မြေနိမ့်သားရဲကို အမဲလိုက်ခြင်း(၁)
Vol. 113 Ch. 1553
ရန်ယွင်ဂြိုဟ်ကနေ ထွက်လာပြီးနောက် ဝမ်လင်းသည် တစ်စက်လေးမှ မရပ်တော့ပေ။ သူ့ခြေထောက်အောက်တွင် လှိုင်းဂယက်များ ပေါ်လာနေရင်း သူသည် ကြယ်များကြား မြန်ဆန်စွာ သွားလာနေသည်။ ဝမ်လင်း လုပ်ရမည့် နောက်ဆုံးကိစ္စတစ်ခု ရှိနေသေး၏။
ဤနေရာမှာ အလုံးစုံကောင်းကင်၏ လူသူကင်းမဲ့လွန်းသော နေရာတစ်ခု ဖြစ်ကာ မြူများနှင့် ပြည့်နေ၏။ လူတစ်ယောက်သည် အမှုမဲ့အမှတ်မဲ့ ဝင်လာပါက အလွယ်တကူ လမ်းပျောက်ပြီး ထိုမြူများအတွင်း၌ ထာဝရ ပိတ်မိသွားနိုင်သည်။ ဤနေရာမှာ အလုံးစုံကောင်းကင်၏ တားမြစ်နေရာတစ်ခုပင်။
ကျင့်ကြံသူများသည်လည်း ဤနေရာသို့ လာရောက်ခဲသည်။ အချို့တလေ ဖြတ်သန်းသွားလျှင်ပင် သူတို့က ဒီနေရာကို ရှောင်၍ သွားကာ အနားသို့ ချဉ်းကပ်မလာဝံ့ပေ။
သည်ကျယ်ပြောလှသော မြူအတွင်း၌ ထူးဆန်းသောသားရဲအချို့ ပုန်းအောင်းနေကြ၏ ဒီနေရာမှာ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းနှင့် အတော်လေး ဆင်တူသည်။
နတ်ဘုရားအာရုံသည်ပင် မြူများ၏ သက်ရောက်မှုကို ခံရကာ ဒီဧရိယာကို လွှမ်းမိုးနိုင်ဖို့ ခက်ခဲမည်ပင်။
ဝမ်လင်းက သည်ဧရိယာ၏အပြင်ဘက်တွင် ပေါ်လာ၏။ သူက သူ့ရှေ့ရှိ သိပ်သည်းသောမြူများကို ကြည့်လျက် သူ့မျက်လုံးသည် တလက်လက် ဖြစ်လာသည်။
အတိတ်တုန်းက မိုးကြိုးကောင်းကင်ဘုံနယ်မြေမှ သူ ထွက်လာခဲ့သည့်နောက် သူသည် ထူးခြားဆန်းပြားသော သားရဲခန္ဓာကိုယ်ကြီးအတွင်းသို့ ပို့လွှတ်ခြင်း ခံခဲ့ရသည်။ ထို့နောက် ရွေးချယ်ခံကောင်းကင်ဘုံသားဟူသောလူကို ခေါ်ထုတ်ကာ ဒီမြူထုအား တွေ့မြင်ခဲ့ရသည်။
သူက ဧရာမ ဝေလငါးကဲ့သို့ သားရဲကြီး ဖြစ်သော မြေနိမ့်သားရဲကိုလည်း တွေ့မြင်ခဲ့ရ၏။
အလုံးစုံကောင်းကင်၌ ဝမ်လင်း လုပ်ဆောင်မည့် နောက်ဆုံးအရာမှာ ထိုမြေနိမ့်သားရဲကို အမဲလိုက်ရန်သာ ဖြစ်လေသည်။
