← Chapters

ထိုသူများ

Vol. 112 Ch. 1548

ထိုသူများ

Vol. 112 Ch. 1548

သူတို့၏ လွှမ်းမိုးနိုင်သောခွန်အားက အရှင်လုဖူ၏ တိုက်ခိုက်ချင်စိတ်ကို ပြိုလဲသွားစေသည်။ သူသည် ဆက်လက်၍ ရုန်းကန် မနေတော့ဘဲ မယုံကြည်နိုင်ဖြစ်မှု၊ တုန်လှုပ်မှုတို့သာ ဖြစ်နေတော့သည်။

အရှင်လုဖူ၏ ကျင့်ကြံမှုအဆင့်ဖြင့်ပင် သူသည် သူ့ရှေ့တွင် ဖြစ်ပျက်သမျှကို မင်သက်ကြောင်ရီစွာ ကြည့်နေမိ၏။ ထိုအဖြစ်က သူ့ကို ခါးသီးစွာ ခံစားမိစေသည်။

သူက အမှားကြီးတစ်ခု ပြုလုပ်ခဲ့မိပြီကို သိလိုက်ပြီ။ သူ့အမှားမှာ အတော်လေး ကြီးမား၏။ သူသည် ဝမ်လင်း၏ကျင့်ကြံမှုကို မှားယွင်းစွာ လျှော့တွက်ခဲ့မိသည်။ ဝမ်လင်း အလုံးစုံကောင်းကင်သို့ ပြန်ရောက်လာသည့်အချိန်က အရှင်လုဖူသည် ဝမ်လင်းထံ၌ သူ့ကို တိုက်ခိုက်နိုင်သောစွမ်းအား ရှိသည်ဟု တွေးထင်ထားခဲ့၏။ သူက ဝမ်လင်းကို အလေးမမူဘဲ ရန်မစဟု တွေးထားခဲ့သည်။

ထိုဆုံးဖြတ်ချက်သည် သူ ချင်းလင်ဂြိုဟ်ပေါ်တွင် မိုးဓားကို တွေ့မြင်သည့်အခါ၌ ပြောင်းလဲသွားခဲ့ခြင်းပင်။ ထိုစဉ်က အရှင်လုဖူက သူသည် ဝမ်လင်း၏ကျင့်ကြံမှုအဆင့်ကို ဖြတ်မြင်နိုင်ပြီဟု ထင်ခဲ့ကာ အနည်းငယ် စိတ်သက်သာရာ ရခဲ့ဖူးသည်။

သို့ရာတွင် ဝမ်လင်းက တန်လင်းဂြိုဟ်၏အစီအရင်ကို အသက်ရှုချိန်ရှစ်ချိန်စာအတွင်း ချိုးဖျက်ခဲ့သည်ကို တွေ့မြင်သည့်အခါတွင် သူသည် သူ၏ထင်မြင်ချက်တွင် အမှားရှိနေပြီကို သဘောပေါက်ခဲ့သည်။ သူက ဝမ်လင်း၏အဆင့်အတန်းမှာ သူနှင့်အတူတူ ဖြစ်သည်ဟု ထင်မြင်လာခဲ့သည်။ သို့သော်လည်း သူက သူ၏အမျိုးမျိုးသောရတနာများနှင့် ဆိုပါက ဝမ်လင်းသည် သူ့ကို ရင်ဆိုင်ဖို့ ခက်ခဲမည်ဟု ယုံကြည်နေဆဲပင်။

ဤဂြိုဟ်အစီအရင်၏ အပြင်ဘက်တွင် ဝမ်လင်းက ဟိန်းသံ ထုတ်ဖော်ခဲ့သည့်အခါတွင်တော့ အရှင်လုဖူသည် ဝမ်လင်းမှာ သူ့ထက် အနည်းငယ် ပိုမြင့်မားသည်ဟု ထင်လာပြန်သည်။ သို့သော်လည်း ထိုအချိန်အထိ သူသည် ဝမ်လင်းက သူ့ကို ဒဏ်ရာပြင်းပြင်းထန်ထန်ရအောင် မလုပ်နိုင်ဟု ယုံကြည်ထားဆဲပင်။

