သန့်စင်ခြင်း
Vol. 113 Ch. 1557
အဖြစ်အပျက်အားလုံးသည် မြန်ဆန်လှသည်။ ဉာဏ်အလင်းရသူများ ပေါ်လာပြီး တီးတွတ်ရွတ်သံများ ထွက်ပေါ်လာသည့်အချိန်မှာ ဧရာမကျောက်ပြားတစ်ခုက မြေနိမ့်သားရဲစိတ်ဝိညာဉ်၏အထက်တွင် ပေါ်လာလေ၏။
သွေးနီရောင်စာလုံးများထဲ၌ ရူးသွပ်သောစိတ်ဆန္ဒများ ပါဝင်နေ၏။ ထိုစိတ်ဆန္ဒအောက်တွင် ဉာဏ်အလင်းရသူများသည် ရူးသွပ်လာဟန်ရကာ သူတို့၏ရွတ်ဆိုမှုများသည် ပိုကျယ်လောင်လာသည်။ သူတို့သည် ထိန်းချုပ်မှုတစ်ခုအောက်သို့ ရောက်သွားသည့်အလား မြန်ဆန်စွာ လှည့်လည်၍ ဝဲကတော့တစ်ခု ဖြစ်လာသည်။
ထိုဝဲကတော့တွင် အဖျက်အစီးအားတစ်ခု ပါဝင်ကာ အဘက်ဘက်သို့ ပျံ့နှံ့၏။ ဝမ်လင်းက နောက်သို့ သုံးလှမ်းခန့် ဆုတ်လိုက်ရသည်။ သူသည် ရှေ့ပြန်တိုးမည် ပြင်လိုက်စဉ် ကျောက်ပြားပေါ်ရှိ တာအိုကျမ်းစာစာလုံးများသည် ပျံသန်းထွက်လာပြီး ဝမ်လင်းထံ တိုးဝင်လာကြ၏။
ထိုတာအိုကျမ်းစာသည် ဝမ်လင်းနား ချက်ခြင်း ရောက်လာသည်။ ဝမ်လင်းသည် ခုနစ်ရောင်စုံနယ်မြေသို့ ရောက်ဖူးခဲ့ပြီး ယင်းနယ်မြေ၏ ကြောက်မက်ဖွယ်ကောင်းပုံကို သိထားသူ ဖြြစ်၏။ တာအိုကျမ်းစာ နီးကပ်လာသည်နှင့် သူသည် ၎င်းကျမ်းစာ၏ စာသားအကြောင်းအရာများ တီးတိုးရွတ်သံ ခပ်ဖျော့ဖျော့ကို စကြားရသည်။
“ဉာဏ်အလင်းရခြင်း၊ …ကောင်းကင်နဲ့မြေကြီးရဲ့ အကျဉ်းသား…” ဝဲကတော့ လှည့်ပတ်နေရင်း ရူးသွပ်ခြင်းစိတ်ဆန္ဒသည် အရူးအမူး ပျံ့လွင့်လာ၏။ ထိုအခိုက်တွင် မြေနိမ့်သားရဲစိတ်ဝိညာဉ်ပေါ်ရှိ ကျန်သည့်ကြယ်လေးလုံးချိပ်ပိတ်မှု၌ နှစ်ခုသည် ကွယ်ပျောက်သွားခဲ့လေပြီ။
တစ်ချိန်တည်းမှာ မြေနိမ့်သားရဲ၏စိတ်ဝိညာဉ်ပါးစပ်သည် ၎င်း၏ခန္ဓာကိုယ်အတွင်းသို့ ပြန်ဝင်ရောက်သည်။ ဝဲကတော့သည် လှည့်ပတ်နေရင်း မြေနိမ့်သားရဲသည် အလန့်တကြားဟန်ဖြင့် နောက်ဆုတ်လေ၏။ ၎င်းသည် ထိတ်လန့်နေမိပြီ။
