ကြိုးစားကြည့်လိုက်လေ
Vol. 112 Ch. 1545
ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်တိတ်ဆိတ်နေ၏။ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ ကျင့်ကြံသူ သောင်းချီသည် အလုံးစုံကောင်းကင်သစ်ပင်ကို စိုက်ကြည့်နေကြသည်။ သူတို့သည် စိတ်လှုပ်ရှားမှုနှင့် ပြည့်နှက်နေ၏။ သို့သော် မည်သူကမျှ စကား မဆိုပေ။ သို့ပေမည့် သူတို့၏စိတ်နှလုံးသားထဲရှိ လိုအင်ဆန္ဒများသည် ပိုအားကောင်းသထက် အားကောင်းလာသည်။
သူတို့သည် အရှင်လုဖူ ကိုယ်တိုင်ကိုယ်ကျ သန့်စင်ခဲ့သော ဒီအပင်ကို လိုချင်နေကြ၏။
လီယွမ်ဇီနှင့် တခြားသူများသည်ပင် တုန်လှုပ်နေကြ၏။ သူတို့မျက်လုံးထဲရှိ လောဘကို ဖုံးကွယ်ထားနေရသည်။
အရှင်မီးတောက်တစ်ယောက်သာ ဒီအပင်နှင့် ပတ်သတ်၍ သိပ်ဂရုတစိုက် မရှိနေခြင်းပင်။ သူ့ထံ၌ မိုးကြိုးကောင်းကင်ဘုံနယ်မြေမှ သန့်စင်ထားသော ရတနာတစ်ခု ပိုင်ဆိုင်ထားသည် မဟုတ်လား။ သို့သော်လည်း အခုသစ်ပင်မှာ အရှင်လုဖူကိုယ်တိုင် သန့်စင်ထားသည် ဖြစ်၍ အဓိပ္ပာယ်ကမူ သိသာစွာ ကွာခြားမှု ရှိပေသည်။
အရှင်လုဖူ၏အသံသည် ဖြည်းဖြည်းချင်း ပဲ့တင်ထပ်လာ၏။
ဝမ်လင်း၏အကြည့်က အလုံးစုံကောင်းကင်သစ်ပင်ပေါ်သို့ ကျရောက်သွားသည်။ သူက မျက်မှောင်ကြုတ်သွားမိသည်။ ထိုသစ်ပင်သည် သိပ်ဟုတ်လှတာ မမည်ပေ။ သို့သော် ကျင့်ကြံသူသောင်းချီ၏သွေးကမူ ကောင်းမွန်လှသော သန့်စင်သည့်နည်းလမ်းတစ်ခုပင်။ ထိုရတနာသည် ရိုးရှင်းသောရတနာတစ်ခု မဟုတ်တော့ဘဲ သွေးအမွေအနှစ်နှင့် ရတနာတစ်ခု ဖြစ်လာခဲ့ပေပြီ။
ကျင့်ကြံသူသောင်းချီ၏ သွေးအမွေအနှစ်။
ထိုကျင့်ကြံသူများသည် အလုံးစုံကောင်းကင်၏ အမျိုးမျိုးသော မိသားစုများမှ လာရောက်ကြသူများ ဖြစ်ကြ၏။ သူတို့အားလုံးနီးပါးက သည်နေရာတွင် ရှိနေကြသည်။ သူတို့၏သွေးကို စုစည်းခြင်းက အလုံးစုံကောင်းကင် ကိုယ်တိုင် ဖြစ်သည်ဟူ၍ပင် ယူဆနိုင်သည်။
အလုံးစုံကောင်းကင်မှ ကျင့်ကြံသူတစ်ယောက် ဖြစ်နေသ၍ သူတို့သည် ဒီရတနာကို ထိန်းချုပ်နိုင်မည်ပင်။ ကျယ်ပြေလှသော သွေးအမွေအနှစ်နှင့် ရတနာသည် အတော်လေး ရှားပါးလှသည်။