မြေနိမ့်သားရဲသည် အလွန်တရာ ကြီးမားလှကာ အစွမ်းထက်သည်။ သို့ရာတွင် ၎င်းတို့သည် အလွန်တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ရှက်ကြောက်တတ်ပြီး ရန်သူများထံမှ ပုန်းကွယ်၍သာ နေသည်။ ၎င်း၏ ရှက်တွ့န်တတ်သော စိတ်နေစိတ်ထားက ၎င်း၏ကြီးမားလှသော ခန္ဓာကိုယ်ကြီးနှင့် မလိုက်ဖက်လှပေ။
ထိုသို့ ဖြစ်သော်ငြားလည်း ဒီလောကရှိ အလွန်နည်းပါးသောအရာများကသာ ၎င်းကို ရန်ပြုရဲ၏။ အရှင်လုဖူသည်ပင် ဤနေရာ၌ ၎င်းသားရဲ ရှိသည်ကို သိထားသော်လည်း ထိုသားရဲကို အမဲလိုက်ဖို့ တွေးပင် မတွေးရဲခဲ့ပေ။
အရှင်လုဖူက ထိုသားရဲနှင့် ပတ်သတ်၍ ဘာမှ မလုပ်သော်လည်း ၎င်းမည်မျှအစွမ်းထက်သည်ကို သိထားသည်။ ၎င်း၏စိတ်ကသာ ကြမ်းတမ်းရန်လိုလာခဲ့ပါက အလုံးစုံကောင်းကင်သည် ကပ်ဘေးတစ်ခု ခံစားသွားရနိုင်၏။
လမြွေနဂါးက ထိုသားရဲထက် ကြီးမားလှသော်လည်း ၎င်းသည်လည်း ယင်းမြေနိမ့်သားရဲကို ရန်မစဝံ့ပေ။
မြေနိမ့်သားရဲသည် မန္တာန်နှစ်ခုကိုသာ သိ၏။ ပထမမန္တာန်မှာ သိမ်မွေ့မှုအဖြစ် ပြောင်းလဲခြင်းပင်။ ၎င်း၏ခန္ဓာကိုယ်က ကြီးမားလှသော်လည်း ၎င်းကိုယ်တိုင် မထုတ်ဖော်ပါက သင်သည် ၎င်းသားရဲ၏ဘေးတွင် ရှိနေလျှင်ပင် ၎င်းကို သတိပြုမိဖို့ အလွန် ခက်ခဲပေလိမ့်မည်။
၎င်း၏ရှက်ကြောက်တတ်သော သဘာဝကြောင့် ၎င်းက နှောက်ယှက်ခံရပြီဟု ခံစားမိသည်နှင့် ချက်ခြင်း လေဟာနယ်အဖြစ်သို့ ပြောင်းပစ်ဖို့ ရွေးချယ်လိမ့်မည်။ ထိုအခါကျလျှင် ၎င်းကို ရှာတွေ့နိုင်ဖို့ ခက်ခဲသွားမည် ဖြစ်သည်။
ဒုတိယမန္တာန်ကမူ ပထမမန္တာန်နှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်၏။ လမြွေနဂါးဖြစ်စေ၊ အရှင်လုဖူ ဖြစ်စေ ထိုဒုတိယမန္တာန်နှင့် ရင်ဆိုင်ရပါက သူတို့သည် ထွက်ပြေးရပေမည် ဖြစ်သည်။
လမြွေနဂါး၏ ခန္ဓာကိုယ်ထဲ၌ နယ်မြေတစ်ခု ပါဝင်၏။ ၎င်းနယ်မြေမှာ ကြီးနိုင်၊သေးနိုင်ကာ ကြိုမခန့်မှန်းနိုင်ပေ။ ၎င်းသိသော ဒုတိယမန္တာန်မှာ ဝါးမြိုပစ်ခြင်းပင်။
ထိုသားရဲက ချောင်ပိတ်မိသည်နှင့် ၎င်း၏ပါးစပ်ကိုဟကာ ဝါးမြိုပစ်တတ်သည်။ ထိုအခါကျလျှင် မန္တာန်များ၊သားရဲများ၊ ဂြိုဟ်များသည်ပင် ၎င်း၏ခန္ဓာကိုယ်ထဲ ဝါးမြိုခံရကာ အတွင်း၌ ပိတ်မိသွားပေလိမ့်မည်။
