လင်းတန် ပေါ်လာပြီ…
Vol. 112 Ch. 1546
“သင် တာအိုဆန္ဒ တိုက်ပွဲကိုရော လက်ခံရဲလား…” အရှင်လုဖူ၏အမူအရာသည် သုန်မှုန်နေ၏။ သူ့အသံသည် ကြယ်များကြားတွင် ပဲ့တင်ထပ်သည်။
“ငါ ဒီသဘောတရားတိုက်ပွဲအတွက် ပင်ပန်းသွားပြီ…” ဝမ်လင်းသည် ခေါင်းယမ်းကာ သူ့အကြည့်က အရှင်လုဖူ နောက်ရှိ ဖြူရောရောမျက်နှာဖြင့် သွေးနတ်ဘုရားထံ ကျရောက်သည်။ သူသည် အရှင်လုဖူကို ကျော်၍ သွေးနတ်ဘုရားကို တိုက်ရိုက် ဖမ်းရန် ပြင်သည်။
အရှင်လုဖူသည် ပထမတိုက်ပွဲကြောင့် ဒေါသ ထွက်နေပြီး ဖြစ်၏။ သူက ဝမ်လင်း၏ လုပ်ဆောင်မှုကြောင့် ဒေါသတကြီး ရယ်မောလိုက်သည်။ သူက လက်ဝေ့ယမ်းလိုက်ပြီး သူ၏ကျင့်ကြံမှုအပြည့်အဝသည် ပေါက်ကွဲထွက်လာသည်။ သူသည် နေရာတွင်ပင် ရပ်နေရင်း ကြယ်များအထက်၌ မားမားရပ်နေသည့်အလား။
ထိုအရှိန်အဝါသည် မုန်တိုင်းတစ်ခုအလား။ အရှင်လုဖူ၏ လေအနှစ်သာရကြောင့် ဒီကြယ်နယ်မြေသည် လှုပ်ခါရသည်။ ဤအခိုက်အတန့်၌ ပေတစ်သိန်းရှိ လေနဂါးများ ပေါ်လာကာ ဟိန်းအော်ကြသည်။
ထိုဟိန်းသံများသည် ကောင်းကင်လှုပ်ခါစေနိုင်သည်။
လေတိုးသံသည် လောကတခွင် ဟိန်းမြည်သည်။
ထိုဓားကျိုးသည် ဓားသွားတစ်ဝက်သာ ရှိ၏။ သို့သော် ထက်ရှမှုကမူ သည်လောကတခွင်သို့ ပျံ့လွင့် ရိုက်ခတ်သည်။ အနှိုင်းမဲ့ဓားစွမ်းအင်တန်းတစ်ခု ပေါ်လာကာ ဝမ်လင်းထံသို့ ဦးတည်သည်။
ထိုဓားကျိုးသည် ထာဆန်၏ကြယ်ရှစ်လုံး ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ကိုပင် ထွင်းဖောက်ခဲ့ဖူး၏။
ထိုဓားကျိုး ပေါ်လာသည့်နောက် အရှင်လုဖူက ချိပ်ဟန်တစ်ခုကို ဖြစ်စေ၍ ကောင်းကင်ထက်သို့ လက်ညွှန်သည်။ မမြင်ရသောလှိုင်းတစ်ခု ပျံ့လွင့်လာကာ ကျင့်ကြံသူသောင်းချီကို အဝေးသို့ တွန်းထုတ်သွားလေသည်။
တစ်ချိန်တည်းမှာ အရှင်လုဖူနောက်တွင် ပုံရိပ်ယောင်တစ်ခု ပေါ်လာ၏။ ၎င်းသည် လူတစ်ယောက် မဟုတ်ဘဲ နယ်မြေတစ်ခု ဖြစ်နေသည်။
လေကောင်းကင်ဘုံနယ်မြေ။
လေကောင်းကင်ဘုံနယ်မြေတစ်ခုလုံးသည် ရုတ်တရက် အရှင်လုဖူ၏နောက်တွင် ပေါ်လာလေ၏။
သို့ပေမည့် ထိုနယ်မြေသည် ဝမ်လင်း တွေ့မြင်ခဲ့ဖူးသော နယ်မြေနှင့် လုံးဝ ကွာခြားသည်။ လေပြင်းများ ကြမ်းတမ်းစွာ တိုက်ခတ်နေသော်လည်း ၎င်းသည် တစ်စက်လေးပင် ပျက်စီးနေခြင်း မရှိသော နယ်မြေတစ်ခု ဖြစ်နေသည်။ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များနှင့်လည်း ပြည့်နေပြီး ကောင်းကင်ဘုံသားများစွာသည် ဟိုဟိုဒီဒီသွားလာနေ၏။ မြေပြင်ထုမှာ မပြိုလဲမပျက်စီးဘဲ ကုန်းမြေအပြည့်အဝ ရှိနေသည်။
