← Chapters

အပိုင်း(၁၅၅၀)

Vol. 113 Ch. 1550

အပိုင်း(၁၅၅၀)

Vol. 113 Ch. 1550

ဝမ်လင်းသည် အရှင်လုဖူထံသို့ လက်နှစ်ဖက်ဆုပ်ကာ ပြုံးပြ၏။

“ပြင်ပနယ်မြေနဲ့ ရင်ဆိုင်မယ့် တိုက်ပွဲ စတဲ့အချိန်ကျရင် ဒီနေ့ကိစ္စအတွက် ငါ သင့်ကို ပြန်ပေးဆပ်ပါ့မယ်။ ရောင်းရင်းကျင့်ကြံသူ လုဖူ စိတ်မရှိဖို့ ငါ မျှော်လင့်ပါတယ်…”

ဝမ်လင်းသည် စိတ်ရင်းက ရှင်း၏။ သူသည် ဒီအခြေအနေကို အခွင့်ကောင်းယူကာ အရှင်လုဖူကို နှိမ့်ချမှု မပြုခဲ့ပေ။ အရှင်လုဖူက အနည်းငယ် စဉ်းစားပြီးနောက် သက်ပြင်းချလိုက်၏။ သူသည် အတင်းလုပ်ယူပြုံးကာ ဝမ်လင်းထံသို့ လက်နှစ်ဖက်ဆုပ်ပြသည်။

“ရောင်းရင်းကျင့်ကြံသူဝမ် ဒီလောက်အစွမ်းထက်တာဟာ အတွင်းနယ်မြေအတွက် ကောင်းချီပေးမှုပါပဲ။ ဒီအဘိုးအို စဉ်းစားမရတာ တစ်ခုတော့ ရှိတယ်။ ဒီနှစ်ယောက်ဟာ…ဒီတတိယအဆင့်ကျင့်ကြံသူနှစ်ယောက်က ဘယ်က…”

အရှင်လုဖူက စကားအဆုံးမသပ်ဘဲ မိုးကုပ်စက်ဝန်း၏အစွန်းအဖျားသို့ လက်ညှိုးထိုးပြလိုက်၏။

ဝမ်လင်းက ပြုံး၍ ခေါင်းညိတ်ပြသည်။

လင်းတန်၏အကြည့်က အရှင်လုဖူထံသို့ ကျရောက်လာသည်။ သူက လက်နှစ်ဖက်ဆုပ်ကာ ပြောလိုက်သည်။ “ဒီအဘိုးအိုရဲ့ နာမည်ဟာ လင်းတန်။ ပြင်ပနယ်မြေ လင်းတန်ကလန်ရဲ့ ဘိုးဘေးပဲ…”

အရှင်လုဖူသည် ထင်မြင်ချက်အချို့ ရှိနေသော်လည်း လင်းတန်က ထိုသို့ ပြောလာသည့်နောက်တွင် သူသည် လှုပ်ရှားမိသည်သာ။

“လင်းတန်ကလန်ရဲ့ ဘိုးဘေး…”

မြင့်မြတ်သောလင်းတန်က သူ့အကြည့်ကို ပြန်ရုတ်သိမ်းပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ရှေးဟောင်းကြယ်အဖွဲ့အစည်းမှာ လင်းတန်ကလန်ဟာ ကလန်ကြီးတစ်ခု မဟုတ်ပါဘူး။ ငါတို့မှာ ကလန်ဝင်တစ်သောင်းပဲ ရှိတယ်…”

အရှင်လုဖူသည် မြင့်မြတ်သောလင်းတန်ကို လက်နှစ်ဖက်ဆုပ်ပြ၏။ လင်းတန်သည် ဝမ်လင်း၏ကျွန် ဖြစ်နေသော်လည်း သူ့အမြင်တွင်မူ ထိုသူမှာ သူနှင့်အဆင့်တူ တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်နေဆဲသာ။ လက်နှစ်ဖက်ဆုပ်ပြီးနောက် သူက ကျိုးကျင်ထံသို့ တိတ်တဆိတ် ကြည့်လိုက်သည်။ “သူက…”