မြေနိမ့်သားရဲက ၎င်း၏ပါးစပ်ကို နှစ်ပေါင်းသောင်းချီ မဖွင့်ဟတတ်ပေ။ သို့သော် ၎င်း ဖွင့်ဟလိုက်သည်နှင့် အချိန်ပါ စီးဆင်းသွားရမည်။
ဆိုလိုသည်မှာ မြေနိမ့်သားရဲက ဝါးမြိုပြီးသည်နှင့် ၎င်း၏ခန္ဓာကိုယ်ထဲရှိ လောကကို နှစ်ပေါင်းထောင်ချီကနေ သောင်းချီအထိ ဖြတ်သန်းကုန်လွန်စေနိုင်ခြင်း ဟူ၏။
ရှေးဟောင်းအချိန်များတုန်းက ကောလဟာလ တစ်ခု ရှိ၏။ ထိုကောလဟာလအရ အရွယ်ရောက်ပြီး မြေနိမ့်သားရဲတစ်ကောင်သည် ချောင်ပိတ်မိသွားသည့်အခါ ၎င်းက ကြယ်နယ်မြေတစ်ခုကို ဝါးမြိုခဲ့သည် ဟူ၏။ ထိုအခါ နှစ်ပေါင်းသန်းချီသည် ချက်ခြင်း ကုန်လွန်သွားသည်။ ကြယ်နယ်မြေမှာလည်း အမှုန့်အမွှားအဖြစ်သို့ ပြောင်းကာ ၎င်း၏ရန်သူများအားလုံး သေဆုံးကုန်သည်ဟု ဆိုသည်။
အလွန့်အလွန်နည်းပါးသော သူများကသာ မြေနိမ့်သားရဲအကြောင်း နားလည်ကြသည်။ သူတို့သည် ယင်းသားရဲ ဝါးမြိုသည့်အခါတိုင်း၌ အချိန်ကို မြန်ဆန်စွာ မကုန်လွန်စေတတ်သည်ကိုလည်း သိထားသည်။ ထိုသို့ အချိန်ကို အရှိန်မြင့်၍ မြန်ဆန်စွာ ကုန်ဆုံးအောင် လုပ်ခြင်းက ၎င်းမြေနိမ့်သားရဲအတွက်လည်း ဖိအားများစေနိုင်သောကြောင့်ပင်။
ထိုသို့ ဖြစ်သော်ငြားလည်း လူအနည်းငယ်ကသာ ယင်းသားရဲကို ရန်စဝံ့ပေလိမ့်မည်။
ဝမ်လင်း၏ မြေနိမ့်သားရဲအပေါ် နားလည်မှုအများစုသည် ပြင်ပနယ်မြေကနေ သိလာခဲ့ခြင်းပင်။ သူက ပြင်ပနယ်မြေ၌ ကျင့်ကြံသူများစွာကို စုပ်ယူခဲ့ပြီးနောက် မြေနိမ့်သားရဲအကြောင်း ပိုနားလည်လာခဲ့ခြင်းပင်။
ထို့အတွက်ကြောင့်လည်း သူက ထိုမြေနိမ့်သားရဲကို အတော်လေး စိတ်ဝင်းစားကာ ၎င်းကို ဖမ်းဆီးရန် ဆုံးဖြတ်ခဲ့ခြင်းပင်။
“ငါ့ကို ပဟေဠိဖြစ်စေတဲ့အရာ တစ်ခုတော့ ရှိနေသေးတယ်။ အဲ့တာဟာ မိုးကြိုးကောင်းကင်ဘုံနယ်မြေရဲ့ ကောင်းကင်ဘုံအင်ပါယာအဆင့်လောက်နဲ့ ဒီမြေနိမ့်သားရဲကို ဘယ်လိုများ အသုံးချနိုင်ခဲ့ရတာလဲ ဆိုတာပဲ…”