သူက လေကောင်းကင်ဘုံနယ်မြေ၏ ဗဟိုချက်ရှိ ဧရာမကျောက်တံခါးကြီးကိုလည်း ရှင်းလင်းစွာ မြင်ရနိုင်သည်။ မရေမတွက်နိုင်သော ကောင်းကင်ဘုံသားများက ထိုတံခါးရှေ့တွင် ဒူးထောက်လျက် ၎င်းအား ပူဇော်နေသည့်အလား။
ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်လှိုင်းများ ပျံ့နှံ့နေ၏။ မကြာခင်တွင် အလုံးစုံကောင်းကင်တစ်ခုလုံးကို ခြုံလွှမ်းသည်။
ကောင်းကင်ဘုံတေးသွားတစ်ခုလည်း ပေါ်လာ၏။ ထိုတေးသွားသည် ကြားရသူကို စိတ်လက်ရွှင်မြူးမှု ပေးသည်။ များလှစွာသော ကောင်းကင်ဘုံသားရဲများလည်း ရှိနေ၏။
ထိုလေကောင်းကင်ဘုံနယ်မြေအတွင်း၌ အပူဇော်ခံမီးတောက် အရိပ်အမြွက်လည်း ရှိကာ ၎င်းတို့မှာ အရှင်လုဖူက စုပ်ယူထားခဲ့ခြင်းပင်။ လေကောင်းကင်ဘုံနယ်မြေသည် အရှင်လုဖူ တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်လာခြင်း၏ သော့ချက်ပင်။
တတိယအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာဖို့ သူ လိုအပ်သော အပူဇော်ခံမီးတောက်များသည် ထိုလေကောင်းကင်ဘုံနယ်မြေပုံရိပ်ယောင်မှ လာခြင်းပင်။
“ဒီလေကောင်းကင်ဘုံနယ်မြေဟာ ငါ့ကျင့်ကြံမှုအတွက် အရင်းအမြစ်ပဲ။ ငါ့အပူဇော်ခံမီးတောက်ရဲ့ ရင်းမြစ်လည်း ဟုတ်တယ်။ မင်းရဲ့ ခန္ဓာကိုယ်က သန်မာလှပေမယ့် မင်းဟာ ခုထိ တတိယအဆင့်ကို မရောက်သေးဘူး။ အပူဇော်ခံမီးတောက် မရှိဘဲ မင်းက ဘယ်လိုများ ငါနဲ့ တိုက်ခိုက်မလဲ ငါ မြင်ချင်သေးတယ်…”
“ဘာကြောင့်များ ဒီလောကမှာ တတိယအဆင့်ကျင့်ကြံသူတွေဟာ အစွမ်းထက်ဆုံး ကျင့်ကြံသူတွေ ဖြစ်နေရလဲကို အခု ငါ မင်းကို ပြောလိုက်မယ်။ ဘာကြောင့်လဲဆိုတော့ အပူဇော်ခံမီးတောက်ကြောင့်ပဲ။ တတိယအဆင့်ကျင့်ကြံသူတွေကသာ ဒီအပူဇော်ခံမီးတောက်ကို အသုံးပြုနိုင်တယ်…” အရှင်လုဖူသည် တိုက်ခိုက်ရန် သူ့စိတ်ကိုယ်သူ ပြင်ဆင်သည်။ ထိုအခိုက်တွင် လေကောင်းကင်ဘုံနယ်မြေပုံရိပ်ယောင်က သူ့အား ယုံကြည်မှုကို ပေးသည်။ သူ့ထံ၌ တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ပိုင်ဆိုင်သော တုန်လှုပ်ဖွယ်ဖိအား ရှိလာသည်။
