← Chapters

ခုနစ်ရောင်စုံနယ်မြေ၏ ပုန်းကွယ်နေသော အန္တရာယ်

Vol. 113 Ch. 1551

ခုနစ်ရောင်စုံနယ်မြေ၏ ပုန်းကွယ်နေသော အန္တရာယ်

Vol. 113 Ch. 1551

ဝမ်လင်းသည် အနည်းငယ် စဉ်းစား၍ ပြောလိုက်သည်။ “တတိယအဆင့်ကျင့်ကြံသူ ကျန့်ရှင်းရီဟာ ကျဆုံးသွားပြီ…”

သူ ထိုသို့ ပြောလိုက်သည့်နောက်တွင် လီယွမ်ဇီ၏ခန္ဓာကိုယ်မှာ တုန်ယင်သွား၏။ သူ့မျက်နှာသည် ဖြူရောကာ နောက်သို့ ခြေလှမ်းအနည်းငယ် အလိုလို ဆုတ်မိသည်။ သိပ်မကြာခင်တွင် သူ့မျက်နှာထက်တွင် ဝမ်းနည်းရိပ်တို့သန်းလာကာ သူ့မျက်လုံးမှာ အရောင်ဖျော့သွားသည်။

“ဘိုးဘေး…ကျဆုံးသွားပြီလား…” ကျန့်မိသားစု၏ မျိုးဆက်ချီ တာဝန်နှင့် ဂုဏ်ဝင့်ကြွားမှုတို့သည် သူတို့ဘိုးဘေးထံမှ ဖြစ်ပေါ်လာခြင်းပင်။ မရေမတွက်နိုင်သော နှစ်များစွာ မျိုးဆက်တိုင်းသည် သူတို့ဘိုးဘေး ပြန်အလာကို စောင့်ဆိုင်းနေခဲ့ကြသည်။

ကျန့်ရှင်းရီသည် သူတို့ကျန့်မိသားစု၏ ဂုဏ်ကျက်သရေပင်။ သို့သော် ဝမ်လင်း သယ်ဆောင်လာသော သတင်းနှင့်အတူ ထိုဂုဏ်ကျက်သရေမှာ ပြိုလဲပျက်စီးသွားခဲ့လေပြီ။

အရှင်မီးတောက်၏အမူအရာသည်လည်း ပြောင်းလဲသွား၏။ သူက အလုံးစုံကောင်းကင်တွင် ကြီးပြင်းခဲ့သူ မဟုတ်သော်လည်း သည်ကြယ်အဖွဲ့အစည်းသို့ ရောက်နေသည်မှာ နှစ်ပေါင်းကြာရှည်စွာ ရှိနေပြီး အလုံးစုံကောင်းကင်၏ အစိတ်အပိုင်း ဖြစ်လာခဲ့ပေပြီ။ သူသည်လည်း ကျန့်မိသားစုဘိုးဘေး၏ တောက်ပမှုကို ကြားသိဖူးသည်။ အလုံးစုံကောင်းကင်၌ ခုလက်ရှိ ကျန့်မိသားစု၏ အဆင့်အတန်းမှာ သူတို့ဘိုးဘေးကြောင့်သာ ဖြစ်၏။

ကျန့်ရှင်းရီ။

အရှင်လုဖူက သူ့လက်ထဲမှ ခွက်ကို ချလိုက်၏။ သူ့မျက်လုံးထဲတွင်လည်း တုန်လှုပ်မှုတို့ ရှိနေသည်။ အတိတ်တုန်းက သူသည် ကျန့်ရှင်းရီနှင့် တွေ့ဆုံခဲ့ဖူးသည်။ အတိတ်မှာတည်းက ထိုသူသည် နိဗ္ဗာနလေဟာနယ်အထွတ်အထိပ်အဆင့်သို့ ရောက်နေပြီး ဂုဏ်ရှိန်ဝါကြီးမားလွန်းခဲ့ပေသည်။

