက ဝမ်လင်းနှင့် အခုဝမ်လင်းကို တထပ်တည်းချကြည့်၍ မရ ဖြစ်နေ၏။

သူက တကယ့်အဖြစ်သနစ်အမှန်ကို လက်ခံသော်လည်း အခုထိ မသိစိတ်ကနေ မယုံကြည်နိုင် ဖြစ်နေသေး၏။

လီယွမ်ဇီသည် သူတို့ကြား၌ အားအနည်းဆုံး ဖြစ်၏။ သူက အပြင်းအထန် ဒဏ်ရာ ရထားခဲ့ဖူးသည်။ သူ ပြန်ကောင်းမွန်လာခဲ့ပြီ ဖြစ်သော်လည်း သူ၏ကျင့်ကြံမှုသည် များစွာ မတိုးတက်လာခဲ့ပေ။ သည်အခိုက်၌ အရှင်လုဖူသည် ဟိန်းသံ၏စွမ်းအားအများစုကို ပိတ်ဆို့ပေးခဲ့သော်လည်း အသံအကြွင်းအကျန်ကပင် သူ့ကို နားကန်းမတတ် ဖြစ်သွားစေ၏။ သူ သွေးအန်လိုက်ရပြီး ခြေလှမ်းရာချီ ဆုတ်ပြီးမှ နောက်ဆုံးတွင် ရပ်တန့်သွားနိုင်သည်။

သူ့မျက်လုံးထဲ၌ ကြောက်လန့်မှု ပေါ်လာကာ ဝမ်လင်းကို ကြည့်နေမိသည်။ ခုလက်ရှိ ဝမ်လင်းသည် အတော်လေးကို အစိမ်းသပ်သပ် ဖြစ်နေ၏။ သူ့မှတ်ဉာဏ်ထဲမှ အတိတ်တုန်းက ကောင်လေးနှင့် လွန်စွာ ကွာခြားသွားခဲ့လေပြီ။

“နှစ်ရာချီနဲ့ ဒီလောက်ကြောက်မက်ဖွယ်အဆင့်ကို ရောက်လာတာ…သူဟာ တိုက်ပွဲစာလိပ်အားလုံးကိုများ နားလည်သွားခဲ့တာလား။ ကံကောင်းစွာနဲ့ ငါတို့နှစ်ယောက်ကြားက အမုန်းတရားဟာ မနက်ရှိုင်းတာပဲ။ အတိတ်တုန်းက ငါက သူ့ကို တိုက်ပွဲစာလိပ်တွေအားလုံး ပေးအပ်ခဲ့ပြီးပြီး။ မဟုတ်ရင် အရှင်လုဖူတောင် ငါ့ကို မကယ်တင်ပေးနိုင်မှာ ငါ စိုးကြောက်မိတယ်။ သူ…သူဟာ တကယ့်ကိုပဲ အခုလောက်ထိ သန်မာလာခဲ့တာပဲ…”

သွေးနတ်ဘုရားသည် အထိတ်လန့်ဆုံးပင်။ သူ့ဦးရေပြားမှာ ထုံထိုင်းနေ၏။ သူက စဉ်းစားဉာဏ်ပင် ဆုံးရှုံးလုမတတ် ဖြစ်နေသည်။ သူသည် သူက ဝမ်လင်းကို များစွာ ရန်စခဲ့သည်ကို သိ၏။ ထိုအခိုက်အတန့်၌ သူက ဝမ်လင်းကို ကိုယ်တိုင်ကိုယ်ကျ မြင်ရကာ ဟိန်းသံ၏စွမ်းအားကိုလည်း ခံစားမိသည့်အခါ သူသည် မတုန်ယင်မိဘဲ မနေနိုင် ဖြစ်ရသည်။

ယောင်မိသားစု၏ဘိုးဘေး၊ အလုံးစုံကောင်းကင်၏ သွေးနတ်ဘုရားအဖြစ် သူသည် အတော်လေးကို မောက်မာသူ ဖြစ်သည်။ အခုလိုမျိုး တုန်ယင်မိသည်မှာ သူ့ထံ၌ ဖြစ်ခဲလှသည်။ သို့သော် ခုချိန်တွင်မူ သူသည် အမှန်အကန် ထိတ်လန့်နေပေပြီ။