ဝမ်လင်းသည် အရှင်လုဖူူ အသုံးပြုသော မန္တာန်အမျိုးမျိုးကို တည်ငြိမ်စွာသာ စောင့်ကြည့်နေသည်။ အရှင်လုဖူ၏အော်ရာသည် ချက်ခြင်းပင် အထွတ်အထိပ်သို့ ရောက်လာ၏။ သို့ပေမည့် ဝမ်လင်းကမူ တည်ငြိမ်နေဆဲသာ။ သူ့အမြင်၌ အရှင်လုဖူသည် ဘာမှ ဟုတ်မနေပေ။
သူ၏တည်ငြိမ်မှုက အရှင်လုဖူူကို ထူးဆန်းစွာ ခံစားမှုကို ရစေ၏။ အရှင်လုဖူ၏မျက်လုံးသည် တလက်လက် ဖြစ်နေသည်။ သူက ဝမ်လင်း ဘာကြောင့် ခုလောက်ထိ တည်ငြိမ်နေသည်ကို မသိနိုင် ဖြစ်ရသည်။
“သူ ဘယ်လောက်ပဲ သန်မာပါစေ ငါ သူ့ကို ဖြတ်မမြင်နိုင်လောက်တဲ့ထိ သူ့ကျင့်ကြံမှုအဆင့်ကို ဖိနှိပ်ထားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒီတည်ငြိမ်မှုဟာ ထူးခြားလှတယ်။ သူ ဘာကြောင့် ခုလောက်ထိ တည်ငြိမ်နိုင်နေလဲ ငါ မြင်ချင်တယ်…”
အဖြစ်အပျက်များသည် ချက်ခြင်းလိုလို ဖြစ်ပွားလာခြင်းသာ။ ဓားကျိုးသည် ရှေ့သို့ တိုးဝင်လာပြီ၊ လေကောင်းကင်ဘုံနယ်မြေပုံရိပ်ယောင်သည် ကြောက်မက်ဖွယ် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်ကို ထုတ်လွှတ်ပြီ။ အပူဇော်ခံမီးတောက်အမျှင်တန်းများသည် သူ့ခန္ဓာကိုယ်ကို ဝန်းရံလာပြီ။
ဤအခိုက်တွင် အရှင်လုဖူသည် အစစ်အမှန်ကောင်းကင်ဘုံသားတစ်ယောက်နှယ်။ သူ၏အရှိန်အဝါမှာ လန့်စရာပင်။
သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေပြီး သူက သူ့အောက်မှ ဂြိုဟ်အစီအရင်ထံသို့ လက်ညွှန်၏။ ဂြိုဟ်ရာချီသည် စတင်ရွှေ့လျားလာကာ ဂြိုဟ်စိတ်ဝိညာဉ်များ၏ အော်ရာသည် ပျံ့နှံ့သည်။
ဂြိုဟ်အစီအရင်က ဂြိုဟ်စိတ်ဝိညာဉ်များ၏ အော်ရာကို ပို၍ သန်မာလာစေပြီး အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းတစ်ခုလုံးကို လှုပ်ခါစေသည်။ ၎င်းအော်ရာက ပိုကြီးမားလာပြီး တခြားကြယ်အဖွဲ့အစည်းသုံးခုသည်ပင် ဒီဂြိုဟ်အစီအရင်၏ခွန်အားကို ခံစားမိကုန်ကြသည်။
“ဒီအစီအရင်ကို ဒီအဘိုးအိုဟာ ပြင်ပနယ်မြေက ရန်သူတွေအတွက် ပြင်ဆင်ထားခဲ့တာ။ မင်းက တိုက်ခိုက်ချင်မှတော့ ဒီအဘိုးအိုကလည်း ဒီဂြိုဟ်အစီအရင်အတွင်းမှာ မင်း ဘယ်လိုများ တိုက်ခိုက်မလဲ မြင်ချင်မိပြီ…” အရှင်လုဖူ၏ဝတ်ရုံသည် တဖျပ်ဖျပ် လွင့်နေ၏။ ဂြိုဟ်စိတ်ဝိညာဉ်အော်ရာသည် ပိုအားကောင်းလာသည်။ ဝဲကတော့တစ်ခု ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး တုန်လှုပ်ဖွယ်ဖိအားနှင့် ပြည့်နှက်လာသည်။