သဘောတရားတိုက်ပွဲ ဆက်ပြီး မဆင်နွှဲသည့်အခါ၌ ဝမ်လင်း၏တည်ငြိမ်မှုက သူ့အပေါ်တွင် ဖိအားများစွာ ဖြစ်စေခဲ့ပြန်သည်။ သူက တိုက်ခိုက်ရန် ဆုံးဖြတ်ပြီးပြီးချင်း လေကောင်းကင်ဘုံနယ်မြေပုံရိပ်ယောင်ကို ထုတ်ဖော်လိုက်ကာ ဂြိုဟ်၏အစီအရင်ကိုပါ ထည့်သွင်းရန် ဟန်ပြင်ခဲ့သည်။

မူလတုန်းက ဝမ်လင်းသည် သူ့ထက် အနည်းငယ်မျှ သာလျှင်ပင် သူ့အနေဖြင့် ဝမ်လင်းကို နောက်ဆုတ်စေနိုင်မည်ဟု တွေးထားခဲ့သည်။ သို့ပေမည့် လင်းတန်ပေါ်လာသည့်အခါတွင်မူ အရှင်လုဖူသည် သူ ထပ်မှားသွားပြန်ပြီကို သိလိုက်လေသည်။

ဝမ်လင်း၏တည်ငြိမ်မှုက တတိယအဆင့်ကျွန်တစ်ယောက်ထံမှ လာခြင်း ဖြစ်သည်ဟု သူ ကောက်ချက်ချသည်။

ထိုအဖြစ်က အရှင်လုဖူ မျှော်လင့်ထားသည်ထက် ကျော်လွန်နေ၏။ သူသည် တုန်လှုပ်မိသွားသော်လည်း တိုက်ခိုက်ရန် သူ့ဆုံးဖြတ်ချက်ကိုမူ လက်မလွှတ်သေး။ သူက ဒီတတိယအဆင့်ကျွန်က ဝမ်လင်း၏ နောက်ဆုံးဝှက်ဖဲ ဖြစ်မည်ဟု ယုံကြည်ထားကာ သူ့ထံ၌ ဂြိုဟ်အစီအရင် လက်ဝယ်ရှိနေတုန်းပင်။ ဂြိုဟ်အစီအရင်နှင့် ဆိုပါက သူသည် သရေလောက်တော့ ဝမ်လင်းကို တိုက်ခိုက်နိုင်မည်ဟု ထင်ထားသည်။

သို့သော်ငြားလည်း ကျိုးကျင်ပေါ်လာမှုက သူ့စိတ်ထဲရှိ နောက်ဆုံးခွန်အားကို ပျက်စီးသွားစေတော့သည်။ အရှင်လုဖူ၏ယုံကြည်မှုပါ လုံးဝ လွင့်ပါးသွားခဲ့ရပြီး သူသည် အတိုင်းမသိ တုန်လှုပ်မိသည်။

သူသည် ဝမ်လင်းထံ၌ တတိယအဆင့်ကျွန်တစ်ယောက် ရှိမည်ဟုပင် စိတ်ကူးမကြည့်မိရာ အခုတွင်မူ တတိယအဆင့်ကျွန်နှစ်ယောက်ပင် ဖြစ်နေလေသည်။ သည်ဒုတိယတစ်ယောက်က နိဗ္ဗာနလေဟာနယ်အစောပိုင်း အထွတ်အထိပ်အဆင့် ရောက်လုနီးပါး ဖြစ်နေပြီး အလယ်အဆင့်နှင့် သိပ်မလိုတော့ပေ။

အရှင်လုဖူ၏အမူအရာမှာ ခါးသီးမှု ပြည့်နေ၏။ သူ့စိတ်မှာ ယောက်ယက်ခတ်နေတော့သည်။

ဂြိုဟ်အစီအရင်အတွင်း၌ ပေါ်လာသော ရတနာဆယ့်ရှစ်ခုမှာလည်း ကျိုးကျင်နှင့် လင်းတန်တို့ ထုတ်လွှတ်သော တတိယအဆင့်အော်ရာများကြောင့် နောက်ပြန်ကန်သွားရသည်။

