သဘောတရားတိုက်ပွဲ
Vol. 112 Ch. 1544
တတိယအဆင့်ကျင့်ကြံသူများကြားတွင် ရန်ငြှိုးကြီးကြီးမားမား မရှိပါဘဲ တစ်ယောက်နှင့်တစ်ယောက် သတ်ရမည်ဆိုလျှင်ပင် သူတို့သည် တစ်ယောက်အပေါ် တစ်ယောက် အပြန်အလှန်လေးစားမှု ထားကြ၏။ တကယ်တော့ သည်လောကရှိ လူပေါင်းမြောက်များစွာတွင် အလွန့်အလွန်နည်းပါးသောသူအချို့သာ တတိယအဆင့်သို့ ရောက်နိုင်သည် မဟုတ်လား။
အရှင်လုဖူသည် တတိယအဆင့်သို့ ရောက်နေသည်မှာ အချိန်ကြာမြင့်လှပြီ ဖြစ်သလို ဝမ်လင်းနှင့်လည်း ရန်ငြှိုး ရှိမနေပေ။ ခုချိန်တွင် သူတို့က သွေးနတ်ဘုရားကြောင့် ကတောက်ကဆ ဖြစ်သော်လည်း ဤက ကတောက်ကဆ ဖြစ်သည်ဆိုရုံမျှသာ။
အရှင်လုဖူသည် သွေးနတ်ဘုရားကြောင့် ဝမ်လင်းကို အများကြီး ရန်စမှု မပြုခဲ့ပေ။ သူ့အမြင်၌ ဝမ်လင်းသည် သူနှင့် အဆင့်တူသူ မဟုတ်တော့ဘဲ အနည်းငယ်မျှ အသာစီးရသူဟု ထင်နေမိပေပြီ။
သို့ပေမည့် သူသည် သူက တတိယအဆင့်တွင် နှစ်ပေါင်းသောင်းချီ ရပ်တည်နေသည့်အတွက်ကြောင့် ဝမ်လင်းထက် အတွေ့အကြုံ ပိုကြွယ်ဝမည်ဟု ယုံကြည်ထားသည်။ ထို့အတွက်ကြောင့် သူသည် ကြောက်မနေပေ။
ဝမ်လင်းသည် တတိယအဆင့်သို့ မရောက်သေးသော်လည်း သူ့ခန္ဓာကိုယ်ကမူ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်နှင့် ယှဉ်နိုင်နေ၏။ သူက ပြင်ပနယ်မြေတွင်လည်း တတိယအဆင့်ကျင့်ကြံသူများစွာနှင့် တွေ့ကြုံခဲ့ဖူးပြီးဖြစ်သည့်အတွက် အရှင်လုဖူမှာ သူ့မျက်လုံးထဲတွင် ဘာမှ မဟုတ်တော့ပေ။
အရှင်လုဖူက ဆက်လက်၍ ခေါင်းမာနေမှတော့ ဝမ်လင်းက ထိုသူ့ကို သင်ခန်းစာတစ်ခု ပေးဖို့ စိတ်ထဲထားမနေတော့ပေ။ သူ ကြယ်ခုနစ်လုံးရှေးဟောင်းနတ်ဘုရား ဖြစ်လာပြီးနောက် သူသည် ထာဆန်ကလွဲ၍ တခြားသူများနှင့် မတိုက်ခိုက်ရသေးပေ။ သည်အခိုက်၌ ဝမ်လင်းသည် အရှင်လုဖူနှင့် တိုက်ခိုက်ချင်စိတ် ဖြစ်ပေါ်နေ၏။
အရှင်လုဖူ၏မျက်လုံးသည် တလက်လက် ဖြစ်လျက် သူက ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားသို့ စိုက်ကြည့်နေသည်။ သူက အားကောင်းသောတိုက်ပွဲဆန္ဒကို ခံစားမိ၍ သူ့မျက်လုံးသူငယ်အိမ်ပါ ကြုံ့လို့သွားသည်။ သူက အလျင်အမြန် သူ့စိတ်ကိုယ်သူ ပြင်ဆင်လိုက်သည်။
