သူများအိမ်ကသမီးပျိုလေးကို ပြန်ပေးဆွဲပြီးထွက်ပြေးသွားတယ်တဲ့လား
Vol. 37 Ch. 524
အခန်း (၅၂၄) သူများအိမ်ကသမီးပျိုလေးကို ပြန်ပေးဆွဲပြီးထွက်ပြေးသွားတယ်တဲ့လား
ရွှီဖေးက ဖူအန်းစုကို အရင်ဆုံး ဦးညွှတ်ဂါရဝပြုလိုက်ပြီးနောက် ရန်ကျောက်ကဲကို ပွေ့ဖက်နှုတ်ဆက်လိုက်သည်။
သူက အံ့အားသင့်စွာဖြင့်...
“မင်းအသက်က ကြီးမလာပါလား...”
ရန်ကျောက်ကဲက ပြုံးကာ ခေါင်းညိတ်ရင်း...
“ဟိုဘက်မှာ နှစ်နှစ်တောင်မပြည့်သေးဘူးလေ”
ရွှီဖေးက ပြုံးလိုက်စဉ် ဖူအန်းစုက မေးခွန်းထုတ်သည်။
“ယွီကျန်းအခြေအနေ ဘယ်လိုလဲ”
“ကျောက်ကဲခန့်မှန်းတာ ကွက်တိပါပဲ ၊ အရုဏ်ဦးသက်တံ့ကျောက်စိမ်းအနှစ်သာရက အစ်မ’ယွီကျန်း’ အတွက် တကယ့်ကို အထောက်အကူဖြစ်တယ်”
ရွှီဖေးက လေးနက်စွာပြုံးရင်း စကားဆက်ပြောသည်။
“အခု အစ်မယွီကျန်းအခြေအနေက အရင်ကထက် အများကြီးပိုကောင်းလာပါပြီ ၊ ဒါပေမဲ့ သတိရမလာသေးဘူး”
ရွှီဖေး၏ပေါ့ပါးသော အမူအရာကိုကြည့်ပြီး ရန်ကျောက်ကဲနှင့် ဖူအန်းစုတို့ စိတ်သက်သာရာရသွားကြသည်။
ရွှီဖေးက ဆက်ပြောသည်။
“ပြီးတော့ ဒီ တည်ရာမဲ့ကျွန်းမှာ ဝိညာဉ်စမ်းချောင်းလေးတစ်ခုလည်း တွေ့ထားတယ် ၊ အဲဒီစမ်းချောင်းလေးကလည်း အစ်မ’ယွီကျန်း’ ကျန်းမာအရေးအတွက် အထောက်အကူပြုတယ်လေ ၊ ဒါပေမဲ့ စမ်းချောင်းက လွန်ခဲ့တဲ့ဆယ်စုနှစ်တွေထဲက တိမ်ကောသွားလို့ စမ်းရေနည်းနည်းပဲ ထွက်တော့တယ်”
အတူလမ်းလျှောက်လာရင်း ရွှီဖေးက ဆက်ရှင်းပြသည်။
“အခု အစ်မယွီကျန်းရဲ့ ရုပ်ခန္ဓာထည့်ထားတဲ့ ရေခဲခေါင်းတလားကို အဲဒီစမ်းချောင်းမှာ ထားတယ် ၊ ဘယ်လောက်ကြာကြာ ဆက်ထားရမလဲဆိုတာတော့ မသိသေးဘူး”
သူက ပိုင်ကျင်းခန်းတို့ကို လှည့်ကြည့်ရင်း...