“ကျိုးကျင်။ ပြင်ပနယ်မြေရဲ့ ကောင်းကင်ဘုံဝံပုလွေကလန်က ဘိုးဘေး…”

အရှင်လုဖူသည် ထိုစကားကို ကြားလိုက်ရသည့်နောက်တွင် လေအေးတစ်ချက် ရှိုက်သွင်းမိသွားသည်။ သူက ကျိုးကျင်၏နောက်တွင် သွေးဝံပုလွေတစ်ကောင်ကို မြင်ခဲ့ရချိန်၌ ခန့်မှန်းချက်အချို့ ရှိနေ၏။ သူသည် ပြင်ပနယ်မြေ၌ ကောင်းကင်ဘုံဝံပုလွေကို ခစားသော ကလန်တစ်ခု ရှိသည်ဟု ကြားဖူးထားသည်။

ထိုကလန်မှ လူများသည် ဝံပုလွေနှင့် ဆက်နွှယ်ကြ၏။ သူတို့၏ ရှည်လျားသော အမွေအနှစ်များကြောင့် သူတို့ထံ၌ ပေါများလှသော အပူဇော်ခံမီးတောက်များ ပိုင်ဆိုင်ထားကာ တတိယအဆင့်ကျင့်ကြံသူများ ပေါ်လာတတ်ကြပေသည်။ အရှင်လုဖူက ကျိုးကျင်၏ စကားကို ကြားလိုက်ရသည့်အခါ သူ့ ထင်မြင်ချက်မှာ သေချာသွားတော့သည်။

“ဒီဝမ်လင်းဟာ တကယ်ပဲ ပြင်ပနယ်မြေကို သွားခဲ့တာပဲ။ သူဟာ ဘိုးဘေးနှစ်ယောက်ကိုတောင် သူ့ရဲ့ ကျွန်အဖြစ် လုပ်ဆောင်လာနိုင်သေးတယ်။ ဒါက…”

အရှင်လုဖူသည် ဝမ်လင်းကို ကြည့်လိုက်၏။ သူ၏အကြည့်မှာ ပြောင်းလဲသွားသည်။ သူကိုယ်တိုင် တတိယအဆင့်ကျင့်ကြံသူ ဖြစ်နေသည့်အတွက် သူ့ကို တစ်စုံတစ်ယောက်က ကျွန်အဖြစ် လုပ်ဆောင်နိုင်ဖို့မှာ မည်မျှခက်ခဲလွန်းသည်ကို သိနေပေသည်။

သူ့ကျင့်ကြံမှုအဆင့်ကြောင့် အရှင်လုဖူသည် လင်းတန်နှင့်ကျိုးကျင်တို့ပေါ်တွင် တူညီသောကျွန်အမှတ်အသားတစ်ခု ရှိနေသည်ကို မြင်နိုင်ပေသည်။ ဝမ်လင်းက သူတို့နှစ်ယောက်ကို ကျွန်အဖြစ် အတင်းအကြပ် လုပ်ဆောင်ခဲ့သည်မှာ သိသာပေသည်။

တကယ်တော့ ဝမ်လင်းသည် အခုထိ တတိယအဆင့်ကျင့်ကြံသူ အစစ်အမှန် မဟုတ်သေးပေ။ သို့ဖြစ်၍ သူ့အတွက် ထိုသို့ လုပ်နိုင်ရန်မှာ အများကြီး ပိုခက်ခဲမည်သာ။

