← Chapters

အဆင့်မြင့်မှော်ဝင်လက်နက်တွေကို မီးရှို့ဖျက်ဆီးနေတဲ့အမှိုက်ကောင်

Vol. 37 Ch. 523

အဆင့်မြင့်မှော်ဝင်လက်နက်တွေကို မီးရှို့ဖျက်ဆီးနေတဲ့အမှိုက်ကောင်

Vol. 37 Ch. 523

အခန်း (၅၂၃) အဆင့်မြင့်မှော်ဝင်လက်နက်တွေကို မီးရှို့ဖျက်ဆီးနေတဲ့အမှိုက်ကောင်

နောက်ထပ် အမတအင်းသသင်္ကေတတစ်ခုက သူ၏ဦးခေါင်းထက်တွင် ဖြည်းညင်းစွာ သိပ်သည်းသွားသည်။

ရန်ကျောက်ကဲက တည်ငြိမ်စွာပင် အသက် ရှူသွင်းရှူထုတ်လုပ်နေပြီး မိုးမြေနိယာမများဖြင့် ထပ်တူကျလျှက် အမတအင်းသင်္ကေတသိပ်သည်းသွားခြင်းနှင့်အတူ ကြီမားပြင်းထန်သောစွမ်းအားများ မြင့်တက်လာသည်။

လူသားတစ်‌ယောက်သည် သာမန်အချိန်မှာပင် အသက်ရှူသွင်းရှူထုတ်လုပ်နိုင်သော်လည်း ထိုသို့ အသက်ရှူသွင်းခြင်းနှင့် ရှူထုတ်ခြင်းတွင် နက်နဲပြီးအဆုံးမရှိသော မဟာတာအိုတရားများ ပါဝင်နေသည်။

ရန်ကျောက်ကဲက ‘စက်ဝန်းသံသရာကောင်းကင်ကျမ်းစာ” ကျင့်ကြံရာတွင် အနည်းငယ်အောင်မြင်မှု ရရှိလာသည့်အခါ သူ၏ အခြေခံအုတ်မြစ်က ပိုမိုအားကောင်းလာပြီး အသက်ရှူခြင်းမှပင် တန်ခိုးစွမ်းအားများ ထွက်ပေါ်လာသည်။

ဤနည်းအားဖြင့် ကျင့်ကြံခြင်းအခြေခံခိုင်မာလာပြီး အသက်ရှူလိုက်တိုင်း ကျင့်ကြံနေသကဲ့သို့ ဖြစ်လာပေမည်။

ဤသို့ဖြစ်ခြင်းက သူ၏ကျင့်ကြံခြင်းအဆင့်တက်ရန်အတွက် အလွန်တရာ အကျိုးရှိမည်ဖြစ်ပြီး အခြားသိုင်းကျင့်ကြံသူများထက် အတိုင်းအတာတစ်ခုအထိ ပိုမိုမြန်ဆန်စေမည် ဖြစ်သည်။

သာမန်ဆိုလျှင် ကျင့်ကြံခြင်းအဆင့်မြင့်မားလာလေ အောင်မြင်မှုရရှိရန် ခက်ခဲလေဖြစ်ပြီး အချိန်နှင့် ကြိုးစားအားထုတ်မှု ပိုမိုပြုလုပ်ရပေမည်။ သို့သော် ရန်ကျောက်ကဲကတော့ ‘စက်ဝန်းသံသရာကောင်းကင်ကျမ်းစာ’ ကြောင့် ထိုအချက်ကို ပြောင်းပြန်လှန်ပစ်လိုက်ပြီး ပုံမှန်စည်းမျဉ်းမူဘောင်များကို ချိုးဖျက်လိုက်နိုင်ပေသည်။