ခုနစ်ရောင်စုံနယ်မြေ၏ ခွန်အားက ၎င်း၏စိတ်နေစိတ်ထားကို ပြောင်းလဲစေခဲ့ပြီး ဖြစ်၏။ သို့ပေမည့် ၎င်း၏မူလရှက်ကြောက်တတ်သော သဘာဝကို မေ့နိုင်ဖို့ကမူ ခက်ခဲလှသည်သာ။ ထို့အပြင် ၎င်း၏စိတ်ဝိညာဉ်ပေါ်ရှိ ချိပ်ပိတ်မှုမှာ အလုံးစုံ မပျောက်ကွယ်သွားသေးပေ။ ထိုအဖြစ်က ၎င်းကို အသည်းအသန်ကြောက်လန့်မှုကို ဖြစ်စေသည်။
တာအိုကျမ်းစာသည် ဝမ်လင်းကို နောက်ဆုတ်စေရင်း ဧရာမမြေနိမ့်သားရဲက ၎င်း၏တခြားမန္တာန်တစ်ခုကို အသုံးပြုလာတော့သည်။
သိမ်မွေ့ပုံစံ။
မြေနိမ့်သားရဲ၏ခန္ဓာကိုယ်သည် ဝေဝါးလာ၏။ ပေထောင်ချီခန့် ဆုတ်သွားပြီးနောက် ၎င်းသည် လုံးဝ ပျောက်ကွယ်သွားလေသည်။ ၎င်းနှင့်အတူ ဝမ်လင်းထံ တိုးဝင်လာကြသော ဉာဏ်အလင်းရသူများ၊ ဝဲကတော့ နှင့် တာအိုကျမ်းစာတို့ပါ ပျောက်ကွယ်သွားသည်။
မြေနိမ့်သားရဲနှင့်အတူ အရာအားလုံး ပျောက်ကွယ်သွားလေ၏။
ဝမ်လင်း၏မျက်လုံးသည် နီရဲလာ၏။ သူက ဒေါသတကြီး အော်ဟစ်လိုက်မိသည်။ လင်းတန်၊ ကျိုးကျင်၊ လမြွေနဂါးနှင့် ရှေးဟောင်းသစ်ရွက်များမှာ ထိုမြေနိမ့်သားရဲ၏ ခန္ဓာကိုယ်တွင်း၌ ရောက်နေကြ၏။ ၎င်းသာ ထွက်ပြေး လွတ်မြောက်သွားပါက သူ ပေးဆပ်ရမည့် တန်ဖိုးမှာ များပြားလွန်းလှမည်။
မြေနိမ့်သားရဲကို အမဲလိုက်ရာ၌ ရုတ်ချည်းပြောင်းလဲမှုတစ်ခု ဖြစ်လာခြင်းမှာ ထိုသားရဲသည် ခုနစ်ရောင်စုံနယ်မြေကို ဝါးမြိုပစ်ခဲ့ခြင်းကြောင့်ပင်။ ဝမ်လင်းသည် ထိုအချက်ကို တွက်ချက်မိသော်လည်း ယခုလိုအကြမ်းပတမ်း ပြောင်းလဲမှု ဖြစ်ပွားလာလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။
“ငါ ဒီကောင့်ကို လွတ်သွားခွင့် မပေးနိုင်ဘူး…” ဝမ်လင်း၏မျက်လုံးထဲတွင် ရူးသွပ်မှု ပေါ်လာ၏။ သူသည် ရှေ့သို့ ခြေလှမ်းလိုက်ရာ ဒီကြယ်နယ်မြေ၏အထက်တွင် ပေါ်လာသည်။ ထို့နောက် သူ့လက်ကို အောက်ဘက်သို့ ဝေ့ယမ်းလိုက်သည်။
ချက်ခြင်းပင် သူ့ညာမျက်လုံးမှ မိုးကြိုးအမှတ်အသား ပျံသန်းထွက်လာကာ သည်ပတ်ဝန်းကျင်ဧရိယာကို ဖုံးလွှမ်းသည်။ အတူတကွမိုးကြိုးကိုးမျိုးသည် ထိုအမှတ်အသားကို မြန်ဆန်စွာ လှည့်ပတ်၏။ လောကသည် တုန်ဟည်းလာကာ နေရာတိုင်းမှ အဆုံးမဲ့မိုးကြိုးများ ထွက်ပေါ်လာပြီး မိုးကြိုးငရဲတစ်ခု ဖြစ်လာတော့သည်။