“လင်းတန်ကလန်ကိုတော့ ငါ မကြားဖူးထားဘူး။ ဒါပေမဲ့ ကောင်းကင်ဘုံဝံပုလွေကလန်ဟာ ပြင်ပနယ်မြေရဲ့ ကလန်ကြီးတစ်ခုပဲ။ ဒီဝမ်လင်းဟာ တကယ့်ကိုပဲ မရိုးရှင်းလှဘူး။ သူ ပြင်ပနယ်မြေမှာ လုပ်ခဲ့တာတွေဟာ ကောင်းကင်တုန်လှုပ်ဖို့ ကောင်းမှာ အသေအချာပဲ…” အရှင်လုဖူသည် သူ့ဘဝတွင် တစ်ယောက်ယောက်ကို လေးစားခဲလှ၏။ သို့သော် ဒီအခိုက်အတန့်တွင် သူသည် ဝမ်လင်းကို လေးစားမိနေပေပြီ။

အစောပိုင်းတုန်းက သုန်မှုန်မကျေနပ်မှုမှာလည်း အရှင်လုဖူထံကနေ ပျောက်ကွယ်သွားခဲ့ပြီး ဖြစ်၏။ သူက သူ့လက်နှစ်ဖက်ကို ဆုပ်ကာ ပြောလိုက်သည်။ “ရောင်းရင်းကျင့်ကြံသူဝမ်က ပြင်ပနယ်မြေကိုများ သွားခဲ့ပါသလား…”

“ငါခုမှ ပြင်ပနယ်မြေကနေ ပြန်ရောက်လာခဲ့တာ…” ဝမ်လင်းသည် အရှင်လုဖူ၏ ပြောင်းလဲမှုကို သတိပြုမိပေသည်။ သူသည် အကျိုးသင့်အကြောင်းသင့် မရှိသော လူတစ်ယောက် မဟုတ်ပေ။ ထို့အပြင် သူနှင့်အရှင်လုဖူတို့ကြားမှာလည်း ရန်ငြှိုး ရှိမထားပေ။ သူက ပိုသန်မာလာကာ တတိယအဆင့်ကျင့်ကြံသူ ကျွန်နှစ်ယောက် ပိုင်ဆိုင်ထားသည် မှန်သော်လည်း မောက်မောက်မာမာ ပြုမူလိမ့်မည် မဟုတ်ပေ။ သူက တခြားသူများကို သူ့အပေါ် ပြုမူသလို ပျူပျူငှာငှာသာ ဆက်ဆံပေမည်။

“ကောင်းတယ်…သိပ်ကောင်းတယ်။ အစောပိုင်းတုန်းက တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းရဲ့ နတ်ဆိုးကလန်က အမိန့်တစ်ခု ပို့လွှတ်ခဲ့တယ်။ ချိပ်ပိတ်နယ်မြေအရှင်သခင်ရဲ့ သဘောတူညီမှုအောက်မှာ ပြင်ပနယ်မြေဟာ ငါတို့ရှိကို ထပ်ပြီး ကျူးကျော်လာတော့မယ့် အရိပ်အယောင် ရှိတယ်ဆိုတဲ့ သတင်းစကားကို ကြယ်အဖွဲ့အစည်းလေးခုလုံးဆီ ဖြန့်ပေးတာပဲ…။ အတွင်းနယ်မြေက တတိယအဆင့်ကျင့်ကြံသူတွေက ကြယ်အဖွဲ့အစည်းလေးခုကြားက အရံအတားကို အတူတကွ ဖွင့်လှစ်ပြီး ဖြစ်တယ်။ ဒါ့ကြောင့် အတွင်းနယ်မြေရဲ့ ကြယ်အဖွဲ့အစည်းလေးခုဟာ တသီးတခြား ဆက်ဖြစ်မနေတော့ဘူး…”