“ဒီစမ်းချောင်းလေး အသုံးပြုခွင့်ပေးတဲ့အတွက် ချန်လီတောင်က မိတ်ဆွေတွေကို ကျေးဇူးတင်ရမယ်”
ဖူအန်းစုနှင့် ရန်ကျောက်ကဲတို့က ချက်ချင်းပင် ပိုင်ကျင်းခန်းနှင့် ချန်လီတောင်မှ လူအများကို ကျေးဇူးတင်စကားဆိုလေတော့ သူတို့က အဆင်ပြေကြောင်း ပြန်လည်ပြောဆိုသည်။
ချန်လီတောင်ဂိုဏ်းချုပ်အား တွေ့ဆုံနှုတ်ဆက်ပြီးနောက် ရန်ကျောက်ကဲနှင့် ဖူအန်းစုတို့ တောင်အနောက်ဘက်ရှိ စမ်းချောင်းလေးရှိရာသို့ ရောက်လာပြီး ယင်ယွီကျန်း၏ အခြေအနေကို စစ်ဆေးကြည့်သည်။
စမ်းရေကို အချိန်အတန်ကြာ ခွဲခြမ်းစိတ်ဖြာပြီးနောက် ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“ဒါက ပင်လယ်လောင်မြိုက်စမ်းချောင်းပဲ... ဒီလိုစမ်းချောင်းမျိုး သမုဒ္ဒရာကမ္ဘာမှာ ရှိသင့်ပါတယ် ၊ အစ်မ’ယွီကျန်း’ အတွက်လည်း တကယ်အသုံးဝင်တယ် ၊ ဒါပေမဲ့ စမ်းချောင်းက ခမ်းခြောက်လုနီးပါးဖြစ်နေတော့ ဖြည်းဖြည်းချင်းထွက်နေတဲ့ စိမ်းစမ်းရေလေးနည်းနည်းကိုပဲ အားကိုးနေရတယ်”
သူက သက်ပြင်းချရင်း...
“ဆိုတော့... အချိန်တော့ အတော်ကြာမှာပဲ ၊ ပင်လယ်လောင်မြိုက်စမ်းချောင်းကလည်း ယူသွားလို့ရတဲ့အရာမျိုးမဟုတ်ဘူး ၊ ယူသွားလို့ရရင်တောင်မှ ရေသေက စီးဆင်းနေတဲ့ရေရှင်လောက် ထိရောက်မှု ရှိမှာမဟုတ်ဘူး”
ရန်ကျောက်ကဲက ရွှီဖေးကို စိုးရိမ်စွာဖြင့်ကြည့်ရင်း...
“ငါက မင်းတို့တွေကို အစွန်းရောက်ရှစ်ပါးကမ္ဘာကို ပြန်ခေါ်သွားမလို့ စဉ်းစားနေတာ”
ရွှီဖေးက ခေါင်းခါယမ်းကာ ပြုံးရင်း...
“ရပါတယ်ကွာ... ငါနဲ့ ကျွင်းအာလေးတို့ ဒီမှာပဲ နေလို့အဆင်ပြေပါတယ် ၊ မင်း စိတ်မပူပါနဲ့”
ရန်ကျောက်ကဲက...
“အင်းပါ... မင်းတို့တွေ အန္တရယ်ကင်းတယ်ဆိုတော့ ငါတို့လည်း စိတ်အေးရတာပေါ့”
ရွှီဖေးက...