“ပိုကြီးစမ်း…ကြီးလိုက်စမ်း…ကြီးစမ်း…” ဝမ်လင်းသည် ဒေါသတကြီး အော်ဟစ်နေ၏။ မိုးကြိုးအနှစ်သာရသည် သူ့ခန္ဓာကိုယ်မှ တရှိန်ထိုးထွက်ကာ လျင်မြန်စွာ ချဲ့ကားသည်။
ပေတစ်သောင်း၊ တစ်သိန်း၊ တစ်သန်း၊ ဆယ်သန်း။
ဖျပ်ခနဲအတွင်း မိုးကြိုးအမှတ်အသားသည် ပတ်ဝန်းကျင်ဧရိယာဆယ်သန်းကို လွှမ်းခြုံသွားသည်။ ဝမ်လင်းက သူ့မျက်ခုံးနှစ်ခုကြားသို့ ညွှန်လိုက်ရာ သူ့ခန္ဓာကိုယ်တွင် ရှေးဟောင်းနတ်ဘုရားစွမ်းအားများ ပြည့်နှက်လာသည်။
“ငါ့အတွက် ချဲ့ကားလိုက်စမ်း…”
ပေဆယ်သန်း၊ သန်းသုံးဆယ်၊ ငါးဆယ်၊ သန်းတစ်ရာ။
ဝမ်လင်းသည် မာန်သွင်းလိုက်၏။ အင်ပါယာမီးပြင်းဖိုသည် သူ၏ပထမဆုံးကြယ်မှ ပျံသန်းထွက်လာ၏။ ထိုမီးပြင်းဖိုသည် မိုးကြိုးအမှတ်အသားနှင့် ပေါင်းစပ်သည်။
“ထပ်ချဲ့ကားစမ်း…”
မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်သည်။ ပေသန်းတစ်ရာထိ ရောက်နေသော မိုးကြိုးအမှတ်အသားများသည် နောက်ထပ်ချဲ့ကားလာပြန်သည်။
ပေသန်းနှစ်ရာ၊သန်းသုံးရာ၊ သန်းငါးရာကနေသည် သန်းရှစ်ရာထိ ချဲ့ကားသွားသည်။
သည်ကြယ်နယ်မြေမှာ မိုးကြိုးနှင့် ခြုံလွှမ်းထားခြင်း ခံရပြီး မိုးကြိုးကန်ကြီး ဖြစ်လာတော့သည်။
“မင်းက ခုနစ်ရောင်စုံနယ်မြေကို ဝါးမြိုခဲ့ရင်တောင်မှ ငါ့ရဲ့အသက်အနှစ်သာရသားရဲ ဖြစ်လာရမှာပဲ။ မင်း ထွက်ပြေးနိုင်တယ်။ အခု ငါ မင်းကို မတွေ့သေးဘူး။ ဒါပေမဲ့ မင်း အတင်းထွက်လာအောင် ငါ ဒီသန်းရှစ်ရာဟင်းလင်းပြင်တစ်ခုလုံးကို အမှှုန့်အမွှားဖြစ်တဲ့အထိ သန့်စင်ပစ်မယ်…”
မြေနိမ့်သားရဲသည် သိမ့်မွေမှုပုံစံသို့ ပြောင်းလဲကာ အလျင်အမြန် ထွက်ပြေးသွားသော်လည်း ဝမ်လင်း၏ချိပ်ပိတ်မှုက ၎င်းပေါ်တွင် ရှိနေဆဲပင်။ ဝမ်လင်းသည် ၎င်း လျင်မြန်စွာ ပြေးနေသည်ကို ခံစားမိနိုင်၏။ သို့ပေမည့် ယင်းသားရဲသည် ပေသန်းရှစ်ရာဧရိယာအတွင်းကနေ ထွက်သွားခြင်း မရှိသေးပေ။