ဝမ်လင်း၏ခွန်အားက သူ့ကို ကြောက်မိစေ၏။ သူ မခုခံနိုင်ဟု ခံစားမိစေ၏။ အရှင်လုဖူ၏ အမူအရာ ပြောင်းလဲသွားသည်ကို တွေ့မြင်သည့်အခါ သူသည် မျှော်လင့်ချက်မဲ့မှုကို ခံစားမိသည်။ သို့ရာတွင် သူ့စိတ်ထဲတွင်မူ သူသာ ကံကောင်းခဲ့လျှင်ဟူသော မျှော်လင့်ချက် တစွန်းတစ ရှိလို့နေသေးသည်။

“ဝမ်လင်း ဒီကို ရောက်လာတာ ငါ့ကြောင့် မဟုတ်ဘဲ အရှင်လုဖူရှိပဲ ဖြစ်နိုင်တယ်။ သူက အရှင်လုဖူနဲ့ တိုက်ခိုက်ချင်တာ နေမှာ။ ငါကတော့ သူ့အမြင်မှာ ပုရွတ်ဆိတ်တစ်ကောင်သာသာပဲ။ ဒါ့ကြောင့် သူ ငါ့ကို သိပ်မခက်ခဲစေလောက်ပါဘူး…”

ထိုဟိန်းသံ ဖြတ်သန်းသွားရင်း ဝမ်လင်းသည် ရှေ့သို့ ခြေလှမ်း၏။ သူ့ခြေလှမ်းတိုင်းတွင် မိုးကြိုးသံတို့ တဖန် ဟိန်းမြည်နေသည်။ ပြင်းထန်သောဖိအားကို ဖန်တီးလျက် ဝဲကတော့ပေါ်သို့ ကျရောက်စေသည်။

အရှင်လုဖူသည် အသက်ဝဝရှုသွင်းလိုက်၏။ သို့သော် သူက ခုထိ ထမလာသေးပေ။ သူသည် အပြင်ဘက်ရှိ ဝမ်လင်းကို စူးစိုက်ကြည့်လျက် ဖြည်းဖြည်းချင်း ပြောသည်။ “ငါတို့ ဟင်္သာပြဒါးဂြိုဟ်ပေါ်မှာ တွေ့ခဲ့ဖူးတယ်။ ရောင်းရင်းကျင့်ကြံသူရဲ့ ကျင့်ကြံမှုဟာ အတော်လေးကို မြင့်မားလာတာပဲ။ ဒီအဘိုးအိုက တကယ်ကို မချီးကျူးမိဘဲ မနေနိုင် ဖြစ်ရပါတယ်…”

သူ့အသံသည် ဝဲကတော့အတွင်းမှ ပျံ့လွင့်လာသည်။

“ဟင်္သာပြဒါးဂြိုဟ်ပေါ်မှာတုန်းက တိုက်ပွဲဟာ မနေ့တနေ့ကလိုပါပဲ။ ရောင်းရင်းကျင့်ကြံသူ လုဖူရဲ့ ဓားဟာ တုန်လှုပ်ဖွယ် ကောင်းလှပါပေတယ်…” ဝမ်လင်းသည် ရှေ့သို့ တည်ငြိမ်စွာသာ ဆက်လျှောက်လာနေ၏။ သူ့စကားကို အဆုံးသပ်ပြီးနောက် သူသည် အရှင်မီးတောက်ထံသို့ ကြည့်ကာ လက်နှစ်ဖက် ဆုပ်၍ ပြောလိုက်သည်။

“ရောင်းရင်းကျင့်ကြံသူ မီးတောက်၊ သင် အဆင်ပြေရဲ့လား။ ငါ အလုံးစုံကောင်းကင်ကို လာခဲ့တာ ကိစ္စဟောင်းလေးတွေ ဖြေရှင်းဖို့ပဲ။ သင် ငါ့ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်မိပါတယ်…” အတိတ်တုန်းက စီနီယာတစ်ယောက်ဖြစ်ခဲ့သော အရှင်မီးတောက်သည် အခုတော့ ရောင်းရင်းကျင့်ကြံသူဟူ၍ ဖြစ်လာခဲ့ပြီ။ ထိုသို့ဖြစ်ရခြင်းမှာ ဝမ်လင်းက ခုလိုမျိုး အခေါ်အဝေါ် ပြောင်းလဲချင်၍ မဟုတ်ပေ။ ခုလက်ရှိတွင် အရှင်မီးတောက်သည် ဝမ်လင်းက သူ့ကို စီနီယာဟု ခေါ်သော အသုံးအနှုန်းကို တောင့်ခံနိုင်စွမ်း မရှိ၍ ဖြစ်သည်။