ဒီအလုံးစုံကောင်းကင်သစ်ပင်၏ အမြစ်မှာလည်း ဒီကြယ်အဖွဲ့အစည်းမှ ကြယ်အလင်းပင် ဖြစ်နေ၏။ ၎င်းကို အရှင်လုဖူက သန့်စင်ခဲ့ခြင်းပင်။ ထို့ကြောင့် အချိန်ကာလတစ်ခုတော့ ဖြတ်သန်းဖို့ လိုအပ်ပေဦးမည်။
ထိုရတနာသည် အသစ်မွေးဖွားလာသော ရတနာတစ်ခုဖြစ်သည်ဟု ယူဆနိုင်၏။ ၎င်းရတနာ ပြီးပြည့်စုံလာစေဖို့မှာ အချိန်များစွာ လိုအပ်မည်သာ။ သို့ပေမည့် အရှင်လုဖူက တော်ပေသည်။ သူက နှစ်ပေါင်းမရေမတွက်နိုင်ခင်တည်းက တည်ရှိခဲ့သော အမှုန့်အမွှားများကို ရတနာသန့်စင်ရာတွင် အသုံးပြုခဲ့သည် မဟုတ်လား။ ထို့အတွက်ကြောင့် ဒီရတနာက ရှေးဟောင်းအော်ရာကို ပေးစွမ်းနေသည်။
ပို၍ တုန်လှုပ်ဖွယ်ကောင်းသည်မှာ သည်ရတနာအတွင်းရှိ တိုက်ပွဲဆန္ဒပင်။ ၎င်းမှာ ပြင်ပနယ်မြေကို ရင်ဆိုင်ဖို့ စိတ်အားထက်သန်နေသော အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများ၏ တိုက်ပွဲဆန္ဒပင်။ ထိုရတနာသည် ပြစ်ချက်မရှိပေ။ ၎င်းမှာ သင်္ကေတတစ်ခု ဆိုလည်း ဟုတ်သည်။
ဝမ်လင်းသည် ၎င်းရတနာကို ဖျက်စီးလိုက်ပါက စစ်ပွဲအတွက် အလုံးစုံကောင်းကင်၏ အရှိန်အဟုန်ကို ဖျက်စီးခြင်းနှင့် အတူတူ ဖြစ်သွားပေလိမ့်မည်။ အရှင်လုဖူက သည်အချက်ကို သိ၏။ သူက တမင် သည်အချက်ကို အကြံအစည်နှင့် အသုံးပြုခဲ့ခြင်းပင်။ သူသည် နှစ်ပေါင်းသောင်းချီ ရှင်သန်နေထိုင်ခဲ့သော မွန်းစတားအိုတစ်ယောက် မဟုတ်လား။
သည်လိုရတနာမျိုးကို တတိယအဆင့်ကျင့်ကြံသူများကသာ သန့်စင်နိုင်၏။ ထို့အပြင် သူတို့အတွက်ပင် ထိုကဲ့သို့ ရတနာများစွာ သန့်စင်မွန်းမံဖို့ မဖြစ်နိုင်ပေ။
ဝမ်လင်းသည် အနည်းငယ် စဉ်းစား၏။ ထို့နောက် သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ဒီရတနာရဲ့အရည်အသွေးဟာ ထိပ်တန်းပဲ…”
အရှင်လုဖူ၏ရယ်သံသည် ကြယ်များကြားတွင် ပဲ့တင်ထပ်၏။ သူ၏ဂုဏ်ယူနေဟန် အမူအရာက သူ့ကိုယ်သူ ယုံကြည်မှုရှိကြောင်းကို လှစ်ဟပြနေ၏။
ဝမ်လင်း၏ စကား အဆုံးသပ်သွားသည့်နောက်တွင် ကျင့်ကြံသူသောင်းချီသည် သံပြိုင်ချီးကျူး ထောပနာ ပြုကြ၏။ အရှင်လုဖူကို ကြည့်နေသော သူတို့၏အကြည့်များသည် ပို၍ စိတ်အားတက်ကြွကာ ဂုဏ်ယူမှုတို့ ပြည့်လာသည်။