ဝမ်လင်းသည် ၎င်း၏ခန္ဓာကိုယ်နှင့်စိတ်ဝိညာဉ်ပေါ်ရှိ ချိပ်ပိတ်မှုများ မြန်ဆန်စွာ လွင့်ပျောက်နေသည်ကို ခံစားမိနိုင်သည်။ မကြာခင်တွင် ယင်းချိပ်ပိတ်မှုများသည် လုံးဝ ပျောက်ကွယ်သွားမည် ဖြစ်ကာ ထိုအခါကျလျှင် ထိုသားရဲနှင့် သူ့ကြား ချိတ်ဆက်မှုသည် ပျောက်ရှသွားပေမည်။
မိုးကြိုးသံများ တုန်ဟည်းနေရင်း သူ့ဘယ်မျက်လုံးတွင် ကိုးရောင်စုံမီးတောက်တစ်ခု ပေါ်လာကာ ထိုးထွက်လာ၏။ တစ်ချိန်တည်းမှာ ဟင်္သာငှက်အရိပ်တစ်ခု သူ့နောက်တွင် ပေါ်လာပြီး အော်မြည်သံ ပြုသည်။
ဟင်္သာငှက်ပေါ်လာခြင်းက ဝမ်လင်းသည် သူ့ခန္ဓာကိုယ်တွင်းရှိ မီးအားလုံးကို အသက်ဝင်စေသည်ဟု ဆိုလို၏။ ဟင်္သာငှက်သည် အောက်ဘက်ရှိ ပေသန်းရှစ်ရာဟင်းလင်းပြင်ထံ တိုးဝင်သွားသည်။
ဖျပ်ခနဲအတွင်း ဒီလောကသည် မီးပင်လယ် ဖြစ်လာသည်။ မီးအတွင်း၌ မိုးကြိုး၊ မိုးကြိုးအတွင်း၌ မီးရှိနေ၏။ အင်ပါယာမီးပြင်းဖို၏အော်ရာသည် ကြယ်နယ်မြေပေသန်းရှစ်ရာကို စတင် သန့်စင်လေသည်။
ဝမ်လင်းက သူ့လက်ကို ဝေ့ယမ်းကာ ကြမ်းကြုတ်စွာ အော်ဟစ်၏။ “သန့်စင်စမ်း…သန့်စင်စမ်း…သန့်စင်လိုက်စမ်း…” သန်းရှစ်ရာကြယ်နယ်မြေသည် မြန်ဆန်စွာ စတင်သန့်စင်သည်။
ဝမ်လင်းသည် ရူးသွပ်သွားခဲ့လေပြီ။ သူ့လက်နှစ်ဖက်ကို အဆက်မပြတ် လှုပ်ရှားရင်း ဟင်းလင်းပြင်ပေသန်းရှစ်ရာအတွင်း၌ အတားအဆီးများကို နေရာချကာ သန့်စင်ခြင်းဖြစ်စဉ်ကို ပိုမြန်သထက်မြန်အောင် လုပ်နေ၏။
အချိန်သည် ရွှေပင်။ သူအဖို့ ဆက်နှေးဖင့်မနေနိုင်ပေ။ မြေနိမ့်သားရဲပေါ်ရှိ ချိပ်ပိတ်မှုများ ပျောက်ကွယ်သွားသည်နှင့် အရာအားလုံး ဆုံးရှုံးသွားပေလိမ့်မည်။ မြေနိမ့်သားရဲကို အမဲလိုက်နိုင်ရန် ဝမ်လင်းထံ၌ ဒုတိယမြောက် လမြွေနဂါး၊ ဒုတိယမြောက်လင်းတန်နှင့်ကျိုးကျင်တို့ ရှိမနေတော့သည် မဟုတ်ပါလား။
သို့ရာတွင် ပေသန်းရှစ်ရာမှာ ကြီးမားလွန်းသဖြင့် အချိန်တိုအတွင်း သန့်စင်ဖို့ မဖြစ်နိုင်ပေ။ သည်အခိုက်၌ ဝမ်လင်းက မြေနိမ့်သားရဲနှင့် ဆက်နွှယ်မှု အတော်လေး အားပျော့သွားသည်ကို ခံစားမိလိုက်၏။