“ရောင်းရင်းကျင့်ကြံသူ ဝမ်လင်း။ အလုံးစုံကောင်းကင်ဟာ ငါတို့နှစ်ယောက် ခွန်အားပြည့်တိုက်ခိုက်ကြရင် တောင့်ခံနိုင်မှာ မဟုတ်ဘူး။ ချိပ်ပိတ်နယ်မြေအစီအရင်ကို သွားပြီး စွဲဆောင်မိလိုက်တာနဲ့ ဒါဆို ဒီတိုက်ပွဲဟာ မထိုက်တန်တော့ဘူး။ ငါတို့နှစ်ယောက် သဘောတရားတိုက်ပွဲပဲ ဆင်နွှဲကြရင်ရော ဘယ်လိုလဲ။ သုံးချီမှာ နှစ်ချီနိုင်တဲ့သူက အနိုင်ရမယ်…”
“သင်နိုင်ရင် ငါကိုယ်တိုင် သွေးနတ်ဘုရားကို သင့်ရှိ လွှဲပြောင်းပေးမယ်။ ဒါပေမဲ့ သင် ရှုံးခဲ့ရင်တော့ သင်ဟာ မြန်မြန် ထွက်သွားရမယ်။ ငါ့ ခွင့်ပြုချက်မရှိဘဲ အလုံးစုံကောင်းကင်ကိုလည်း သင် လာခွင့်မရှိရဘူး…”
“သင် ဒီအဘိုးအိုနဲ့ သဘောတရားတိုက်ပွဲ ဆင်နွှဲရဲလား…” အရှင်လုဖူက သူသည် ဝမ်လင်းနှင့် တိုက်ခိုက်မည်ဆိုလျှင်ပင် သရေသာ ဖြစ်နိုင်သည်ဟု ခံစားမိ၏။ ထို့အတွက်ကြောင့် သူတို့သည် မဆုတ်သာမတိုးသာအခြေအနေ ဖြစ်သွားနိုင်သည်။
သူသာ တဒင်္ဂမျှ သတိလွတ်သွားခဲ့ပါက ဒဏ်ရာလည်း ရသွားနိုင်သည်။ သူသည် ခုချိန်တွင် ဒဏ်ရာ ရသွားခဲ့ပါက ပြင်ပနယ်မြေမှ အပူဇော်ခံမီးတောက်ကို လုယူခိုးယူမည့် သူ့အစီအစဉ်အပေါ် သက်ရောက်မှုများ ရှိသွားနိုင်သည်။ သူက ထိုကိစ္စအပေါ် ပူပန်နေမိ၏။
“သဘောတရားတိုက်ပွဲလား…” ဝမ်လင်းသည် အရင်တုန်းက တစ်စုံတစ်ယောက်နှင့် ထိုသို့သော သဘောတရားတိုက်ပွဲမျိုး မဆင်နွှဲခဲ့ဖူးပေ။ အရှင်လုဖူ၏စကားများကို ကြားလိုက်ရသည့်နောက် သူ့မျက်လုံးထံမှ ထူးဆန်းသောအလင်းတစ်ခု ဖြစ်ပေါ်သည်။
အတွင်းနယ်မြေသည် ပြင်ပနယ်မြေကို မယှဉ်သာပေ။ တတိယအဆင့် ကျင့်ကြံသူနှစ်ယောက်သာ တိုက်ခိုက်ပါက ဟင်းလင်းပြင်သည် ပျက်စီးကာ နယ်မြေချိပ်ပိတ်ခြင်းအစီအရင် ပေါ်လာနိုင်သည်။ ဝမ်လင်းသည်လည်း ထိုအချက်ကို ကောင်းကောင်း သိထားပေ၏။
“အမှန်ပဲ။ အတွင်းနယ်မြေမှာ တတိယအဆင့်ကျင့်ကြံသူ အနည်းငယ်ပဲ ရှိပေမယ့် ရှိတာကတော့ ရှိနေတာပဲလေ။ ငါတို့ဟာ တစ်ယောက်နဲ့တစ်ယောက် သတိမမူပဲ တိုက်ခိုက်လို့ မဖြစ်ဘူး။ ငါတို့သာ နယ်မြေချိပ်ပိတ်ခြင်းအစီအရင်ကို သွားပြီး စွဲဆောင်မိရင် ဒါဟာ မတန်တော့ဘူး…”
“ဒီအတွက်ကြောင့် သဘောတရားတိုက်ပွဲဟာ ဖြစ်ပေါ်လာခဲ့ရတာ…”
