မြေနိမ့်သားရဲကို အမဲလိုက်ခြင်း(၃)
Vol. 113 Ch. 1555
မြေနိမ့်သားရဲထံ၌ ကြောက်လန့်မှု တစ်စက်မှ ရှိမနေတော့ပေ။ ၎င်းက သူ့ရန်သူကို ထွက်ပြေးသည်ဟု တွေးထင်စေပြီး ၎င်းနောက် လိုက်လာပါက ၎င်း၏ထောင်ချောက်အတွင်း ကျရောက်စေမည့်သဘောမျိုးပင်။
၎င်းမှာ မည်သို့သော မြေနိမ့်သားရဲ ဖြစ်ချေသနည်း။ အဆင့်တစ်ခုထိ ရောက်အောင် ကျင့်ကြံပြီးသော သားရဲစိတ်ဝိညာဉ်တစ်ကောင် ဖြစ်မည်မှာ ရှင်းနေ၏။
သူ ပြန်လှည့်လိုက်ချိန်တွင် မြေနိမ့်သားရဲထံမှ ခပ်အုပ်အုပ်ဟိန်းသံတစ်သံ ထွက်ပေါ်လာပြီး ၎င်း၏ပါးစပ်သည် ပွင့်ဟလာသည်။
မြေနိမ့်သားရဲသည် နှစ်ပေါင်းသာင်းချီကြာသည့်တိုင် ၎င်း၏ပါးစပ်ကို မဖွင့်ဟခဲ့ပေ။
မြေနိမ့်သားရြအတွက် ထိုသေးငယ်သောအဟက ပေထောင်ချီကြီးမားလေ၏။ ၎င်း ပါးစပ်ဖွင့်ဟလာသည့်အခါ နှစ်ပေါင်းသောင်းချီ ထိန်းသိမ်းထားသောဟိန်းသံက အရူးအမူး ထိုးထွက်လာသည့်အလားပင်။
ဝေါင်း။
ထိုဟိန်းသံ၏စွမ်းအားကို ဖော်ပြရန်ပင် မဖြစ်နိုင်ချေ။ ၎င်းအသံသည် ပျံ့နှံ့လာရင်း ဟင်းလင်းပြင်မှာ တုန်ခါ၏။ အလုံးစုံကောင်းကင်တခွင်လုံး ယင်းအသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
ထိုဟိန်းသံ ပဲ့တင်ထပ်နေရင်း မြေနိမ့်သားရဲ၏ခန္ဓာကိုယ်ထံမှ စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာကာ ပါးစပ်အဟကို ပိုကျယ်လာစေသည်။ ပေတစ်ထောင်၊ သုံးထောင်ကနေသည် တစ်သောင်းထိ ကျယ်ဟလာသည်။
ထိုဟိန်းသံတွင် ဟင်းလင်းပြင်ကို ပြိုလဲစေနိုင်သည့် ဖိသိပ်အားတစ်ခု ပါဝင်၏။ ၎င်းအားက ဝမ်လင်းထံ တိုးဝင်လာသည်။ ဝမ်လင်း၏ဆံပင်များ နောက်သို့ လွင့်ဝဲသွားပြီး သူ့ခန္ဓာကိုယ်သည် ဆုတ်ပြဲသွားမတတ် ခံစားလိုက်ရသည်။ သူ့နားစည်မှာလည်း အူထွက်သွား၏။
မြေနိမ့်သားရဲ၏ ပါးစပ်သည် ပေတစ်သောင်းကနေသည် ပေရှစ်သောင်းထိ ကျယ်ဟလာလေ၏။
အကြည့်တစ်ချက်ဖြင့်ပင် ထိုမြေနိမ့်သားရဲ၏ပါးစပ်ကြီးက မြေအောက်လောကသို့ ဦးတည်သည့်အလား မှတ်ထင်ရသည်။ ထိုဟိန်းသံမှာ ရှေးဟောင်းနတ်ဘုရားများထံမှ ထွက်ပေါ်လာသော ဟိန်းသံများအလား ထင်မှတ်ရလေ၏။