မြူများကို စိုက်ကြည့်နေရင်း ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေ၏။ ဝမ်လင်းသည် မြေနိမ့်သားရဲကို တွေ့မြင်ခဲ့ဖူးခြင်းမရှိ၊ ၎င်း၏အနှိုင်းမဲ့စွမ်းအားကို ခံစားခဲ့ဖူးခြင်း မရှိပါက သူသည် ထိုသားရဲမှာ ခန္ဓာကိုယ်ကြီးကသာ ကြီးမားပြီး စွမ်းပကား မရှိဟုသာ တွေးထင်မိပေလိမ့်မည်။
“ကောင်းကင်ဘုံအင်ပါယာဟာ အံ့မခန်းလူတစ်ယောက်ပဲ။ ဖြစ်နိုင်တာက သူ့မှာ ဒီသားရဲရဲ့ စွမ်းအားကို ငှားယမ်းနိုင်တဲ့ တခြားနည်းလမ်းတစ်ခုခုများ ပိုင်ဆိုင်ခဲ့တာလား…”
ဝမ်လင်း၏အမူအရာသည် အလေးအနက် ဖြစ်လာ၏။ သူက ခြေလှမ်းကာ မြူများအတွင်းသို့ ဝင်ရောက်လိုက်သည်။
သူသည် မြန်လွန်းလှသည်။ မြူများအတွင်း ဝင်လာသည်နှင့် သူ့ကြောင့် မြူများသည် တဝီဝီလှည့်ပတ်သွားသည်။ မရေမတွက်နိုင်သော တစ္ဆေများ သူ့နားအတွင်း၌ အော်ငြီးနေသည့်နှယ်။ ထိုဗလုံးဗထွေးအော်ငြီးသံများသည် ချောက်ချားဖွယ်ကောင်းသည်။
သည်မြူက ဝမ်လင်းကို စိတ်ကသိကအောက် ဖြစ်စေ၏။ သူသည် အတိတ်တုန်းက ကံတရားအပေါ်သာ မှီခိုခဲ့ရဖူးသည်။ သို့ပေမည့် ခုချိန်တွင်မူ ဝမ်လင်းသည် ဂရုစိုက်မနေဘဲ မြူများကို ဖြတ်၍ အလွန်မြန်ဆန်စွာ သွားနေသည်။
သူက ပတ်ဝန်းကျင်ဧရိယာကို စစ်ဆေးကြည့်ဖို့ သူ့နတ်ဘုရားအာရုံကိုလည်း ဖြန့်ကျက်ထားသည်။ သူသည် ဒီဧရိယာတစ်ခုလုံးကို မခြုံလွှမ်းနိုင်သော်လည်း ပေသောင်းချီအတွင်းရှိ အရာရာသည် သူ့စိတ်ထဲတွင် ရှင်းလင်းစွာ ပေါ်နေသည်။
နောက်ဆုံးအခြေအနေသို့ မရောက်မချင်း ဝမ်လင်းသည် ကျိုးကျင်နှင့်လင်းတန်တို့ကို ကူရှာပေးဖို့အတွက် အသုံးပြုမည် မဟုတ်သေးပေ။ သည်မြေနိမ့်သားရဲမှာ ကျင့်ကြံသူတစ်ယောက် မဟုတ်ဘဲ အတော်လေးလည်း ကြောက်တတ်ရှက်တတ်၏။ ၎င်းကသာ နတ်ဘုရားအာရုံ နှောက်ယှက်မှုကို ခံစားမိသည်နှင့် ချက်ခြင်း ထွက်ပြေးသွားပေလိမ့်မည်။
၎င်းက ပုံမှန်အတိုင်း ပြေးလျှင် ကိစ္စမဟုတ်သေး။ သို့သော် ၎င်းကသာ သိမ်မွေ့မှုအဖြစ်ပြောင်း၍ ထွက်ပြေးပါက ဝမ်လင်းအတွက် ရှာဖို့ အတော်လေးကို ခက်ခဲသွားပေမည်။ ထို့အပြင် သူက ထိုသားရဲကို မသတ်ချင်ပေ။ သူ၏ ရှေးဟောင်းနတ်ဘုရားအသက်အနှစ်သာရသားရဲ ဖြစ်အောင် လုပ်ချင်ခြင်းသာ။