အရှင်လုဖူက ဝမ်လင်းကို ကြည့်၍ ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ဒီအဘိုးအိုရဲ့ ရတနာကတော့ လက်စသပ်ပြီးသွားပြီ။ ငါ မေးချင်တာက ရောင်းရင်းကျင့်ကြံသူကရော ဘယ်လို ရတနာမျိုးကို သန့်စင်မလဲ မြင်ချင်မိတယ်…”
“အလုံးစုံကောင်းကင်ရဲ့ ကျင့်ကြံသူတွေဟာ လုံလောက်တဲ့ တိုက်ပွဲဆန္ဒ ပိုင်ဆိုင်ထားကြတယ်။ ဒါပေမဲ့ သတ်ဖြတ်လိုစိတ်ကတော့ ကင်းမဲ့နေတယ်။ သွေးနံ့ပေါ့…”
ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်၏။ သူက သူ့အောက်ရှိ အစီအရင်ထံသို့ ညင်သာစွာ လက်ဆန့်ထုတ်သည်။
ချက်ခြင်းပင် ကျင့်ကြံခြင်းဂြိုဟ်တစ်လုံး ပျံသန်းထွက်လာကာ ပျက်စီးသွားသည်။ မရေမတွက်နိုင်သော အစိတ်အပိုင်းများအဖြစ် တစစီ ဖြစ်သွားရင်း ဝမ်လင်း၏ရှေ့တွင် ရွှေရောင်အရည်စက်တစ်စက် မြောလွင့်သည်။
သူ၏ လက်ဆန့်ထုတ်ကာ ဆုပ်ကိုင်မှု စွမ်းအားသည် ကျင့်ကြံသူသောင်းချီကို ထိတ်လန့်ကြောက်ရွှံ့သွားစေသည်။ အရှင်လုဖူသည်ပင် မျက်မှောင်ကြုတ်သွား၏။
“သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အစွမ်းဟာ ကြောက်မက်ဖွယ်အဆင့်ကို ရောက်နေပြီ။ သူဟာ အတိတ်တုန်းက ဟင်္သာပြဒါးဂြိုဟ်ပေါ်က ရှေးဟောင်းနတ်ဘုရားနဲ့ သိပ်မကွာဟလှတော့ဘူး…” အရှင်လုဖူသည် ထာဆန်အကြောင်းတွေးမိသည့် အချိန်တိုင်း သူသည် ရုပ်စိုးသွားသည်သာ။
သူ့ရှေ့ရှိ ရွှေရောင်အရည်စက်တစ်စက်ကို ကြည့်ကာ ဝမ်လင်း၏စိတ်ထဲ၌ ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ ရတနာတစ်ခု သန့်စင်သည့် မှတ်ဉာဏ် ပေါ်လာသည်။ ရှေးဟောင်းနတ်ဘုရားများသည် သန့်စင်ဖို့အတွက် ဂြိုဟ်များကို အသုံးပြုကြ၏။
ဝမ်လင်းက သူ့ညာလက်ကို အစီအရင်အောက်မှ ဂြိုဟ်ထံသို့ ဝေ့ယမ်းလိုက်ရာ နောက်ထပ်ဂြိုဟ်ရှစ်လုံး ပျက်စီးပြီး ရွှေရောင်အရည်စက်ရှစ်စက်အသွင် ဖြစ်ပေါ်ကာ ၎င်းတို့သည် သူ့ထံသို့ ပျံသန်းလာကြသည်။
ယင်းအရည်စက်များသည် သူ့ခန္ဓာကိုယ်ပတ်လည်တွင် မြောလွင့်လျက် ဖြည်းဖြည်းချင်း လှည့်ပတ်သည်။