မြူအတွင်း၌ ဝမ်လင်း၏အမူအရာမှာ သုန်မှုန်နေသည်။ ပတ်ဝန်းကျင်မြူများသည် မြေနိမ့်သားရဲ၏ဟိန်းသံအောက်၌ အရူးအမူး ပျံ့လွင့်သွား၏။ အခုချိန်၌ ပတ်ပတ်လည်တွင် မြူများပင် မကျန်ရှိတော့ပေ။
မြေနိမ့်သားရဲ၏ဟိန်းသံက ဝမ်လင်း၏ခန္ဓာကိုယ်ကိုပါ နောက်သို့ လွင့်စင်သွားစေပြီး သူ့ခန္ဓာကိုယ်မှ ဆုတ်ပြဲသံများကိုပါ ကြားလာရသည်။ သူသာ ကြယ်ခုနစ်လုံးရှေးဟောင်းနတ်ဘုရားတစ်ပါး မဟုတ်ဘဲ သာမန်ကျင့်ကြံသူတစ်ယောက်သာ ဖြစ်ပါက သူသည် ထိုဟိန်းသံရှေ့မှောက်၌ ပြိုလဲသွားနိုင်လောက်သည်။
သူ နောက်ဆုတ်နေရင်း သူ့လက်ကို ဝေ့ယမ်း၏။ ရှေးဟောင်းသစ်ရွက် ဆယ်ရွက်ကျော် ပေါ်လာသည်။ ယင်းတို့သည် မြေနိမ့်သားရဲ၏ ပါးစပ်ကို ချိပ်ပိတ်ခြင်း မဟုတ်၊ ဝမ်လင်းပတ်လည်တွင် ဝန်းရံထားခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာ ဝမ်လင်းက သူ့ညာလက်ဖြင့် သူ့မျက်ခုံးနှစ်ခုကြားသို့ ညွှန်လိုက်၏။ အရှင်လင်းတန်နှင့် ကျိုးကျင်တို့နှစ်ယောက်လုံး ပေါ်လာသည်။ သူတို့သည် မြေနိမ့်သားရဲကို မတိုက်ခိုက်ပေ။ ဝမ်လင်းဘေးတွင် ရပ်နေကြ၏။ သူတို့လက်များဖြင့် ချိပ်ဟန်များကို အလျင်အမြန် ဖြစ်စေရာ အပူဇော်ခံမီးတောက်များသည် ဝမ်လင်းအား ဝန်းရံသွားသည်။
အဖြစ်အပျက်သည် မြန်ဆန်လှ၏။ လင်းတန်နှင့်ကျိုးကျင်တို့ ပေါ်လာသည့်အချိန်မှာ ဝမ်လင်း၏ရှေးဟောင်းနတ်ဘုရားကြယ်များသည် မြန်ဆန်စွာ စတင်လည်ပတ်သည်။ ရှေးအမိန့်အရိပ်ဦးခေါင်းပေါ်လာကာ သူတို့သုံးယောက်ကို ခြုံလွှမ်း၏။
မြေနိမ့်သားရဲ၏ဟိန်းသံမှာ အသက်ရှုချိန်အနည်းငယ်လောက် ကြာမြင့်ပြီးနောက် လွင့်ပါးသွားလေ၏။ ထိုဟိန်းသံ ပျောက်ကွယ်သွားသည်နှင့် ပြင်းထန်သောစုပ်အားတစ်ခုသည် ကြယ်များကြား ပြည့်နှက်လာသည်။
ထိုအားကောင်းလှသောစုပ်အားအောက်တွင် ဝမ်လင်းက မြေနိမ့်သားရဲထံမှ ဝါးမြိုခြင်းမန္တာန်ကို တွေ့မြင်သည်။ အဝေးသို့ ရောက်နေသော မြူများအားလုံးမှာ ချက်ခြင်းပင် ဝမ်လင်းကို ကျော်လွန်ပြီး မြေနိမ့်သားရဲ၏ပါးစပ်အတွင်းသို့ ဆွဲငင်ခြင်း ခံရလေသည်။
