အသက်အနှစ်သာရသားရဲ
Vol. 113 Ch. 1558
ထိုလက်ဝါးချက်တွင် ဝမ်လင်း၏စိတ်ဆုံးဖြတ်ပြတ်သားမှုတို့ ပါဝင်လေ၏။ မည်သို့ပင်ဖြစ်စေ သူသည် မြေနိမ့်သားရဲကို သူ၏အသက်အနှစ်သာရသားရဲဖြစ်အောင် လုပ်မည်မှာ သူ၏ဆန္ဒပင်။ ပျောက်ကွယ်တော့မည့် မြေနိမ့်သားရဲဦးခေါင်းပေါ်မှ ချိပ်ပိတ်မှုသည် ချိပ်ပိတ်မှုအားအင်အသစ်များဖြင့် ပြည့်နှက်သွားသည်။
ဖျပ်ခနဲ ထိုချိပ်ပိတ်မှုသည် တောက်ပသောအလင်းကို ပေးစွမ်းလာသည်။ ၎င်းသည် ပြန်ဖွဲ့စည်းသွားရုံသာမက အရင်ထက် သုံးဆယ်ရာခိုင်နှုန်းလောက် ပိုအားကောင်းသွားသည်။
မြေနိမ့်သားရဲသည် ၎င်း၏ပါးစပ်ကို ဖွင့်ဟလိုက်သည့်အခါ ဝမ်လင်းသည် ကောင်းကင်ထက်သို့ မာန်သွင်းအော်ဟစ်လိုက်သည်။ သူ့မျက်လုံးသည် နီရဲလျက် လက်ကို ကောင်းကင်ထက်သို့ ဆန့်ထုတ်သည်။
ပေသောင်းချီရှည်လျားသော ကျာပွတ်ကြီးတစ်ခုသည် ဒီသန့်စင်ခံထားရသောကြယ်နယ်မြေတွင် ပေါ်လာ၏။ ဝမ်လင်းက ထိုကျာပွတ်ကို ဆွဲယူလိုက်လေ၏။
အဝေးမှ ကြည့်ပါက အနှီကျာပွတ်သည် မြေနိမ့်သားရဲလောက် ရှည်လျားနေသည်ကို တွေ့မြင်ရမည်။ ကျာပွတ်က ကြယ်များကြား ကခုန်နေသည့် မြင်ကွင်းသည် အလွန်တရာ တုန်လှုပ်ဖွယ်ကောင်းလှ၏။
ကျာပွတ်ပေါ်လာသည်နှင့် ဝမ်လင်းက လက်ဝေ့ယမ်းလိုက်ရာ ၎င်းသည် မြေနိမ့်သားရဲထံသို့ ရိုက်ချသွားသည်။
စိတ်ဝိညာဉ်ကျာပွတ်။
စိတ်ဝိညာဉ်ကျာပွတ်က မြေနိမ့်သားရဲပေါ်သို့ ကျရောက်သွားချိန်၌ ကျယ်လောင်စွာမြည်ဟိန်းသံ ဖြစ်ပေါ်၏။ ၎င်းသားရဲ၏ခန္ဓာကိုယ်မှ ခပ်အုပ်အုပ်အသံတစ်သံ ထွက်ပေါ်လာသည်။ ၎င်း၏ခန္ဓာကိုယ်မှာ တုန်ယင်လျက် ၎င်း၏စိတ်ဝိညာဉ်သည် ခန္ဓာကိုယ်အတွင်းမှ ထွက်လာမည့် အရိပ်အယောင် ပြလာသည်။ သို့ပေမည့် ၎င်းသည် ထိုကျာပွတ်ကို တောင့်ခံထားနိုင်စွမ်း ရှိနေသည်။
ဝမ်လင်းသည် တစ်စက်လေးပင် မရပ်တန့်ပေ။ စိတ်ဝိညာဉ်ကျာပွတ်ထဲ၌ ဝမ်လင်း၏ရူးသွပ်မှု ပါဝင်နေဟန် ရသည်။ ကျာပွတ်သည် ရှစ်ကြိမ်တိုင်တိုင် ရိုက်ချလေ၏။
ပြီးခဲ့သော ကျာပွတ်ရိုက်ချက်ကိုပါ ထည့်ပေါင်းပါက ကိုးကြိမ်ရိုက်ချလိုက်ပြီ ဖြစ်၏။ ကျယ်လောင်သောတုန်ဟည်းသံများ ပဲ့တင်ထပ်ကာ မြေနိမ့်သားရဲသည် ၎င်းကို ဆက်၍ တောင့်မခံနိုင်တော့ပေ။ ၎င်း၏ကြောက်တတ်သောသဘာဝက ၎င်း၏မျက်လုံးထဲဝွင် ပြန်ပေါ်လာပြီး ၎င်း၏စိတ်ဝိညာဉ်သည် ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာတော့သည်။