“အစွန်းရောက်ရှစ်ပါးကမ္ဘာက အခြေအနေတွေရော ဘယ်လိုရှိလဲ”
ထိုစကားကိုကြားတော့ ရန်ကျောက်ကဲနှင့် ဖူအန်းစုတို့ အကြည့်ချင်းဖလှယ်လိုက်ကြပြီး မျက်နှာများက မှောင်မှိုင်းသွားကြသည်။
ရန်ကျောက်ကဲက အခြေအနေ အဓိကအချက်များကိုသာ အတိုချုံ့ ရှင်းပြလိုက်၏။
သတင်းများက အကောင်းအဆိုး ဒွန်တွဲနေသည်။ မြေကမ္ဘာနယ်မြေတွင် ငရဲကိုးထပ်ကို ဖိနှိပ်ပြီး အရှေ့ပင်လယ်မှ မီးတောက်မိစ္ဆာကမ္ဘာကို ချိတ်ပိတ်နိုင်ခဲ့သည်။ ထို့ကြောင့် ကာလတစ်ခုအထိ ပြဿနာရှိနိုင်မည် မဟုတ်ပေ။
ရန်တိ သိုင်းသူတော်စင်အဆင့်သို့ တက်ရောက်နိုင်ပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ပြိုင်ဘက်ကင်းဖြစ်လာကြောင်း ကြားသိရတော့ ရွှီဖေး စိတ်ဓာတ်များတက်ကြွလာပြီး သွေးများပင် ဆူပွက်လာသည်။
ယွမ်ကျန်းဖုန်း ပျောက်သွားခြင်းနှင့် ဖန်းကွင်းဒဏ်ရာအပြင်းအထန်ရသောသတင်း ၊ ဖန်းယွင်ရှန်းနှင့် ယင်လျိုဟွားတို့ ဘာဖြစ်မှန်းမသိရသေးသည့်သတင်းများကို ကြားရပြန်တော့ ရွှီဖေး စိတ်ပူပန်စွာ မျက်မှောင်ကြုတ်မိသည်။
“ဆရာဘိုးဘိုးက ဗလာနယ်ဝဲဂယက်ထဲကိုကျသွားပြီး ဘယ်ကိုရောက်သွားမှန်းမသိတော့... သူ့ကို ရှာတွေ့နိုင်ဖို့က အရမ်းခက်တယ်”
ရန်ကျောက်ကဲက ခပ်တိုးတိုးလေသံဖြင့် ဆိုသည်။
“ဒါပေမဲ့ စိုးရိမ်စရာတော့မရှိပါဘူး ၊ ဆရာဦးလေး’ဖန်ကျွင်း’ ကိုကယ်ဖို့အတွက် လက်တစ်ဖက်ကို ဆုံးရှုံးခံလိုက်ပေမယ့် သူက သိုင်းသူတော်စင်တစ်ယောက်ပဲလေ ၊ အတွေ့အကြုံလည်းများတယ်ဆိုတော့ သူ့အခြေအနေနဲ့သူ အန္တရာယ်ကင်းအောင်နေနိုင်မှာပါ”
“ဒုတိယဆရာဦးလေးကတော့ အေးအေးဆေးဆေး ဆေးကုသဖို့ လိုလိမ့်မယ် ၊ ဒီကိုမလာခင် ငါကိုယ်တိုင် သူ့ကိုဆေးကုသပေးခဲ့တာမို့ အသက်အန္တရယ် မရှိတော့တာ သေချာတယ်”
ရန်ကျောက်ကဲက နှုတ်ခမ်းတစ်ချက်သပ်လိုက်ရင်း...
“ဒါပေမဲ့... ဂိုဏ်းတူညီမလေး ဖန်းယွင်ရှန်းအခြေအနေက မသိရသေးဘူး ၊ သူ အန္တရယ်တစ်ခုခုများ ကျရောက်နေသလား မပြောနိုင်ဘူး ၊ နေသူတော်စင်ဂိုဏ်းကလူတွေနဲ့ မတွေ့ဘူးဆိုရင်တောင်မှ ထိုက်ယီချိုးဖျက်အစီအရင် တံဆိပ်ခတ်တဲ့စွမ်းအားတွေနဲ့ ရင်ဆိုင်မိရင် သူတို့တွေ အသက်အန္တရယ် စိုးရိမ်ရနိုင်တယ်”
အချိန်အတန်ကြာပြီးနောက် ရွှီဖေးက သက်ပြင်းတစ်ချက်ချရင်း...
