မြေနိမ့်သားရဲကို အမဲလိုက်ခြင်း(၄)
Vol. 113 Ch. 1556
ဝမ်လင်း၏စကားထဲ၌ အားတစ်ခု ပါဝင်နေ၏။ သူ ထိုသို့ ပြောလိုက်သည်နှင့် သူ၏လည်ပတ်နေသော ကြယ်ခုနစ်လုံးသည် မြေနိမ့်သားရဲ၏ပါးစပ်ကြီးအတွင်းသို့ ကျရောက်သွားခဲ့ပေပြီ။
ပထမဆုံးကြယ်မှာ လင်းထင်းသွား၏။ ထို့နောက် ဒုတိယမြောက်၊ တတိယမြောက်၊ လေးခုမြောက်ကြယ်များ တောက်ပသည်။ ထိုကြယ်များထံမှ ရှေးဟောင်းစိတ်ဝိညာဉ်အားတစ်ခု ထွက်ပေါ်လာကာ ဝမ်လင်း၏စိတ်အတွင်းသို့ ဝင်ရောက်သည်။
ကြယ်ခုနစ်လုံး လင်းလက်သွားသည့်အခါ စိတ်ဝိညာဉ်ချိပ်ပိတ်မှုသည် အောင်မြင်လိမ့်မည် ဖြစ်၏။
သို့ပေမည့် ထိုအခိုက်တွင် အချိန်ကုန်လွန်သွားသည်။ လင်းတန်၊ ကျိုးကျင်တို့သည် ဝါးမြိုခြင်း ခံလိုက်ရပြီး ဖြစ်ကာ လုံလောက်သော အချိန်မရတော့ပေ။ စုပ်အားသည် ထပ်မံ ပေါ်လာ၏။ ဝမ်လင်း၏ ခန္ဓာကိုယ်မှာ ရှိုက်သွင်းခံရတော့မည့် အရိပ်အယောင် ပြသလာသည်။
အန္တရာယ်ကို ရင်ဆိုင်နေရင်း ဝမ်လင်းက မာန်သွင်းလိုက်ကာ မြေနိမ့်သားရဲ၏ကိုယ်တွင်းရှိ ဆန်းကြယ်သောနယ်မြေထံ ကြမ်းတမ်းစွာ ဝေ့ယမ်းလိုက်သည်။
တဝီဝီပဲ့တင်ထပ်နေရင်း ရှေးဟောင်းသစ်ရွက်များသည် ပါးစပ်အတွင်းရှိ တွင်းနက်ထံသို့ ပျံသန်းသွားသည်။
မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်၏။ ထိုစုပ်အား အားပျော့သွားချိန်တွင် ငါးခုမြောက်ကြယ် တောက်ပသည်။
သို့သော်လည်း လျှပ်တပြတ်အတွင်း ရှေးဟောင်းသစ်ရွက်များသည် ပါးစပ်ထဲရှိ တွင်းနက်၏ စုပ်ယူခြင်း ခံရကာ ဖိအားသည် ထပ်မံ တိုးပွားလာသည်။ ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွား၏။ သူသည် တန်ဖိုးကြီးမားစွာ ပေးခဲ့ရပြီး ဖြစ်သည်။ သူ အောင်မြင်မှသာ လင်းတန်နှင့် တခြားအရာများ အဆင်ပြေမည်။ သူ ကျရှုံးသွားပါက ပေးရမည့်တန်ဖိုးမှာ မိုးလောက်ကြီးမားနေသည်။
သို့ပေမည့် ဝမ်လင်းသည် မစတင်ကတည်းက အရာအားလုံးကို စမ်းစစ်ကြည့်ခဲ့ပြီး ဖြစ်၏။ အရာအားလုံးသည် သူ့တွက်ချက်မှုအတွင်း၌သာ ရှိနေသေးသည်။
သူသည် နောက်ဆုံးကြယ်နှစ်လုံး လင်းလက်စေဖို့ ယုံကြည်မှု ရှိပေ၏။