“ကြယ်အဖွဲ့အစည်းလေးခုလုံးဟာ ပြင်ပနယ်မြေနဲ့ ရင်ဆိုင်မယ့်တိုက်ပွဲအတွက် ကြိုပြင်ဆင်နေကြတယ်။ ဒီအဘိုးအိုဟာ ပြင်ပနယ်မြေကို အရိုးထဲကနေ မုန်းတီးနေတာ။ ပြင်ပနယ်မြေ ပထမဆုံး ကျူးကျော်လာခဲ့ချိန်က ဒီအဘိုးအိုဟာ ကောင်းကင်ဘုံအရှင်ဆိုတဲ့ အနေထားလေးပဲ ရှိခဲ့တယ်။ ငါက အဲ့အချိန်က စစ်ပွဲကို ကိုယ်တိုင် မြင်ခဲ့ရတယ်။ ရောင်းရင်းကျင့်ကြံသူဝမ်က ပြင်ပနယ်မြေကနေ ပြန်ရောက်လာခဲ့တာဆိုတော့ သင်ဟာ ပြင်ပနယ်မြေနဲ့ ပတ်သတ်လို့ ကောင်းကောင်းနားလည်မှာပဲ။ ဒီသတင်းအချက်အလက်ဟာ နှစ်ပေါင်းသောင်းနဲ့ချီ ကုန်လွန်ပြီးတဲ့နောက် ပြင်ပနယ်မြေရဲ့ အပြောင်းအလဲကို သိစေနိုင်လိမ့်မယ်…”

အတွင်းနယ်မြေ၏ ကျင့်ကြံသူအများစုသည် နယ်မြေချိပ်ပိတ်ခြင်းအစီအရင်၏ တည်ရှိမှုကို မသိကြပေ။ လူအနည်းငယ်ကသာ ထိုအကြောင်းကို သေချာသိကြ၏။ သို့သော် သူတို့သည် ထိုအစီအရင်အပြင်ဘက်သို့ မသွားဝံ့ကြပေ။ နှစ်ပေါင်းသောင်းချီအတွင်း သတင်းအချက်အလက်အားလုံးသည် ပိတ်ဆို့ခံထားရကာ ထိုအချက်က လာမည့်စစ်ပွဲတွင် ဆိုးဆိုးဝါးဝါး ဖြစ်သွားစေနိုင်လောက်သည်။

အရှင်လုဖူသည် အစောပိုင်းက စိတ်တင်းကြပ်မှုအားလုံးကို ပယ်ဖျက်ပြီးသွားခဲ့လေပြီ။ ဝမ်လင်းက ရယ်မောလိုက်သည်။ ဝမ်လင်းသည် ပြုံး၍ ပြောလိုက်သည်။ “ပြင်ပနယ်မြေနဲ့ ပတ်သတ်လို့ တချို့သတင်းအချက်အလက်တွေကို ငါ တကယ်ပဲ သိထားပါတယ်…”

“ရောင်းရင်းကျင့်ကြံသူဝမ်မှာ တခြား လုပ်စရာ ရှိသေးလား။ မရှိရင် ငါတို့ ခဏလောက် စကားပြောကြရအောင်။ ဒီအဘိုးအိုမှာ ငါကိုယ်တိုင်တောင် ထုတ်မသောက်တဲ့ ကောင်းကင်ဘုံနယ်မြေက အရက်ကောင်းတချို့ ရှိနေသေးတယ်။ သင် အဆင်ပြေမယ်ဆိုရင် ငါတို့ သောက်ကြရအောင်…” အရှင်လုဖူသည် ရယ်မော၍ ဝမ်လင်းထံသို့ လက်ဝေ့ယမ်းလိုက်သည်။

သူက ဝမ်လင်းကို လိုက်မပို့နိုင်ဟု ခုလေးတင် သူ ပြောခဲ့သောစကားကိုပါ မေ့သွားသည့်ပုံ ရသည်။

ဝမ်လင်းသည် သူ့လက်ထဲရှိ ရှေးဟောင်းနတ်ဆိုးကို သိမ်းဆည်းလိုက်၏။ ထို့နောက် သူသည် အနည်းငယ် စဉ်းစားသည်။

