တော်ဝင်နတ်ဆိုးဓားသွား
Vol. 113 Ch. 1549
အစပိုင်း၌ မိစ္ဆာအရိပ်သည် မပြတ်မသား ဖြစ်နေသေးသည်။ သို့သော် သိပ်မကြာခင်တွင် ၎င်းသည် ရှေးဟောင်းနတ်ဆိုးတစ်ပါး၏အရိပ်အသွင်သို့ သိပ်သည်းလာ၏။ ထိုရှေးဟောင်းနတ်ဆိုး၏ ဘယ်မျက်လုံးထဲတွင် ကြယ်ခြောက်လုံး လင်းလက်နေသည်။
၎င်း၏ပေထောင်ချီမြင့်မားသော ခန္ဓာကိုယ်က နတ်ဆိုးအလင်းကို ပေးစွမ်းနေပြီး သွေးနတ်ဘုရားနှင့်အတူ ဟိန်းအော်သံ ထုတ်ဖော်သည်။
ဝမ်လင်း၏အသွင်က တည်ငြိမ်လျက်ပင်။ သူ့အကြည့်က သွေးနတ်ဘုရားကို ထွင်းဖောက်ကာ ထိုရှေးဟောင်းနတ်ဆိုးထံ အေးစက်စက် ကျရောက်သွားသည်။
“မင်းက ငါ့ရှေ့မှာ ခုခံရဲတာလား…”
ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားမှ ရှေးဟောင်းနတ်ဘုရားကြယ်ခြောက်လုံးသည် လှည့်ပတ်လျက် ရှေးအမိန့်အော်ရာ ပျံ့နှံ့သည်။ ရှေးအမိန့်ဦးခေါင်းက သူ၏နောက်တွင် ပေါ်လာပြီး ရှေးဟောင်းနတ်ဆိုးအား သူ့ကလန်၏ဂျူနီယာတစ်ယောက်လိုမျိုး ကြည့်သည်။
သွေးနတ်ဘုရား၏စိတ်သည် တုန်ဟည်းသွား၏။ ဝမ်လင်း၏အကြည့်နှင့် ရှေးအမိန့်ဦးခေါင်း၏အကြည့်က အတူတကွ ပေါင်းစပ်သည်။ သွေးနတ်ဘုရားသည် ကလေးတစ်ယောက်လို သူ့ကိုယ်သူ ခံစားလိုက်ရပြီး။ ထိုအကြည့်က သူ၏မျက်လုံးကို ထွင်းဖောက်ကာ သူ့မူလစိတ်ဝိညာဉ်ထိ ဖောက်ထွင်းလာသည်။
သူက နာကျင်ထိတ်လန့်စွာ အော်ဟစ်လိုက်ရပြီး သွေးအန်ထွက်သည်။ သူ့ခန္ဓာကိုယ်မှာ တုန်ယင်လျက် နောက်ဆုတ်လိုက်သော ခြေလှမ်းမှာ ရုတ်တရက် ရပ်တန့်သွားသည်။ မထင်မှတ်စွာပင် သူသည် ထိုအကြည့်အောက်တွင် တစ်လက်မပင် မလှုပ်ဝံ့တော့ပေ။
သူက သူ့အရေပြား တစ်လွှာချင်း အခွာခံရသလိုမျိုး ရှင်းလင်းစွာ ခံစားမိနေ၏။ ဝမ်လင်း၏အကြည့်ရှေ့တွင် သူ့အသွေးအသားတို့ ဆွဲထုတ်ကာ သူ့အဖြူရောင်အရိုးများ လှစ်ဟပေါ်လာသည်ဟု ခံစားမိရသည်။
ထိုအကြည့်အောက်တွင် သူ့အရိုးများမှာလည်း အက်သံများ ထွက်ပေါ်လာကာ တစ်လက်မချင်း ပျက်စီးပြီး သူ့ခန္ဓာကိုယ်အတွင်းရှိ မူလစိတ်ဝိညာဉ် လှစ်ဟပေါ်လာသည်။