ထိုအစီအရင်မှာလည်း မပြီးပြည့်စုံသေးပေ။ ထို့အတွက် ၎င်းသည် ဝမ်လင်းတို့ သုံးယောက်အုပ်စုကို ရင်ဆိုင်နိုင်မည် မဟုတ်ချေ။

ကျိုးကျင် ထွက်ပေါ်လာမှုသည် လှိုင်းထန်စေခဲ့ကာ သူ့နောက်မှ သွေးဝံပုလွေ ထုတ်ဖော်သော ဟိန်းသံသည် ကျင့်ကြံသူသောင်းချီ၏နားထဲသို့ ဝင်ရောက်၏။ ထိုအခါ သူတို့သည် အလွန်တရာ ကြောက်လန့်ကုန်သည်။

အစောပိုင်းက အရှင်လုဖူ၏ နှုတ်ထွက်စကားမှ ရရှိခဲ့သော သူတို့၏ယုံကြည်မှုပါ ပျက်စီးသွားလေ၏။

“တတိယအဆင့်…တတိယအဆင့်…။ ဒါက တကယ်ပဲ နောက်ထပ် တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်နေတာပဲ…”

“မဖြစ်နိုင်ဘူး။ တတိယအဆင့်ကျင့်ကြံသူဆိုတာ အလွန်တရာ ရှားပါးလှတယ်။ ဘယ်လိုလုပ်ပြီး တတိယအဆင့်ကျင့်ကြံသူ ကျွန်နှစ်ယောက်က ပေါ်လာနိုင်ပါ့မလဲ…”

“နှစ်သောင်းနဲ့ချီတဲ့ အချိန်ကာလအတွင်းမှာတောင် တတိယအဆင့်ကျင့်ကြံသူတွေကို မြင်ရခဲတယ်။ ဒီနေ့တော့ ဒီနေရာမှာ အများကြီး ဖြစ်နေပါလား…”

“တတိယအဆင့်ကျင့်ကြံသူကျွန်နှစ်ယောက်။ ဒီဝမ်လင်း…သူ့မှာ ဘယ်လိုအဆင့်အတန်းမျိုး ပိုင်ဆိုင်ထားတာလဲ။ သူက ဒီလိုအရာကို ဘယ်လိုများ လုပ်ခဲ့တာလဲ…”

အရှင်မီးတောက်သည် သူ့စဉ်းစားနိုင်စွမ်းအားလုံး ဆုံးရှုံးသွားတော့၏။ အခုလောက် အချိန်တိုလေးအတွင်း သူ တွေ့ကြုံခဲ့ရသည့်အရာမှာ သူ့အား ထုံထိုင်းသည့်အထိ တုန်လှုပ်သွားစေသည်။ ထုံထိုင်းမိနေသော်လည်း ကျိုးကျင်၏ထွက်ပေါ်လာမှုက သူ့စိတ်ထဲတွင် စူးရှစွာနာကျင်မှုကို ဖြစ်သွားဆဲပင်။

“နှစ်…နှစ်ယောက်…။ နောက်ထပ် တတိယ…စတုတ္ထမြောက်ရော ဖြစ်နိုင်သေးလား…”

အရှင်မီးတောက်သည် သူ့ကိုယ်သူ ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။

လီယွမ်ဇီ၏မျက်လုံးထဲတွင်လည်း စိတ်ရှုပ်ထွေးမှုများ ပြည့်နှက်နေသည်။ သူသည် ရှေ့တည့်တည့်သို့ အကြောင်သား ကြည့်နေမိသည်။ သူလည်း တွေးပင် မတွေးနိုင်တော့ပေ။

အတွင်းနယ်မြေမှ မည်သည့်ဒုတိယအဆင့်ကျင့်ကြံသူမဆို အခုအချင်းအရာကို တွေ့မြင်ပြီးပါက ကြောက်ဖျားဖျားသွားမည်သာ။ ကျွန်အဖြစ် တတိယအဆင့်ကျင့်ကြံသူနှစ်ယောက်။ ဤအရာမှာ အမှန်ပင် ထိတ်လန့်စရာ ကောင်းလှသည်။