အကြည့်တစ်ချက်ဖြင့်ပင် ကြယ်နယ်မြေတစ်ခုလုံးသည် ဂြိုဟ်စိတ်ဝိညာဉ်များဖြင့် ပြည့်နေသည်ကို တွေ့နိုင်မည်။ သည်ဂြိုဟ်စိတ်ဝိညာဉ်များသည် ဤနေရာတွင် သူတို့၏ကိုယ်ပိုင်လောကကို ဖန်တီးကြ၏။
ဝမ်လင်းသည် ဒီဂြိုဟ်အစီအရင်၏ဗဟိုချက်တွင် ရှိနေသည်။
“ကောင်လေး ဝမ်လင်း…ဒီအဘိုးအိုနဲ့ လာတိုက်ခိုက်ချေ…” အရှင်လုဖူသည် မာန်သွင်းလိုက်၏။ သို့သော် ဝမ်လင်း၏ တည်ငြိမ်မှုက သူ့ကို မသက်မသာ ခံစားရစေသည်။ သည်အခိုက်၌ သူက သူ၏ထင်မြင်ချက်များကို သိမ်းဆည်းကာ ပြုံး၍ တိုးဝင်လာသည်။ သူ့နောက်မှ လေကောင်းကင်ဘုံနယ်မြေသည် တုန်ယင်လျက် မရေမတွက်နိုင်သော ကောင်းကင်ဘုံသားအရိပ်များ ပျံသန်းထွက်လာသည်။
ဓားကျိုးကလည်း တဝီဝီလည်ပတ်လျက် အရှင်လုဖူနောက်ကနေ ဝမ်လင်းထံ ဦးတည်လာသည်။
ဂြိုဟ်အစီအရင် လည်ပတ်နေ၏။ ဂြိုဟ်စိတ်ဝိညာဉ်ရာချီသည်လည်း စတင် လှုပ်ရှားသည်။
ဝမ်လင်း၏အမူအရာက တည်ငြိမ်နေဆဲပင်။ အရှင်လုဖူ နီးကပ်လာသည့်အခါ သူ့မျက်ခုံးနှစ်ခုကြားမှ ရှေးဟောင်းနတ်ဘုရားကြယ်ခုနစ်လုံးသည် စတင်လှည့်ပတ်၏။ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်နှင့် ယှဉ်နိုင်သော ကြယ်ခုနစ်လုံးရှေးဟောင်းနတ်ဘုရားတစ်ပါး၏ စွမ်းအားသည် ရုတ်ချည်း ပေါက်ကွဲထွက်လာသည်။
ဤကား ပထမဆုံးအကြိမ်အဖြစ် ဒီအလုံးစုံကောင်းကင်၌ ဝမ်လင်းက သူ၏ကြယ်ခုနစ်လုံးရှေးဟောင်းနတ်ဘုရားစွမ်းအားကို လှစ်ဟထုတ်ဖော်ခြင်းပင်။
အရှင်လုဖူက မျက်မှောင်ကြုတ်သွား၏။ သို့သော် သူသည် နောက်ဆုတ်မည် မဟုတ်ပေ။ မျက်စိတစ်မှိတ်အတွင်း သူက ဝမ်လင်းနှင့် ပေငါးရာအတွင်း ဝင်ရောက်လာ၏။ ဝမ်လင်း၏မျက်လုံးကမူ တည်ငြိမ်နေလျက်သာ။ ထိုတည်ငြိမ်မှုက အရှင်လုဖူကို မခန့်မှန်းနိုင် ဖြစ်စေ၏။
“သူ့မှာ ဘယ်လိုမန္တာန် ပိုင်ဆိုင်ထားတာလဲ။ ဒီအော်ရာတစ်ခုတည်းသာ ဆိုရင် သူဟာ ငါ့ဂြိုဟ်အစီအရင်ကို ယှဉ်နိုင်မှာ မဟုတ်ဘူး…”
အရှင်လုဖူ နီးကပ်လာရင်း သူ့စိတ်ထဲတွင် အတွေးများနေ၏။ ဝမ်လင်းက သူ့ညာလက်ကို သူ့မျက်ခုံးနှစ်ခုကြားသို့ ညွှန်လိုက်ရာ အင်ပါယာမီးပြင်းဖို ပေါ်လာသည်။