သို့ရာတွင် ထိုစိတ်ဝိညာဉ်မှာ ရေခဲချပ်လွှာကြီး၏ထိပ်ပိုင်းမျှသာဟု ဆိုနိုင်သည်။ မြေနိမ့်သားရဲသည် ကြောက်လန့်နေသော်လည်း ၎င်းက အခုချိန်သည် သေရေးရှင်ရေးအခိုက်အတန့်မှန်း နားလည်၏။ ထို့ကြောင့် ၎င်းသည် ၎င်း၏စိတ်ဝိညာဉ်ကို ခန္ဓာကိုယ်အတွင်းသို့ ပြန်ဆွဲငင်ယူသည်။
ဝမ်လင်းက ထိုသို့ဖြစ်သွားမည်ကို အဘယ်သို့ ခွင့်ပြုပါ့မည်နည်း။ သူက သူ့လက်ကို ဝေ့ယမ်းလိုက်၏။ ကြယ်များကြား တစီစီအသံများ ပဲ့တင်ထပ်သည်။ ထိုစဉ် ကျာပွတ်သည် မြေနိမ့်သားရဲပေါ်သို့ ဦးတည်သွားပြန်သည်။ ရိုက်ချက် ဆယ့်ကိုးချက်ကနေသည် ကိုးဆယ့်ကိုးချက်ထိ ရှိလာသည်။
အကြိမ်တစ်ရာမြောက် ကျာပွတ်ရိုက်ချက် ကျရောက်သွားသည့်အခါ စိတ်ဝိညာဉ်ကျာပွတ်သည် လွန်စွာတောက်ပ၏။ ၎င်းသည် စတင်ပျက်စီးလာ၏။ နေကဲ့သို့ တောက်ပသော ရွှေရောင်အလင်းတစ်ခုသည် စိတ်ဝိညာဉ်ကျာပွတ်ထံမှ ထွက်ပေါ်လာသည်။
မြေနိမ့်သားရဲကို ထိုအလင်းဖြင့် ဖုံးလွှမ်းသွားသည့်အခါ ၎င်းသည် ဆက်လက် မရုန်းကန်နိုင်တော့ပေ။ ၎င်း၏စိတ်ဝိညာဉ်သည် ၎င်း၏ခန္ဓာကိုယ်မှ အတင်းထွက်ပေါ်ကာ ကြယ်များကြား၌ ပေါ်လာ၏။
မြေနိမ့်သားရဲ၏စိတ်ဝိညာဉ်သည် လောကကို ဝါးမြိုနိုင်သော ဧရာမပါးစပ်ကြီးတစ်ခုသာ ဖြစ်သည်။ ၎င်း၏ပါးစပ် မဖွင့်ဟလာနိုင်ခင်မှာ ဝမ်လင်းက အနားရောက်လာ၏။ သူ့ကြယ်ခုနစ်လုံးသည် မြန်ဆန်စွာ လှည့်ပတ်လျက် ထိုစိတ်ဝိညာဉ်ပါးစပ်ထံသို့ ဦးတည်ဝင်ရောက်သည်။
တုန်ဟည်းသံများ ပဲ့တင်ထပ်၏။ ကြယ်ခုနစ်လုံးသည် မြေနိမ့်သားရဲကို ထွင်းဖောက်သွားပြီး နောက်ဆုံးကျန်နေသေးသော ကြယ်နှင့် ပေါင်းစပ်သွားသည်။
ချက်ခြင်းပင် စိတ်ဝိညာဉ်ချိပ်ပိတ်မှုသည် ကြယ်တစ်လုံးကနေသည် တောက်ပသောကြယ်ခုနစ်လုံးစွမ်းအားအဖြစ်သို့ ပြန်ကောင်းမွန်သွားသည်။
စိတ်ဝိညာဉ်ချိပ်ပိတ်မှု နောက်တဖန် ပြီးပြည့်စုံသွားပြန်၏။
သို့ပေမည့် ထိုမျှနှင့် မပြီးသေး။ ချိပ်ပိတ်မှုသုံးခုတွင် အသွေးအသားနှင့် ခန္ဓာကိုယ်ချိပ်ပိတ်မှု ကျန်နေသေး၏။ ဝမ်လင်းက စိတ်ဝိညာဉ်ပေါ်သို့ ဖိချလိုက်ရာ ၎င်းသည် မြေနိမ့်သားရဲ၏ခန္ဓာကိုယ်အတွင်း ပြန်ရောက်သွားသည်။
တစ်ချိန်တည်းမှာ ဝမ်လင်းက သူ သန့်စင်ထားသော ကြယ်နယ်မြေပေသန်းရှစ်ရာ၏ စွမ်းအားကို ငှားယမ်းယူသည်။ မြေနိမ့်သားရဲ သူ့ဟာသူ ပါးစပ်မဖွင့်ဟလာနိုင်ခင်မှာ ဝမ်လင်းက ၎င်း၏ပါးစပ်ကို ဖမ်းကိုင်ပြီး သူ၏ရှေးဟောင်းနတ်ဘုရားစွမ်းအားကို သူ့လက်နှစ်ဖက်ထဲသို့ သွန်းလောင်း၏။ သူက ၎င်းပါးစပ်ကို ကြမ်းတမ်းစွာ ဆုတ်ဖြဲကာ ပွင့်ဟအောင် လုပ်သည်။