ထိုကဲ့သို့ ရုတ်ချည်းပြောင်းလဲသွားသော အခြေအနေက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူသောင်းချီကို ပါးစပ်ဟောင်းလောင်း ဖြစ်သွားစေသည်။ အရှင်မီးတောက်နှင့် လီယွမ်ဇီက မင်သက်ကုန်ကြ၏။ သို့ပေမည့် သူတို့သည် အစွမ်းထက်ကျင့်ကြံသူများ ဖြစ်ကြရာ အရှင်လုဖူ ပျော်နေသည်ကိုမူ ပြောနိုင်ကြသည်။ သူတို့က အရှင်လုဖူ၏ အတွေးကိုလည်း တပိုင်းတစ ခန့်မှန်းမိကြသည်။

ဝမ်လင်းနှင့်အရှင်လုဖူတို့ကြားတွင် ကတောက်ကဆ မရှိတော့ပေ။ ဝမ်လင်းသည် ပြင်ပနယ်မြေကနေ ခုမှ ပြန်ရောက်ခါစ ဖြစ်ပြီး မကြာခင်မှာပင် အတွင်းနယ်မြေတွင် ကျော်ကြားလာသူ ဖြစ်လာတော့မည်။ အရှင်လုဖူသည် ထိုသို့သောလူမျိုးနှင့် ဆက်ဆံရေးကောင်း ရှိထားလိုသည်မှာ သဘာဝပင်။ ထို့အပြင် ဝမ်လင်းကလည်း ယဉ်ယဉ်ကျေးကျေး ပြုမူနေပေ၏။

ထို့အတွက်ကြောင့် သူသည် အစောပိုင်းက စိတ်တင်းကြပ်မှုကို ဖြေရှင်းပြီးသား ဖြစ်တော့၏။ ဝမ်လင်းကလည်း ထိုအချက်ကို တွေ့မြင်သည်သာ။ သူက ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။

နှစ်ပေါင်းသောင်းချီ နေထိုင်ခဲ့သော မွန်းစတားအိုများအားလုံးသည် ဉာဏ်များလှသူများသာ။ သူတို့အားလုံးက နတ်ဆိုးများ မဟုတ်သော်လည်း လူနုံလူအ မဟုတ်ကြပေ။

အရှင်လုဖူက ပြုံး၍ သူ့လက်ကို ဝေ့ယမ်းလိုက်သည်။ သူ့အင်္ကျီလက်အိုးမှ ရွှေရောင်အလင်းတစ်ခု ပေါ်လာကာ လမ်းခင်းသည်။ လေထုထဲမှ သာယာသောတေးသံများလည်း ထွက်ပေါ်လာ၏။

ထိုရွှေရောင်လမ်း ပတ်လည်တွင် ကခုန်နေသော ကောင်းကင်ဘုံသားအရိပ်များလည်း ရှိနေကြ၏။ ရွှေရောင်နဂါးကိုးကောင်က အထက်တွင် ရှိကာ အစွမ်းထက်အော်ရာကို ပေးနေသည်။ မရေမတွက်နိုင်သော ကောင်းကင်ဘုံသားအရိပ်များ ပေါ်လာကာ ဝမ်လင်းကို ဦးညွတ်ကြသည်။

ထိုပုံရိပ်ယောင်များသည် အလွန်တရာ ကျက်သရေ ရှိကာ စကားလုံးဖြင့် ဖော်ပြဖို့ပင် ခက်ခဲလှမည်။ ယင်းက အရှင်လုဖူ၏ စိတ်ရင်းကို ဖော်ကျူးနေ၏။ ထိုမရေမတွက်နိုင်သော ကောင်းကင်ဘုံသားအရိပ်များသည် အစောပိုင်းက ဝမ်လင်းကို တားဆီးခဲ့သည့်အတွက် တောင်းပန်နေသည့် သဘောကဲ့သို့ပင်။