တာအိုဝါဒတွင် အမြင့်ဆုံးဖြစ်သော “စန်းချင်း (၃)ပါး” မှ ဆင်းသက်လာသည့် ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာနှင့် စက်ဝန်းသံသရာကောင်းကင်ကျမ်းစာနှစ်ခုလုံးက အကန့်အသတ်မရှိ အံ့သြဖွယ်ရာကောင်းလှသည်။

ရန်ကျောက်ကဲ ကျင့်ကြံနေစဉ်မှာပင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားသည် ကြံ့ဝိညာဉ်ပင်လယ်ကိုဖြတ်ကျော်ကာ တည်ရာမဲ့ပင်လယ်သို့ ရောက်ရှိလာသည်။

ထိုအချိန် ရန်ကျောက်ကဲက စိမ်းညို့နက်မှောင်သော ဝါးကိုင်းကိုထုတ်ယူလိုက်ပြီး လေးလေးနက်နက်း တွေးနေသည်။

ယခု ဤရတနာပစ္စည်းက ဝါးကိုင်းတစ်ခုမဟုတ်တော့ဘဲ ဝါးလုံးတစ်လုံးနှင့် ပိုတူနေပေပြီ။ အဘယ်ကြောင့်ဆိုသော် တစ်ပေစီရှည်သော ဝါးဆစ်လေးဆစ်ပေရှိပြီး အနည်းငယ်လည်း ပိုမိုထူထဲလာသောကြောင့် ဖြစ်၏။

အဆင့်မြင့်မှော်ဝင်ပစ္စည်းများပင် ဤ ဝါးတုတ်နှင့်အရိုက်ခံရပါက ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ အလယ်ဆင့်မှော်ဝင်ပစ္စည်းများဆိုလျှင်တော့ တစ်ခါတည်း ကွဲကြေသွားပေမည်။

ရန်ကျောက်ကဲက အစိမ်းရင်ရောင်ဝါးတုတ်ကို လက်ဖြင့်အသာပွတ်သပ်ရင်း ဝါးတုတ်မှထွက်ပေါ်နေသည့် ခရမ်းစိမ်းရောင်အလင်းဖျော့ဖျော့ကို ငေးကြည့်နေသည်။

ခဏမျှစဉ်းစားပြီးနောက် သူက အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကိုဖွင့်ကာ အစိမ်းရင့်ရောင်ဝါးကိုင်းကို ပစ်ထည့်လိုက်၏။

ယခင်က ဤဝါးကိုင်းကိုသန့်စင်ရန်အတွက် အလယ်ဆင့် မှော်ဝင်ပစ္စည်းများစွာကို တစ်ချက်မနှမျောဘဲ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုထဲပစ်ချခဲ့ပြီး ဝါးကိုင်းကို အဆင့်မြှင့်တင်ခဲ့သည်။

ယခု ရန်ကျောက်ကဲက အဆင့်မြင့်မှော်ဝင်ပစ္စည်းများကို မီးပြင်းဖိုထဲ ပစ်ထည့်ရန် စဉ်းစားနေသည်။

အဆင့်မြင့်မှော်ဝင်ပစ္စည်းများဆိုသည်က အစွန်းရောက်ရှစ်ပါးကမ္ဘာတွင်ဖြစ်စေ သမုဒ္ဒရာကမ္ဘာတွင်ဖြစ်စေ အလွန်တရာ ရှားပါးပြီး တန်ဖိုးကြီးလှသည်။

ထိပ်သီးသိုင်းဂိုဏ်းကြီးများဖြစ်သော ဝါဒတောင် ၊ နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမ ၊ သို့တည်းမဟုတ် ရေသလင်းနန်းတော် ၊ ကြံ့ဝိညာဉ်ကျွန်း ၊ မိစ္ဆာသူတော်စင်ဂိုဏ်းနှင့် ချန်လီတောင်...။