ကြယ်များ တုန်ဟည်းနေရင်း အမှုန့်အမွှားများမှာ မုန်တိုင်းတစ်ခုအသွင် ဖြစ်ပေါ်ပြီး မြေနိမ့်သားရဲ၏ဝါးမြိုခြင်းကို ခံရသည်။
မြေနိမ့်သားရဲ၏ပါးစပ်မှာ တွင်းနက်ကြီးတစ်ခုအလား အရာအားလုံးကို ဝါးမြိုခြင်း ပြုသည်။
ဝမ်လင်းသည် ရှေးဟောင်းသစ်ရွက်များ၊ လင်းတန်နှင့်ကျိုးကျင်တို့ဖြင့် အတူ သူ့ကိုယ်သူ တည်မြဲအောင် လုပ်ထားနိုင်၏။ သူသည် စွဲငင်ခြင်း မခံရသည့်အပြင် ဖြည်းဖြည်းချင်း နောက်ဆုတ်သည်။
သူ့မျက်လုံးထဲတွင်လည်း အေးစက်မှု ဖြတ်ပြေးသွား၏။ သူက ဤသို့ အရေးကြီးသော အခိုက်အတန့်ကို စောင့်ဆိုင်းနေခြင်းပင်။
သို့သော်ငြားလည်း စုပ်အားမှာ ပိုပြင်းထန်လာနေ၏။ ချက်ခြင်းပင် ၎င်းအားသည် ကြောက်မက်ဖွယ်ရာအဆင့်ထိ ရောက်လာသည်။ အမှုန့်အမွှားများသည် မြေနိမ့်သားရဲ၏ပါးစပ်အတွင်းသို့ စုပ်ယူခြင်း ခံရ၏။ အဝေးတွင်လည်း တုန်ဟည်းနေရင်း အချို့လူသူကင်းမဲ့သော ကျင့်ကြံခြင်းဂြိုဟ်များမှာ ၎င်းတို့၏ ဂြိုဟ်ပတ်လည်းကနေ သွေဖယ်၍ ဤနေရာသို့ ဆွဲငင်ခြင်း ခံရလေသည်။
ချက်ခြင်းပင် ဧရာမဂြိုဟ်တစ်လုံးသည် ဝမ်လင်းကို ကျော်လွန်ကာ မြေနိမ့်သားရဲထံသို့ တိုးဝင်လာသည်။
မြေနိမ့်သားရဲသည် ကြီးမားလှသော်လည်း ၎င်းသည် ဤဂြိုဟ်နှင့်မူ မယှဉ်သာပေ။ သို့ပေမည့် ဂြိုဟ် အနီးသို့ ရောက်လာသည့်အခါတွင် ၎င်းမှာ ပုံပျက်ယွင်းပြီး ကြုံ့သွားဟန် ရကာ မြေနိမ့်သားရဲ၏ ဝါးမြိုခြင်းကို ခံရလေ၏။ ထိုအဖြစ်က ဝမ်လင်း၏မျက်လုံး သူငယ်အိမ်ကို ကြုံ့သွားစေသည်။
စုပ်အား တိုးပွားလာနေရင်း ရှေးဟောင်းသစ်ရွက်ဆယ်ရွက်သည် ဝမ်လင်းပတ်လည်တွင် မြန်ဆန်စွာ လှည့်ပတ်လျက် အရံအတားတစ်ခုကို ဖြစ်ပေါ်စေသည်။ ရှေးအမိန့်ဦးခေါင်း၊ လင်းတန်နှင့်ကျိုးကျင်တို့ထံမှ အပူဇော်ခံမီးတောက်များကလည်း သူ့ကို ခုခံရာ၌ အကူအညီပေးလေ၏။
“ခုထိ အချိန်မကျသေးဘူး။ ဒီမြေနိမ့်သားရဲရဲ့ ပါးစပ်က ခုလောက် အားမနည်းနိုင်ဘူး…”
ဝမ်လင်းသည် မြေနိမ့်သားရဲကို စိုက်ကြည့်နေရင်း သူ၏မျက်လုံးထဲရှိ အေးစက်မှုသည် တဖြည်းဖြည်း တိုးပွားလာသည်။
မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်၏။ ကျင့်ကြံခြင်းဂြိုဟ်ဆယ့်နှစ်လုံးခန့်သည် အကွာအဝေးတစ်ခုမှ ပျံသန်းလာကြပြီး မြေနိမ့်သားရဲ၏ ဝါးမြိုခြင်းကို ခံရပြန်သည်။
မြေနိမ့်သားရဲသည် စိုးရိမ်ပူပန်လာ၏။ ၎င်းက ဝမ်လင်းကို ဝါးမြိုချင်တာ ဖြစ်ပြီး ထိုဂြိုဟ်များနှင့် မြူများကို ဝါးမြိုလိုခြင်း မဟုတ်ပေ။ သို့ပေမည့် စုပ်အားသည် ဝမ်လင်းကို တစ်စက်လေးမှ မရွှေ့သွားစေပေ။ ထိုအဖြစ်က မြေနိမ့်သားရဲ၏မျက်လုံးထဲတွင် ရူးသွပ်မှု ပေါ်လာစေသည်။
“မြေနိမ့်သားရဲရဲ့ ခန္ဓာကိုယ်ထဲမှာ နယ်မြေတစ်ခု ရှိတယ်။ ဒါပေမဲ့ ဒါဟာ မန္တာန်တစ်ခုသာသာပဲလေ။ ဒီကောင်က သားရဲ တစ်ကောင် ဖြစ်နေသ၍ ၎င်းမှာ အသက်ဓာတ်၊ စိတ်ဝိညာဉ်၊ အသွေးအသား ရှိမှာပဲ။ ငါက ဒီသားရဲကို ငါ့အသက်အနှစ်သာရ သားရဲ အဖြစ် ယူဆောင်ချင်ရင် ငါ့အနေနဲ့ စုပ်ယူခံရခြင်း မရှိဘဲ ၎င်းရဲ့ ခန္ဓာကိုယ်ထဲ ဝင်နိုင်မှ ရမယ်…”
“ငါက ဒီသားရဲရဲ့ ပါးစပ်ကို ဖွင့်ဟလာစေချင်ပေမယ့်လည်း သူ့ဟာသူ ဖွင့်စေချင်တာ မဟုတ်ဘူး။ ဒါ့အပြင် ဒီသားရဲရဲ့ မန္တာန်ဟာ အခုထိ အပြည့်အဝ အသက်မဝင်သေးဘူး။ ငါ သိခဲ့သလောက် အချက်အလက်အရဆိုရင် ဒီသားရဲ ၎င်းရဲ့မန္တာန်အပြည့်အဝ ထုတ်လွှတ်တဲ့အခါကျရင် ၎င်းရဲ့ စိတ်ဝိညာဉ် ပေါ်လာလိမ့်မယ်လို့ ဆိုတယ်။ အဲ့ကျမှသာ ငါဟာ သူ့ရဲ့စိတ်ဝိညာဉ်ကို ချိပ်ပိတ်နိုင်မှာ။ စိတ်ဝိညာဉ် မပေါ်လာခဲ့ရင် ငါ ၎င်းရဲ့အတွင်းဘက်ကို ချိပ်ပိတ်နိုင်မှာ မဟုတ်သလို ဒီချိပ်ပိတ်ခြင်းဟာလည်း ကျရှုံးသွားလိမ့်မယ်…”
ဝမ်လင်းသည် မြေနိမ့်သားရဲ၏မျက်လုံးထဲရှိ ပူပန်မှုကို မြင်၏။ သူသည် နောက်သို့ ဖြည်းဖြည်းချင်း ဆုတ်သည်။
ထိုစုပ်အားမှာ အရှင်လုဖူကို ဆန့်ကျင်နိုင်ကောင်း၏။ သို့သော် ဝမ်လင်းကမူ လင်းတန်၊ကျိုးကျင်နှင့် ရှေးအမိန့်ဦးခေါင်း၊ ရှေးဟောင်းသစ်ရွက်များကို ပိုင်ဆိုင်ထားပေ၏။ သူသည် ဒီစုပ်အားကို ခုခံနိုင်ပေသည်။
သူ နောက်သို့ ဖြည်းဖြည်းချင်း ဆုတ်နေသည်ကို မြေနိမ့်သားရဲက မြင်၏။ ၎င်း၏ခန္ဓာကိုယ်သည် အပြာရင့်ရောင်တောက်ပမှုကို ပေးလျက် ၎င်း၏ပေရှစ်သောင်းအဟ ပါးစပ်ကြီးမှာ ရုတ်တရက် ပိုကျယ်လာသည်။