“ရောင်းရင်းကျင့်ကြံသူဝမ်…ဒီလမ်းပါ…” အရှင်လုဖူ၏ ရယ်သံက လွင့်နေ၏။ ဝမ်လင်းကလည်း ယဉ်ကျေးမှုအရ သူ့လက်နှစ်ဖက်ကို ပြန်ဆုတ်ပြသည်။ သူတို့နှစ်ယောက်သည် ဝဲကတော့အတွင်းသို့ အတူတကွ ဝင်ရောက်လိုက်ကြ၏။

ကောင်းကင်ဘုံတောင်တန်းများသည်လည်း မကြာခင်တွင်ပင် ဝဲကတော့အတွင်း ပြည့်နှက်လာကြသည်။ထို့နောက်တွင် ဝဲကတော့ဗဟိုချက်၌ ရေကန်အရိပ်တစ်ခု ပေါ်လာသည်။ ထိုရေကန်အတွင်းမှာ အမျိုးသမီးကောင်းကင်ဘုံသူများ ရေဆော့ကစားနေကြသည်။ ရေများ စိုနေသော သူတို့၏အသွင်အပြင်မှာ စွဲဆောင်မှု ရှိလှသည်။

ထိုရေကန်ဘေးတွင် အဆောက်အဦတစ်ခု ပေါ်လာသည်။ အမျိုးသမီးကောင်းကင်ဘုံသူနှစ်ယောက်က ကျောက်စိမ်းအိုးနှစ်လုံးကို ကိုင်ထားကြသည်။ ထိုအိုးတို့ထံမှ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် လှိုင်ထွက်နေကာ ရနံ့သည် လူတစ်ယောက်ကို လန်းဆန်းစေနိုင်မည်။

အရှင်မီးတောက်နှင့် လီယွမ်ဇီတို့သည် ဘေးနားတွင် တရိုတသေ ရပ်နေကြ၏။

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူသောင်းချီသည်လည်း တဖြည်းဖြည်း ချဉ်းကပ်လာကြသည်။ သို့သော် သူတို့သည် အရှင်မီးတောက်ထံမှ အမိန့်ကြောင့် လူစုပြန်ခွဲသွားကြပြီး အစီအရင်ကို အထိုင်ဆက်ချဖို့ ကိုယ့်နေရာကိုယ် ပြန်သွားကြသည်။

ဝမ်လင်းနှင့်အရှင်လုဖူတို့က အဆောက်အဦထဲပ ထိုင်လိုက်ကြ၏။ ကျိုးကျင်နှင့် လင်းတန်တို့ကိုလည်း အရှင်လုဖူက ထိုင်ဖို့ ဖိတ်ခေါ်လိုက်သည်။ ကောင်းကင်ဘုံသူများက သူတို့အတွက် အရက်များ ငှဲ့ပေး၏။ အရှင်လုဖူက တစ်ခွက်ကောက်ကိုင်ကာ ရယ်မော၍ ပြောလိုက်သည်။ “အစောပိုင်းတုန်းက ငါတို့ မကျေမချမ်းစရာ ကိစ္စတွေကို မေ့ပြီး သောက်လိုက်ကြရအောင်…” ပြောပြောဆိုဆိုဖြင့် သူက တစ်ကျိုက်တည်း မော့သောက်လိုက်သည်။

ဝမ်လင်းကလည်း တစ်ခွက်ကောက်ယူကာ သူ၏နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်ပြီးနောက် သောက်လိုက်သည်။ သူ့မျက်လုံးက တလက်လက် ဖြစ်သွားသည်။ ထိုအရက်မှာ ပူပူရှရှ ရှိမနေပေ။ သို့သော် ၎င်းက သူ့လည်ချောင်းအတွင်း ဝင်ရောက်သွားသည့်အခါ မီးကဲ့သို့ ခံစားလိုက်ရသည်။ နွေးထွေးမှု သူ့ခန္ဓာကိုယ်ထဲ၌ ပြည့်နှက်လာကာ ပါးစပ်တွင်း၌လည်း မွှေးရနံ့ သင်းကျန်ခဲ့သည်။