ဝမ်လင်းသည် ရောင်းရင်းကျင့်ကြံသူဟု သုံးနှုန်းလိုက်သော်လည်း အရှင်မီးတောက်ကမူ ခါးသီးမှုကိုသာ ခံစားမိလိုက်၏။ သူသည် အလျင်အမြန်ထကာ သူ့လက်နှစ်ဖက်ကို ဝမ်လင်းထံသို့ ဆုပ်ကိုင်ပြ၏။

“အလုံးစုံကောင်းကင်ဟာ စီနီယာရဲ့အိမ်ပါပဲ။ ခွင့်လွှတ်ပေးဖို့ ပြောနေစရာ မလိုပါဘူး…”

ဝမ်လင်းသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။ သူသည် ဝဲကတော့ထံသို့ ဖြည်းဖြည်းချင်း ဆက်လျှောက်သွားသည်။

“ဟင်္သာပြဒါးဂြိုဟ်ပေါ်မှာတုန်းက ငါတို့ ပူးပေါင်းခဲ့ကြဖူးတယ်။ ဒီတော့ ငါတို့ချင်း သိတယ်လို့ ယူဆနိုင်တယ်။ ပုံမှန်ဆို ငါဟာ ရောင်းရင်းကျင့်ကြံသူနဲ့ တွေ့ရတာ ကျေနပ်စရာပဲ။ ဒါပေမဲ့ သင်က ဘာကြောင့်များ အစီအရင် ချခင်းတာကို ကူညီပေးနေတဲ့ ကျင့်ကြံသူဆယ့်တစ်ယောက်ကို သတ်ဖြတ်ခဲ့ရတာလဲ…”

အရှင်လုဖုသည် မျက်မှောင်ကြုတ်နေ၏။ သူ့မျက်လုံးထဲတွင် အေးစက်မှု ဖျပ်ခနဲ လင်းလက်သည်။

ဝမ်လင်း၏အမူအရာသည် ပုံမှန်အတိုင်းသာ။ သူက အရှင်လုဖူဘေးရှိ သွေးနတ်ဘုရားထံသို့ လက်ညှိုးထိုးကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ငါ့ ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့် ငါ သူတို့ကို သတ်ရလိမ့်မယ်။ ငါတို့နှစ်ယောက်ကြားမှာတော့ ရန်ငြှိုးလည်း မရှိဘူး။ ငါ့အနေနဲ့ သင့်ကို တိုက်ခိုက်ဖို့လည်း စိတ်ကူးမရှိဘူး။ ငါ ဒီလူ့ကိုပဲ လိုချင်တာ…”

သွေးနတ်ဘုရား၏စိတ်သည် တုန်လှုပ်သွား၏။ သူ့မျက်နှာထက်တွင် သွေးရောင်ပင် မရှိတော့ပေ။

ဝမ်လင်းသည် ဝဲကတော့အပြင်ဘက် ပေတစ်ထောင်အကွာတွင် ရပ်လိုက်၏။ သူ့ရှေ့မှ လူသည် အလုံးစုံကောင်းကင်၏ဘိုးဘေး ဖြစ်ကာ ပြင်ပနယ်မြေကို တိုက်ခိုက်ဖို့အတွက် ပင်မအင်အားတစ်ခု ဆိုလည်း ဟုတ်သည်။ အတိတ်တုန်းက ဟင်္သာပြဒါးဂြိုဟ်ပေါ်တွင်လည်း သူတို့သည် အချိန်ခဏတာ အတူတကွ လုပ်ဆောင်ခဲ့ဖူးသေးသည်။ ဝမ်လင်းသည် အရှင်လုဖူ၏ကျင့်ကြံမှုနှင့် ပတ်သတ်၍ ဂရုမစိုက်သော်လည်း တတိယအဆင့်ကျင့်ကြံသူတစ်ယောက်နှင့် ထိုက်တန်သော လေးစားမှုကိုတော့ ပေးရမည်ပင်။

အရှင်လုဖူ၏အမူအရာသည် သုန်မှုန်သွား၏။ သူ့မျက်လုံးထဲတွင်လည်း ချီတုံချတုံဖြစ်ဟန် ပေါ်သည်။