စုပ်အား ပေါ်လာသည့်အခါ ဝမ်လင်းက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်၏။ သူ့နောက်တွင် လမြွေနဂါး၏ကြီးမားသော ခန္ဓာကိုယ်ကြီးတစ်ခု ပေါ်လာကာ တွင်းနက်ထဲသို့ ပျံသန်းဝင်သွားသည်။
ဖျပ်ခနဲအတွင်း လမြွေနဂါးသည် တွင်းနက်ကို ပိတ်ဆို့သွား၏။ ၎င်းသည် စုပ်ယူခံနေရရင်း ဝမ်လင်းအတွက် လုံလောက်သောအချိန်ကို ရစေသည်။ ခြောက်ခုမြောက်ကြယ် လင်းလက်သွားသည်။ ခုနစ်ခုမြောက်ကြယ်သည်လည်း လင်းထင်းလာ၏။
မြေနိမ့်သားရဲ၏ စိတ်ဝိညာဉ်ပါးစပ်အတွင်း ကြယ်ခုနစ်လုံး လင်းလက်တောက်ပသည်။ ယင်းတို့သည် လှည့်ပတ်နေရင်း စိတ်ဝိညာဉ်ချိပ်ပိတ်မှုသည် ပြီးပြည့်စုံသည်။
အပြင်ပိုင်းချိတ်ပိတ်မှု၊ စိတ်ဝိညာဉ်ချိပ်ပိတ်မှုနှင့် အတွင်းပိုင်းချိတ်ပိတ်မှုတို့တွင် ဝမ်လင်းသည် နှစ်ခုကို ပြီးမြောက်စေခဲ့ပြီး ဖြစ်ကာ တစ်ခုသာ ချိပ်ပိတ်ဖို့ ကျန်တော့သည်။ ရှေးဟောင်းနတ်ဘုရားကြယ်များသည် ချိပ်ပိတ်ပြီးသည့်နောက် ဝမ်လင်းထံ ပြန်ရောက်လာကြ၏။
သို့ပေမည့် ထိုအခိုက်တွင် တုန်လှုပ်ဖွယ်ပြောင်းလဲမှုတစ်ခု ဖြစ်ပွားသည်။
ချိပ်ပိတ်ခံလိုက်ရသော မြေနိမ့်သားရဲစိတ်ဝိညာဉ်ထံမှ ချောက်ချားဖွယ် ခုနစ်ရောင်စုံအလင်းတစ်ခု ထွက်လာ၏။ ထိုခုနစ်ရောင်စုံအလင်းသည် ကြောက်မက်ဖွယ်ရာပင်။ ၎င်းအလင်းသည် ဒီပတ်ဝန်းကျင်ဧရိယာကို ထွေးခြုံသွားသည်။
ဝမ်လင်းသည် ခုနစ်ရောင်စုံအလင်းကို တွေ့မြင်သည့်အခါ တခဏတာ မင်သက်သွားမိ၏။
“ခုနစ်ရောင်စုံအလင်း…”
ခုနစ်ရောင်စုံအလင်းသည် ကြယ်နယ်မြေတခွင်သို့ ပျံ့နှံ့သည်။ ၎င်းသည် မြေနိမ့်သားရဲ၏စိတ်ဝိညာဉ်မှ ပျံ့နှံ့လာရင်း ၎င်း၏ခန္ဓာကိုယ်ကို ခြုံလွှမ်းသွားသည်။ ခုနစ်ရောင်စုံအလင်းသည် ပျံ့လွင့်နေရင်း မြေနိမ့်သားရဲ၏အတွင်းမှ ဖော်ပြရန်မဖြစ်နိုင်သောအားတစ်ခု ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာ မြေနိမ့်သားရဲခန္ဓာကိုယ်ပေါ်မှ ဝမ်လင်း၏ချိပ်ပိတ်မှုသည် စတင် လွင့်ပျောက်လာသည်။ ခုနစ်ရောင်စုံအလင်း၏ဖိသိပ်အားအောက်တွင် ချိပ်ပိတ်မှု အများစုသည် လွင့်ပါးကာ အမျှင်တန်းတစ်ခုမျှသာ ကျန်ခဲ့လေ၏။ ၎င်းချိပ်ပိတ်မှုသည် ပျောက်ကွယ်တော့မည့်အလားပင်။