“ပထမဆုံးတိုက်ပွဲကတော့ သန့်စင်ခြင်းပဲ။ သင်ဟာ သတ္တုပါဝင်ပစ္စည်းတွေကို ထုတ်ယူပြီး ရတနာတစ်ခုအဖြစ် သန့်စင်ရမယ်။ အဲ့ရတနာဟာ ပထမတိုက်ပွဲအတွက် အသုံးပြုရလိမ့်မယ်။ သင်ကသာ လက်နက်တွေကို သန့်စင်ရာမှာ မကျွမ်းကျင်ရင် ဆေးလုံးတစ်လုံး သန့်စင်နိုင်တယ်။ စိတ်ဝိညာဉ်တစ်ခုကို သန့်စင်ရင်တောင် အဆင်ပြေတယ်…”
“ဒုတိယတိုက်ပွဲကတော့ တာအိုဆန္ဒတိုက်ပွဲပဲ…”
“နောက်ဆုံးတိုက်ပွဲကတော့ မန္တာန်တွေကို ခင်းကျင်းထုတ်ဖော်ပြတာ။ တိုက်ပွဲသုံးခုပြီးရင် အနိုင်ရသူဟာ ဆုံးဖြတ်ခွင့်ရှိမယ်…”
ဝမ်လင်းသည် ပြုံး၍ အရှင်လုဖူကို ကြည့်၏။ သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလျက် ရယ်မောကာ ပြောလိုက်သည်။ “ကောင်းသားပဲ။ သင်က သဘောတရားတိုက်ပွဲတစ်ခု ဖြစ်ချင်မှတော့ ငါ့အနေနဲ့ သင့်ကို အဖော်ပြုပေးရမှာပေါ့…”
အရှင်လုဖူသည် ထိုစကားကို ကြားသည့်အခါ အနည်းငယ် စိတ်အေးသွား၏။ သူသည် ဝမ်လင်း၏မျက်လုံးထဲရှိ တိုက်ပွဲဆန္ဒကို တွေ့မြင်သည့်အခါ ဝမ်လင်း၏ ယုံကြည်မှုကို သူခံစားမိခဲ့၏။ တစ်ခုခု ဆိုးရွားတာ ဖြစ်လာမည်ဟုလည်း ဝိုးတဝါးခံစားမိသည်။ သူသည် အမြဲတမ်း သတိရှိသူ ဖြစ်ကာ အလုံးစုံကောင်းကင်၏ဘိုးဘေးတစ်ယောက်အနေဖြင့် သူသည် ရှုံး၍ မရပေ။
ထို့အတွက်ကြောင့် သူက သဘောတရားတိုက်ပွဲကို ဖော်ပြလာခြင်းပင်။ အခု ဝမ်လင်းက သဘောတူသည်ကို တွေ့မြင်သည့်အခါ သူသည် စိတ်ထဲကနေ မလှောင်ပြောင်မိဘဲ မနေနိုင် ဖြစ်ရ၏။
“ဒီလူဟာ ငယ်ငယ်ပဲ ရှိသေးတယ်။ အချိန်အကြာကြီးလည်း မကျင့်ကြံရသေးဘူး။ သူ့ကျင့်ကြံမှုအဆင့်ဟာ ဒီအဆင့်ထိ ရောက်နေပေမယ့် သူဟာ တခြားနယ်ပယ်တွေမှာတော့ အားနည်းချက် ရှိမှာပဲ…”
အရှင်လုဖူသည် အပူဇော်ခံမီးတောက် ကင်းမဲ့မှုကြောင့် နိဗ္ဗာနလေဟာနယ်အဆင့်တွင် တန့်နေသည်မှာ နှစ်ပေါင်းသောင်းချီ နေပြီ ဖြစ်၏။ ထို့အတွက်ကြောင့် သူသည် တခြားသော သန့်စင်ခြင်းပညာရပ်၊ ဆေးဝါးပညာရပ်နှင့် အတားအဆီးပညာရပ်များကို လေ့လာစမ်းစစ်ခဲ့၏။ သူသည် အတော်လေး ယုံကြည်မှု ရှိနေပေသည်။
အရှင်လုဖူသည် ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ရောင်းရင်းကျင့်ကြံသူ…ကျေးဇူးပြုပြီး ပထမဆုံးတိုက်ပွဲအတွက် သန့်စင်မယ့် အရာကို ရွေးချယ်ပါ…”