“အန္တရယ်ကြုံရင်တောင် ကံကောင်းပါစေလို့ မျှော်လင့်ရတော့မှာပဲ”
ရန်ကျောက်ကဲက နက်နက်ရှိုင်းရှိုင်း တိတ်ဆိတ်နေသည်။
ရှားရှားပါးပါး စိုးရိမ်ပူပန်ခြင်းများက သူ့နှလုံးသားထဲ တလှိုက်လှိုက်တက်လာပြီး သူ့ကိုယ်သူတည်ငြိမ်စေရန် အတော်လေး ထိန်းချုပ်နေရသည်။
ရန်ကျောက်ကဲကိုကြည့်ရင်း ဖူအန်းစု တစ်စုံတစ်ခုကို သတိထားမိသော်လည်း မည်သည့်စကားမှမဆိုဘဲ မရေရာသော သက်ပြင်းတစ်ချက် ချမိရုံသာ။
ရွှီဖေးက စကားလမ်းကြောင်း ပြောင်းလိုက်သည်။
“ဆရာဘိုးဘိုး ပျောက်ဆုံးသွားသလို ဂိုဏ်းချုပ်ကတည်း မီးတော်ကမိစ္ဆာကမ္ဘာကို ချိတ်ပိတ်ဖို့ အရှေ့ပင်လယ်မှာ ပိတ်မိနေတယ် ၊ ဆရာဦးလေး’ဖန်ကျွင်း’ ကလည်း ဒဏ်ရာအပြင်းအထန်ရပြီး သတိမေ့နေတယ်ဆိုတော့... တောင်ပေါ်ကကိစ္စတွေကို ဘိုးဘေးအကြီးအကဲနှစ်ယောက်ကပဲ ကြည့်ရှုနေရတာပေါ့”
ရန်ကျောက်ကဲက စိတ်ကိုတည်ငြိမ်အောင်ကြိုးစားလိုက်ရင်း...
“အကြီးအကဲ’ကျန်း’ က တောင်ပေါ်မှာပဲ ဆရာဦးလေး’ဖန်ကျွင်း’ ကို ကူညီပြီး ဒဏ်ရာတွေ ကုသပေးနေတယ် ၊ အကြီးအကဲ’ဟယ်’ ကတော့ အဖေနဲ့အတူ အရှေ့ပင်လယ်တိုက်ပွဲမှာ ပါဝင်ခဲ့တယ်”
ရန်ကျောက်ကဲက ဖူအန်းစုကို အတည်ပြုသလို လှည့်ကြည့်ရင်း ဆက်ပြောသည်။
“ဆရာဘွားဘွား’ဟယ်’ က မီးတောက်မိစ္ဆာတွေအများကြီးကို တစ်ယောက်တည်း ရင်ဆိုင်တိုက်ခိုက်ခဲ့တာ ၊ သိုင်းသူတော်စင်အဆင့်ရှိတဲ့ မီးတောက်မိစ္ဆာဘုရင်တစ်ယောက်ကိုရင်ဆိုင်ရပြီး ဆရာဘွားဘွား’ဟယ်’ ဒဏ်ရာရသွားတယ် ၊ ဒါပေမဲ့ အသက်အန္တရယ်တော့ မစိုးရိမ်ရပါဘူး”
ဖူအန်းစုက...
“အခုတော့ ငါတို့ရဲ့ ဘိုးဘေးအကြီးအကဲနှစ်ယောက်ပဲ တောင်ပေါ်မှာ အခြေအနေတွေကို ကြီးကြပ်နေမှာပေါ့ ၊ ဂိုဏ်းတူအစ်ကို’ချန်’ ကတော့ နေ့စဉ် အသေးစိတ်ကိစ္စတွေကို စီမံခန့်ခွဲမယ်ထင်တယ်”
ဖူအန်းစုပြောသည့် ဂိုဏ်းတူအစ်ကို’ချန်’ ဆိုသည်မှာ ယခင်က အရှေ့ပင်လယ်အကြီးအကဲဖြစ်ခဲ့ဖူးသော ‘ချန်ကျန်း’ ကို ပြောခြင်းပင်။
ဝါဒတောင်တိုက်ပွဲတွင် စည်းကမ်းထိန်းသိမ်းရေးခန်းမ၏ ပထမအဆင့်ထိပ်တန်းအကြီးအကဲ “ရှီတိ” ကျဆုံးခဲ့ပြီးနောက် ချန်ကျန်းက အရှေ့ပင်လယ်မှပြန်လာပြီး ထိုရာထူးကို လက်ခံယူခဲ့သည်။ သူက အမတလက်ဖွဲ့ နှောင်းပိုင်းအဆင့်ဖြစ်ပြီး အကြီးအကဲ’ကျန်း’ ၏ တပည့်လည်းဖြစ်၏။