အရှင်လုဖူသည် ကျန့်ရှင်းရီ၏ ကောင်းချီပေးမှုကိုလည်း ရခဲ့ဖူးသည်။ ထို့ကြောင့်လည်း သူက လီယွမ်ဇီကို သူ တာအိုမန္တာန် သင်ပေးမည့် လေးယောက်ထဲမှ တစ်ယောက် ဖြစ်စေခဲ့ခြင်းပင်။ အတိတ်တုန်းက ကောင်းချီပေးမှုကို ပြန်ပေးဆပ်ခြင်းအပြင် သူက ပျောက်နေသော ကျန့်ရှင်းရီနှင့် ဆက်ဆံရေးကောင်း တည်ဆောက်လိုခဲ့သည်။

ဝမ်လင်း၏စကားကို ကြားလိုက်ရသည့်နောက် သူက အသက်ဝဝရှုသွင်းကာ ငြိမ်သက်စွာ စဉ်းစားသွားသည်။

ထိုသတင်းကြောင့် လီယွမ်ဇီ၏ စိတ်မှာ အပြင်းအထန် ထိခိုက်သွား၏။ သူ့ပါးစပ်ထောင့်မှ သွေးများစီးကျလာသည်။ သူက ဝမ်လင်းကို ဦးညွတ်လိုက်သည်။ သူ ပြန်မော့လာသည့်အခါ သူ့မျက်လုံးတို့မှာ ချင်းချင်းနီရဲနေ၏။

“စီနီယာ…ကျေးဇူးပြုပြီး ဘိုးဘေး ဘယ်လိုဘယ်ပုံ ကျဆုံးခဲ့လဲ ပြောပြပေးပါ…” သူ့စကားလုံးများသည် တည်ငြိမ်နေသော်လည်း ယင်းတို့၌ ကြောက်မက်ဖွယ်အေးစက်မှု ပြည့်နေ၏။ သူက ဘိုဘေးသည် ပုံမှန်ဆို မသေနိုင်ဟု ခိုင်မာစွာ ယုံကြည်ထားပေသည်။ သူတို့၏ကျန့်မိသားစုက ဘိုးဘေးအတွက် တန်ပြန်လက်စားမချေပေးနိုင်သော်လည်း အနည်းဆုံးတော့ သူတို့၏ရန်သူကို သိရပေမည်။

သူတို့၏ ဘိုးဘေးကို သတ်သွားသောရန်သူကို သိနေသ၍ သူတို့သည် လက်စားချေဖို့အတွက် မျိုးဆက်ပေါင်းများစွာ လက်ဆင့်ကမ်းဖို့ ဆုံးဖြတ်ထားသည်။

စဉ်းစားနေလျက် အရှင်လုဖူကလည်း ဝမ်လင်းကို ကြည့်၏။

“အတွင်းနယ်မြေမှာ ခုနစ်ရောင်စုံနယ်မြေဆိုတဲ့ နေရာ ရှိတာကို သင်တို့အားလုံး ကြားဖူးမှာပါ။ အဲ့ဒီ ခုနစ်ရောင်စုံနယ်မြေမှာ တာအိုသစ်သီးလည်း ရှိတယ်။ တာအိုသစ်သီးခုနစ်လုံးကို ထုတ်လုပ်နိုင်ဖို့အတွက် မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေ အဖမ်းခံရပြီး၊ သက်ရှိဖြစ်တည်မှု သန်းချီရဲ့တာအိုဆန္ဒတွေကို စုပ်ယူတယ်။ ကျန့်ရှင်းရီ၏ အစအနသတင်းကို ငါဟာ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းရဲ့ ခုနစ်ရောင်စုံနယ်မြေမှာ တွေ့ရှိခဲ့တာ။ သူ့ကို သတ်သွားတဲ့သူဟာ ပြင်ပနယ်မြေရဲ့ အုပ်စိုးသူပဲ…”