ထိုသို့သော သိုင်းဂိုဏ်းကြီးများအားလုံးတွင် အမတလက်ဖွဲ့အဆင့် သိုင်းဆရာသခင်နှင့်အထက် ကျင့်ကြံခြင်းအဆင့်ရှိသူများသာလျှင် အဆင့်မြင့်မှော်ဝင်ပစ္စည်းများကို ကိုင်ဆောင်နိုင်ကြပြီး အပိုပစ္စည်းလည်း များစွာမရှိကြပေ။

အကယ်၍ အမတလက်ဖွဲ့အဆင့်သို့ အသစ်တက်ရောက်လာသော သိုင်းဆရာသခင်များအတွက် အဆင့်မြင့်မှော်ဝင်လက်နက်များ ပြုလုပ်ပေးရန် မတတ်နိုင်ပါက သူတို့အနေဖြင့် အချိန်တစ်ခုအထိ အလယ်ဆင့်မှော်ဝင်ပစ္စည်းများကိုသာ ကိုင်ဆောင်ကြရမည် ဖြစ်၏။

တစ်ကိုယ်တော်သိုင်းကျင့်ကြံသူဆိုလျှင်တော့ အမတလက်ဖွဲ့အဆင့် သိုင်းဆရာသခင်ပင် ဖြစ်လင့်ကစား အဆင့်မြင့်မှော်ဝင်လက်နက်တစ်ခု ပိုင်ဆိုင်ရန်မှာ မဖြစ်နိုင်ပေ။

အမတဝိညာဉ်အဆင့်မှာပင် အဆင့်မြင့်မှော်ဝင်လက်နက်ဖြစ်သော “အစိမ်းရောင်ချော်ကနက်ဓား” ကို ပိုင်ဆိုင်ထားသည့် ရန်ကျောက်ကဲကတော့ ခြွင်းချက်ဖြစ်ပေသည်။

ရန်ကျောက်ကဲနှင့်ရန်တိတို့သားအဖ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကို စဉ်ဆက်မပြတ် သုတေသနပြုပြီး ပိုမိုကောင်းမွန်အောင်လုပ်ဆောင်နေသည့်တိုင် အဆင့်မြင့်မှော်ဝင်ပစ္စည်းများကို အစုလိုက်အပြုံလိုက် ထုတ်လုပ်နိုင်ခြင်း မရှိသေးပေ။

ထို့ကြောင့် ရန်ကျောက်ကဲက သူ ရရှိထားသော အဆင့်မြင့်မှော်ဝင်ပစ္စည်းများကို သိမ်းထားသင့်သလား မီးပြင်းဖိုထဲထည့်သင့်သလား စဉ်းစားနေမိသည်။

သူ မသုံးလျှင်တောင်မှ အခြားသူများအသုံးပြုရန် ပေးအပ်နိုင်သည် မဟုတ်လား။

သို့သော် သေသေချာချာ စဉ်းစားပြီးနောက် ရန်ကျောက်ကဲက ထိုပစ္စည်းများကို အစိမ်းရင့်ရောင်ဝါးတုတ်နှင့် ပေါင်းစပ်ရန် ဆုံးဖြတ်လိုက်၏။

“ကြံ့ဝိညာဉ်စက်ဝန်း” နှင့် “ကျောက်စိမ်းအလင်းကြေးမုံမှန်” နှစ်ခုလုံးကို သူက အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုအတွင်းသို့  ပစ်ထည့်လိုက်သည်။

ကျောက်စိမ်းအလင်းကြေးမုံမှန်ကိုအသာထား ၊ ကြံ့ဝိညာဉ်စက်ဝန်းက ကြံဝိညာဉ်ကျွန်း၏ အထွတ်ထိပ်ရတနာပစ္စည်း ဖြစ်သည်။ ဖန်းခန်းသေဆုံးပြီးနောက် ရန်ကျောက်ကဲလက်သို့ ရောက်ရှိလာခဲ့သည်ပင်။