ရှီတိ ၊ ဖန်ကျွင်း ၊ ဖူအန်းစုနှင့် အခြားသူများနှင့်ယှဉ်လျှင် ဝါဒတောင်အပြင်ဘက်တွင် အချိန်ကြာမြင့်စွာနေထိုင်သော ချန်ကျန်းနှင့် ရန်ကျောက်ကဲက ရင်းနှီးမှု သိပ်မရှိပေ။ ချန်ကျန်း တောင်ပေါ်ပြန်ရောက်တော့လည်း ရန်ကျောက်ကဲက အပြင်ထွက်နေလေ့ရှိရာ သူတို့နှစ်ယောက် တိုက်ရိုက်ထိတွေ့ရခြင်းမျိုး မရှိခဲ့ပြန်ပေ။
သူသိသလောက် ဤ ဆရာဦးလေး’ကျန်း’ ဆိုသည်က ဖူအန်းစုထက်ပင်စောပြီး အမတလက်ဖွဲ့အဆင့် သိုင်းဆရာသခင်သို့ တက်ရောက်ခဲ့သော ဝါဒတောင် အကြီးပိုင်းမျိုးဆက် ထိပ်တန်းပုဂ္ဂိုလ်များထဲမှတစ်ယောက် ဖြစ်သည်။ မျိုးဆက်တူညီသူများထဲတွင် သူ့ထက်သာလွန်သူဆို၍ ဝါဒတောင်၏ သူရဲကောင်း (၃)ယောက်ဟု ကျော်ကြားသော ရန်တိ ၊ ဖန်ကျွင်းနှင့် ရှီတိတို့သာလျှင် ရှိသည်။
ယခင်က အရှေ့ပင်လယ် ပထမအဆင့်ထိပ်တန်းအကြီးအကဲဖြစ်ခဲ့ပြီး လက်ရှိမှာတော့ စည်းကမ်းထိန်းသိမ်းရေးခန်းမ၏ ပထမအဆင့် ထိပ်တန်းအကြီးအကဲ ဖြစ်သည်။
ရန်ကျောက်ကဲက...
“ကျွန်တော် မှတ်မိသလောက် ဆရာဦးလေး’ချန်’ လည်း အရှေ့ပင်လယ်မှာ တိုက်ပွဲဝင်နေတာ မဟုတ်လား”
ဖူအန်းစုက ခေါင်းညိတ်ရင်း...
“အမှန်ပဲ ၊ ဒါပေမဲ့ ဂိုဏ်းတူအစ်ကို’ချန်’ က ဒဏ်ရာမရခဲ့ဘူး ၊ ဒီတော့ သူ အဆင်ပြေမှာပါ”
ရွှီဖေးက...
“အင်း... ဒီတစ်ခေါက် မီးတောက်မိစ္ဆာတွေရော ငရဲကိုးထပ်ရောက တစ်ပြိုင်တည်းကျူးကျော်တာဆိုတော့ ငါတို့ဂိုဏ်းလည်း ဆုံးရှုံးမှုတွေ အရမ်းများခဲ့တယ် ၊ ဒါပေမဲ့ ဒါတွေကို ကျော်ဖြတ်ပြီးသွားရင်တော့ ငါတို့လုပ်ခဲ့တဲ့အရာတွေအတွက် သေချာပေါက် အကျိုးအမြတ်တွေ ခံစားရမှာပါ ၊ တခြားအရာတွေအသာထား... ဂိုဏ်းချုပ် အရှေ့ပင်လယ်က ထွက်လာတာနဲ့ သူ့ကို ဘယ်သူမှတားနိုင်တော့မှာ မဟုတ်ဘူးမလား”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“အင်းပေါ့... ကြီးကြီးမားမား အဖြစ်အပျက်တွေ ထပ်မဖြစ်ဘူးဆိုရင်ပေါ့”
သူက တိုးလျစွာ သက်ပြင်းချရင်း...