ဝမ်လင်းသည် အတိတ်ကို ပြန်စဉ်းစားရင်း ဖြည်းဖြည်းချင်း ပြောပြနေသည်။

ဝမ်လင်းသည် ခုနစ်ရောင်စုံနယ်မြေနှင့် အုပ်စိုးသူ စိုက်ပျိုးထားသော တာအိုသစ်သီးနှင့်ပတ်သတ်၍ သူ့ခန့်မှန်းချက်ကို ဖော်ပြ၊ပြောပြနေစဉ် လီယွမ်ဇီသည် လေအေးတစ်ချက် ရှိုက်သွင်းမိသည်။ သို့ပေမည့် သူ၏သတ်ဖြတ်လိုစိတ်ကမူ မလွင့်ပျောက်သွားပေ။ တိုက်ပွဲဆန္ဒမှာ ပို၍ပင် ပြင်းထန်လာခဲ့သည်။ တိုက်ပွဲစိတ်ဆန္ဒသည် ကျန့်မိသားစု လက်ဆင့်ကမ်း သယ်ဆောင်ခဲ့သော တစ်စုံတစ်ခု ဖြစ်သည် မဟုတ်လား။

အရှင်မီးတောက်၏စိတ်မှာလည်း တုန်ယင်မိနေ၏။ ဝမ်လင်း ခုနစ်ရောင်စုံနယ်မြေ အကြောင်း ပြောပြခြင်းက သူ့အား အတိတ်မှ ကြောက်လန့်စရာ တစ်စုံတစ်ခုကို ပြန်တွေးမိသွားစေသည်။

အရှင်လုဖူသည် ရုတ်တရက် မတ်တပ် ထရပ်လိုက်၏။ သူက ဝမ်လင်းထံသို့ လက်နှစ်ဖက်ဆုပ်ကာ ပြောလိုက်သည်။ “ရောင်းရင်းကျင့်ကြံသူဝမ်…ဒီကိစ္စဟာ အရေးကြီးလှတယ်။ ခုနစ်ရောင်စုံနယ်မြေရဲ့ တည်ရှိမှုဟာ ငါတို့ အတွင်းနယ်မြေအတွက်တော့ ပုန်းကွယ်နေတဲ့အန္တရာယ်တစ်ခုပဲ။ ပြင်ပနယ်မြေက ကျူးကျော်လာတာနဲ့ ဒီခုနစ်ရောင်စုံနယ်မြေဟာ ငါတို့လောကအတွက် မခန့်မှန်းနိုင်တဲ့ ဘေးကပ်ဆိုးကို ယူဆောင်လာမှာ ဒီအဘိုးအို စိတ်ပူမိတယ်…”

“ငါတို့အတွင်းနယ်မြေ ကျင့်ကြံသူတွေရဲ့ တာအိုဆန္ဒကို စုပ်ယူတာ။ ဘယ်လောက်တောင် အစွမ်းထက်လိုက်တဲ့ နည်းလမ်းလဲ။ ဒီအဘိုးအိုအနေနဲ့ ခုချက်ခြင်း တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းက နတ်ဆိုးကလန်ရှိ သွားရမယ်။ ပြီးရင် အင်အားစုတွေ စုစည်းပြီး ကျန်တဲ့ ခုနစ်ရောင်စုံနယ်မြေ ခြောက်ခုကိုလည်း ရှင်းလင်း ခိုင်းရမယ်…”

အရှင်လုဖူ၏အမူအရာသည် အတော်လေးကို အလေးအနက် ဖြစ်နေ၏။ သူသည် ထိုကိစ္စနောက်ကွယ်မှ ကြီးမားလှသောအန္တရာယ်ကို ရှင်းရှင်းလင်းလင်း မြင်သည်။ ဝမ်လင်းသာ ခုလိုမျိုး ထုတ်ဖော်မပြောပြလာခဲ့ပါက ဤကိစ္စသည် ပြင်ပနယ်မြေ ကျူးကျော်လာချိန်၌ ဘေးကပ်ဆိုးကြီးတစ်ခု ဖြစ်လာနိုင်သည်။

အထူးသဖြင့် သူက ကျင့်ကြံသူမြောက်များစွာမှာ သူတို့၏တာအိုဆန္ဒ ပျက်စီးမှုကြောင့် ရုတ်တရက် သေဆုံးသွားမည့်အဖြစ်ကို တွေးမိသည်။ ထိုပုံရိပ်က အရှင်လုဖူအား ကြီးစွာ တုန်လှုပ်မိစေသည်။ သူ တွေးမိသလို လုံးဝ မဖြစ်လာနိုင်တာ မဟုတ်ပေ။