“ရတနာတစ်ခုကို သန့်စင်ရင် ကောင်းမလား…” ဝမ်လင်းသည် အရှင်လုဖူကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်သည်။
အရှင်လုဖူ၏ အမူအရာသည် ပုံမှန်အတိုင်းပင်။ သူက ခေါင်းညိတ်လိုက်၏။ သို့သော် သူသည် စိတ်ထဲကနေမူ နှာခေါင်းရှုံ့၏။ သူ့ရတနာသန့်စင်ခြင်း ကျွမ်းကျင်မှုသည် ဆေးလုံးသန့်စင်ခြင်းထက် အဆများစွာ သာပေ၏။ သူ၏အစွမ်းထက်ဆုံး ရတနာကိုပင် ကျိုးပျက်နေသော ရတနာတစ်ခုကို ရရှိခဲ့ပြီးနောက် သူ ကိုယ်တိုင် သန့်စင်ထားခဲ့ခြင်းပင်။
သူက ဆက်၍ အချိန်ဖြုန်းမနေတော့ဘဲ လက်ဝေ့ယမ်းလိုက်၏။ သူ့ပတ်လည်မှ ဝဲကတော့သည် စတင် လည်ပတ်လာပြီး အဆုံးမဲ့မြူများ ပေါ်လာသည်။ မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာ၏။ သူက ဝဲကတော့ထံမှ ခုန်ထွက်လိုက်ကာ ဧရာမအစီအရင်၏အထက်တွင် ပေါ်လာသည်။
သူ့နောက်တွင် သူ့အား လှမ်းကြည့်နေသော မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ ကျင့်ကြံသူသောင်းချီ ရှိနေ၏။ သူတို့၏အကြည့်ထဲ၌ လေးစားမှုနှင့်ဂုဏ်ယူမှုတို့ ပြည့်နှက်နေသည်။ အရှင်လုဖူမှာ အလုံးစုံကောင်းကင်၏ ဘိုးဘေး ဖြစ်သည် မဟုတ်လား။
ဝဲကတော့အတွင်းမှ လူသုံးယောက်သည်ပင် လေးစားသည့်ဟန်ပန် ဖြစ်လာကြ၏။ အလုံးစုံကောင်းကင်အတွက်တော့ အရှင်လုဖူသည် နတ်ဘုရားတစ်ပါးပင်။
သူတို့ဘိုးဘေး၏ ရတနာတစ်ခုအား သန့်စင်ခြင်းကို ကိုယ်တိုင်ကိုယ်ကျ မြင်ရခြင်းသည် သူတို့ကို စိတ်လှုပ်ရှားမှုဖြင့် နှလုံးခုန်မြန်စေသည်။
“ဒီနေ့ ဒီအဘိုးအိုသန့်စင်တဲ့ ရတနာကို မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှာ ထားမယ်။ ပြင်ပနယ်မြေနဲ့ တိုက်ပွဲစတင်ပြီးရင် ကောင်းကင်ဘုံအဆင့်သတ်မှတ်ချက် ဖန်တီးမယ်။ ပထမဆုံးသုံးလအတွင်း ရန်သူကျင့်ကြံသူအများဆုံးကို သတ်နိုင်တဲ့သူဟာ ဒီရတနာကို လက်ဆောင်အဖြစ် ပေးအပ်ခြင်း ခံရမယ်…” အရှင်လုဖူ၏ စကားလုံးများသည် ထိုကျင့်ကြံသူများ၏ နားထဲသို့ ဝင်ရောက်လာ၏။
သူ့အသံ ပဲ့တင်ထပ်နေရင်း အသံလှိုင်းတစ်ခု အထိုင်ကျသည်။ ကျင့်ကြံသူသောင်းချီသည် စိတ်လှုပ်ရှားကာ သံပြိုင်ဟစ်လိုက်ကြ၏။