“ငါတို့နှစ်ယောက်ကြားက ကံမ္မ ပြီးပြည့်စုံစေဖို့ ငါ မင်းကို သတ်ရမယ်…” အရင်ဦးဆုံး ဝမ်လင်းကို အမဲလိုက်ခဲ့သူမှာ ဒီသွေးနတ်ဘုရား ဖြစ်ခဲ့သည် မဟုတ်လား။ ဒုတိယတစ်ခုကတော့ ဝမ်လင်းက အိပ်မက်ထဲ၌ ယောင်မိသားစုမှ မိန်းကလေးကို ကတိပေးခဲ့ခြင်း ဖြစ်သည်။
“ငါ့ကို ကူညီခွင့်ပြုပါ…” လွန်ခဲ့သောနှစ်ပေါင်းရှစ်ရာက ထိုရိုးရှင်းသောစကားသည် ပဲ့တင်ထပ်လာဟန် တူ၏။
သွေးနတ်ဘုရားသည် နာကျင်ထိတ်လန့်စွာ အော်ဟစ်လိုက်ရင်း သူ့မူလစိတ်ဝိညာဉ်၏မျက်ခုံးနှစ်ခုကြားတွင် သွေးကြောင်းတစ်ခု ပေါ်လာ၏။ ထိုသွေးကြောင်းက သူ့မျက်နှာအနှံ့ကနေ သူ့လည်ပင်း၊ သူ့ရင်ဘက်၊ သူ့ဝမ်းဗိုက်ထိ ချဲ့ကားသွားသည်။
ချက်ခြင်းပင် ထိုသွေးကြောင်းက လင်းလက်ကာ သွေးနတ်ဘုရား၏မူလစိတ်ဝိညာဉ်သည် ထက်ပိုင်းကွဲထွက်သွားတော့သည်။
သူ့မူလစိတ်ဝိညာဉ် ထက်ပိုင်းကွဲထွက်သွားသည်နှင့် ဝဲကတော့အတွင်းရှိ သူ့ခန္ဓာကိုယ်မှာ တစစီဖြစ်သွားသည်။
သွေးနတ်ဘုရား သေဆုံးခြင်းသည် ဤကိစ္စကို အဆုံးမသပ်သွားစေသေးပေ။
သူ့မူလစိတ်ဝိညာဉ်နှင့် အသွေးအသားတို့ တစစီ ဖြစ်သွားခိုက်၌ နတ်ဆိုးစွမ်းအင်တစ်ခု တရှိန်ထိုး မြင့်တက်လာ၏။ မကြာခင်တွင် ထိုနတ်ဆိုးစွမ်းအင်က နတ်ဆိုးအရိပ်နှင့် ပေါင်းစပ်သွားသည်။
ဝဲကတော့အတွင်း၌ ပေတစ်ထောင်မြင့်မားသော ရှေးဟောင်းနတ်ဆိုးတစ်ပါး ပေါ်လာ၏။ ၎င်း၏ဘယ်မျက်လုံးထဲတွင်မူ ရှေးဟောင်းနတ်ဆိုးကြယ်ခြောက်လုံးသည် မြန်ဆန်စွာ လှည့်ပတ်နေသည်။ သွေးနံ့နှင့် ယိုယွင်းမှုက ၎င်း၏ခန္ဓာကိုယ်ကြီးနှင့် အတူတကွ ရှိနေ၏။
စူးရှရှအော်သံတစ်သံ ပဲ့တင်ထပ်သွားရင်း ၎င်းရှေးဟောင်းနတ်ဆိုးသည် စိုးရိမ်တကြီး နောက်ဆုတ်သည်။ ၎င်းသည် ဒဏ်ရာကုသဖို့အတွက် သွေးနတ်ဘုရားနှင့် ပေါင်းစပ်ထားသည်မှာ အချိန်ကြာလွန်းခဲ့ပြီ ဖြစ်၏။ ထိုနှစ်က သူသည် ဝမ်လင်း၏ခန္ဓာကိုယ်ထဲရှိ ရှေးဟောင်းနတ်ဘုရားစွမ်းအင်ကို ရှင်းလင်းစွာ သတိပြုမိခဲ့သည်။