ဝမ်လင်းက ခေါင်းညိတ်လိုက်၏။ သူသည် သူ သိရှိခဲ့သော အရာများနှင့် ပတ်သတ်၍ အတွင်းနယ်မြေသို့ သတင်းပေးရမည်သာ။

အရှင်မီးတောက်သည် ခုနစ်ရောင်စုံနယ်မြေနှင့် ပတ်သတ်၍ ကြားလိုက်ရသည့်နောက် သူသည် ငြိမ်သက်နေ၏။ သူ့မျက်နှာမှာ သုန်မှုန်နေသည်။ အတိတ်တုန်းက သူ ကြုံခဲ့ရသော ကိစ္စရပ်က သူ့စိတ်ထဲ၌ ပိုရှင်းလင်းလာသည်။

ဝမ်လင်းက တစ်စုံတစ်ရာ သတိပြုမိလိုက်၏။ သူက အရှင်မီးတောက်ကို ကြည့်၍ မေးလိုက်သည်။ “ရောင်းရင်းကျင့်ကြံသူ အရှင်မီးတောက်က ကျန်တဲ့ ခုနစ်ရောင်စုံနယ်မြေတွေ ဘယ်နေရာမှာ ရှိလဲ သိထားတာလား…”

ဝမ်လင်း ထိုသို့ ပြောလိုက်သည့်နောက်တွင် အရှင်လုဖူက ချက်ခြင်း လှမ်းကြည့်လာ၏။ သူသည်လည်း အရှင်မီးတောက်၏အမူအရာကို သတိပြုမိသည်။ သူ လှမ်းကြည့်လိုက်ရင်း အရှင်မီးတောက်၏အဖြေကို စောင့်နေသည်။

အရှင်မီးတောက်သည် အရှင်လုဖူနှင့်ဝမ်လင်းတို့ထံ လက်နှစ်ဖက်ဆုပ်ကာ ပြောလိုက်သည်။ “ဟိုး အစောပိုင်းနှစ်တွေတုန်းက ငါဟာ မဟာမိတ်ကြယ်အဖွဲ့အစည်းရဲ့ အမဲလိုက်ခံရပြီး အလုံးစုံကောင်းကင်ထံ လွတ်မြောက်လာခဲ့တယ်…” ထိုသို့ပြောရင်း သူက ဝမ်လင်းကို ကြည့်သည်။

“ငါ့ကိုယ်ရေးကိုယ်တာနဲ့ ပတ်သတ်တဲ့ အကြောင်းရင်းတွေ အများကြီး ပါနေလို့ ငါ့အနေနဲ့ များများစားစား မပြောတော့ဘူး။ အတိတ်တုန်းက ငါဟာ မဟာမိတ်ရဲ့ အကြီးအကဲတစ်ယောက် ဖြစ်ခဲ့စဉ်က မထင်မှတ်ဘဲ မဟာမိတ်ဌာနချုပ်မှာ ထူးဆန်းတဲ့လောကတစ်ခုကို တွေ့မြင်ခဲ့ရဖူးတယ်။ စီနီယာဝမ်လင်း သင် ပြောတဲ့ ခုနစ်ရောင်စုံလောကထဲမှာ ဉာဏ်အလင်းရသူတွေ၊ အသိမဲ့သူတွေ ရှိနေတယ်မို့လား…”

ဝမ်လင်း၏အမူအရာသည် လေးနက်လာ၏။ သူက ခေါင်းညိတ်ပြလိုက်သည်။

အရှင်မီးတောက်က ဆက်ပြော၏။ “ဒီတော့ အဲ့လောကဟာ မဟာမိတ်ဌာနချုပ်ထဲမှာ ရှိတဲ့ ခုနစ်ရောင်စုံနယ်မြေပဲ ဖြစ်လိမ့်မယ်…”