သွေးနတ်ဘုရား၏နှလုံးမှာ ခုန်ပေါက်နေ၏။ သူ့မျက်လုံးထဲတွင်လည်း မျှော်လင့်ချက်မဲမှုတို့သာ ရှိနေသည်။ သူသည် ခုလိုမျိုး ဖြစ်လာလိမ့်မည်ဟု ဘယ်တုန်းကမှ စိတ်ကူး၍ပင် မကြည့်ဖူးချေ။ အရှင်လုဖူသည်ပင် နောက်ဆုတ်ရလေ၏။ ဤလောကသည် ကြီမားပါသည်။ သို့သော် ယခုအခိုက်အတန့်တွင် သူသည် လှောင်အိမ်တစ်ခုအတွင်း၌ ရှိနေသလို ခံစားမိရသည်။

ကျိုးကျင်နှင့်လင်းတန်တို့ ပေါ်လာသည်နှင့် သူတို့၏တတိယအဆင့်အော်ရာများသည် အလုံးစုံကောင်းကင် အနှံ့သို့ ရိုက်ခတ်ပြီး တခြားကြယ်အဖွဲ့အစည်းသုံးခုထံသို့ ဦးတည်သည်။

တိမ်ပင်လယ်ကြယ်အဖွဲ့အစည်း။ နတ်ဘုရားကလန်၏ လျှို့ဝှက်ခန်းတစ်ခု။

ထိုအခန်းထဲတွင် တာအိုပညာရှင်ရေသည် တည်ငြိမ်စွာ ကျင့်ကြံနေသည်။ သူ့ဒဏ်ရာများသည် ပြန်ကောင်းမွန်နေခဲ့ပေပြီ။ သို့သော် ဤအခိုက်၌ သူသည် တုန်လှုပ်စွာ မျက်လုံးဖွင့်လာသည်။ သူက အလိုလို ထရပ်မိပြီး အကွာအဝေးတစ်ခုထံသို့ လှမ်းကြည့်သည်။

သူ့အမူအရာသည် ပြောင်းလဲသွားပြီး မယုံကြည်နိုင်မှုနှင့် ပြည့်နှက်သည်။

နတ်ဘုရားကလန်ထဲ၌ ကြီးမားသောချိပ်ပိတ်အစီအရင်တစ်ခုအတွင်းတွင် မိန်းမလှတစ်ဦး ထိုင်နေ၏။ သူမ၏ ဆံပင်ရှည်များက လွင့်ဝဲကျလျက် ရှိကာ လူတိုင်း၏စိတ်နှလုံးကို ခုန်ပေါက်စေမည့် အလှတရားကို ပေးစွမ်းနေသည်။

သူမက ငြိမ်သက်စွာ ကျင့်ကြံနေရင်း တာအိုပညာရှင်ရေကို ထိတ်လန့်သွားစေသော အော်ရာကို သတိမပြုမိသည့်ပုံ ရသည်။

တိမ်ပင်လယ်ကြယ်အဖွဲ့အစည်း၏ အဆင့်တစ်ဒေသတွင် ကုန်းမြေငယ်လေးတစ်ခု ရှိ၏။ ထိုနေရာတွင် လူသားများရော၊ သားရဲများရော မနေထိုင်ကြပေ။ လုံးဝ လူသူကင်းမဲ့သည်။

ထိုကုန်းမြေ၏ အတွင်းဘက်၌ တောင်ကြားတစ်ခုရှိပြီး ထိုနေရာတွင် အနီရောင်ဝတ်စုံဖြင့် သက်လတ်ပိုင်းအမျိုးသားတစ်ယောက် ငြိမ်သက်စွာ ထိုင်နေသည်။

သူ့ရှေ့တွင် နတ်ဆိုးကလန်၏ ကလန်ခေါင်းဆောင်နှင့် အကြီးအကဲများစွာက တလေးတစား ဒူးထောက်လျက် ရှိ၏။

ထိုအနီရောင်ဝတ်စုံနှင့်လူက ရုတ်တရက် မျက်လုံးဖွင့်လာ၏။ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော တုန်လှုပ်ဖွယ်အော်ရာကို ချက်ခြင်းပင် ပြန်ဖိနှိပ်ထားလိုက်သည်။