ပေရှစ်သောင်း၊ တစ်သိန်း၊ နှစ်သိန်း၊ လေးသိန်း။ ရှစ်သိန်း။ ၎င်းသည် ပေတစ်သန်းအထိ ကျယ်ဟလာ၏။
၎င်း၏ပါးစပ်က အကန့်အသတ်သို့ ရောက်လာသည့်ပုံရ၏။ ၎င်းသည် ဟိန်းသံတစ်ခု ထုတ်ဖော်လိုက်ရင်း တုန်ယင်လာ၏။ ၎င်း၏နောက်တွင် ဧရာမအရိပ်ကြီးတစ်ခု ပေါ်လာသည်။
ထိုအရိပ်မှာ မြေနိမ့်သားရဲပင်။ ၎င်းသည် ပါးစပ်တစ်ခုမျှသာ ဖြစ်သော်လည်း ကြယ်နယ်မြေတစ်ခုမျှ ကြီးမားသည်။ ဤကား မြေနိမ့်သားရဲ၏စိတ်ဝိညာဉ်ပင်။
၎င်းသည် ပုံရိပ်ယောင်တစ်ခု ဖြစ်နိုင်သည်။ သို့သော် ၎င်းပေါ်လာသည်နှင့် ဝမ်လင်းသည် ကြယ်အဖွဲ့အစည်းမှာ မြစ်တစ်စင်း ဖြစ်လာပြီး မရေမတွက်နိုင်သော ဂြိုဟ်များက ထိုမြစ်အတွင်းမှ ငါးများကဲ့သို့ ဖြစ်လာသည်ဟု ခံစားမိလိုက်သည်။
ထိုစုပ်အားအောက်တွင် ကြယ်နယ်မြေသည် အရိပ်ပါးစပ်ကြီးထံ တိုးဝင်လာသည်။ ထိုပါးစပ်အတွင်း၌ လည်ပတ်နေသော တွင်းနက်တစ်ခု ရှိသည်။ ယင်းမှာ မြေနိမ့်သားရဲ၏ နယ်မြေနေရာပင်။
၎င်းမြင်ကွင်းကို တွေ့မြင်ရသူတိုင်းအဖို့ တုန်လှုပ်သွားရန် လုံလောက်နေ၏။
ရှေးဟောင်းသစ်ရွက်များက ဝမ်လင်းပတ်လည်တွင် ဝန်းရံထား၏။ ထိုအခိုက်အတန့်တွင် ယင်းသစ်ရွက်များသည် ဆက်လက်ကိုင်တွယ်နိုင်စွမ်း မရှိတော့သည့်အလား တုန်ခါလာသည်။ လင်းတန်နှင့်ကျိုးကျင်တို့၏ မျက်နှာများပင် ဖြူရောသွားကာ သူတို့သည် ခပ်နိပ်နိပ်အသံ ပြုလိုက်ကြသည်။
သို့ဖြစ်၍ ရုတ်တရက် တိုးပွားလာသော စုပ်အားကြောင့် ဝမ်လင်းသည် ရှေ့သို့ ဆွဲငင်ခြင်း ခံရလေ၏။
သူ နီးသထက် နီးသွား၏။ ထိုအရိပ်ပါးစပ်ကြီး၏ ဝါးမြိုခြင်း ခံရခါနီး၌ ဝမ်လင်း၏မျက်လုံးထဲ၌ ဖိနှိပ်ထားသော အေးစက်မှုမှာ ပေါက်ကွဲထွက်လာသည်။
ထိုအေးစက်မှု ပေါက်ကွဲထွက်လာသည်နှင့် ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်ကာ ကြမ်းတမ်းစွာ ထိုးချလိုက်လေသည်။
ထိုလက်သီးချက်မှာ ချက်ခြင်းပင် ရှေးအမိန့်ဦးခေါင်းနှင့် ပေါင်းစပ်သွားသည်။ တစ်ချိန်တည်းမှာ လင်းတန်သည် မာန်သွင်း၏။ သူ့နောက်မှ မိစ္ဆာနတ်ဘုရားရုပ်တုသည် ထိုလက်သီးချက်နှင့်အတူ ရှေ့သို့ ထိုးတက်သွားသည်။