ရှေ့ဆက်သွားနေရင်း ဝမ်လင်း၏အမူအရာသည် အတော်လေး အလေးအနက် ဖြစ်နေ၏။ သူက မြူများကြား ဆက်သွားရင်း မြေနိမ့်သွားရဲ၏ အရိပ်အယောင်ကို ရှာဖွေနေသည်။
အချိန်တဖြည်းဖြည်းချင်း ကုန်ဆုံးလာ၏။ သို့သော် ဝမ်လင်းသည် တစ်စက်လေးမှ မမောပန်းသေးပေ။ သူသည် သားကောင်ကို ရှာနေသော မုဆိုးတစ်ယောက််အလား။ သူ့နတ်ဘုရားအာရုံတွင် ထူးဆန်းသောသားရဲများစွာ ပေါ်ပေါ်လာ၏။ သို့ပေမည့် ၎င်းတို့သည် မည်မှျ ကြမ်းပါစေ ဝမ်လင်း၏နတ်ဘုရားအာရုံ ဖြတ်သန်းသွားသည်နှင့် ယင်းတို့အားလုံး တုန်ယင်ကာ မလှုပ်ဝံ့ကြတော့ချေ။ သူတို့သည် အသံတစ်သံပင် မထွက်ဝံ့ပေ။
မြူအတွင်း၌ ဝမ်လင်းသည် ဖျပ်ခနဲ ဖျပ်ခနဲ အကွာအဝေးများစွာကို ဖြတ်သန်းသွားနေ၏။ သူသည် ဒီမြူအတွင်းရှိ ကြယ်နယ်မြေကို ဂရုတစိုက် ရှာဖွေနေသည်။
မြေနိမ့်သားရဲ၏ အရိပ်အယောင်ပင် မတွေ့ရ။ အတိတ်တုန်းက ၎င်းပေါ်လာပြီးသည်မှစ၍ ၎င်းသည် ပျောက်ကွယ်နေသည့်အလား။ ဝမ်လင်း၏အမူအရာမှာ အလေးအနက် ဖြစ်နေဆဲပင်။ သူက ဆက်လက်ရှာဖွေနေဆဲ။ စိတ်မရှည်သည့်အရိပ်အယောင်လည်း သူ့ထံ၌ ရှိမနေပေ။
ဝမ်လင်းက မြူအတွင်းနက်ပိုင်းသို့ ပိုရောက်လာ၏။ သူ ရှာဖွေနေရင်း သူ၏ ခြေရာများမှာ ဒီကြယ်နယ်မြေတစ်ဝက်နီးပါးထိ ခြုံလွှမ်းခဲ့ပြီးပင်။
အခုထိ မြေနိမ့်သားရဲ၏ အရိပ်အယောင် သဲလွန်စကို မတွေ့ရသေးပေ။ ၎င်းသားရဲက ထွက်သွားကာ ဤနေရာတွင် မရှိတော့သည့်အလား။ ဝမ်လင်းသည် အနည်းငယ် မျက်မှောင်ကြုတ်မိ၏။
အနည်းငယ် စဉ်းစားပြီးနောက် သူက ကျိုးကျင်နှင့်လင်းတန်တို့ကို အသုံးပြုမည့်အကြံအား လက်လျှော့လိုက်၏။ သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်သည်။ ထို့နောက် သူက ထပ်မံလှုပ်ရှားကာ ပိုဂရုတစိုက် ရှာဖွေလေသည်။
အချိန်ကုန်လာနေသည်။ ဝမ်လင်း ရှာဖွေပြီးသော ဧရိယာမှာ ပိုတိုးပွားလာ၏။ ဒီကြယ်နယ်မြေ တစ်ဝက်နီးပါးကနေ ရှစ်ဆယ်ရာခိုင်နှုန်းနီးနီး ဖြစ်လာ၏။ ဤအခိုက်တွင် ဝမ်လင်းသည် ရုတ်တရက် ရပ်တန့်လိုက်သည်။ သူ့မျက်လုံးမှာ တလက်လက် ဖြစ်သွားသည်။ သူ့နတ်ဘုရားအာရုံသည် သူ၏ရှေ့ရှိ မြူထံသို့ ကျရောက်သွားသည်။