ထိုစဉ်က ဝမ်လင်းသည် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၌ ကိုယ်ပွားတစ်ခုသာ ဖြစ်ခဲ့၊ သူ၏ ရှေးဟောင်းနတ်ဘုရားမူလခန္ဓာကိုယ်က မဟာမိတ်ကြယ်အဖွဲ့စည်းတွင် ရှိနေခဲ့သော်လည်း ဤအဖြစ်ကပင် ဒီရှေးဟောင်းနတ်ဆိုး၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ သူက သွေးနတ်ဘုရားကို အသုံးချပြီး ယောင်မိသားစုက ဝမ်လင်းကို ဖမ်းရန် အမိန့်ထုတ်စေခဲ့သည်။ ထိုမှသာ သူသည် ဝမ်လင်း၏စိတ်ဝိညာဉ်ထဲရှိ ရှေးဟောင်းနတ်ဆိုးစွမ်းအင်ကို စုပ်ယူနိုင်မည် ဖြစ်သည်။
ရှေးအမိန့်ကလန်များ၏အော်ရာသည် ကွဲပြားကာ ကူးပြောင်းလွှဲဖို့ ခက်ခဲလှသော်လည်း သူ့အတွက် ဒဏ်ရာကုသရာတွင် အကျိုးရှိစေသည်သာ ဖြစ်၏။
သို့ပေမည့် သူသည် အတိတ်တုန်းက သူ၏ ထိုလုပ်ဆောင်ခဲ့မှုက ယနေ့လိုမျိုး ရလဒ်ကို ဖြစ်စေလာမည်ဟု လုံးဝ စိတ်မကူးမိခဲ့ပေ။
သူ နောက်ဆုတ်နေရင်း သူက သူ့လက်နှစ်ဖက်ကို စတင် ဝေ့ယမ်းပြီး ရှေးအမိန့်ဘာသာစကားကို စတင်ရွတ်ဆိုသည်။ နတ်ဆိုးစွမ်းအင်များ ပြည့်နှက်နေသော ငါးရောင်စုံမန္တာန်တစ်ခု ပေါ်လာကာ ဝမ်လင်းထံ တိုးဝင်လာသည်။
အရိပ်နတ်ဆိုးနဂါးကိုးကောင်သည်လည်း ပေါ်လာပြီး ဝမ်လင်းထံ တိုးဝင်လာကြ၏။ ထိုနဂါးများနောက်တွင်မူ နတ်ဆိုးအလံကိုးဆယ့်ကိုးခု ပေါ်လာပြီး ပြင်းထန်သောနတ်ဆိုးစွမ်းအင်ကို ထုတ်လွှတ်သည်။ ထိုအလံတစ်ခုချင်းစီထဲ၌ နတ်ဆိုးတစ်ကောင် ရှိနေပြီး နတ်ဆိုးမြောက်များစွာသည် ဝမ်လင်းထံ ဦးတည်လာသည်။
ထိုအလံများနောက်တွင် အနီရင့်ရောင်သွေးစက်(၉၉၉)စက် ပေါ်လာပြီး ဝမ်လင်းပေါ်သို့ မိုးကဲ့သို့ ရွာသွန်းကျလာသည်။ ထိုသွေးစက်တိုင်းတွင် အဆုံးမဲ့စိတ်ဝိညာဉ်များ၏ အော်မြည်သံများ ပါဝင်၏။ ယင်းတို့သည် သူ နှစ်ပေါင်းသောင်းချီ စုဆောင်းခဲ့သော ယောင်မိသားစုဝင်များ၏ စိတ်ဝိညာဉ်များပင်။