သူက ၎င်းကို မမြင်ရနိုင်သော်လည်း သူသည် ကျန်သည့်ကြယ်နှစ်လုံးတွင် တစ်လုံးသာ ကျန်တော့သည်ဟု စိတ်ကူးကြည့်နိုင်သည်။
ထိုကဲ့သို့ အလျင်စလို အခြေအနေအတွင်း ဝမ်လင်းက သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်၏။ သူက သန့်စင်ခံနေရသော ပေသန်းရှစ်ရာဟင်းလင်းပြင်ကို အေးစက်စက်စိုက်ကြည့်သည်။ အချိန်တိုအတွင်း ပေသန်းခုနစ်ရာသာ ကျန်တော့လေ၏။
ထိုဟင်းလင်းပြင်ပေသန်းခုနစ်ရာ ပျောက်ကွယ်သွားသည်နှင့် ချိပ်ပိတ်နယ်မြေအစီအရင် လှစ်ဟပေါ်လာမည် ဖြစ်၏။ ထိုအစိတ်အပိုင်းကို သန့်စင်နေရင်း ၎င်းသည် အလုံးစုံကောင်းကင်၌ ထာဝရတည်ရှိတော့မည့် တွင်းပေါက်တစ်ခု ဖြစ်လာသည်။
စဉ်းစားနေရင်း ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ အတားအဆီးရာထောင်ချီ ပေါ်လာသညည်။ သူ့ဘယ်လက်ကိုလည်း လှုပ်ရှား၍ မရေမတွက်နိုင်သော ပုံရိပ်များအထပ်ထပ်ကို ဖန်တီးသည်။ သူက အမြန်ဆုံးနှုန်းကို အသုံးပြုကာ အဆုံးမဲ့အတားအဆီးများကို ဖန်တီးလေ၏။
ထိုအခါ သန့်စင်ခြင်းခံနေရသော ဟင်းလင်းပြင်၏အထက်၌ လောကကို လောင်ကျွမ်းမည့် အစွမ်းထက်ရှေးဟောင်းထီးတစ်လက် ပေါ်လာသည်။ ခန့်ညားထည်ဝါမှုအငွေ့အသက်များစွာ ပျံ့နှံ့လာသည်။
“နယ်မြေလောင်ကျွမ်းခြင်းထီး…ဒီနယ်မြေကို ဖျက်စီးလိုက်စမ်း…” ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်လိုက်၏။ သူက ဧရာမထီးတစ်လက်ကို ဖမ်းကိုင်လိုက်သည့်အလား။ သူ့ဘယ်လက်ဖြင့် ၎င်းကို တွန်းထိုးကာ ဖွင့်လှစ်လိုက်လေ၏။
တုန်ဟည်းသံများ ကျယ်လောင်စွာ ပဲ့တင်ထပ်၏။ ရှေးဟောင်းထီးသည် တုန်ယင်ကာ ဆယ်ရာခိုင်နှုန်း ပွင့်ဟလာသည်။
ထီးထံမှ ကြောက်မက်ဖွယ်မီးတောက်များ ထိုးထွက်လာကာ ကြယ်နယ်မြေပေသန်းခုနစ်ရာထံ တရှိန်ထိုး ဆင်းသက်လေ၏။