“ရှေးကျွန်လင်းတန်…” ထိုသို့ ပြောလိုက်သည်နှင့် အင်ပါယာမီးပြင်းဖိုထံမှ အလင်းတစ်ခု ထွက်ပေါ်လာသည်။ မြင့်မြတ်သောလင်းတန် ပေါ်လာသည်နှင့် စစ်မှန်သောတတိယအဆင့်ကျင့်ကြံသူတစ်ယောက်၏ အော်ရာသည် သူ၏ခန္ဓာကိုယ်ကနေ ပေါက်ကွဲထွက်လာသည်။
သူ့အထက်တွင်လည်း ဧရာမဟင်းလင်းပြင်အက်ကြောင်းတစ်ခု ပေါ်လာ၏။ ထိုအက်ကြောင်းအတွင်း၌ မွန်းစတားဆန်သော ခရမ်းပင်လယ်တစ်ခုရှိသည်။ ထိုပင်လယ်မှာ အတောမသပ်အပူဇော်ခံမီးတောက်များနှင့် ပြည့်နှက်နေ၏။
“တတိယအဆင့်ကျင့်ကြံသူ…” အရှင်လုဖူ၏အမူအရာသည် ကြီးစွာ ပြောင်းလဲသွားသည်။ ရုတ်တရက် သူက ရှေ့ဆက်တိုးနေရာကနေ ရပ်တန့်သည်။ သူ့မျက်လုံးထဲတွင်လည်း မယုံကြည်နိုင်မှု ပြည့်နှက်၏။
“နောက်ထပ် တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ရှိနေတာပဲ။ ဒါက သူ့ လျှို့ဝှက်ချက်ပဲ။ ဒါ့ကြောင့် သူ ဒီလောက် တည်ငြိမ်နေတာလား။ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်ကို ကျွန်အဖြစ် ထားရှိနိုင်တဲ့ သူ့ရဲ့ အဆင့်အတန်းက ဘယ်လိုမျိုးလဲ…”
အရှင်လုဖူသည် နှစ်ပေါင်းသောင်းချီ ရှင်သန်နေထိုင်ခဲ့ပြီးသူ ဖြစ်သော်လည်း သူသည် လင်းတန်ပေါ်လာမှုကြောင့် တုန်လှုပ်မိရ၏။
သူက ဘာကြောင့် ဝမ်လင်းသည် သူ့မန္တာန်များကို ရင်ဆိုင်ချိန်၌ တည်ငြိမ်နေရသနည်း၊ ဘာကြောင့် သူ့ကို မျက်နှာသာမပေးသနည်း၊ ဘာကြောင့် မောက်မာလှသနည်းကို နားလည်သွားပေပြီ။ မြင့်မြတ်သောလင်းတန် ပေါ်လာချိန်၌ အရှင်လုဖူသည် ထိုအချင်းအရာများအားလုံးကို နားလည်သွားပေပြီ။
သူ့ကို ထိတ်လန့်မိစေသည်မှာ မြင့်မြတ်သောလင်းတန် အထက်ရှိ ဟင်းလင်းပြင်အက်ကြောင်းအတွင်းမှ အဆုံးမဲ့အပူဇော်ခံမီးတောက်များပင်။ ထိုအပူဇော်ခံမီးတောက်များသည် သူ စိတ်ကူးနိုင်သည်ထက် ကျော်လွန်နေ၏။
“ဒီ…ဒီလောက် များပြားတဲ့ အပူဇော်ခံမီးတောက်တွေ။ ဒီ တတိယအဆင့်ကျင့်ကြံသူက ဘယ်သူလဲ။ အတွင်းနယ်မြေက တတိယအဆင့်ကျင့်ကြံသူအားလုံးကို ငါ သိပါတယ်။ ဒီလိုလူမျိုး အတွင်းနယ်မြေမှာ မရှိဘူး…။ သူက…” အရှင်လုဖူ၏အမူအရာသည် ကြီးစွာ ပြောင်းလဲသွား၏။ သူသည် ထိုသို့ ဖြစ်နေပါက ကျန်သည့်သူများဆို ပြောနေဖို့ပင် လိုမည် မဟုတ်တော့ပေ။