ထို့နောက် သူက အကွာအဝေးတစ်ခုသို့ ကြည့်၏။ အချိန်အတန်ကြာပြီးနောက် သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ဒီကောင်လေးဟာ ချိပ်ပိတ်နယ်မြေအရှင်သခင်ရဲ့ ကျောက်စိမ်းပြားကို တွေ့ခဲ့တဲ့သူပဲ။ ဒီကောင်လေးဟာ တကယ်တော်သားပဲ…”

မဟာမိတ်ကြယ်အဖွဲ့အစည်း၊ ချိပ်ပိတ်ထားသော မိုးကောင်းကင်ဘုံနယ်မြေ၌ ချင်းလင်သည် နှစ်ပေါင်းရာချီ ဒဏ်ရာကုသနေသည်။ ရုတ်တရက် သူသည် သံသယရှိဟန်ဖြင့် မျက်လုံးဖွင့်လာပြီး အကွာအဝေးတစ်ခုထံသို့ တုန်လှုပ်စွာ ကြည့်သည်။

သူ့ရှေ့တွင်လည်း အလန့်တကြား ဖြစ်နေသော စစ်ထူနန် ရှိနေ၏။ ဤအခိုက်တွင် သူကလည်း မျက်လုံးဖွင့်လာ၏။ သူ့မျက်လုံးသည် တလက်လက် ဖြစ်သွားကာ စိတ်ရှုပ်ထွေးဟန်တို့ ရှိလာသည်။

မိုးကောင်းကင်ဘုံနယ်မြေ၌ ကျောက်ရုပ်တုတစ်ခုလည်း ရှိ၏။ ထိုကျောက်ရုပ်တုသည် မိုးကောင်းကင်ဘုံနယ်မြေ၏ အမြင့်မားဆုံးတောင်ထိပ်ပေါ်တွင် ရှိသည်။ ထိုတောင်အောက်တွင် နှစ်ပေါင်းရာချီ ထိုင်နေသော လူတစ်ယောက် ရှိသည်။ သူသည် ဝတ်ရုံနက်ကို ဝတ်ဆင်ထားပြီး အနက်ရောင် ဆံပင်ရှည်များကို ပိုင်ဆိုင်ထားသည်။ သူ့ကို အေးစက်စက်အော်ရာနှင့် သတ်ဖြတ်လိုစိတ်က အဆက်မပြတ် ခြုံလွှမ်းထားသည်။

ထိုသက်လတ်ပိုင်းလူ၏ အေးစက်စက်အသွင်အပြင်မှာ ဝမ်လင်း၏အစောပိုင်းနှစ်ကာလများက ပုံစံနှင့် ချွတ်ဆွတ်နီးပါး တူသည်။

သူက ဒီတားမြစ်ကုန်းမြေတစ်ခုကို ကိုယ်တိုင်ဖန်တီးထားခြင်းပင်။ စစ်ထူနန်ကိုပင် ဤနေရာသို့ လာခွင့်မပြုပေ။ ချင်းလင်၏သမီး၊ ချင်းရွှေ၊ ကျောက်ရီတို့ကိုလည်း လာခွင့်မပြုထားပေ။

ချင်းလင် ကိုယ်တိုင်လာလျှင်ပင် ထိုဝတ်စုံနက်နှင့်လူက သူ့အား တိုက်ခိုက်ပစ်ရဲသည်။

ထိုသို့ဖြစ်ရခြင်းမှာ ဝမ်လင်း ထွက်ခွာမသွားခင် သူ့ကို ပြောခဲ့သော စကားကြောင့်ပင်။

“ဒီကျောက်ရုပ်တုကို စောင့်ကြည့်နေ။ ဘယ်သူမှ ဒါကို ထိကိုင်ခွင့် မရှိဘူး…”

ထိုအခိုက်အတန့်၌ သူ၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားပြီး သူ့ခန္ဓာကိုယ်သည် တုန်ယင်သွား၏။ စိတ်လှုပ်ရှားဟန် အရိပ်အယောင် သူ့ထံမှ ထွက်ပေါ်သည်။ သူက အကွာအဝေးတစ်ခုထံသို့ ကြည့်လိုက်၏။ သူသည် မည်သည့်အရာကိုမျှ မတွေ့မြင်သော်လည်း ခပ်ဖျော့ဖျော့ဆက်နွှယ်မှုတစ်ခုကို ခံစားမိနိုင်ပေသည်။ “ဆရာ…”