“အရှင်လုဖူ…ဂျူနီယာတစ်ယောက်တည်းကသာ သင့်ကို အဲ့နေရာကို ခေါ်သွားပေးနိုင်မှာပါ…” သွေးနတ်ဘုရား၏မျက်နှာသည် ဖြူရောနေ၏။ သူသည် မျှော်လင့်ချက်မဲ့နေသည်။ သူ ထိုသို့ ပြောလိုက်စဉ် အရှင်လုဖူက ကြားဖြတ်၍ ပြောလာသည်။

“ဒီအဘိုးအိုမှာ ကိုယ်ပိုင် ဆုံးဖြတ်မှု ရှိတယ်…”

အရှင်လုဖူသည် မတ်တပ်ထရပ်၏။ သူက ဝမ်လင်းထံသို့ လက်နှစ်ဖက်ဆုပ်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ရောင်းရင်းကျင့်ကြံသူဝမ်လင်း။ သင် ဒီအဘိုးအိုကို မျက်နှာသာနည်းနည်း ပေးလို့ ရမလား။ ဒီလူ့ကို လွှတ်ပေးဖို့လေ…။ ဒါဆိုရင် ဒီအဘိုးအိုက သင့်အပေါ်မှာ အကြွေးတစ်ခု တင်သွားပြီ…”

ဝမ်လင်းသည် အရှင်လုဖူကို ကြည့်၏။ ခဏအကြာတွင် သူက ခေါင်းခါလိုက်သည်။

“ဒီလူဟာ ငါ့အတွက် အတော်လေး အသုံးဝင်တယ်။ ရောင်းရင်းကျင့်ကြံသူ ငါ့ကို မတားဖို့ မျှော်လင့်ပါတယ်…”

အရှင်လုဖူ၏အမူအရာသည် သုန်မှုန်သွား၏။ သူသည် သတိထားနေသော်လည်း တတိယအဆင့်ကျင့်ကြံသူတစ်ယောက်၏ မောက်မာမှုက သူ့အရိုးထဲထိ စွဲနေ၏။ နှစ်ပေါင်းသောင်းနှင့်ချီ သူက အလုံးစုံကောင်းကင်တွင် သူ ဆန္ဒရှိသလို လုပ်ဆောင်ခဲ့သည်သာ။ မည်သူကမျှ သူ့ကို ကလန်ကဆန် မလုပ်ဝံ့ခဲ့ပေ။ သူက သူ့ကိုယ်သူ နှိမ့်ချကာ ဝမ်လင်းကို မျက်နှာသာပေးရန် တောင်းဆိုခဲ့ပြီးဟု ထင်ထားသည်။

သို့ရာတွင် ဝမ်လင်းက သူ့စကားကို ဂရုမစိုက်ပေ။ ထို့အတွက်ကြောင့် အရှင်လုဖူသည် နှာခေါင်းရှုံ့လိုက်တော့၏။

“ဒီအဘိုးအိုက သင်ဟာ ဒီကြယ်နယ်မြေမှာ ငါနဲ့ တိုက်ခိုက်ဖို့ ဘာကြောင့်များ ယုံကြည်မှု ရှိနေလဲ မြင်ချင်မိတယ်။ သင့်ဟိန်းအော်သံရဲ့ စွမ်းအားဟာ အားကောင်းလှပါတယ်။ သင့်ရဲ့ ခန္ဓာကိုယ်ဟာလည်း တတိယအဆင့်ကျင့်ကြံသူတစ်ယောက်နဲ့ ယှဉ်နိုင်တယ်။ ဒါပေမဲ့ ဒီအဘိုးအို တတိယအဆင့်ကို ရောက်နေတာ နှစ်ပေါင်းသောင်းနဲ့ ချီနေပြီ။ သင့်လိုလူမျိုးက ဒါကို ဘယ်နားလည်နိုင်ပါ့မလဲ…”

ဝမ်လင်း၏အမူအရာသည် ပုံမှန်အတိုင်းပင်။ သူ့မျက်လုံးမှာ တဖြည်းဖြည်းအေးစက်လာ၏။ သူက ညာလက်ကို ဝေ့ယမ်း၍ အေးစက်စက် ပြောလိုက်သည်။ “အချိန်ဖြုန်းမနေတော့နဲ့တော့။ သင် တိုက်ခိုက်ချင်ရင်လည်း တိုက်ခိုက်ကြတာပေါ့…”

***

All Chapters