အရှင်လုဖူသည် အစီအရင်အထက်၌ ဝမ်လင်းနှင့် ပေတစ်ထောင််အကွာတွင် ရှိနေ၏။ သူက ကြယ်များထံ လက်ညွှန်လိုက်ရာ မရေမတွက်နိုင်သော အလင်းများသည် ဒီကြယ်နယ်မြေအနှံ့တွင် စတင် တောက်ပသည်။
မျက်စိတစ်မှိတ်အတွင်း ကြယ်နယ်မြေတစ်ခုလုံးသည် ကြယ်အလင်းနှင့် ဖုံးလွှမ်းသွား၏။ ထို့နောက် အလွန်တရာ ကျက်သရေရှိလှသော မြင်ကွင်းတစ်ခု ပေါ်လာသည်။
“ဒီနေ့ ဒီအဘိုးအိုဟာ ဒီကြယ်အလင်းကို ရင်းမြစ်တစ်ခုအဖြစ် အသုံးပြုမယ်…” သူ့ညာလက်ကို ဆန့်ထုတ်လိုက်၏။ အဆုံးမဲ့ကြယ်အလင်းသည် သူ့လက်ထဲတွင် အရူးအမူး စတင် စုဝေးလာသည်။
ဖျပ်ခနဲအတွင်း ကြယ်အလင်းအရိပ်တစ်ခု ပေါ်လာ၏။ ၎င်းမှာ ဧရာမသစ်ပင်ကြီး၏အရိပ်ပင်။
ထိုသစ်ပင်ကြီးသည် ကြယ်အလင်းနှင့် ပြုလုပ်ထားခြင်း ဖြစ်ကာ တလျှံလျှံတောက်ပသည်။ အကြည့်တစ်ချက်ဖြင့်ပင် ၎င်းသည် ဂြိုဟ်ပေါင်းများစွာကနေ ဖြစ်ပေါ်လာခြင်းနှင့် တူနေ၏။ ထိုသစ်ပင်သည် ပေသောင်းချီ မြင့်မားကာ ကြယ်များကြား၌ မြောလွင့်တည်ရှိ၏။
“ရှေးဟောင်းအချိန်တွေထဲက တည်ရှိခဲ့တဲ့ အလုံးစုံကောင်းကင်ရဲ့ ဖုန်မှုန့်ကို ဒီသစ်ပင်ရဲ့ ခန္ဓာကိုယ်အဖြစ် အသုံးပြုမယ်။ ရတနာတစ်ခုအဖြစ် သိပ်သည်းစေ…” အရှင်လုဖူ၏ အသံသည် ပဲ့တင်ထပ်သည်။ သူ့ဘယ်လက်ဖြင့် ကြယ်နယ်မြေအနှံ့သို့ ဝေ့ယမ်းသည်။ ကြယ်နယ်မြေတစ်ခုလုံးသည် တုန်ဟည်းလာ၏။ ထိုတုန်ဟည်းမှုမှာ အလုံးစုံကောင်းကင်တခွင်သို့ ပျံ့နှံ့သည်။
၎င်းသည် မရေမတွက်နိုင်သော လှိုင်းဂယက်များအဖြစ်သို့ ပြောင်းလဲ၏။ သည်အခိုက်တွင် မရေမတွက်နိုင်သော အမှုန်အမွှားများသည် သူတို့ဟာသူတို့ ပေါ်လာကြ၏။ ယင်းတို့သည် စုပ်အားတစ်ခု၏ ဆွဲငင်ခြင်း ခံရပြီး အရှင်လုဖူထံသို့ ဦးတည်သည်။
ထိုအမှုန့်အမွှားများ ကြယ်အလင်းသစ်ပင်ထံသို့ ဝင်ရောက်သွားသည့်အခါ ၎င်းသည် ဆက်လက် ဝေဝါးသည့်ဟန် မရှိတော့ဘဲ အလျင်အမြန်ပင် ပုံစံအသွင်ဖွဲ့စည်းလာသည်။
ဝမ်လင်းသည် အရှင်လုဖူ သန့်စင်နေသည်ကို တည်ငြိမ်စွာသာ စောင့်ကြည့်နေ၏။ ချက်ခြင်းပင် ပေသောင်းချီမြင့်မားသော ကြယ်အလင်းဖြင့် ပြုလုပ်ထားသည့် သစ်ပင်သည် သိသိသာသာ ပေါ်လာပေပြီ။