“ငါတို့ မြန်နိုင်သမျှမြန်မြန် ပြန်ရမယ်”
ဖူအန်းစုက...
“အမှန်ပဲ ၊ မင်း အခု မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို သန့်စင်ထားတယ်ဆိုတော့... အဲဒါက ငါတို့အတွက် ကြီးမားတဲ့စွမ်းအားတစ်ခု ဖြစ်လာလိမ့်မယ် ၊ အထူးသဖြင့် ဂိုဏ်းတူမောင်လေး’ရန်တိ’ ၊ အဘိုးအို’မော့’ ၊ အရှေ့အရပ်မှထွက်သောနေ’ဟွမ်ကွမ်လီ’ နဲ့ စုန့်ဝူလျန်တို့တွေ အရှေ့ပင်လယ်က ထွက်လာလို့ မရသေးချိန်မှာ ငါတို့ဂိုဏ်းမှာ နောက်ထပ်သိုင်းသူတော်စင်တစ်ယောက် ရှိနေသလို ဖြစ်မှာဆိုတော့ အတော်လေး သက်ရောက်မှုကြီးမားလိမ့်မယ်”
“မင်းရယ်... မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားရယ် ... ကြယ်တာရာသန့်စင်ချီဝတ်ရုံရယ်ဆိုရင် ဂိုဏ်းတူမောင်လေး’ရန်’ တိ အရှေ့ပင်လယ်ကထွက်လာမယ့်အချိန်ကို ငါတို့တွေ အေးအေးဆေးဆေး စောင့်လို့ရတယ်”
ရွှီဖေးက ပြုံးရင်း...
“ဂိုဏ်းတူညီမလေး’ဖန်းယွင်ရှန်း’ ကို ကံကြမ္မာက မျက်နှာသာပေးပါစေလို့ ဆုတောင်းရမှာပဲ ၊ သူသာ ဘာမှမဖြစ်ရင် ငါတို့ဂိုဏ်းက ထူးကဲယင်သရဖူကိုလည်း ရနိုင်သေးတယ်”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“သူတို့တွေ အန္တရယ်ကင်းဖို့ မျှော်လင့်ပါတယ်”
နောက်ရက်များမှာတော့ ရန်ကျောက်ကဲနှင့် ဖူအန်းစုတို့က တည်ရာမဲ့ကျွန်းမှာပင် နေထိုင်ကြရင်း စန့်ချုန်ကြေးမုံမှန် အားပြန်ပြည့်လာမည်ရက်ကို စောင့်ဆိုင်းနေကြသည်။ ထိုအချိန်အတွင်း ဖူအန်းစုသည်လည်း ဒဏ်ရာများ တဖြည်းဖြည်း ပြန်လည်သက်သာလာ၏။
ထို့ပြင် သူတို့က ရှီကျွင်း မည်သို့ကြီးပြင်းလာသည်ကို တွေ့မြင်ချင်သဖြင့် ထိုလူငယ်လေး ချန်လီတောင်သို့ ပြန်လာမည့်နေ့ရက်ကိုလည်း စောင့်မျှော်နေကြသည်။
သို့သော် မမျှော်လင့်စွာပင် ရှီကျွင်းတစ်ယောက် တောင်ပေါ်သို့ ပြန်မလာခဲ့ပေ။ သူနှင့်ပတ်သက်သည့် သတင်းအချို့ကတော့ ရောက်လာခဲ့၏။
“ခင်ဗျား... ဘာပြောလိုက်တယ်”
ပိုင်ကျင်းခန်းကိုကြည့်ရင်း ရန်ကျောက်ကဲရော ရွှီဖေးပါ ထိတ်လန့်တုန်လှုပ်စွာဖြင့် မေးမြန်းလိုက်ကြသည်။
“ကျွင်းအာလေးက သူများအိမ်က သမီးပျိုလေးကို ပြန်ပေးဆွဲပြီး ထွက်ပြေးသွားတယ်တဲ့ ၊ အခုထိ သူတို့ဘယ်မှာလဲဆိုတာ မသိရသေးဘူး”