အရှင်လုဖူ၏မျက်လုံးထဲတွင် အေးစက်မှုတစ်ခု ဖျပ်ခနဲ ပေါ်၏။ သူက ဝမ်လင်းထံသို့ လက်နှစ်ဖက်ဆုပ်ကာ ပြောလိုက်သည်။ “ရောင်းရင်းကျင့်ကြံသူဝမ်…ဒီနေတော့ ငါ သင့်ကို အဖော်မပြုပေးနိုင်တော့ဘူး။ ငါ နတ်ဆိုးကလန်ရှိ တတ်နိုင်သမျှ အမြန် သွားရတော့မယ်…”

ဝမ်လင်းသည် ထရပ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။ “မဟာမိတ်ဌာနချုပ်မှာရှိတဲ့ ခုနစ်ရောင်စုံနယ်မြေနဲ့ ပတ်သတ်လို့တော့ ငါ ဂရုစိုက်လိုက်ပါ့မယ်…”

“ကောင်းတယ်။ ရောင်းရင်းဝမ် လှုပ်ရှားမှတော့ မဟာမိတ်ဌာနချုပ်မှာ ရှိတဲ့ ခုနစ်ရောင်စုံနယ်မြေဟာ ကျိန်းသေပေါက် ပျက်စီးရမှာ သေချာတယ်…”

အရှင်လုဖူက ခေါင်းညိတ်ပြလိုက်၏။

ဒီစကားဝိုင်းက တိုတောင်း၏။ သို့သော် အခုလို အချိန်ခဏလေး အပြန်အလှန်‌ ပြောဆိုကြပြီးနောက် ဖြစ်ပေါ်လာသော အရှင်လုဖူနှင့် တခြားသူများ၏ တုန်လှုပ်မှုမှာ အစောပိုင်းတုန်းက တိုက်ပွဲထက် လျော့နည်းလိမ့်မည် မဟုတ်ပေ။ နှုတ်ဆက်စကား ဆိုကြပြီးနောက် အရှင်လုဖူသည် သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ပြီး ကြယ်များကြား ပျောက်ကွယ်သွားတော့သည်။

ဝမ်လင်းကလည်း ကျိုးကျင်နှင့်လင်းတန်တို့ကို အင်ပါယာမီးပြင်းဖိုအတွင်းသို့ ပြန်ဝင်စေလိုက်၏။ သူလည်း ထွက်ခွာတော့မည့် အချိန်၌ အရှင်မီးတောက်သည် အံတင်းတင်းကြိတ်ကာ ဝမ်လင်းထံ လက်နှစ်ဖက်ဆုပ်၍ ပြောလာသည်။

“စီနီယာ…ငါဟာ မဟာမိတ်ကြယ်အဖွဲ့အစည်းနဲ့ အတော်လေး အကျွမ်းတဝင် ရှိသလို အရှင်ကျုံးရွှမ်နဲ့လည်း ရန်ငြှိုးကြီးကြီးမားမား ရှိနေပါတယ်။ စီနီယာ မဟာမိတ်ကြယ်အဖွဲ့အစည်းရှိ သွားမယ်ဆို ငါ လိုက်လို့ရနိုင်မလား…”

ဝမ်လင်းသည် အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်။ “ကောင်းပြီ။ ဒါပေမဲ့ ငါ လှုပ်ရှားမှုတွေက သတ်သတ်မတ်မတ် မရှိသေးဘူး။ ငါ သွားမှာ ဖြစ်ပေမယ့်လည်း ဘယ်အချိန်သွားမလဲတော့ မသိသေးဘူး…”

“ပြဿနာမရှိပါဘူး။ ငါ အဲ့နေရာကို သွားနိုင်မယ်ဆို ငါ ဒီမှာပဲ စောင့်နေပါ့မယ်။ စီနီယာ မဟာမိတ်ကို သွားမယ်ဆိုတာနဲ့ သင့်ရဲ့ နတ်ဘုရားအာရုံကို ဖြန့်ကျက်ပြီး ငါ့ကို ရှာပေးပါ။ အတိတ်တုန်းက ငါတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို စီနီယာ ပြန်ထောက်ကြည့်ပေးမယ်ဆိုရင် ငါ့ကို ပယ်မချလိုက်ပါနဲ့…” အရှင်မီးတောက်သည် ဝမ်လင်းကို အသနားခံဟန်ဖြင့် ကြည့်သည်။