သွေးမိုးနောက်၌ အနက်ရောင်အပ်ပေါင်း(၉၉၉၉)ခု ပေါ်လာ၏။ ၎င်းအပ်များတွင် အားကောင်းသော နတ်ဆိုးစွမ်းအင်၊အဆိပ်ဓာတ်တို့ ပါဝင်၏။ ယင်းတို့သည် ဝမ်လင်းထံ တရှိန်ထိုး ဦးတည်လာ၏။
ထိုရှေးဟောင်းနတ်ဆိုးသည် သူ ပိုင်ဆိုင်သမျှ အစွမ်းကုန် ထုတ်လာခဲ့ပေပြီ။ သူက သူ သေရတော့မည်ကို သိ၏။ သို့သော် လက်ခံအလျှော့ပေးလိုစိတ် မရှိဘဲ ဖြစ်နေသည်။
“အားနည်းလွန်းတယ်…” ဝမ်လင်းသည် လင်းတန် သို့မဟုတ် ကျိုးကျင်တို့ကို တိုက်ခိုက်ခွင့် မပြုပေ။ သူက နောက်ဆုတ်နေသော ရှေးဟောင်းနတ်ဆိုးကို အေးစက်စက် ကြည့်ကာ လက်သီးတစ်လုံး ပစ်သွင်းလိုက်လေသည်။
ထိုလက်သီးချက်မှာ အရှင်လုဖူနှင့် ကျင့်ကြံသူသောင်းချီ၏ ရှေ့တွင် သူ ပစ်သွင်းလိုက်သော ပထမဆုံး လက်သီးချက်ပင်။
ကောင်းကင်နှင့်မြေကြီးကို ထွင်းဖောက်မည့် ရှေးအမိန့်လက်သီးချက်။
ထိုလက်သီးချက် ပျံသန်းလာနေရင်း ဝမ်လင်း၏နောက်မှ ရှေးအမိန့်ဦးခေါင်းသည် ပုံပျက်ယွင်းကာ ဝမ်လင်း၏လက်သီးချက်နှင့် ပေါင်းစပ်ရန် ထိုးထွက်လာသည်။
ကြယ်များကြား ကျယ်လောင်စွာ တုန်ဟည်းသံတို့ ပဲတင်ထပ်သည်။ သည်ကြယ်နယ်မြေတစ်ခုလုံးသည် လှုပ်ရှားခြင်းကနေ တန့်ကုန်၏။ ခွန်အားပြည့်လက်သီးချက်သည် ကျင့်ကြံသူသောင်းချီ၏ အကြည့်အောက်၊ အရှင်လုဖူ၏အကြည့်အောက်တို့တွင် ရှေ့သို့ ထိုးထွက်သွားလေပြီ။
ရှေးဟောင်းနတ်ဆိုး ထုတ်ဖော်ခဲ့သော မန္တာန်အမျိုးမျိုးမှာ ပျက်စီးကုန်၏။ သူက နာကျင်စွာ အော်ဟစ်လိုက်ရသည်။ ပထမဆုံး နတ်ဆိုးနဂါးများ ပျက်စီး၏။
နတ်ဆိုးနဂါးကိုးကောင် ပျက်စီးသွားပြီးနောက် အလံကိုးဆယ့်ကိုးခုမှ နတ်ဆိုးအရိပ်များ ထွက်ပေါ်လာကြသည်။ သို့ပေမည့် ဝမ်လင်း၏ရှေ့ကနေ ဧရာမလက်သီးအရိပ်ကြီးတစ်ခုက ပျံသန်းထွက်လာခဲ့ပေပြီ။ ထိုလက်သီးချက်က နတ်ဆိုးနဂါးများကို ဖျက်စီးပြီးနောက် နတ်ဆိုးအရိပ်(၉၉)ခုနှင့် ထိပ်တိုက်တွေ့သည်။ ထိုအခါ ၎င်းနတ်ဆိုးအရိပ်များအားလုံး ပြိုလဲပျက်စီးသွားရသည်။