သူ့ရှေ့ရှိ ပေသုံးထောင်အကွာမှ မြူအတွင်း၌ ကျောက်စကျောက်နအချို့ ရှိနေပြီး ကျောက်တုံးဒါဇင်ချီသညည် မြူများကြား ငြိမ်ငြိမ်သက်သက် လွင့်မြောလို့နေသည်။
ဝမ်လင်း၏အကြည့်က ထိုမြူကို ထွင်းဖောက်သွားပြီး ကျောက်တုံးများပေါ်သို့ ကျရောက်သည်။ ထို့နောက် သူသည် လျှပ်စီးတန်းအလား ရွှေ့လျားကာ ထိုကျောက်တုံးများရှေ့သို့ တိုက်ရိုက် ရောက်ရှိလာသည်။
၎င်းတို့ကို အနီးကပ်ကြည့်နေရင်း ယင်းကျောက်တုံးတစ်တုံးစီသည် အရောင်များ ရှိနေ၏။ ၎င်းတို့က ကျောက်မျက်ရတနာများ ဖြစ်နေသည့်အလား။ ယင်းတို့ကို ဆန်းကြယ်သောအားတစ်ခုက အတူတကွပေါင်းစပ်စေပြီး အစီအရင်တစ်ခု ဖြစ်ပေါ်နေလေသည်။
ပေတစ်ထောင်ခန့် ကျောက်တုံးတစ်ခုပေါ်တွင် ရပ်နေလျက် ဝမ်လင်းက သူ့ညာလက်ဖြင့် ၎င်းကို ထိလိုက်သည်။ အတွင်းမှ တစီစီအသံများ ပဲ့တင်ထပ်လာသည်။ အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက သူ့လက်ကို ခပ်တင်းတင်း ဆန့်ထုတ်ကာ ကျောက်တုံးအပိုင်းအစတစ်ခုကို ဖမ်းယူလိုက်သည်။
သေချာကြည့်လိုက်ပြီးနောက် ဝမ်လင်း၏မျက်လုံးထံမှ ထူးဆန်းသောအလင်းတစ်ခု ပေါ်လာသည်။
ထိုကျောက်တုံးများသည် ရှေးအော်ရာတစ်ခုကို ပေးစွမ်းပြီး စိတ်ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေသည်။ ပေတစ်ထောင်ကျောက်တုံးသည် တဝက်တိတိပျက်စီးနေသော ဂြိုဟ်တစ်ခု၏ စိတ်ဝိညာဉ်စွမ်းအင်များဖြင့်ပင် ယှဉ်၍ ရနေသည်။
သို့ရာတွင် ထိုစိတ်ဝိညာဉ်စွမ်းအင်သည် တုန်လှုပ်ဖို့ ကောင်းသော်လည်း အသက်ဓာတ်ကင်းမဲ့ကာ သေဆုံးနေသည့်အလား။
“ငါ ဒီလိုစိတ်ဝိညာဉ်ကျောက်တုံးတွေကို တခါမှ မမြင်ဖူးခဲ့ဘူး။ ဒီကျောက်တုံးကို ထိပ်တန်းစိတ်ဝိညာဉ်ကျောက်တုံးတစ်ခုတောင် မယှဉ်နိုင်လောက်ဘူး။ ဒါကိုသာ ကျင့်ကြံခြင်းလောကရှိ ယူသွားရင် ၎င်းရဲ့ တန်ဖိုးဟာ မိုးလောက်မြင့်မားလိမ့်မယ်…”
“ဒါပေမဲ့ ဒီကျောက်တုံးပေါ်မှာ အချိန်ကုန်လွန်ခြင်းအငွေ့အသက် ရှိနေတယ်။ ဒီဟာက နှစ်ပေါင်းသန်းချီ ကုန်လွန်ပြီးမှ ဖြစ်ပေါ်လာတဲ့အတိုင်းပဲ။ ဒါကို ဖန်တီးဖို့ဆိုရင်…”