“ပထမဆုံးဂြိုဟ်ရဲ့ အရည်စက်ထဲမှာ ဟင်္သာပြဒါးဂြိုဟ်ပေါ်က အဆုံးမဲ့သတ်ဖြတ်ခြင်းဆန္ဒ ပါဝင်တယ်…” ဝမ်လင်းသည် တည်တည်ငြိမ်ငြိမ်ပင် ပထမဆုံးရွှေရောင်အရည်စက်ထံသို့ လက်ညွှန်လိုက်သည်။
သူ့ညာလက်ဖြင့် ထိုအရည်ကို ထိမိသည့်အခါ ကြောက်မက်ဖွယ်သတ်ဖြတ်ခြင်း ဆန္ဒသည် ဝမ်လင်း၏ မှတ်ဉာဏ်အတွင်းမှ ပေါက်ကွဲထွက်လာသည်။
ထျန်မိသားစု၏ ဦးခေါင်းမျှော်စင်။ ကျောက်နိုင်ငံ၏ သွေးမြစ်၊ နတ်ဆိုးပင်လယ်တွင် ရှင်သန်ဖို့အတွက် တိုက်ခိုက်ခဲ့မှုများ၊ ဟင်္သပြဒါးဂြိုဟ်မှ သတ်ဖြတ်ခြင်းဆန္ဒများအားလုံးသည် ထိုရွှေရောင်အရည်စက်ထဲသို့ တရကြမ်း စီးဝင်ကာ ၎င်းကို အနီရောင်တောက်ပစေသည်။
သတ်ဖြတ်လိုခြင်းဆန္ဒသည် ဒီဧရိယာကို ဝန်းရံသွားသည်။
“ဒုတိယမြောက်အရည်စက်ထဲမှာတော့ မဟာမိတ်ကြယ်အဖွဲ့အစည်းမှာ ငါ ကြောင့်သေခဲ့ရတဲ့ မရေမတွက်နိုင်တဲ့ စိတ်ဝိညာဉ်တွေ ပါဝင်တယ်…” ဝမ်လင်းသည် သူ့ညာလက်ကို ဒုတိယမြောက် ရွှေရောင်အရည်စက်ပေါ်သို့ တင်လိုက်သည်။ သူ့မှတ်ဉာဏ်များ ရွှေ့လျားနေရင်း ထိုရွှေရောင်အရည်စက်သည် မြန်ဆန်စွာပင် သွေးနီရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။
သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် ပို၍ပင် အားကောင်းလာကာ ကြယ်များကို လှုပ်ရမ်းစေသည်။
“အလုံးစုံကောင်းကင်မှာ ငါဟာ လူတွေအများကြီး သတ်ခဲ့တယ်။ ကောင်းကင်နဲ့မြေကြီးဟာ သွေးနဲ့ နီစွန်းထင်းစေလိမ့်မယ်…”
“တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းမှာ သွေးမြူတွေဟာ ငါ့နောက် လိုက်ခဲ့ပြီး သတ်ဖြတ်လိုစိတ်ဟာ နေရာတိုင်းမှာ ပုန်းကွယ်နေခဲ့တယ်…” မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ ကျင့်ကြံသူ သောင်းချီသည် ဖြူရောရောမျက်နှာများဖြင့် နောက်သို့ ဆုတ်ကြသည်။ သူတို့သည် ဝမ်လင်းကို အတိုင်းမသိကြောက်ရွှံ့ဟန်ဖြင့် ကြည့်ကြသည်။
“ခုနစ်ရောင်စုံနယ်မြေမှာ တာအိုသစ်သီးသတ်ဖြတ်ခြင်း…” အရှင်မီးတောက်နှင့် တခြားသူများ၏အမူအရာသည် ပြောင်းလဲသွားသည်။ သွေးနတ်ဘုရားသည် ထိုသတ်ဖြတ်လိုစိတ်ကို ခံစားမိသည့်အခါ သွေးအန်လိုက်ရ၏။
“ရှေးဟောင်းကြယ်အဖွဲ့အစည်းမျာ သွေးတွေဟာ မြစ်လို စီးဆင်းခဲ့တယ်…”