နတ်ဆိုးအရိပ်များနောက်တွင်မူ မြှားများအလား ရွာသွန်းကျလာသော သွေးစက်(၉၉၉)စက် ရှိ၏။ သို့ပေမည့် လက်သီးချက်နှင့် ထိပ်တိုက်တွေ့သည်နှင့် ယင်းသွေးစက်များမှာ တောင့်ခံနိုင်စွမ်းမဲ့ကာ ပျက်စီးရပြန်သည်။
တုန်ဟည်းသံများ ပဲ့တင်ထပ်နေရင်း ဝမ်လင်း၏လက်သီးချက်သည် အရာအားလုံးကို ချေမွ ထွင်းဖောက် ဖြတ်သန်းသည်။ အနက်ရောင်အပ်ပေါင်း(၉၉၉၉)ခုဆို လက်သီးချက်နှင့် မထိမိခင်မှာပင် ပျက်စီးသွားရ၏။ ထို့နောက်တွင် လက်သီးချက်သည် ရှေးဟောင်းနတ်ဆိုးထံသို့ ထိုးချသွားသည်။
အဖြစ်အပျက်သည် တခဏသာ ကြာ၏။ ရှေးဟောင်းနတ်ဆိုးသည် သူ့လက်နှစ်ဖက်ကို ဖြန့်ကားလျက် အလန့်တကြားအော်ကာ နောက်ဆုတ်သည်။ သူ့ခေါင်းကို ဆတ်ခနဲ့ မော့လိုက်ပြီး ဗလုံးဗထွေးအသံတစ်သံ ထွက်ပေါ်လာသည်။
“တော်ဝင်ကလန်ရဲ့ လက်နက်။ နတ်ဆိုးဓားသွား၊ မြေကမ္ဘာမြှုပ်နှံ့ခြင်း”
သူအသံ ပဲ့တင်ထပ်သွားရင်း သူ၏လက်နှစ်ဖက်ကြားမှ ခရမ်းရောင်အလင်းတန်းတစ်ခု ပေါ်လာသည်။ ထိုအလင်းတန်းက အားကောင်းလှသော နတ်ဆိုးအော်ရာကို ပေးစွမ်းလျက် ဧရာမဓားသွားတစ်လက်အဖြစ်သို့ ပြောင်းလဲသည်။
ထိုဓားသွားသည် ခရမ်းရောင်အတိပြီးကာ နတ်ဆိုးစွမ်းအင်နှင့်အတူ ထက်ရှသောအော်ရာကို ပေးစွမ်းနေသည်။ ၎င်းဓားသွားပေါ်တွင် ရှေးဟောင်းနတ်ဆိုးကြယ်တစ်လုံး လင်းလက်နေ၏။ ထိုဓားသွားအတွင်း၌ ရှေးဟောင်းနတ်ဆိုးတစ်ပါး တည်ရှိနိုင်ခြင်းက ၎င်းဓားသွား၏ သာမန်ထက်ထူးကဲမှုကို လှစ်ဟပြရာ ရောက်သည်။
ရှေးဟောင်းနတ်ဆိုးသည် ထိုဓားသွားကို ပိုင်းခုတ်လိုက်ရင်း ၎င်းဓားသွားသည် ကြောက်မက်ဖွယ်ဓားစက်ဝန်းတစ်ခုကို ဖန်တီး၍ ဝမ်လင်း၏လက်သီးအရိပ်ထံသို့ တိုးဝင်လာတော့သည်။
ဝမ်လင်း၏မျက်လုံးသည် တောက်ပလာသည်။
သူက ဒီရှေးဟောင်းနတ်ဆိုးလေးက တော်ဝင်ရှေးဟောင်းနတ်ဆိုးလက်နက်တစ်ခု ပိုင်ဆိုင်နေလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။ ဝမ်လင်းက ရယ်မောကာ သူ့လက်သီးကို ဖွင့်ဟ၍ ထိုဓားသွားကို ဖမ်းယူလိုက်သည်။