ကျိုးကျင်ကလည်း သူ၏စွမ်းအားအားလုံးကို ပေါက်ကွဲထွက်လာစေ၏။ ကြောက်မက်ဖွယ်သွေးဝံပုလွေတစ်ကောင်သည် ဝမ်လင်း၏လက်သီးချက်နှင့်အတူ လိုက်ပါသွားသည်။
အဝေးမှကြည့်ပါက ဝမ်လင်း၏လက်သီးချက်သည် မာန်ဖီနေသော သွေးဝံပုလွေ၊ ၎င်းနောက်၌ လက်နှစ်ဖက်ဖြန့်ကားထားသော မိစ္ဆာနတ်ဘုရားရုပ်တုတို့နှင့်အတူ အလင်းတိုင်လုံးတစ်ခုအသွင် ပြောင်းသွားသည်ဟု ထင်ရသည်။ ယင်းတို့သည် မြေနိမ့်သားရဲရှေ့တွင် ပေါ်လာသော အရိပ်ပါးစပ်ကြီးထံသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားလေ၏။ ဤလက်သီးချက်မှာ ဝမ်လင်း၏အစွမ်းထက်ဆုံး တိုက်ချက် ဖြစ်သည်။
၎င်းထံ၌ လင်းတန်၊ကျိုးကျင်တို့၏ စွမ်းအားများ ပါဝင်သည်။ တတိယအဆင့်ကျင့်ကြံသူသုံးယောက်က တစ်ပြိုင်နက်တည်း စွမ်းအားပြည့် တိုက်ခိုက်လိုက်မှုဟုလည်း ဆိုနိုင်သည်။
ချက်ခြင်းပင် ဝမ်လင်း၏ညာမျက်လုံးထဲမှ မိုးကြိုးအမှတ်အသားသည် ပျံသန်းထွက်လာကာ သူ့လက်သီးချက်အတွင်းသို့ ဝင်ရောက်၏။ မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်လျက် ဒီကြယ်နယ်မြေသည် မိုးကြိုးကန်တစ်ခု ဖြစ်လာသည့်အလား။
သူ့ဘယ်မျက်လုံးထဲတွင်မူ ကိုးရောင်စုံမီးသည် လောင်ကျွမ်းလျက် ရှိကာ မီးမုန်တိုင်းတစ်ခုအဖြစ် ပြောင်း၍ ထိုလက်သီးချက်နှင့် ပေါင်းစပ်သွားသည်။
ယင်းလက်သီးချက်သည် နိဗ္ဗာနလေဟာနယ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားအပြည့်အဝနှင့် အလွန်တရာ နီးကပ်နေပေပြီ။ ၎င်းသည် တတိယအဆင့်၏ ဒုတိယနယ်ပယ် ဖြစ်သော စိတ်ဝိညာဉ်လေဟာနယ်အဆင့်ထိ ချဉ်းကပ်လာချေသည်။
ထိုလက်သီးချက်သည် အရိပ်ပါးစပ်ကြီးနှင့် ထိပ်တိုက်တွေ့သွား၏။ ကောင်းကင်ကြေမွတုန်ဟည်းသံ ပဲ့တင်ထပ်သည်။ မြေနိမ့်သားရဲသည် အော်ဟစ်လျက် ၎င်း၏အရိပ်ပါးစပ်ကြီးမှာ တုန်ယင်ပြီး ပျက်စီးမည့် အရိပ်အယောင် ပြသလာသည်။
သို့ပေမည့် ၎င်း ပျက်စီးနေရင်း စုပ်အားသည် တိုးပွားလာကာ ဝမ်လင်းလက်သီးချက်ကို ဝါးမြိုရန် ပြင်သည်။