သည် အေးစက်စက်သက်လတ်ပိုင်းလူမှာ ဝမ်လင်း၏တပည့်ဖြစ်သူ ဆယ့်သုံးပင်။

မိုးကောင်းကင်ဘုံနယ်မြေ၌ မြက်ပင်များ၊ ပန်းရနံ့များဖြင့် ပြည့်နေသော ကွင်းပြင်တစ်ခု၌ ဝတ်စုံဖြူဖြင့် အမျိုးသမီးတစ်ယောက် ထိုင်နေ၏။ သူမရှေ့တွင် ပျင်းရိပျင်းတွဲနှင့် ကျားကြီးတစ်ကောင် ရှိနေသည်။ ရံဖန်ရံခါ ထိုကျားက သည်အမျိုးသမီးကို လှမ်းလှမ်းကြည့်တတ်သည်။ သူမသည် ကျိုးယုပင်။

ပိုမိုဝေးလှသောနေရာတစ်ခုတွင်တော့ အေးခဲနေဟန်ရသည့် တောင်တစ်လုံး ရှိကာ ထိုနေရာတွင် အေးတိအေးစက်အမျိုးသမီးတစ်ယောက် ထိုင်နေသည်။ သူမသည် ထိုင်နေလျက် အကွာအဝေးတစ်ခုသို့ ကြည့်နေ၏။ သူမ၏အသွင်အပြင်မှာ တကယ်ပင် အေးစက်သည်။ သူမသည် ချင်းလင်၏သမီးပင်။

ထိုတောင်ခြေတွင်မူ အိမ်တစ်လုံး ရှိ၏။ ထိုအိမ်ခြံဝန်းထဲတွင် အစိမ်းရောင်ဝတ်စုံနှင့်အမျိုးသားတစ်ယောက် ရှိသည်။ သူ့ထံမှ ရှေးကျသောအော်ရာတစ်ခုကို ပေးနေ၏။ သို့သော် ထိုသူမှာ ငယ်ရွယ်စဉ်တုန်းက အတော်‌လေး ချောမောခဲ့မည်မှာ အမှန်ပင်။

သူ့ခန္ဓာကိုယ်က တည်ရှိနေသော်လည်း စိတ်ဝိညာဉ်ခန္ဓာကိုယ်တစ်ခုနှင့် ပိုတူပေ၏။ အထည်ဒြပ်အကောင်အထည် ရှိနေသည့်ပုံ မပေါ်ပေ။

ထိုခြုံဝန်းတွင် ရပ်ကာ သူသည် တောင်ထိပ်ပေါ်သို့ မော့ကြည့်နေ၏။ သူက ကျောက်ရီပင်။

မဟာမိတ်ကြယ်အဖွဲ့အစည်း၏ ချိပ်ပိတ်ထားသော ဌာနချုပ်အတွင်း ဒေါသတကြီး နှစ်ရာချီ အော်ဟစ်နေသော အသံတစ်သံ ရှိ၏။ “သတ်…သတ်…သတ်…။ ဒီလောကရဲ့ အရာအားလုံးကို သတ်ပစ်မယ်။ ငါဟာ ဒီလောကကို ဖျက်စီးပစ်မယ်…” ထိုအသံပိုင်ရှင်မှာ ဝမ်လင်း၏စီနီယာအစ်ကို ချင်းရွှေ ဖြစ်၏။

မဟာမိတ်ကြယ်အဖွဲ့အစည်း၏ ပျက်စီးသွားသော အလောင်းကောင်ကလန် တည်ရှိခဲ့သောနေရာ။ ထိုနေရာကနေ မျက်ဝန်းတစ်စုံသည် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း ရှိရာသို့ ကြည့်နေ၏။

“ချိပ်ပိတ်နယ်မြေအရှင်သခင်ရဲ့ ကတိကဝတ်တစ်ခု။ ဒါက သူပဲလား…”

အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၏ ကြီးမားထည်ဝါသော ဂြိုဟ်အစီအရင်အတွင်း၌ ဝမ်လင်းသည် အရှင်လုဖူကို တည်ငြိမ်စွာ ကြည့်နေ၏။ ဝမ်လင်းသည် တဖက်လူများကို ရန်မစ၊မနှိမ့်ချတတ်ပေ။ သို့သော် သူက အရှင်လုဖူကို ကျော်၍ မင်သက်ကြောင်ရီနေသော သွေးနတ်ဘုရားထံ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာနေ၏။

အရှင်လုဖူ၏မျက်နှာသည် ဖြူရောနေ၏။ သူက ဝမ်လင်းကို သူ့အား ကျော်၍ လျှောက်လှမ်းသွားခွင့် ပြုထားရသည်။ သူသည် ဝမ်လင်းကို ရပ်တန့်မည့် အတွေးလည်း ရှိမနေတော့ပေ။ သူ၏စိတ်ရှုပ်ထွေးဟန်အမူအရာက သူ့ခါးသက်မှုကို လှစ်ဟပြနေ၏။

အတိတ်တုန်းက ရှေးဟောင်းနတ်ဘုရားကုန်းမြေ၌ အရှင်လုဖူသည် ဝမ်လင်းကို တစ်ကြိမ် ကူညီပေးခဲ့ဖူးသည်။ အတိတ်တုန်းကတော့ သူ၏ထိုကူညီပေးမှုသည် သေမျိုးတစ်ယောက်က မြစ်ထဲရှိ ပုရွတ်ဆိတ်တစ်ကောင်ကို အမှတ်မထင် ကူညီပေးခဲ့မှုမျိုးသာ။ သို့သော် ဝမ်လင်းက ထိုကူညီပေးမှုကို မမေ့ပေ။

ယင်းအတွက်ကြောင့် ဝမ်လင်းက အရှင်လုဖူနှင့် သဘောတရားတိုက်ပွဲ ဆင်နွှဲရန် သဘောတူခဲ့ခြင်းပင်။ မျက်နှာပျက်အောင် မလုပ်ခဲ့ခြင်းပင်။ သူက အရှင်လုဖူကို မျက်နှာသာ ပေးခဲ့ခြင်းဟု ဆိုနိုင်သည်။ မဟုတ်ပါက ဝမ်လင်းသည် အခုလောက်ထိ အလုပ်ရှုပ်နေစရာ မလိုပေ။

သူက ထိုသဘောတရားတိုက်ပွဲတစ်ပွဲကို အသုံးပြု၍ အရှင်လုဖူကို နောက်ဆုတ်သွားစေရန် စိတ်ကူးထားခဲ့သည်။ သို့ပေမည့် အရှင်လုဖူသည် ခေါင်းမာနေဆဲ ဖြစ်ရာ ဝမ်လင်းက စိတ်မရှည် ဖြစ်လာခဲ့သည်။ ထို့ကြောင့် သူသည် လင်းတန်နှင့် ကျိုးကျင်တို့ကို ဆင့်ခေါ်ကာ အရှင်လုဖူကို အတိုင်းမသိတုန်လှုပ်မှုအား ပေးအပ်ခဲ့ခြင်းပင်။

ဝမ်လင်းသည် ခါးသီးဟန်အမူအရာနှင့် အရှင်လုဖူကို ကျော်လာပြီး ဝဲကတော့အတွင်းသို့ ဖြည်းဖြည်းချင်း ခြေလှမ်းကာ သွေးနတ်ဘုရားရှေ့သို့ ရောက်လာသည်။

သွေးနတ်ဘုရား၏မျက်နှာသည် ဖြူရောနေ၏။ ဝမ်လင်း ရောက်ရှိလာသည်နှင့် သူက အလန့်တကား အော်ဟစ်လိုက်သည်။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ မသေခင် ရုန်းကန်ရန် ဟန်ပြင်သည်။သူက နောက်သို့ အလျင်အမြန် ဆုတ်၍ သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းသည်။ သူ့နောက်တွင် ဧရာမမိစ္ဆာအရိပ်တစ်ခု ပေါ်လာလေ၏။

***

All Chapters