ကျွန်းသခင်ဖန်းခန်းသေဆုံးရုံသာမက ဤအဆင့်မြင့်မှော်ဝင်ပစ္စည်းကို ဆုံးရှုံးရခြင်းက ကြံ့ဝိညာဉ်ကျွန်းမှ သိုင်းသမားများကို အကြီးအကျယ်ဒေါသပေါက်ကွဲပြီး မကျေမနပ်ဖြစ်စေသည့် အကြောင်းရင်းတစ်ချက်လည်း ဖြစ်သည်။

သို့တိုင် ရန်ကျောက်ကဲက ထိုအကြောင်းများကို အရေးမစိုက်ဘဲ ကြံ့ဝိညာဉ်စက်ဝန်းကို အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုထဲသို့ ပျော်ပျော်ရွှင်ရွှင်ပင် ပစ်ထည့်လိုက်သည်။

“ငါတို့ဝါဒတောင်က အကြီးအကဲတွေသာ ဒီအကြောင်းသိရင် အဆင့်မြင့်မှော်ဝင်လက်နက်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ အမှိုက်ကောင်လို့ ငါ့ကို ခေါ်ကြတော့မယ်... အဟက်”

အဆင့်မြင့်မှော်ဝင်ပစ္စည်းများက ဝိညာဉ်စွမ်းအားအလွန်ပြည့်ဝပြီး စွမ်းအားမြင့်မားသည့်အတွက် အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖို ခံနိုင်ရည်ရှိစေရန် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ အကူအညီကို ယူရသည်။

ရန်ကျောက်ကဲက ရတနာပစ္စည်းကို သန့်စင်ရင်း ၊ သူကိုယ်တိုင်လည်းကျင့်ကြံရင်း မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ အကူအညီဖြင့် မိုးကုတ်စက်ဝိုင်းကိုဖြတ်ကျော်ပျံသန်းလာသည်။

အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကို အာရုံစိုက်လိုက်ရသည့်အတွက် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ခွဲ လျှင်မြန်စွာ မပျံသန်းနိုင်တော့ပေ။ သို့‌‌သော် သိုင်းသူတော်စင်တစ်ယောက်၏ ရုပ်အခွံဖြစ်လေရာ သူ၏စွမ်းအားက တုနှိုင်းမရအောင် မြင့်မားသည်။ ဖြည်းညင်းစွာ ပျံသန်းနေသည့်တိုင် ကြံ့ဝိညာဉ်ပင်လယ်ကိုဖြတ်ကျော်လျှက် တည်ရာမဲ့ပင်လယ်ဆီသို့ ရောက်ရှိလာ၏။

ပင်လယ်နှစ်စင်းဆုံစည်းရာနယ်နိမိတ်အရောက်တွင် ရန်ကျောက်ကဲမျက်ဝန်းများ အနည်းငယ် တုန်ခါသွားသည်။

သူတို့ရှေ့တွင် လူရိပ်အချို့ ပေါ်လာပြီး ထိုသူများအနက်တစ်ယောက်မှာ ယခင်ကသိကျွမ်းခဲ့ဖူးသော ချန်လီတောင်မှ ပိုင်ကျင်းခန်း ဖြစ်သည်။

ဧရာမဂဠုန်ငှက်ကြီးက အတောင်များကိုရုပ်သိမ်းလိုက်ပြီး လူငယ်တစ်ယောက်အဖြစ် အသွင်ပြောင်းသွားကာ ရန်ကျောက်ကဲနောက်၌ တိတ်ဆိတ်စွာ မတ်တတ်ရပ်လိုက်စဉ်ရန်ကျောက်ကဲနှင့် ဖူအန်းစု၏ အသွင်သဏ္ဌန် ထွက်ပေါ်လာသည်။

ရန်ကျောက်ကဲကိုတွေ့တော့မှ ပိုင်ကျင်းခန်းက စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။

သူက ဦးညွှတ်နှုတ်ဆက်ရင်း...