ဟင်းလင်းပြင်ကို မြေစိုင်ခဲအဖြစ် အသုံးပြုခြင်း၊ အမှုန့်အမွှားတို့ကို မြေဩဇာအဖြစ် အသုံးပြုခြင်း၊ ကြယ်အလင်းကို ၎င်း၏ စိတ်ဝိညာဉ်အဖြစ် အသုံးပြုခြင်း။ ထိုအခါ ရှေးဟောင်းအချိန်များတုန်းက တည်ရှိခဲ့သော သစ်ပင်တစ်ပင်အလား ကြယ်အလင်းသစ်ပင်တစ်ပင်သည် သည်နေရာတွင် ရုတ်တရက် ပေါ်လာတော့သည်။
ထိုသစ်ပင်ထံမှ ပြင်းထန်သောခွန်အားတစ်ခု ဖြည်းဖြည်းချင်း ပျံ့နှံ့သည်။ ၎င်းသည် ပျံ့နှံ့နေရင်း အားကောင်းသောအသက်ဓာတ်တစ်ခုပါ ပျံ့လွင့်သည်။ ထိုအဖြစ်သည် အရှင်လုဖူနောက်မှ အလုံးစုံကောင်းကင်၏ကျင့်ကြံသူသောင်းချီကို စိတ်အားတက်ကြွလာစေသည်။
“ဒီရတနာဟာ ပုံစံအသွင် ရှိလာပြီ။ ဒါပေမဲ့ အနှစ်သာရတစ်ခု ကင်းမဲ့နေတုန်းပဲ။ ဒီအဘိးအိုဟာ အလုံးစုံကောင်းကင်က ဖြစ်ပေမယ့် လေကောင်းကင်ဘုံနယ်မြေရဲ့ မျက်နှာသာပေးမှုကို ခံခဲ့ရပြီး ငါဟာ လေအနှစ်သာရကို နားလည်ခဲ့တယ်။ အခု ငါ့လေအနှစ်သာရကို ဒီသစ်ပင်ထဲ ထည့်ပေါင်းစပ်မယ်…”
အရှင်လုဖူသည် သူ့လက်နှစ်ဖက်ကို ဖြန့်ကားလိုက်၏။ လက်ဝေ့ယမ်းလိုက်ရာ ပြင်းထန်သောလေပြင်းတစ်ခု သူ့ထံမှ ပေါ်လာသည်။ သူ့မျက်လုံးထဲတွင် ဝဲကတော့ကိုးခုလည်း ပေါ်လာ၏။ ယင်းဝဲကတော့များ လှည့်ပတ်တိုင်း သူ့ခန္ဓာကိုယ်မှ လေပြင်းသည် ပို၍အားကောင်းလာသည်။
ချက်ခြင်းပင် သည်လောကရှိ မုန်တိုင်းအားလုံးမှာ ပျက်စီးကာ အတွင်း၌ ဖမ်းယူခြင်း ခံရသည်။ တုန်လှုပ်ဖွယ်စွမ်းအားတစ်ခု ဖြစ်ပေါ်၏။ ၎င်းသည် သစ်ပင်ကြီးထံသို့ ဦးတည်သည်။
ဝမ်လင်းသည် ထိုလေပြင်း၏ ထိခတ်ခြင်း ခံရသည့်အချိန်တွင်လည်း တည်ငြိမ်စွာ ဆက်ရှိနေ၏။ သူ၏မျက်လုံးထဲတွင် သူ့မိုးကြိုးနှင့်မီးအနှစ်သာရတို့ ပေါ်လာ၏။ လေပြင်းအလွှာများ လှိုင်းထန်သွားသည့်နောက်တွင်လည်း သူ့ခန္ဓာကိုယ်သည် တစ်စက်လေးပင် မလှုပ်ခတ်ပေ။
ပြင်းထန်သောလေပြင်းတစ်ခုက ထိုသစ်ပင်ကြီးပေါ်သို့ ကျရောက်ကာ ၎င်းကို တုန်ခါစေသည်။ ထို့နောက် အတုအပနိဗ္ဗာနလေဟာနယ်ရတနာတစ်ခု၏ အော်ရာသည် ပျံ့နှံ့လာချေ၏။
”အခု ဒီအပင်မှာ အနှစ်သာရလည်း ပိုင်ဆိုင်သွားပြီ။ ဒါပေမဲ့ သွေးလိုအပ်နေသေးတယ်။ ဒီအဘိုးအိုဟာ ဒါကို အလုံးစုံကောင်းကင်မှာ ချန်ထားခဲ့မှာ ဖြစ်တဲ့အတွက် အလုံးစုံကောင်းကင်ရဲ့ ကျင့်ကြံသူတွေရဲ့ သွေးပါဝင်သင့်တယ်…”