မြေနိမ့်သားရဲ၏ ပါးစပ်အတွင်း ချခင်းထားသော ကြယ်ခုနစ်လုံးစိတ်ဝိညာဉ်ချိပ်ပိတ်မှုသည် မှိန်ဖျော့လာ၏။ ယင်းအဖြစ်သည် လေအဝေ့တွင် ရုန်းကန်ရသော ဖယောင်းတိုင်ခုနစ်ချောင်းအလား ဖြစ်လာ၏။ အချိန်မရွေး ပျောက်ကွယ်သွားနိုင်၏။ လျှပ်တပြတ်အတွင်း ကြယ်သုံးလုံးချိပ်ပိတ်မှုများ ငြှိမ်းသေသွားတော့သည်။
ထိုရုတ်တရက် ပြောင်းလဲမှုသည် ဝမ်လင်း မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်။ သူသည် မြေနိမ့်သားရဲထံ၌ ထိုကဲ့သို့ ခုနစ်ရောင်စုံအလင်းစွမ်းအား ပိုင်ဆိုင်ထားလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။
ခုနစ်ရောင်စုံအလင်း။ ခုနစ်ရောင်စုံအလင်းတွေ။
ခုနစ်ရောင်စုံအလင်းသည် မြန်ဆန်စွာ လင်းလက်၍ တဖြည်းဖြည်း ပိုအားကောင်းလာသည်။ မြေနိမ့်သားရဲ၏ပါးစပ်အတွင်းမှ အရိပ်များ ပျံသန်းထွက်လာကြသည်။
“ဉာဏ်အလင်းရခြင်း။ ကောင်းကင်နဲ့မြေကြီးတာအိုရဲ့ အကျဉ်းသား။ အသိစိတ်အာရုံရှိတဲ့ ဖြစ်တည်မှုအားလုံးဟာ တိုင်းတာမရတဲ့ကပ်ဘေးတွေကို တောင့်ခံရမယ်။ ဒီအကျဉ်းထောင်အတွင်းကနေထွက်ဖို့ အတွေးတစ်ချက်ပဲ လိုအပ်တယ်။ ကျင့်ကြံခြင်းလမ်းဟာ စောင့်နေတယ်…” မြေနိမ့်သားရဲ၏ ပါးစပ်အတွင်းမှ ပျံသန်းထွက်လာကြသော အရိပ်များထံမှ ညည်းသံများ ထွက်ပေါ်လာသည်။
“ဉာဏ်အလင်းရခြင်း။ တဘဝလုံး ရေှ့ဆက်လျှောက်ရမယ်။ ခေတ်သစ်ပြဿနာကို ဖြေရှင်းရမယ်။ ကောင်းကင်နဲ့မြေကြီးရဲ့ စိတ်ဆန္ဒကနေ လွတ်မြောက်ပြီး ဘဝလမ်းကြောင်းကို ပိုင်ဆိုင်မယ်။ ကျင့်ကြံခြင်းလမ်းဟာ စောင့်နေတယ်…”
“ဉာဏ်အလင်းရခြင်း။ ကောင်းကင်နဲ့မြေကြီးရဲ့ ဆန္ဒကို ချိပ်ပိတ်၊ အမှောင်နေ့ရက်တွေကို ကမ္ပည်းထွင်း။ သက်ရှိအားလုံးဟာ စစ်မှန်တဲ့တာအိုကို မသိကြဘူး။ ထာဝရချောက်နက်ဟာ စစ်မှန်တဲ့တာအိုကို ပုံပျက်ယွင်းစေတယ်။ ကျင့်ကြံခြင်းလမ်းဟာ စောင့်နေလျက်…”
ပိုပိုများသော ပုံရိပ်များသည် မြေနိမ့်သားရဲ၏ပတ်လည်တွင် ပေါ်လာကာ သည်ဧရိယာကို ခြုံလွှမ်းသည်။