ဝမ်လင်းက ချီးကျူးလိုက်၏။ “အရက်ကောင်းပဲ…”

“ရောင်းရင်းကျင့်ကြံသူဝမ်…ဒီအဘိုးအိုက သင် ပြင်ပနယ်မြေမှာ ဘယ်လိုတွေများ တွေ့ကြုံခဲ့လဲ သိချင်မိပါတယ်။ သင် ဒီအဘိုးအိုကို ပြောပြပေးနိုင်မလား…”

အရှင်လုဖူက အရက်ခွက်ကို ချကာ ပြုံး၍ ဆို၏။

ဝမ်လင်းကလည်း ပြုံး၍ သူ ပြင်ပနယ်မြေတွင် တွေ့ကြုံခဲ့ရသမျှကို အကျဉ်းချုံး ပြောပြလိုက်သည်။

ဝမ်လင်း၏ တည်တည်ငြိမ်ငြိမ်စကားများက အရှင်လုဖူ၏မျက်လုံးကို တလက်လက် ဖြစ်နေစေ၏။ အထူးသဖြင့် ဝမ်လင်းက ပြန့်ကြဲမိုးကြိုးကလန်၊ခုနစ်ရောင်စုံလောကနှင့် တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်တို့အကြောင်းကို ပြောပြချိန်တွင်ပင်။

အရှင်လုဖူသည် အရက်တစ်ခွက်ထပ်သောက်၏။ သူ့မျက်လုံးက အလေးအနက် ဖြစ်လာသည်။

“ခုနစ်သန်းလောကတွေ…အဲ့ဒီတာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်ဟာ တကယ့်ကို လေးစားစရာ ကောင်းတဲ့သူမျိုးပဲ။ သူဟာ တတိယအဆင့်ကို မရောက်သေးပေမယ့်လည်း သူ့အပြုအမူဟာ ကောင်းကင်ဖိဆန်နေပြီ…”

လင်းတန်နှင့်ကျိုးကျင်တို့သည်လည်း ပြန့်ကြဲမိုးကြိုးကလန် ဖျက်စီးခံရခြင်းမှာ ဝမ်လင်းနှင့် ပတ်သတ်နေသည်ကို သိထားကြ၏။ သို့သော် သူတို့က အသေးစိတ်တော့ မသိပေ။ အခု ကြားရလိုက်သည့်နောက် သူတို့နှစ်ယောက်လုံး လှုပ်လှုပ်ရှားရှား ဖြစ်မိသည်။

ကျိုးကျင်နှင့်လင်းတန်တို့က တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ပြီး ငြိမ်သက်စွာ စဉ်းစားသွား၏။

အရှင်မီးတောက်နှင့် လီယွမ်ဇီတို့သည်လည်း ဝမ်လင်း၏စကားများကို ကြားကြသည်။ သူတို့က ပင့်သက်ရှိုက်မိ၊ တုန်လှုပ်မိကြ၏။ ပြင်ပနယ်မြေတွင် ဝမ်လင်း၏လုပ်ဆောင်ခဲ့မှုများက သူတို့အား တုန်လှုပ်စေခဲ့သလို တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်အပေါ်တွင်လည်း လေးစားသွားသည်။

အရှင်မီးတောက်က အနည်းငယ် ချီတုံချတုံဟန်ဖြင့် လက်နှစ်ဖက်ဆုပ်ကာ မေးလာ၏။ “စီနီယာဝမ်လင်း…အဲ့တာပြီးတော့ရော သင် တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်နဲ့ ထပ်ဆုံသေးလား…”