လျှပ်တပြတ်အတွင်း ခရမ်းရောင်ဓားသွားသည် ဝမ်လင်း၏လက်ဝါးနှင့် ထိပ်တိုက်တွေ့၏။ ပြင်းထန်သောတုန်ခါလှိုင်းတစ်ခု အဘက်ဘက်သို့ ပျံ့နှံ့သည်။
ဝမ်လင်း၏လက်ဝါးအရိပ်က ထိုဓားသွားကို ဖမ်းဆုပ်ထား၏။ ၎င်းက မည်မျှရုန်းကန်ပါစေ မချိုးဖျက်နိုင် ဖြစ်ရသည်။ ဖမ်းယူ ခံလိုက်ရပြီးနောက် အတွင်းမှ ဟိန်းအော်သံများ ပေါက်ကွဲထွက်လာသည်။
ရှေးဟောင်းနတ်ဆိုးသည် နာကျင်ထိတ်လန့်စွာ အော်ဟစ်လိုက်ရပြီး အသက်စွမ်းအင်များကို အန်ထုတ်သည်။ သူ၏မျက်လုံးထဲတွင် မျှော်လင့်ချက်မဲ့မှုတို့ ပြည့်နျက်၏။ ထိုတုန်ခါလှိုင်းအောက်တွင် ဝဲကတော့သည် တုန်ခါသည်။ သို့သော် ဝမ်လင်းက မလှုပ်မယှက် ရှိနေဆဲ ဖြစ်ပြီး သူ၏အမူအရာသည် ပြောင်းလဲမသွားပေ။ သူ့ဝတ်ရုံကမူ လေနှင့်အတူ တဖျပ်ဖျပ် လွင့်နေ၏။
မြင့်မြတ်သောလင်းတန်နှင့် ကျိုးကျင်တို့သည် သူ့နောက်တွင် တိတ်ဆိတ်စွာ ရပ်နေကြ၏။ လင်းတန်မှာ ဝမ်လင်း ကိုယ်တိုင်ကိုယ်ကျ သန့်စင်ထားတာ ခံခဲ့ရသူ ဖြစ်၏။ ထို့ကြောင့် သူ့အတွက် ပုန်ကန်မည့်အခွင့်အရေး လုံးဝ မရှိပေ။
ကျိုးကျင်ကိုမူ ရှေးအမိန့်အော်ရာဖြင့် အတင်းအကြပ် အညံ့ခံစေခဲ့တာ ဖြစ်သည်။ သည်အခိုက်၌ ကျိုးကျင်သည် ဝမ်လင်းကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်နေသည်။ ဝမ်လင်း ပို၍ အစွမ်းထက်လာလေလေ သူသည် ပို၍ စိတ်ရှုပ်ထွေးမှုကို ခံစားမိလေပင်။ သို့ပေမည့် ရှေးကျွန်အမှတ်အသားက သူ့မူလစိတ်ဝိညာဉ်ကို ဖိနှိပ်ထားရာ သူ့အဖို့ ခုခံနိုင်ရန် မဖြစ်နိုင်တော့ပေ။
“ဒါက ဓားသွားကောင်းပဲ။ ဒါပေမဲ့ ဒီဓားသွားကို အသုံးပြုတဲ့ နတ်ဆိုးကတော့ အတော်လေး အားပျော့တယ်…” ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ သူ့လက်ဝါးရိပ်က ဓားသွားအား သူ့ထံ ယူဆောင်ပေးလာသည်။