“ဉာဏ်အလင်းရသူတွေ…” ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်သွားပြီး သူသည် တခုခုကို သဘောပေါက်သွားသည်။
သူသည် မြေနိမ့်သားရဲမှာ ဘာကြောင့် ထွက်မပြေးခြင်း၊ ၎င်း၏စိတ်နေစိတ်ထားက ပြောင်းပြန်ဖြစ်သွားခြင်းတို့ကို အခုတော့ နားလည်သွားပေပြီ။
သူသည် မြူအတွင်း၌ မြေနိမ့်သားရဲက ဘာကြောင့် အညစ်အကြေးများကို ချန်ထားခဲ့သည်ကို သဘောပေါက်သွားပေပြီ။
သူသည် မြေနိမ့်သားရဲသည် ဘာကြောင့် ဉာဏ်များသည်ကို နားလည်သွားပေပြီ။
သူသည် ၎င်းစိတ်ဝိညာဉ် ချိပ်ပိတ်ခံရပြီးနောက် ယင်းထံမှ ဘာကြောင့် ခုနစ်ရောင်စုံအလင်း ထွက်ပေါ်လာသည်ကိုလည်း နားလည်သွားပေပြီ။
“ဒီကောင်က တကယ်ပဲ ဟိုးလွန်ခဲ့တဲ့နှစ်တစ်ထောင်ကျော်က ခုနစ်ရောင်စုံနယ်မြေကို ဝါးမြိုပစ်ခဲ့တာလား…”
ဝမ်လင်းသည် တုန်လှုပ်မိနေ၏။ သူသည် ထိုအချက်ကို မယုံကြည်ရဲ ဖြစ်နေသည်။
သူ့ခန့်မှန်းချက်များသည် မမှားပေ။ အမှန်တော့ အတိတ်တုန်းက ဝမ်လင်းပေါ်လာခဲ့သည့်နောက်တွင် မြေနိမ့်သားရဲသည် မြူများကြား ဟိုဟိုဒီဒီသွားနေခဲ့၏။ ၎င်းသည် ရှက်ကြောက်တတ်ပြီး အလွန်အစွမ်းထက်လှသော်လည်း ကြုံရာသားရဲတစ်ကောင်ကိုပင် ၎င်းအား အလန့်တကြား ထွက်ပြေးအောင် လုပ်နိုင်စွမ်း ရှိခဲ့သည်။
၎င်းက ကျင့်ကြံသူများ သို့မဟုတ် သားရဲများ ၎င်းနား ကပ်မလာဝံ့စေသည့် ၎င်း၏ခန္ဓာကိုယ်မှ ထုတ်လွှတ်သော ဖိအားကိုပင် မေ့သွားသည်မှာ သိသာနေ၏။ ၎င်းသည် သွားလာသည့်အခါ ပတ်ဝန်းကျင်ရှိ သားရဲများသည် ပြန့်ကျဲထွက်ပြေးကြရသည်။
ဟိုဟိုဒီဒီသွားနေရင်း မြေနိမ့်သားရဲသည် ဇဝေဇဝါအခြေအနေ ဖြစ်လာ၏။ ၎င်းထံ၌ လုံလောက်သောဉာဏ်ရည် မရှိသည်ဖြစ်ရာ ၎င်း၏သက်တမ်းအများစုကို အိပ်စက်ခြင်းဖြင့် ကုန်ဆုံးလေ၏။ ၎င်းနိုးထာလသည့်အခါတွင်လည်း ဝေဝေဝါးဝါး ဖြစ်နေခဲ့သည်သာ။
သို့ရာတွင် ဝမ်လင်း ရွေးချယ်ခံကလန်ကနေ ထွက်လာခဲ့ပြီးနောက် ထိုမြေနိမ့်သားရဲက နိုးလာခဲ့၏။ ၎င်းက ရုတ်တရက် ဗိုက်ဆာမှုကို ခံစားခဲ့ရ၏။ သို့သော် ၎င်းသည် မြူများအတွင်းကနေ ထွက်သွားဖို့ ကြောက်လန့်နေသည်ဖြစ်ရာ မြူများအတွင်းတွင် ဖြည်းဖြည်းချင်း ဟိုဒီသွားလာနေခဲ့သည်။