အရှင်လုဖူ၏မျက်လုံးသည် တလက်လက် ဖြစ်သည်။ သူက သူ့ညာလက်ကို သူ့ရှေ့မှ ကျင့်ကြံသူ သောင်းချီထံသို့ လက်ညွှန်လိုက်သည်။
သူ လက်ကို ဝေ့ယမ်းညွှန်လိုက်စဉ် ထိုကျင့်ကြံသူများ၏ မျက်ခုံးကြားတွင် သွေးစက်တစ်စက် ဖြစ်ပေါ်လာ၏။ ယင်းသွေးစက်များသည် အရှင်လုဖူ၏ရှေ့တွင် သိပ်သည်းသည်။ ထို့နောက်တွင် အရှင်လုဖူက သူ့လျှာထိပ်ကို ကိုက်လိုက်ပြီး တတိယအဆင့်ကျင့်ကြံသူတစ်ယောက်၏ သွေးကို ထွေးထုတ်သည်။ သည့်နောက်တွင် သွေးစက်နှစ်စက်သည် ပေါင်းစပ်၏။ သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်သည်။
ထိုသွေးသည် ချက်ခြင်းပင် အပင်ထံသို့ ပျံသန်းသွားပြီး ၎င်းနှင့် ပေါင်းစပ်သည်။
ထိုအခိုက်အတန့်တွင် သူ့နောက်မှ လူတိုင်း၏ စိတ်ထဲတွင် သွေးချိတ်ဆက်မှုတစ်ခု ပေါ်လာလေ၏။
ထိုသို့ ပြုလုပ်ပြီးသည့်နောက် အရှင်လုဖူသည် မာန်သွင်းလိုက်၏။ သူ့မျက်လုံးထဲရှိ လေဝဲကတော့များသည် မြန်ဆန်စွာ လှည့်ပတ်ကြသည်။ ထို့နောက်တွင် သူ့လက်ကို သူ့အောက်ဘက်သို့ ခပ်ကြမ်းကြမ်း ရိုက်ချလိုက်သည်။
“နောက်ဆုံးအဆင့်ကတော့ ရတနာတစ်ခုအဖြစ် ကြယ်တစ်လုံးကို ဖိနှိပ်ဖို့ပဲ…”
ပေသောင်းချီမြင့်မားလှသော သစ်ပင်ကြီးသည် တုန်ဟည်းကာ အလျင်အမြန် ကြုံ့လာ၏။ ပေထောင်ချီသစ်ပင်သည် ပေတစ်ရာထိ ကြုံ့သွားသည်။ ၎င်း၏တုန်လှုပ်ဖွယ်အော်ရာသည် ပျံ့လွင့်လာကာ ဟင်းလင်းပြင်သည်ပင် တုန်ယင်ရသည်။
“ဒီရတနာကို အလုံးစုံကောင်းကင်သစ်ပင်လို့ အမည်တပ်မယ်။ ရောင်းရင်းကျင့်ကြံသူ ဘယ်လို ထင်ပါသလဲ…” အရှင်လုဖူ၏ မျက်လုံးထဲတွင် ဂုဏ်ယူမှုတို့ ရှိနေ၏။ အလားတူပင် စိတ်သက်သာရာ ရမှုလည်း ရှိသည်။ သူသည် အလုံးစုံကောင်းကင်ကို ရင်းမြစ်၊ သွေးအဖြစ် ကျင့်ကြံသူများကို အသုံးပြု၊ အမြုတွေအဖြစ် သူ၏ ကိုယ်ပိုင်အနှစ်သာရကို အသုံးချကာ ၎င်းကို သူ၏ကျင့်ကြံမှုဖြင့် ဖိသိပ်ထားခဲ့ပေသည်။ ၎င်းမှာ အသန်မာဆုံးရတနာတစ်ခု မဟုတ်သော်ငြား သည်မျှအချိန်တိုအတွင်းဖြင့် အခုလောက် သန့်စင်နိုင်ခဲ့ခြင်းက သူ့ကို ကျေနပ်စေပေသည်။
သွေးနှင့်အနှစ်သာရစွမ်းအင်ကို အသုံးပြုခဲ့ရခြင်းက သူ့စိတ်နှလုံးကို ကိုက်ခဲစေသော်လည်း သည်သဘောတရားတိုက်ပွဲတွင် အနိုင်ရဖို့အတွက် သူက အစွမ်းကုန် လုပ်ရမည်သာ။
***