ကြယ်နယ်မြေသည် တုန်ခါလာ၏။ သည်ကြယ်နယ်မြေမှာ သွေးအလင်း လင်းထင်းသည်။ ၎င်းသည် ဆက်လက် ပျံ့နှံ့လျက် ထိုသတ်ဖြတ်လိုစိတ်ကြောင့် မရေမတွက်နိုင်သော အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများသည် တုန်လှုပ်ကုန်သည်။
“ပြန့်ကြဲမိုးကြိုးကလန်။ ငါဟာ ကလန်တစ်ခုလုံးကို အမြစ်ဖြုတ် သတ်ဖြတ်ခဲ့တယ်…”
မရေမတွက်နိုင်သော စိတ်ဝိညာဉ်များ ပေါ်လာသည့်ဟန်တူသည်။ အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများ၏ စိတ်နှလုံးမှာ လှုပ်ခါနေပြီ။
“ရှေးအမိန့်လှိုဏ်ဂူမှာ သွေးနဲ့ ပြည့်နှက်ခဲ့တယ်…” အရှင်လုဖုသည်ပင် လေအေးတစ်ချက် ရှိုက်သွင်းမိသည်။ ဝမ်လင်းထုတ်ဖော်သော သတ်ဖြတ်လိုစိတ်သည် သူ့ကိုပင် တုန်လှုပ်မိစေသည်။
“ငါ အလုံးစုံကောင်းကင်ကို ပြန်ရောက်လာခဲ့တော့လည်း တန်လင်းဂြိုဟ်ဟာ ပျက်စီးခဲ့ရတယ်…” ဝမ်လင်း၏ညာလက်သည် ဆက်လက် ရွှေ့လျားနေသည်။ သူ့ဘဝရှိ သတ်ဖြတ်လိုစိတ်အားလုံးသည် စတင် စုဝေး၏။ ၎င်းသည် ရွှေရောင်အရည်စက်ကိုးစက်ကို သွေးနီရောင်သို့ ပြောင်းလဲစေသည်။
ရုတ်တရက် သူက ခေါင်းမော့ကာ ပေတစ်ရာခန့်ရှိ အလုံးစုံကောင်းကင်သစ်ပင်ကို ဖြတ်၍ အရှင်လုဖူကို စိုက်ကြည့်၏။
ချက်ခြင်းပင် အရှင်လုဖု၏စိတ်သည် တုန်ယင်၏။ ဝမ်လင်း သူ့ကို ကြည့်လိုက်သည့်အခါတွင် သူ့ထံသို့ ကြောက်မက်ဖွယ်သတ်ဖြတ်လိုစိတ်သည် ဓားတစ်လက်ကဲ့သို့ တိုးဝင်လာသည်ဟု ခံစားမိ၏။ အရှင်လုဖူသည် နောက်သို့ ခြေလှမ်းအနည်းငယ် အလိုလို ဆုတ်မိသွားသည်။
ပေတစ်ရာရှိ အလုံးစုံကောင်းကင်သစ်ပင်သည် ၎င်းသတ်ဖြတ်လိုစိတ်ကို တောင့်မခံနိုင်သည့်အလား ပျက်စီးတော့မည့်နှယ်။
“ငါ့ဘဝနဲ့ ယှဉ်ရင် အလုံးစုံကောင်းကင်က ကျင့်ကြံသူတွေဟာ ကံကြမ္မာကို ရုန်းကန်တဲ့ သတ်ဖြတ်လိုစိတ် ကင်းမဲ့ကြတယ်…” ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်း၏။ သွေးနီရောင်အရည်စက်ကိုးစက်သည် သွေးသလင်းတစ်ခုအဖြစ်သို့ သိပ်သည်းသည်။
သွေးသလင်းတွင် ဝမ်လင်း၏သတ်ဖြတ်လိုစိတ်အားလုံး ပါဝင်နေ၏။ ၎င်းသည် ဖြစ်ပေါ်လာပြီးနောက် အရှင်လုဖုထံသို့ ပျံသန်းသွားသည်။