အရှင်မီးတောက်သည် သူ့ဘဝ၌ တစ်စုံတစ်ယောက်ကို အောက်ကျခဲ၏။ အတိတ်တုန်းက သူ၏ဂျူနီယာဖြစ်ခဲ့သူကို အခုလိုမျိုး ခခယယပြောနေရခြင်းသည် သူ့အမူအရာကို ရှုပ်ထွေးသွားစေသည်။

ဝမ်လင်းသည် အရှင်မီးတောက်ကို ကြည့်လိုက်သည်။ သူသည် အတိတ်တုန်းက မိုးကြိုးကောင်းကင်ဘုံနယ်မြေ၌ အရှင်မီးတောက်သည် ဒဏ်ရာရထားသော ချင်းရွှေနှင့် တိုက်ခိုက်ခဲ့သည်အား ကောင်းကောင်း မှတ်မိသေးသည်။ အရှင်မီးတောက်က ဝမ်လင်း၏ မိုးကြိုးသားရဲကို ငှားယမ်းခဲ့ပြီး မိုးကြိုးကောင်းကင်ဘုံနယ်မြေကို သန့်စင်ရန် အစွမ်းထက်နည်းလမ်းတစ်ခုကိုလည်း အသုံးပြုခဲ့သေးသည်။

ဝမ်လင်းသည် အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်၏။ “ကောင်းပါပြီ…”

ထိုသို့ပြောပြီးနောက် သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ မျက်စိတစ်မှိတ်အတွင်း ဒီအစီအရင်ထံမှ ပျောက်ကွယ်သွားလေသည်။ အရှင်မီးတောက်နှင့် လီယွမ်ဇီတို့သည် ဝမ်လင်း ပျောက်ကွယ်သွားသောနေရာသို့ ကြည့်ရင်း သူတို့၏အမူအရာများသည် ရှုပ်ထွေးဟန် ပေါက်လာသည်။

“တကယ်ပဲ အသက်ကြီးသွားပြီ…အသက်ကြီးသွားပြီ…” အရှင်မီးတောက်က သက်ပြင်းချမိ၏။

“အတွင်းနယ်မြေရဲ့ အနာဂတ်ဟာ သူ့ရဲ့ ကမ္ဘာဖြစ်သွားပြီ…” လီယွမ်ဇီက ခေါင်းယမ်းလိုက်၏။ သူ့စိတ်ထဲတွင် အတိတ်တုန်းက ဝမ်လင်းနှင့် တွေ့ဆုံခဲ့သော မှတ်ဉာဏ်များ ပြန်ပေါ်လာသည်။

ဝမ်လင်းသည် အလုံးစုံကောင်းကင်ကို ဖြတ်သန်း၍ မြန်ဆန်စွာ သွားနေ၏။ သူ့ခြေလှမ်းတိုင်းက အတိုင်းမသိအကွာအဝေးကို ဖြတ်သန်းနေသည်။ အလုံးစုံကောင်းကင်တွင် သူ လုပ်ဆောင်မည့် အရာလေးခု ပြီးမြောက်သွားပြီးနောက် သူ့ထံ၌ တစ်ခုကျန်နေသေးသည်။

ထိုနောက်ဆုံးကိစ္စမှာ လက်စားချေဖို့လည်း မဟုတ်၊ ကံမ္မကို ပြီးပြည့်စုံစေဖို့လည်း မဟုတ်ပေ။ ပြင်ပနယ်မြေနှင့် တိုက်ခိုက်မည့် တိုက်ပွဲအတွက် သူ့ကိုယ်သူ သူ၏ခွန်အားကို မြှင့်တင်ဖို့ ကြိုပြင်ဆင်မည့်အရာ ဖြစ်လေ၏။ သူသည် အလုံးစုံကောင်းကင်၌ လုပ်ချင်သောအရာတစ်ခု ရှိနေသေးသည်။