အချိန်မည်မျှကြာမှန်း မသိပြီးနောက် ၎င်း၏ရှေ့တွင် ဧရာမအက်ကြောင်းကြီး တစ်ခု ပေါ်လာခဲ့၏။ ထိုအက်ကြောင်းအတွင်းမှ ခုနစ်ရောင်စုံအလင်းများ ပေါက်ကွဲထွက်နေပြီး ၎င်း၏အမြင်တွင် တောက်ပလွန်းနေခဲ့သည်။
ထိုအခိုက်အတန့်တွင် ပုံရိပ်တစ်ခုသည် ထိုအက်ကြောင်းအတွင်းမှ လှမ်းထွက်လာ၏။ ထိုသူ၏အဝတ်အစားများသည် ဆုတ်ပြတ်သပ်နေသည်။ သူက သူ့ဘေးပတ်လည်ကို သေချာမကြည့်နိုင်သေးဘဲ အားပါးတရ ရူးသွပ်သွားသည့်အလား ရယ်မောလေ၏။
“နောက်ဆုံးတော့ ငါ ထွက်လာနိုင်ပြီ။ နောက်ဆုံးတော့ ငါ အဲ့သောက်နေရာကနေ ထွက်လာနိုင်ပြီ။ နောက်ဆုံးတော့ ဒီအဘိုးအို လွတ်လပ်သွားပြီ…” သို့ပေမည့် သူ့စကားမဆုံးခင်မှာပင် သူသည် ရုတ်တရက် ရပ်တန့်သွား၏။ သူက ရှေ့ရှိ ဧရာမမြေနိမ့်သားရဲကြီးကို ထင်ထင်ရှားရှား တွေ့မြင်လိုက်ရကာ ကြောက်မက်ဖွယ်ဖိအားကို ခံစားမိသွားသည်။
သူ၏ပုံပန်းသွင်ပြင်က မြေနိမ့်သားရဲကို မင်သက်သွားစေ၏။ လူနှင့်သားရဲတို့သည် တစ်ယောက်နှင့်တစ်ယောက် စိုက်ကြည့်နေကြ၏။ ထို့နောက်တွင် ထိုလူ၏နဖူးထက်တွင် ချွေးများ ပြန်လာသည်။ သူ့မျက်နှာသည်လည်း ဖြူရောလာပြီး သူက အလန့်တကြား အော်ဟစ်လေ၏။
ထိုအော်သံကို ကြားလိုက်ရသည့်အခါ ရှက်ကြောက်တတ်သောမြေနိမ့်သားရဲသည် နောက်ဆုံးတွင် တုန့်ပြန်လာတော့၏။ ၎င်း၏ခန္ဓာကိုယ်မှ မိုးကြိုးတုန်ဟည်းသံများ ထွက်ပေါ်လာသည်။ ၎င်းထံမှ ကျယ်လောင်သောအော်သံတစ်သံလည်း ထွက်ပေါ်လာသည်။
ထိုဟိန်းသံသည် အလွန်တရာ ထိတ်လန့်စရာပင်။ သို့ပေမည့် အမှန်တကယ်ကမူ ယင်းသားရဲသည် ထိုပုံရိပ်ကို လန့်၍ ကြောက်လန့်ပြီး အော်လိုက်ခြင်း ဖြစ်နေသည်။
ထိုပုံရိပ်ကလည်း တုန်ယင်သွားပြီး တုံ့ဆိုင်းမနေဘဲ ခုနစ်ရောင်စုံအက်ကြောင်းအတွင်းသို့ ပြန်ဝင်ကာ ခုနစ်ရောင်စုံနယ်မြေအတွင်းသို့ ပြန်ပြေးလေတော့၏။
မြေနိမ့်သားရဲသည်လည်း အလန့်တကြားအော်ဟစ်ရင်း နောက်ဆုတ်၏။ ၎င်းသည် အတော်ဝေးဝေးထိ ဆုတ်သွားသည်။ ၎င်းသည် ခုနစ်ရောင်စုံအက်ကြောင်းကို ကြောက်ရွှံ့စွာ ကြည့်နေ၏။ ၎င်းသည် လုံးဝ ထိတ်လန့်နေခဲ့ပြီး ဖြစ်သည်။