တစ်ချိန်တည်းမှာ ဝမ်လင်း လက်ဝေ့ယမ်းလိုက်သည်နှင့် ကြယ်ခြောက်လုံးရှေးဟောင်းနတ်ဆိုးသည် တုန်ယင်သွား၏။ ပြင်းထန်သောစုပ်အားတစ်ခု ဝမ်လင်းထံမှ ထွက်ပေါ်လာသည့်အလား ၎င်းသည် ထိုအားကို ဆက်၍ မခုခံနိုင်တော့ပေ။ မကြာခင်တွင် သူသည် ဝမ်လင်းထံသို့ မြန်ဆန်စွာ ပျံသန်းလာတော့သည်။ ဓားသွားကို သိမ်းဆည်းလိုက်ပြီးနောက် ဝမ်လင်းက ရှေးဟောင်းနတ်ဆိုး၏လည်ပင်းကို ဖမ်းကိုင်လိုက်သည်။
ရှေးဟောင်းနတ်ဆိုးသည် ထောင်ချီမြင့်မားသော်လည်း ဝမ်လင်းထံသို့ ပျံသန်းလာနေစဉ်တွင် သူ့ခန္ဓာကိုယ်မှာ အလျင်အမြန်ကြုံ့သွားခဲ့ရ၏။ ဝမ်လင်း၏လက်က ထိုရှေးဟောင်းနတ်ဆိုး လည်ပင်းကို ဖမ်းဆုပ်ထားလေသည်။
ရှေးဟောင်းနတ်ဆိုးက အလန့်တကြား စတင်အော်ပြော၏။ “ငါ့ကို မသတ်ပါနဲ့။ ငါ လျှို့ဝှက်ချက်တစ်ခု သိထားပါတယ်။ တုန်လှုပ်ဖွယ်ကောင်းတဲ့ လျှို့ဝှက်ချက်ပါ။ ဒါဟာ ယောင်မိသားစုနဲ့ ပတ်သတ်နေတယ်။ သင် အဲ့ကို သွားရင် အသက်သုံးကြိမ်မန္တာန်တစ်ခုကို ရနိုင်လိမ့်မယ်…”
ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်သွား၏။ သို့သော် သူသည် ဒီရှေးဟောင်းနတ်ဆိုးကို အာရုံမစိုက်ပေ။ ထိုအစား ဝမ်လင်းသည် သူ၏လက်သီးချက်ကို ဖြူရောရောမျက်နှာပေးဖြင့် ကြည့်နေသော အရှင်လုဖုထံသို့ လှမ်းကြည့်သည်။
“ဒါ့အတွက်ကြောင့် သင်က ငါ့ကို တားဆီးခဲ့တာပေါ့…”
အရှင်လုဖူသည် စဉ်းစား၍ ပြောလိုက်၏။ “အမှန်ပါပဲ။ ရောင်းရင်းက ဒီနတ်ဆိုးကို ဖမ်းဆီးပြီးပြီးပဲ။ ဒါပေမဲ့ ဒီအဘိုးအိုဟာ တိုက်ပွဲအတွက် ပြင်ဆင်ရဦးမယ်။ ဒါ့ကြောင့် ငါ့အနေနဲ့ သင့်ကို လိုက်မပို့တော့ပါဘူး…”
ဝမ်လင်းသည် တတိယအဆင့်ကျင့်ကြံသူနှစ်ယောက်ကို ကျွန်အဖြစ် ပိုင်ဆိုင်ထားသော်ငြားလည်း အရှင်လုဖူမှာ တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်နေဆဲသာ။ သူသည် သူ့ကိုယ်ပိုင်တန်ဖိုး ရှိပေ၏။ သူသည် တုန်လှုပ်နေသော်လည်း သူ့ကိုယ်သူ နှိမ့်ချဖို့ကတော့ မဖြစ်နိုင်ပေ။
***