မြင့်မြတ်သောလင်းတန်သည် အရင်ဆုံး ပျောက်ကွယ်သွားကာ မြေနိမ့်သားရဲ၏ ဆန်းကြယ်သောနယ်မြေထဲသို့ ဝါးမြိုခံလိုက်ရတော့သည်။
ထို့နောက်တွင် ကျိုးကျင် ဖြစ်၏။ သူသည်လည်း ပြင်းထန်သောစုပ်အားအောက်တွင် ပျောက်ကွယ်သွားလေသည်။
သူတို့ ပျောက်ကွယ်သွားမှုသည် ဝမ်လင်းကို အဖိုးတန်အခိုက်အတန့်ကို ပေးသလို ဖြစ်သွား၏။ အကြောင်းမှာ သူတို့၏အပူဇော်ခံမီးတောက်များက ထိုပါးစပ်ကို တဒင်္ဂ အဟန့်အတား ဖြစ်စေသောကြောင့်ပင်။ ထိုအဖြစ်က မြေနိမ့်သားရဲ၏ ပါးစပ်အတွင်းသို့ ဝင်ရောက်သွားတော့မည့် အခြေအနေကနေ ဝမ်လင်းကို ဟန့်တားပေးလိုက်နိုင်သည်။
ထိုအရိပ်ပါးစပ်ကြီးသည် ၎င်း၏စိတ်ဝိညာဉ် ဖြစ်ကာ ချိပ်ပိတ်ခြင်း၏ ပစ်မှတ်လည်း ဟုတ်သည်။
ထိုပါးစပ်ကြီးကို ချိပ်ပိတ်ဖို့အတွက် သူသည် အတွင်းသို့ တစ်ကြိမ် ဝင်ရောက်ရန်လို၏။ သို့သော် သူသည် ၎င်းသားရဲ၏ နယ်မြေအတွင်းသို့ စုပ်ယူခြင်း မခံရခင်မှာ ချိတ်ပိတ်ခြင်းကို အပြီးသပ် လုပ်ဆောင်ရမည် ဖြစ်သည်။ ဤသည်မှာ အချိန်အတန်ကြာ စမ်းစစ်ကြည့်ပြီးနောက် ထွက်ပေါ်လာသော ကောက်ချက်တစ်ခုပင်။ မြေနိမ့်သားရဲက ထွက်မပြေးသည်မှာ ထူးဆန်းလှသော်လည်း အခုဖြစ်ပျက်သမျှသည် ဝမ်လင်း မူလတည်းက စီစဉ်ထားသည့်အတိုင်း ဖြစ်လာစေသည်။
အချိန်သိပ်မရပေ။ လင်းတန်နှင့်ကျိုးကျင်တို့က သူ့အတွက် အသက်ရှုချိန်အနည်းငယ်လောက်သာ အချိန်ဆွဲပေးနိုင်မည် ဖြစ်၏။ တုံ့နှေးမနေဘဲ ဝမ်လင်းက သူ့လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ ရှေ့သို့ ညွှန်လိုက်သည်။ သူ၏ကြယ်ခုနစ်လုံးမှာ မြန်ဆန်စွာ လှည့်ပတ်သွားပြီးနောက် သူ့နဖူးထံမှ ပျံသန်းထွက်သွား၏။
ကြယ်ခုနစ်လုံးသည် မြန်ဆန်စွာ လှည့်ပတ်နေသည်။ ဝမ်လင်း လက်ညွှန်လိုက်ရင်း ယင်းကြယ်များသည် မြေနိမ့်သားရဲ၏စိတ်ဝိညာဉ်ပါးစပ်အတွင်းသို့ ကျရောက်သွားသည်။
“တော်ဝင်ရှေးဟောင်းနတ်ဘုရား တစ်ပါးအနေနဲ့ ငါဟာ ရှေးအမိန့်အမွေအနှစ်ကို အသုံးပြုပြီး ဒီသားရဲရဲ့ စိတ်ဝိညာဉ်ကို ချိပ်ပိတ်မယ်၊ ၎င်းကို ငါ့ရဲ့ အသက်အနှစ်သာရသားရဲ ဖြစ်လာအောင် လုပ်မယ်…”
***