အရှင်လုဖူ၏အမူအရာသည် အတော့်ကို အလေးအနက် ဖြစ်လာ၏။ သွေးသလင်းသည် နီးကပ်လာသည့်အခါ သူက အတွင်းရှိ မရေမတွက်နိုင်သော စိတ်ဝိညာဉ်များကို မြင်၏။ ထိုစိတ်ဝိညာဉ်များသည် ဝမ်လင်း သတ်ခဲ့သော သူများ၏ မရေမတွက်နိုင်သော စိတ်ဝိညာဉ်များပင်။ ၎င်းတို့သည် ပေါ်လာသည်နှင့် မြေအောက်လောကမှ ထိုးထွက်လာကာ ကောင်းကင်နှင့်မြေကြီးကို ဝါးမြိုပစ်တော့မည့်အလား။
ကျင့်ကြံသူသောင်းချီသည် သူတို့အား အလန့်တကြား ဖြစ်စေသော သတ်ဖြတ်လိုစိတ်ကို ခံစားမိသည်။ လောက၏အဆုံးသပ် ရောက်ရှိလာတော့မည့်အလား။ သူတို့သည် အလန့်တကြား အော်ဟစ်လျက် နောက်သို့ ထပ်ဆုတ်ကြ၏။
အရှင်လုဖု၏ နောက်ရှိ အစီအရင်မှ ဝဲကတော့သည်ပင် လုံးဝ ရပ်တန့်သွားသည်။ သွေးနတ်ဘုရားသည် ဖြူရောလာကာ နောက်သို့ ဆက်ဆုတ်နေ၏။ လီယွမ်ဇီလည်း အလန့်တကြား နောက်ဆုတ်သည်။ သူ့အမြင်၌ အရှင်လုဖူသည် ဝမ်လင်းကို ရင်ဆိုင်နေခြင်း မဟုတ်ဘဲ အလောင်းတောင်၊သွေးပင်လယ်ဖြင့် ရင်ဆိုင်နေရသည်ဟု ထင်နေ၏။
အရှင်မီးတောက်က ငြိမ်သက်စွာ စဉ်းစားလျက် သူသည် ဝမ်လင်းကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်သည်။
ထိုသလင်းမှ သတ်ဖြတ်လိုစိတ်သည် ကျင့်ကြံသူသောင်းချီကို နောက်သို့ ဆုတ်သွားစေလေ၏။ ဤကား ဝမ်လင်းပင်။
“ဒီရတနာမှာ ဘာအနှစ်သာရမှ မရှိဘူး။ သွေး မပါဝင်ဘူး။ အလုံးစုံကောင်းကင်ရဲ့ တိုက်ပွဲဝင်လိုစိတ်လည်း မပါဝင်ဘူး။ အကြံအစည်လည်း မပါဘူး။ ဒီထဲမှာ ငါ့သတ်ဖြတ်လိုစိတ်တစ်ခုပဲ ပါဝင်တယ်။ ဒီရတနာဟာ သင့်ရဲ့ အလုံးစုံကောင်းကင်သစ်ပင် ရတနာကို ဖျက်စီးပစ်ဖို့တော့ လုံလောက်တယ်…”
အရှင်လုဖုသည် မာန်သါင်းလိုက်၏။ သူ့လက်ကို သွေးသလင်းအား ရပ်တန့်ရန် ဝေ့ယမ်းသည်။ သူ့စိတ်သည် တုန်ယင်၏။ သူ့မျက်လုံးထဲတွင် ကြောက်လန့်မှု ပြည့်နေ၏။ သူသည် လူတစ်ယောက်သည် ထိုမျှသတ်ဖြတ်လိုစိတ် ရှိမည်ဟု လုံးဝ မတွေးထင်ထားခဲ့ဖူးပေ။ ပထမဆုံးအကြိမ်အဖြစ် သူက အခုလိုမျိုး ကျင့်ကြံသူနှင့် ဆုံရခြင်းပင်။
သူ့အမြင်တွင် ဝမ်လင်းသည် ကျင့်ကြံသူတစ်ယောက်ဟုပင် ယူဆ၍ မဖြစ်နိုင်တော့ပေ။ ထိုသူ၏နောက်တွင် အဆုံးမဲ့သွေးပင်လယ်တစ်ခု ရှိနေကာ အတွင်းနယ်မြေတစ်ခုလုံးကို ပြည့်နှက်သွားစေနိုင်လောက်သည့်အလား။