“’ရန်’ သခင်လေး... အစစအရာရာ အဆင်ပြေရဲ့ မဟုတ်လား”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း စကားစမြည် ပြန်လည်ပြောဆို နှုတ်ဆက်သည်။

ဒါကိုမြင်တော့မှ ပိုင်ကျင်းခန်းနှင့်အတူပါလာသည့် ချန်လီတောင်မှ အခြားသောသိုင်းသမားများမှာလည်း စိတ်သက်သာရာ ရသွားကြသည်။

လမ်းတစ်လျှောက် သတင်းပေးပို့မှုများမှတစ်ဆင့် ပင်လယ်နက်စင်္ကြံသို့ရောက်လာသူမှာ ရန်ကျောက်ကဲဖြစ်ကြောင်း ပိုင်းကျင်းခန်း မှတ်မိနိုင်ခဲ့သည်။

ယခင်က အသိအကျွမ်းဟောင်းများဖြစ်လေရာ ရန်ကျောက်ကဲက မိစ္ဆာဂိုဏ်း (၆) ဂိုဏ်းမှမဟုတ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီး ချန်လီတောင်က ဝါဒတောင်မှ ရန်ကျောက်ကဲနှင့် လွတ်လပ်စွာ ဆက်သွယ်နိုင်ခဲ့သည်။

ရန်ကျောက်ကဲ၏လက်ရှိအင်အားနှင့် ဖော်ရွေမှုကိုကြည့်မည်ဆုလျှင် ချန်လီတောင်အနေဖြင့် နောက်ဆက်တွဲရင်ဆိုင်ရမည့် အရာအားလုံးက အရှုံးမရှိ လုံးဝထိုက်တန်ပေသည်။

ကြံ့ဝိညာဉ်ကျွန်းကိစ္စက မိစ္ဆာဂိုဏ်းနှင့် လမ်းမှန်ဂိုဏ်းအကြား ပဋိပက္ခမဟုတ်သဖြင့် ချန်လီတောင်အနေဖြင့် အနေသာကြီးဖြစ်သည်။ ထို့ပြင် သူတို့ဂိုဏ်းနှစ်ဂိုဏ်းကလည်း မကြာခဏ ပဋိပက္ခများ ဖြစ်တတ်သည်။

ကြံ့ဝိညာဉ်ကျွန်း အရှုံးနှင့် ရင်ဆိုင်ရပြီး ဖန်းခန်းသေဆုံးသွားခြင်းက မိစ္ဆာဂိုဏ်းသားများနှင့် ဆန့်ကျင်နေသော လမ်းမှန်ဂိုဏ်းများအတွက် အကျိုးမရှိသည်မှန်သော်လည်း ရန်ကျောက်ကဲသာ ကူညီပေးမည်ဆိုလျှင် ဖန်းခန်းထက် များစွာပိုမိုတန်ဖိုးရှိမည် ဖြစ်သည်။

ထို့ကြောင့် ချန်လီတောင်မှလူများက ရန်ကျောက်ကဲနှင့် ဖူအန်းစုကို ဖော်ရွေစွာဖြင့် ခရီးဦးကြို ပြုကြခြင်း ဖြစ်သည်။

ရန်ကျောက်ကဲက ဖူအန်းစုကို ပိုင်ကျင်းခန်းနှင့် မိတ်ဆက်ပေးသည်။

ချန်လီတောင်က ရွှီဖေးနှင့် ရှီကျွင်းတို့ကို ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း ကြားသိရပြီးနောက် ဖူအန်းစုသည်လည်း ချန်လီတောင်အပေါ် ကောင်းမွန်စွာ သဘောထားခဲ့သည်။

“ဒါနဲ့... အကြီးအကဲ’ပိုင်’ ၊ ကျွန်တော့်ရဲ့ ဂိုဏ်းတူအစ်ကိုကြီးနဲ့ တူလေးရော အဆင်ပြေရဲ့လား ၊ သူတို့ ချန်လီတောင်မှာပဲ မဟုတ်လား”

ရန်ကျောက်ကဲက စိုးရိမ်ပူပန်စွာ မေးလိုက်သည်။

ပိုင်ကျင်းခန်းက...