ထိုအရာမှာ သူ့အား ကြီးစွာသောတုန်လှုပ်မှု ပေးခဲ့ဖူးသည်။ အခု ထိုအကြောင်း ပြန်တွေးမိသည်နှင့် သူသည် တုန်လှုပ်မိဆဲပင်။ အတိတ်တုန်းက သူသည် ၎င်းကို ရယူဖို့ အရည်အချင်း မရှိခဲ့ပေ။ သို့သော် ခုချိန်တွင်မူ သူက ၎င်းအရာကို ရှာပြီး ဖမ်းဆီးဖို့ ခွန်အား ရှိနေပေပြီ။

သူက ၎င်းကို သူ၏ အသက်အနှစ်သာရ ရှေးဟောင်းနတ်ဘုရားသားရဲအဖြစ် သန့်စင်မည် ဖြစ်သည်။

အမှန်တော့ သူ ကြယ်ခြောက်လုံးရှေးဟောင်းနတ်ဘုရား ဖြစ်ခဲ့စဉ်အခါက သူသည် သူ၏အသက်အနှစ်သာရသားရဲ တစ်ကောင်ဖြစ်လာရန် သားရဲတစ်ကောင်ကို သန့်စင်နိုင်ပြီ ဖြစ်၏။ သို့သော် သူသည် ထိုသားရဲနှင့် ယှဉ်နိုင်သောသားရဲကို လုံးဝ မတွေ့ခဲ့ပေ။ သူသည် ချင်းချောင်သားရဲကို အမှန်ပင် သဘောကျ၏။ သို့သော် သူ၏ခွန်အားကင်းမဲ့မှုကြောင့် သူသည် ၎င်းကို ပိုင်ဆိုင်နိုင်စွမ်း မရှိပေ။

သို့သော်ငြားလည်း ချင်းချောင်သားရဲသည်ပင် ဝမ်လင်း ရည်ရွယ်ထားသော သားရဲနှင့် ယှဉ်ပါက သေးနုပ်သွားရသည်။ တိမ်ပင်လယ်ကြယ်အဖွဲအစည်း၌ ကြမ်းကြုတ်သောသားရဲများစွာ ရှိသော်ငြားလည်း အဆင့်ဆယ့်သုံးသားရဲများသည်ပင် ဝမ်လင်း၏အမြင်တွင် မတိုးပေ။

“ငါ အဲ့သားရဲနဲ့ မတိုက်ခိုက်ခဲ့ဖူးပေမယ့်လည်း အတိတ်တုန်းက ငါ မြင်ခဲ့ရသလောက်ဆိုရင် ဒီသားရဲဟာ တတိယအဆင့်မှာ ရှိနိုင်တယ်။ လမြွေနဂါးတောင် ဒီသားရဲကို ဆန့်ကျင်နိုင်စွမ်း ရှိမှာ မဟုတ်ဘူး။ ငါ အဲ့သားရဲကို ရကို ရရမယ်…”

ရှေ့ဆက်လာနေရင်း ဝမ်လင်း၏မျက်လုံးထဲတွင် တိုက်ပွဲဆန္ဒ အရိပ်အယောင် ပေါ်နေ၏။ သူသည် ရှေ့ဆက်လာနေရင်း သူ ၎င်းသားရဲကို မြင်တွေ့ခဲ့ဖူးသော ကြယ်နယ်မြေသို့ ဝင်ရောက်လာခါနီးတွင် ရုတ်တရက် ရပ်တန့်လိုက်သည်။

“မထင်မှတ်ဘဲ ငါ ဒီနေရာကို ကျော်လာခဲ့ပြီ…” ဝမ်လင်းသည် အတိတ်ကို ပြန်အောက်မေ့မိသွားသည်။ သူ့ရှေ့၌ ဂြိုဟ်နှစ်လုံး ရှိနေ၏။

ပုံရိပ်တစ်ထောင်ဂြိုဟ်နှင့် ရန်ယွင်ဂြိုဟ်။

လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်ကျော်က ဝမ်လင်း နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေရှိ အက်ကြောင်းအတွင်းမှ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းသို့ ရောက်လာခဲ့ချိန်တွင် သူသည် ရန်ယွင်ဂြိုဟ်ပေါ်သို့ ရောက်ရှိလာခဲ့ဖူးပေသည်။ ထိုနေရာတွင် သူသည် သူ၏သားဖြစ်သူ ဝမ်ပိုင်နှင့် အတူတူ အချိန်ကုန်ဆုံးခဲ့သည်။ သူသည် ဝမ်ပိုင်ကို အဖော်ပြုကာ သူတို့သည် တောင်များကိုတက်၊ မြစ်များကိုဖြတ်ကာ ပင်လယ်ထိ ရွက်လွင့်ခဲ့ကြဖူးသည်။