အဝေးမှ ကြည့်ပါက ထိုကြယ်နယ်မြေသည် အဆုံးမဲ့မီးပင်လယ်တစ်ခုနှင့် တူနေပေမည်။ ပြင်းထန်သောဖိအားတစ်ခုသည် ဒေါသပုန်ထနေသောမီးတောက်များထံမှ ပျံ့နှံ့နေ၏။ ရှေးဟောင်းထီးထံမှ မီးထွက်ပေါ်လာသည့်အခါ၌ ဟင်းလင်းပြင်သန်းခုနစ်ရာသည် အရူးအမူး သန့်စင်ခြင်း ခံရလေ၏။
ဟင်းလင်းပြင်ပေသန်းခုနစ်ရာည် စတင် ကြုံ့လာ၏။ ပေသန်းခြောက်ရာ၊ လေးရာ၊ သန်းသုံးရာ၊ တစ်ရာ၊ ပေသန်းခြောက်ဆယ်ထိ ကြုံ့သွားသည်။ သန့်စင်ခြင်းဖြစ်စဉ်သည် ကြီးမားစွာ အရှိန်မြင့်သွား၏။
သန့်စင်ခံရ၍ ဗလာကင်းမဲ့သွားသော ဧရိယာကနေ နယ်မြေချိပ်ပိတ်ခြင်းအစီအရင် ပိုက်ကွန်ကို လှစ်ဟပေါ်လာစေပြီး အပေါက်များစွာ ဖြစ်ပေါ်သည်။
“ခုထိ ထွက်မလာသေးဘူးလား…” ဝမ်လင်းသည် ပေသန်းခြောက်ဆယ်ဧရိယာအတွင်း၌ မြေနိမ့်သားရဲကို ခံစားမိ၏။ သူက သူ့လက်ကို ဝေ့ယမ်းလိုက်ရာ အင်ပါယာမီးပြင်းဖို ပေါ်လာသည်။ အဆိပ်ရည်ကိုးစက်သည် မီးနှင့်မိုးကြုးတို့အတွင်း နစ်မြုပ်ပေါင်းစပ်သွားသည်။
ထိုနည်းလမ်းသည် အဖိုးတန်လှသော အဆိပ်ကို ဖြုန်းတီးပစ်ခြင်း မဟုတ်ပေ။ သို့သော် ၎င်းက သိမ့်မွေပုံစံမြေနိမ့်သားရဲ အတင်းအကြပ် ထွက်လာအောင် လုပ်ရန် ဝမ်လင်းကို အချိန်တစ်ခု ပေးပေလိမ့်မည်။
မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်နေရင်း သန့်စင်ခြင်း ပြုနေ၏။ ပေသန်းခြောက်ဆယ်ဟင်းလင်းပြင်သည် ခုဆို သန်းသုံးဆယ်သာ ကျယ်ပြောတော့၏။ တစ်ချိန်တည်းမှာ အနက်ရောင်အခိုးအငွေ့အဆိပ်များက သည်ဧရိယာကို ပြန့်နှံ့လေသည်။
ထိုအခိုက်၌ စိုးရိမ်ပူပန်သောဟိန်းသံတစ်သံ ထွက်ပေါ်လာ၏။ မြေနိမ့်သားရဲ၏ ခန္ဓာကိုယ်သည် အဆိပ်မြူများ နစ်မြုပ်နေသော ဧရိယာကနေ ရုတ်တရက် ထွက်ပေါ်လာသည်။
၎င်း ပေါ်လာသည်နှင့် ဝမ်လင်းသည် ရှေ့သို့ လှမ်းကာ နီးကပ်သွားသည်။ မြေနိမ့်သားရဲ ၎င်း၏ပါးစပ် မဖွင့်ဟနိုင်ခင်မှာပင် သူ့လက်ဖြင့် မြေနိမ့်သားရဲ၏ ဦးခေါင်းပေါ်ရှိ ကျန်နေသေးသော ချိပ်ပိတ်မှုအမျှင်တန်းပေါ်သို့ ရိုက်ချလိုက်လေ၏။
မြေနိမ့်သားရဲ၏ မပွင့်ဟသေးသော ပါးစပ်အတွင်းမှ ခပ်အွတ်အွတ်ညည်းသံများ ထွက်ပေါ်လာချေသည်။
***