ဝမ်လင်းက ခေါင်းယမ်းလိုက်၏။ ပြန့်ကြဲမိုးကြိုးကလန် ဖျက်စီးခံရပြီးနောက် သူလည်း အမဲလိုက်ခံရကာ အလျင်စလို ထွက်လာခဲ့ရသည်။ ထို့ကြောင့် သူသည် တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်နှင့် ထပ်မံပြီး အချိတ်အဆက် မလုပ်မိတော့ပေ။

ထို့နောက် ဝမ်လင်းက ပြင်ပနယ်မြေ၌ အုပ်စိုးသူကောင်စီ၏ လိုက်လံခံရမှုကို ပြောပြသည်။ ဝမ်လင်း လုပ်ဆောင်ခဲ့သော သည်းထိတ်စရာမြင်ကွင်းများက အရှင်လုဖူ၏မျက်လုံးတို့ကို တလက်လက် ဖြစ်နေစေသည်။ သူက ဝမ်လင်း၏အတွေ့အကြုံများမှ အမှန်အကန်ဟု ပြောနိုင်ပေ၏။ သူက ထိုကဲ့သို့အခြေအနေအောက်တွင် ရှင်သန်နိုင်ဖို့မှာ မည်မျှခက်ခဲမည်ကိုလည်း သိသည်။

ဝမ်လင်းက ပြိုလဲကုန်းမြေနှင့် တခြားအရေးကြီးကိစ္စများကိုမူ မပြောပြပေ။ သို့ပေမည့် အခုလောက် ပြောပြခဲ့သည်ကပင် အရှင်လုဖူကို တုန်လှုပ်စေဖို့ လုံလောက်နေ၏။ အထူးသဖြင့် အုပ်စိုးသူနှင့် ပတ်သတ်သည့် သူ ကြားလိုက်ရသော ကိစ္စတွင်ပင်။

သူပင် ထိုသို့ ဖြစ်နေမှတော့ အရှင်မီးတောက်နှင့် လီယွမ်ဇီတို့ဆို ပြောနေစရာပင် လိုတော့မည် မဟုတ်ချေ။ အန္တရာယ်အဖုံဖုံနှင့် ပတ်သတ်၍ ကြားလိုက်ရပြီးနောက် သူတို့သည် နောက်ဆုံး၌ ဝမ်လင်းက သူ၏ကျင့်ကြံမှုအဆင့်ကို မည်သို့ ရရှိခဲ့သည်ကို နားလည်သွားကြပေပြီ။

ဝမ်လင်းထံ သူတို့၏အကြည့်များမှာ လေးစားအားကျမှုနှင့် ပြည့်နေ၏။ လီယွမ်ဇီသည် အတိတ်ကို ပြန်တွေးမိနေရင်း ထိုအချက်ကို သူ ပို၍ ခံစားမိလာသည်။ သူက စိတ်ရှုပ်ထွေးသလို ခံစားမိသည်။ သို့သော် သူက ဝမ်လင်းသည် အရာအားလုံးကို ကံကောင်း၍ ပိုင်ဆိုင်ခဲ့မှန်း မဟုတ်သည်ကိုမူ နားလည်၏။

ဝမ်လင်း၏အကြည့်က လီယွမ်ဇီပေါ်သို့ ကျရောက်သွား၏။ အနည်းငယ် စဉ်းစားပြီးနောက် သူက ပြောလိုက်သည်။ “လီယွမ်ဇီ…ငါ မင်းရဲ့ ဘိုးဘေး၊ ကျန့်ရှင်းရီနဲ့ တွေ့ခဲ့တယ်…”

ထိုသို့ ပြောလိုက်သည့်နောက် လီယွမ်ဇီ၏ခန္ဓာကိုယ်မှာ တုန်ယင်သွား၏။ သူက ဝမ်လင်းထံသို့ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် မော့ကြည့်လာသည်။

“စီနီယာ…ကျေးဇူးပြုပြီး ဘိုးဘေး ဘယ်နေရာမှာ ရှိနေလဲ ပြောပြပေးပါ…”

***

All Chapters