အချိန်အတန်ကြာပြီးနောက် မြေနိမ့်သားရဲက ၎င်းနောက်သို့ မည်သူမျှ လိုက်မလာသည်ကို တွေ့ရမှ ချီတုံချတုံ ဖြစ်လာတော့၏။ ၎င်းသည် သေးငယ်လှသောသတ္တိလေးကို စုစည်းပြီး နောက်ပြန်လှည့်ကြည့်သည်။ အချိန်အတန်ကြာ တွေးနေပြီးမှ မြေနိမ့်သားရဲသည် ခုနစ်ရောင်စုံအက်ကြောင်းထံသို မိန်းမောစွာ ဂရုစိုက်၍ ကြည့်နေလေ၏။
၎င်းသည် ဘာကြောင့်ရယ်မှန်းမသိ ထိုခုနစ်ရောင်စုံကို အတော်လေး သဘောကျနေမိ၏။ မဟုတ်ပါက ၎င်း၏ရှက်ကြောက်တတ်ပုံမျိုးနှင့် ခုလိုမျိုး ပြန်လှည့်လာမည် မဟုတ်ပေ။
၎င်းသားရဲသည် နှစ်ပေါင်းတစ်ရာတိတိ မိန်းမောစွာ ခုနစ်ရောင်စုံအက်ကြောင်းကို ကြည့်နေရင်း စဉ်းစားနေသည့်အလားပင်။
နှစ်ပေါင်းတစ်ရာ ကြာပြီးနောက်တွင်လည်း ၎င်းသည် ထိုအက်ကြောင်း ဘာကြောင့် ပေါ်လာသနည်း၊ ၎င်းအက်ကြောင်းမှာ မည်သည့်အရာ ဖြစ်သနည်းကို နားမလည်နိုင်သေးပေ။ သို့ပေမည့် ခုနစ်ရောင်စုံက ၎င်းကို အတော်လေး ပျော်ရွှင်စေ၏။ ထို့ကြောင့် ၎င်းသားရဲသည် ထွက်မသွားချင်ဘဲ တွေတွေကြီး ဆက်ရှိနေခြင်းပင်။
သို့ရာတွင် ထိုသားရဲ နောက်ထပ်ဆယ်စုနှစ်လောက် ငေးမောစွာ ရှိနေပြီးသည့်နောက်တွင် မတော်တဆမှုတစ်ခု ထပ်ဖြစ်ပွားလာ၏။ မြေနိမ့်သားရဲ၏ မျက်လုံးသည် ပေထောင်ချီ ပြူးကျယ်နေပြီး သူ့မျက်လုံးနှစ်လုံးထဲမှ တစ်လုံးဆို ဟင်းလင်းပြင်အက်ကြောင်းနှင့် ဆယ်ပေပင် မလိုတော့ပေ။ ၎င်းက အက်ကြောင်းအတွင်း၌ မည်သည့်အရာရှိနေသနည်းကို မြင်ချင်နေသည့်အလား။
နှစ်တစ်ရာကြာ ရုန်းကန်နေပြီးနောက် အက်ကြောင်းအတွင်းမှ ထွက်လာခဲ့သောသူသည် နောက်ဆုံးတွင် သတ္တိပိုင်ဆိုင်လာသည်ဟု ထင်ရကာ အက်ကြောင်း၏အတွင်းဘက်ကနေ ဂရုတစိုက် ခေါင်းထုတ်ကြည့်လိုက်၏။ သူ့ဆံပင်များမှာ ဖွဲလန်ကြဲနေပြီး သူ့ခန္ဓာကိုယ်မှာ ပိန်ပါးလို့နေ၏။ သူသည် အတော်လေး ဆုတ်ပြတ်သပ်ကာ ထိတ်လန့်စရာပုံပေါက်နေ၏။ မြေနိမ့်သားရဲက နီးကပ်လွန်းစွာ ရှိနေခြင်းကြောင့် သူ့အမြင်သည် ဝေဝါးသွားလေ၏။ သို့သော် သူ့အမြင် ပြန်ကြည်လင်လာချိန်တွင်မူ သူ့မျက်နှာသည် ဖြူရောသွားပြီး နောက်တစ်ကြိမ် အလန့်တကြား အော်ဟစ်ပြန်လေသည်။