“ဆရာ’ရွှီ’ ကတော့ တူလေး ရှီကျွင်းရဲ့ အမေကိုပြုစုရင်း တောင်ပေါ်မှာပဲ နေတယ် ၊ တူလေး ‘ရှီကျွင်း’ ကတော့ ‘ရန်’ သခင်လေး ရောက်လာမယ်ဆိုတာ မသိတော့ ပြင်ပလောကကို ထွက်သွားတယ် ၊ ဒါပေမဲ့ သူ့ကို လူလွှတ်ပြီး ခေါ်ခိုင်းထားတယ်”

သူက ဆက်ပြောသည်။

“အခုဆို သမုဒ္ဒရာကမ္ဘာကြီးတစ်ခုလုံးမှာ ‘ရန်’ သခင်လေးအကြောင်း မသိတဲ့သူ မရှိလောက်တော့ဘူး ၊ ဒီလောက် ဟိုးလေးတကြော်ဖြစ်သွားတဲ့သတင်းကို တူလေး’ရှီကျွင်း’ လည်း ကြားမှာပါပဲ ၊ မကြာခင် သူ ပြန်လာမယ်လို့ ယုံကြည်ပါတယ်”

ရန်ကျောက်ကဲက ပြုံးရင်း...

“အကြီးအကဲ’ပိုင်’ က ချီးကျူးလွန်းနေပါပြီ ၊ ကြံ့ဝိညာဉ်ကျွန်းကသာ စပြီးပြဿနာမရှာရင် ကျွန်တော်လည်း အဲဒီလိုလုပ်ဖို့ မရည်ရွယ်ပါဘူး ၊ ကျွန်တော်က ချန်လီတောင်ကိုပဲ အမြန်ဆုံး ရောက်လာချင်နေတာ”

သူတို့ စကားစမြည်ပြောဆိုကြရင်း ချန်လီတောင်ရှိရာသို့ အတူတကွ ထွက်ခွာလာကြ၏။

ရန်ကျောက်ကဲ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုပြီးသည်နှင့် ချန်လီတောင်က ရေသလင်းနန်းတော်နှင့် ပြန်လမ်းမဲ့ဝိညာဉ်ကျွန်းတို့ကို သေချာပေါက် ဆက်သွယ်ပေလိမ့်မည်။

ဒါကလည်း ကောင်းသည့်အချက်ပင်။ လင်ချန်းချန်နှင့်ပတ်သက်ပြီး ဖန်းခန်း သူ့အပေါ်ထားရှိသည့် သံသယကို ဖယ်ရှားပစ်နိုင်မည် ဖြစ်၏။ ထိုကိစ္စနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ ခံစားရခြင်း မရှိသော်လည်း တစ်ဖက်သတ်စွပ်စွဲခံရခြင်းဆိုသည်က နည်းနည်းတော့ အရသာဆိုးသည် မဟုတ်လား။

ချန်လီတောင်တည်ရှိရာ “တည်ရာမဲ့ကျွန်း” သို့ ရောက်ရှိသည့်အခါ တောင်မြင့်ကြီးပမာ မြင့်မားတည့်မတ်ပြီး ချောက်နက်တစ်ခုပမာ နက်ရှိုင်းလွန်းသောလူတစ်ယောက် သူတို့ကို စောင့်မျှော်နေသည်ကို တွေ့လိုက်ရသည်။

ရန်ကျောက်ကဲနှင့် ဖူအန်းစုကိုမြင်တော့ ထိုသူ၏မျက်နှာတစ်ခုလုံး အပြုံးရိပ်ဖြင့် လွှမ်းခြုံသွား၏။

အခြားသူမဟုတ် ၊  ရွှီဖေးပင် ဖြစ်လေတော့သည်။

All Chapters