သူသည် ဝမ်ပိုင်ကို လောကအား ချနင်းမည့်နှလုံးသားတစ်ခု ပေးအပ်ခဲ့ဖူးသည်။ သူသည် ဝမ်ပိုင်၏ တဘဝလုံး ဂုဏ်ကျက်သရေနှင့် ချမ်းသာမှုကို ပေးခဲ့၊ စွမ်းအား၏အထွတ်အထိပ်ကို ပေးခဲ့သည်။ သို့ပေမည့် ဝမ်လင်းသည် သူ့ကို ပြီးပြည့်စုံသောခန္ဓာကိုယ်တစ်ခုကိုမူ မပေးစွမ်းနိုင်ခဲ့ပေ။ အဖေနှင့်သား အတူကုန်ဆုံးခဲ့သော ထိုရာစုတစ်စုသည် သူ ရန်ယွင်ဂြိုဟ်ကို မြင်ရသည့်အခါ၌ တဖြည်းဖြည်း သူ့စိတ်နှလုံးတွင် ပြန်ပေါ်လာသည်။ ထိုမှိန်ဖျော့ပြီးသော ခံစားချက်မှာ အစိုင်အခဲ ဖြစ်နေခဲ့လေပြီ။

ဝမ်လင်း၏အကြည့်က ပုံရိပ်တစ်ထောင်ဂြိုဟ်ပေါ်သို့ ကျရောက်သွားချိန်တွင်မူ အတိတ်တုန်းက ဟွာမိသားစုအကြောင်း သူ့စိတ်ထဲတွင် ပြန်ပေါ်လာသည်။ သူ့ကို စိတ်ရှုပ်ထွေးစေခဲ့သော လျှိုမေ၏ပုံရိပ် ပြန်ပေါ်လာသည်။ ကြယ်များကြား၌ သက်ပြင်းချသံတစ်သံ ပဲ့တင်ထပ်သွား၏။ သည်ရန်ယွင်ဂြိုဟ်သည် နှစ်တစ်ထောင်မျှနှင့် ဘာမှ အထူးအထွေ ပြောင်းလဲမသွားခဲ့၊ အရင်လိုသာ ရှိနေသေးသည်။ ထိုဂြိုဟ်သည် သည်နေရာတွင် ရှိနေသေးသော်လည်း လူများကမူ မရှိနေတော့ပေ။ အတိတ်တုန်းက အသိအကျွမ်းတော်တော်များများကို အခု တွေ့ရနိုင်တော့မည် မဟုတ်ပေ။

ရန်ယွင်ဂြိုဟ်၏ တနေရာ၌ အခုချိန်မှ ဆောင်းဦး ရောက်နေ၏။ အေးစိမ့်မှုက ဒီလောကတခွင် ပျံ့လွင့်လျက် သစ်ရွက်ကြွေများသည် လရောက်အောက်မှ အထီးကျန်ည တစ်လျှောက် ဝေ့ကာ ပျံဝဲနေသည်။

ရန်ယွင်ဂြိုဟ်ပေါ်၌ သေမျိုးမြို့တော်တစ်ခုတွင် ခြံဝန်းတစ်ခု ရှိ၏။ ထိုခြံဝန်းမှာ မှောက်မဲလို့နေသည်။ ခြံဝန်းတံခါးတွင် ခပ်ဖျော့ဖျော့မီးအိမ်နှစ်ခုကို ချိတ်ဆွဲထားပြီး ဆောင်းလေအဝေ့ကြောင့် ထိုမီးအိမ်နှစ်ခုမှ အလင်းသည် တဖျပ်ဖျပ် ဖြစ်လို့နေသည့်နှယ်။

***

All Chapters