ဝမ်လင်းသည် အသေးစိတ် ကောက်ချက်ချနေရင်း သူ့အတွေးစဉ်ကို ရုတ်တရက် ရပ်တန့်လိုက်၏။ သူ့မျက်လုံးသည် ပြူးကျယ်သွားကာ သူသည် လက်ထဲရှိ ကျောက်စကို စိုက်ကြည့်လိုက်သည်။
“အချိန်အငွေ့အသက်။ အချိန်အငွေ့အသက်…” ဝမ်လင်းသည် တစ်စုံတစ်ခုကို သတိပြုမိသွားသည့်ပုံ ရသည်။ သူ့နတ်ဘုရားအာရုံကို ယင်းကျောက်တုံးအစပေါ်သို့ ဖြတ်သန်းစေကာ အချိန်အငွေ့အသက်ကို ခံစားကြည့်သည်။ သူ့မျက်လုံးသည် လက်ခနဲ ဖြစ်သွား၏။
“မြေနိမ့်သားရဲ စွန့်ထုတ်ထားတဲ့ အညစ်အကြေး…” ဝမ်လင်းက သူ့ရှေ့ရှိ ကျောက်စကို ကြည့်လိုက်၏။ သူ့မျက်နှာထက်တွင်လည်း ကျေနပ်ပျော်ရွှင်သည့် အရိပ်အယောင် ပေါ်လာသည်။
“အမှန်ပဲ။ မြေနိမ့်သားရဲတွေဟာ တချို့အကြောင်းပြချက်တွေကြောင့် ကျင့်ကြံခြင်းဂြိုဟ်အချို့ကို ဝါးမြိုပြီး ၎င်းရဲ့ခန္ဓာကိုယ်ထဲမှ အချိန်ဟာ မြန်ဆန်စွာ စီးဆင်းကုန်လွန်တယ်။ ကျင့်ကြံခြင်းဂြိုဟ်ဟာ သေဆုံးပြီး သူတို့ရဲ့ စိတ်ဝိညာဉ်တွေ ပျောက်ကွယ်သွားကြပေမယ့် အထဲက စိတ်ဝိညာဉ်စွမ်းအင်ဟာ ဒီကျောက်တုံးတွေအဖြစ် အတူတကွယ် သိပ်သည်းသွားတာပဲ။ ဒါ့ကြောင့် ဒီကျောက်တုံးတွေမှာ စိတ်ဝိညာဉ်စွမ်းအင် ဒီလောက်အများအပြား ရှိနေတာ။ ပြီးတော့ ဒီကျောက်တုံးတွေမှာ အချိန်အငွေ့အသက်လည်း ရှိနေသေးတယ်…”
“မြေနိမ့်သားရဲ။ ဒီသားရဲကို အမဲလိုက်ဖို့ အရင်ဆုံး ငါက ဒီကောင့်ကို ချိပ်ပိတ်မှ ရမယ်။ ငါဟာ အပြင်ဘက်ပိုင်းကို ချိပ်ပိတ်ရုံသာမက ၎င်းရဲ့ခန္ဓာကိုယ်အတွင်းပိုင်းကိုပါ ချိတ်ပိတ်မှ ဖြစ်မယ်…”
ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေတော့၏။ မြေနိမ့်သားရဲကို အမဲလိုက်ဝံ့ခြင်းဟူသည်မှာ သူ့အနေဖြင့် ကြိုပြင်ဆင်ထားခဲ့ပြီးဟု ဆိုလိုပေသည်။
“မိုးကြိုးရိုက်ချက်နဲ့ အပြင်ဘက်ချိပ်ပိတ်မှုကို လုပ်နိုင်မယ်။ ခက်ခဲတာက ၎င်းရဲ့အတွင်းပိုင်းကို ချိပ်ပိတ်ဖို့ပဲ။ ပြီးရင်တော့ ၎င်းရဲ့ စိတ်ဝိညာဉ်ကို ချိပ်ပိတ်ရမယ်…”
***