“မင်း…မင်း ဒီမှာပဲ ရှိနေတုန်းလား။ မင်း ဒီမှာ နှစ်တစ်ရာလောက် စောင့်နေတာပေါ့…”
ထိုသူသည် အလန့်တကြား အော်ဟစ်၍ ခုနစ်ရောင်စုံနယ်မြေအတွင်းသို့ ပြန်ဆုတ်သွား၏။
ထိုရုတ်ချည်းပြောင်းလဲမှုသည် မြေနိမ့်သားရဲကို ထပ်မံ လန့်သွားစေပြန်သည်။ သို့ရာတွင် ၎င်း၏မှတ်ဉာဏ်က ပို၍ နက်နဲလာသည့်ဟန်ရကာ ၎င်းသည် ပေတစ်ရာလောက်ထိသာ နောက်ဆုတ်တော့၏။ ၎င်းက အချိန်အကြာကြီး စောင့်နေလိုက်၏။ အက်ကြောင်းအတွင်းမှ မည်သည့်အရာမှ ထပ်မံ မထွက်ပေါ်လာသည်ကို တွေ့မြင်သည့်အခါ ၎င်းသည် ဒီခုနစ်ရောင်စုံကို နှစ်သက်သဘောကျမှုကို ဆက်၍ တောင့်မခံထားနိုင်တော့ပေ။ ၎င်းသည် ဂရုတစိုက် ရှေ့သို့ ဖြည်းဖြည်းချင်း တိုးလာကာ ခုနစ်ရောင်စုံအက်ကြောင်းကို မပြတ်တမ်း စိုက်ကြည့်နေ၏။
အချိန်ဖြည်းဖြည်းချင်း ကုန်လာနေသည်။ နှစ်ပေါင်းနှစ်ရာ၊ သုံးရာ…ငါးရာထိ ကုန်လာ၏။ တနေ့တွင်မူ ထိုမြေနိမ့်သားရဲသည် ဗိုက်ဆာမှုကို ခံစားရလေ၏။ သို့သော် ၎င်းမှာ မထွက်သွားချင်သေးပေ။ အနည်းငယ်စဉ်းစားပြီးနောက် ၎င်းသည် ပါးစပ်ကိုဟကာ ဒီခုနစ်ရောင်စုံအက်ကြောင်းအား ဝါးမြိုပစ်လိုက်သည်။
စုပ်အားတစ်ခု ပေါ်လာ၏။ ခုနစ်ရောင်စုံနယ်မြေ တည်ရှိသော ဟင်းလင်းပြင်သည်လည်း မြေနိမ့်သားရဲ၏ခန္ဓာကိုယ်အတွင်းရှိ နယ်မြေထဲသို့ ဝါးမြိုခြင်း ခံလိုက်ရတော့သည်။
ဝမ်လင်းသည် မြေနိမ့်သားရဲနှင့်ပတ်သတ်၍ အထက်ပါ ဖြစ်စဉ်တစ်ခုလုံးကို မသိသော်ငြားလည်း သူသည် ဖြစ်စဉ်နှင့် ရလဒ်ကိုမူ တချို့တဝက်ခန့်မှန်းကြည့်နိုင်သည်။ မြေနိမ့်သားရဲထံမှ ထွက်ပေါ်လာသော ဉာဏ်အလင်းရသူများ၏ ခပ်တိုးတိုး ညည်းသံများ ထွက်ပေါ်နေရင်း ၎င်း၏ပါးစပ်မှ တုန်ဟည်းသံတစ်သံ ထွက်ပေါ်လာသည်။ ဧရာမ ကျောက်ပြားတစ်ခု ရုတ်တရက် ပေါ်လာလေ၏။
ထိုကျောက်ပြားပေါ်တွင် နီရဲသောသွေးကို အသုံးပြုကာ တာအိုကျမ်းစာအစိတ်အပိုင်းများကို ရေးထွင်းထားလေ၏။
***