ထိုပြိုင်ဘက်က သူ့ဦးရေပြားကိုပါ ထုံထိုင်းစေ၏။ သူသည် သည်လိုလူမျိုးကို ရန်မစလိုပေ။ ရန်မစဝံ့ပေ။
“ဒီရတနာမှာ သတ်ဖြတ်လိုစိတ်တစ်ခုပဲ ရှိတယ်။ ဒါက အလုံးစုံသစ်ပင်ကို ဘယ်လိုများ ဖျက်စီးပစ်နိုင်ပါ့မလဲ…”
အရှင်လုဖုသည် နောက်ဆုတ်နေရာကနေ သူ့ကိုယ်သူ ရပ်တန့်စေပြီး ဝမ်လင်းကို စိုက်ကြည့်သည်။
ဝမ်လင်းက အရှင်လုဖုကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ဘာကြောင့်လဲဆိုတော့ ဒီရတနာကို ငါ သန့်စင်ထားလို့ပဲ။ ငါက ဒီလိုလုပ်နိုင်တယ်လို့ ပြောလို့ပဲ။ သင် မယုံကြည်ရင် ကြိုးစား ကြည့်နိုင်တယ်…”
ဝမ်လင်း၏စကားလုံးများသည် ယုံကြည်မှု ပြည့်နေ၏။
အရှင်လုဖု၏အမူအရာသည် ကြီးစွာ ပြောင်းလဲသွား၏။ သူက သွေးသလင်းကိုသာ စိုက်ကြည့်နေမိသည်။ သူ့နှလုံးသားထဲ၌ ခါးသက်မှုကို ခံစားရသည်။ သူက ဝမ်လင်း၏လှည့်ဖြားနိုင်စွမ်းကို လျှော့တွက်ခဲ့မိပြီကို သိလိုက်သည်။ သူသည် ဝမ်လင်းကို ဖိနှိပ်နိုင်ရန် အလုံးစုံကောင်းကင်၏ တိုက်ပွဲစိတ်ကို ငှားယမ်း အသုံးချခဲ့ခြင်းပင်။ သို့သော် သည်သစ်ပင်သာ ဖျက်စီးခံရပါက ပြင်ပနယ်မြေကို ဆန့်ကျင်တိုက်ခိုက်မည့် အလုံးစုံကောင်းကင်၏ စိတ်ပိုင်းဖြတ်မှုကို လျော့ပါးသွားစေနိုင်ပေမည်။
သို့ရာတွင် ဝမ်လင်းက သူ့ကို ဖြတ်မြင်ရုံသာမက ထိုအချက်ကို သုံး၍ သူ့အား ဆန့်ကျင်ခဲ့သည်။ သူသာ ဒီရတနာနှစ်ခုကို အမှန်တကယ် ယှဉ်ဖို့ ကြိုးစားပါက ၎င်းသည် အစစ်အမှန်တိုက်ပွဲတစ်ခု ဖြစ်လာပေလိမ့်မည်။
အချိန်အတန်ကြာပြီးနောက် အရှင်လုဖုက ခပ်ရှရှအသံဖြင့် ပြောလာ၏။ “ဒီအဘိုးအိုက မကြိုးစားကြည့်ရဲဘူးလို့ သင် ထင်ပါသလား…”
ဝမ်လင်းသည် စကား မဆိုပေ။ သူက အရှင်လုဖုကိုသာ အေးစက်စက် စိုက်ကြည့်နေ၏။
အချိန်ဖြည်းဖြည်းချင်း ကုန်ဆုံးလာသည်။ ခဏကြာပြီးနောက် အရှင်လုဖုသည် လက်သီးခပ်တင်းတင်း ဆုပ်၏။ သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ အော်ဟစ်လိုက်တော့သည်။ “ပထမဆုံး သဘောတရားတိုက်ပွဲမှာ သင် နိုင်တယ်…”
***