ဝဲကတော့အတွင်း၌ အရှင်မီးတောက်သည် မင်သက်ကြောင်ရီနေ၏။ သူ နှစ်ပေါင်းသောင်းချီ ခံစားခဲ့ဖူးသော တုန်လှုပ်မှုအားလုံးသည် အခု ဝမ်လင်း ယူဆောင်လာသော တုန်လှုပ်မှုနှင့် ယှဉ်လျှင် ဘာမှ မဟုတ်တော့ပေ။ ဝမ်လင်း၏ခွန်အားကပင် သူ့ကို ထိတ်လန့်စေခဲ့ပြီး ဖြစ်၏။ သို့သော် သူသည် ဝမ်လင်းထံ၌ ကျွန်တစ်ယောက် ပိုင်ဆိုင်နေလိမ့်မည်ဟု လုံးဝ မထင်ထားမိခဲ့ပေ။
ရှေးကျွန်၊ ရှေးဟောင်းကျွန်။
သည်စကားနှစ်ခွန်းကို ကြားလိုက်ရသည့်အတွက် သူတို့သည် လင်းတန်၏အဆင့်အတန်းကို မည်သို့ မသိဘဲ နေပါ့မည်နည်း။
ကျင့်ကြံသူတစ်ယောက်အတွက် ကျွန်တစ်ယောက် ပိုင်ဆိုင်ခြင်းမှာ သာမန်ပင်။ သို့သော် ထိုကျွန်က…ထိုကျွန်က တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်နေချေ၏။
ပြင်ပနယ်မြေတွင်ပင် ထိုကိစ္စသည် ကြီးမားစွာ ဂယက်ရိုက်သွားနိုင်မည် ဖြစ်၏။ နှစ်ပေါင်းသောင်းနှင့်ချီအတွင်း တတိယအဆင့်ကျင့်ကြံသူ ရှားပါးလှသော အတွင်းနယ်မြေတွင်မူ ဆိုဖွယ်ရာ မရှိတော့ပေ။
တစ်စုံတစ်ယောက်က အရှင်မီးတောက်ကို အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း ပျက်စီးပြိုလဲပြီဟု ပြောလာခဲ့လျှင်ပင် သူသည် အခုလောက်ထိ တုန်လှုပ်မိလိမ့်မည် မဟုတ်ပေ။
မြင့်မြတ်သောလင်းတန်၏ ထွက်ပေါ်လာမှု၊ ဆန်းကြယ်သောအား၊ ဟင်းလင်းပြင်ကိုပါ တုန်ယင်စေသည့် ဖိအား၊ ကျင့်ကြံသူများကို ထိတ်လန့်စေမည့် အော်ရာ၊ ထိုဖိအားသည် အလုံးစုံကောင်းကင်၏ဘိုးဘေး ဖြစ်သူ အရှင်လုဖူထက်ပင် ပိုအားကောင်းနေသေး၏။
ဤလူကား တတိယအဆင့်ကျင့်ကြံသူတစ်ယောက်ပင်။
အရှင်မီးတောက်၏စိတ်သည် တုန်လှုပ်ကာ ဆောက်တည်ရာမရ ဖြစ်၏။
“သူ…သူက ဘယ်လိုကံကောင်းမှုမျိုးကိုများ ကြုံခဲ့တာလဲ။ သူဟာ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်နဲ့ တိုက်ခိုက်နိုင်ရုံတင်မကဘဲ သူ့မှာ တကယ်ပဲ တတိယအဆင့်ကျင့်ကြံသူကျွန်တစ်ယောက် ရှိနေတယ်…။ တတိယအဆင့်၊ တတိယအဆင့်။ ငါဟာ နှစ်ပေါင်းသောင်းချီအတွင်းမှာ အရှင်လုဖူတစ်ယောက်ကိုသာ တွေ့ခဲ့ဆုံခဲ့ဖူးတယ်။ ဒါ…ငါ ဒါကို မယုံနိုင်ဘူး။ ဘယ်လိုများ ယုံရမှာလဲ…”
အရှင်မီးတောက်သည် စိတ်ရှုပ်ထွေးလွန်းနေ၏။ သူသည် သူ တွေ့မြင်ရသည့်အရာကို မယုံကြည်နိုင် ဖြစ်နေ၏။ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်က ဝမ်လင်း၏ကျွန် ဖြစ်နေသည်။ သူ မည်သို့ ယုံ၍ ရပါ့မည်နည်း။
***