မြေနိမ့်သားရဲခန္ဓာကိုယ်အတွင်း၌ နယ်မြေတစ်ခု ရှိနေ၏။ ၎င်းနယ်မြေမှာ ၎င်း၏စိတ်ဖြင့် ပါးစပ်ကို ဖွင့်ဟမှသာ ပေါ်လာမည် ဖြစ်သည်။ တစ်စုံတစ်ယောက်က ၎င်း၏ပါးစပ်ကို အတင်းအကြပ် ဖွင့်ဟပါက ထိုနယ်မြေသည် မပေါ်လာနိုင်ပေ။ ၎င်း၏ခန္ဓာကိုယ်အတွင်းပိုင်းသာ လှစ်ဟပေါ်လာပေမည်။
ဝမ်လင်းသည် မြေနိမ့်သားရဲ၏ပါးစပ်ကို အနည်းငယ်မျှ ကြမ်းတမ်းစွာ ပွင့်ဟစေလိုက်၏။ ထိုအခါ မြေနိမ့်သားရဲပါးစပ်အတွင်းမှ စုစည်းထားသော ဟိန်းသံက အတင်းထိုးထွက်၍ ဝမ်လင်းနှင့်ထိပ်တိုက်တွေ့သည်။
ထိုဟိန်းသံသည် ဝမ်လင်းကို နောက်သို့ လွင့်ထွက်သွားစေရန် တာဆူသည်။
သို့ရာတွင် ဝမ်လင်း၏ခန္ဓာကိုယ်သည် တစ်စက်လေးပင် နောက်မဆုတ်သွားပေ။ မြေနိမ့်သားရဲ၏ပါးစပ်ကို ပွင့်ဟပြီးနောက် သူက သူ့လက်နှစ်ဖက်ကို ဆတ်ခနဲ ပြန်ရုတ်သည်။ ထို့နောက် သူသည် ရှေးအမိန့်အော်ရာ ပါဝင်သော မရေမတွက်နိုင်သည့် အတားအဆီးများကို ဖန်တီးသည်။ အတားအဆီးမုန်တိုင်းတစ်ခုသည် မြေနိမ့်သားရဲ၏ပါးစပ်အတွင်းသို့ တိုးဝင်သွားလေ၏။
၎င်းမုန်တိုင်းသည် မြေနိမ့်သားရဲ၏ခန္ဓာကိုယ်တွင်း ဝင်ရောက်ကာ ၎င်း၏အတွင်းအင်္ဂါများ၊ သွေးကြောများ၊ အရိုးများနှင့် အတွင်းရှိ အရာအားလုံးထံသို့ ဦးတည်သည်။
အတားအဆီးမြောက်များစွာသည် မြေနိမ့်သားရဲထံ အရူးအမူး တရှိန်ထိုး ဝင်ရောက်ကာ အရာရာကို ချိပ်ပိတ်သည်။ အသက်ရှုချိန်အနည်းငယ်အတွင်း မြေနိမ့်သားရဲသည် လုံးဝ ချိပ်ပိတ်ခံလိုက်ရတော့သည်။
ထိုအရာများကို ပြုလုပ်ပြီးသည့်နောက် ဝမ်လင်းသည် ပေတစ်ထောင်ထိ နောက်ပြန်ဆုတ်၏။ သူ့မျက်နှာမှာ နီရဲနေသည်။ အရာအားလုံးသည် မြန်ဆန်စွာ ဖြစ်ပျက်သွားခြင်းပင်။ သူသည် ခုထိ ဖိအားခံစားမိကာ စိတ်လေးနေသေးသည်။
သူ နောက်ဆုတ်လိုက်ပြီးနောက် သူက ချိပ်ပိတ်မှုသုံးမျိုးဖြင့် ချိပ်ပိတ်ခံထားရသော မြေနိမ့်သားရဲထံ အေးစက်စက် ကြည့်သည်။
“ဒီနေ့…ရှေးအမိန့်အမွေအနှစ်နဲ့ တော်ဝင်ရှေးဟောင်းနတ်ဘုရားတစ်ပါးအနေနဲ့ ဒီသားရဲကို ငါ့အသက်အနှစ်သာရသားရဲအဖြစ် ကြေညာတယ်…”
“မြေနိမ့်သားရဲ ငါ့အသက်အနှစ်သာရသားရဲ ဖြစ်လာစမ်း…” ဝမ်လင်းက ညာလက်ကို ပင့်မြှောက်ကာ မြေနိမ့်သားရဲထံသို့ လက်ညွှန်လိုက်လေ၏။
ချိပ်ပိတ်မှုသုံးခု တပြိုင်နက်တည်း အသက်ဝင်လာသည်နှင့် မြေနိမ့်သားရဲ၏ခန္ဓာကိုယ်သည် အပြင်းအထန် တုန်ခါလေသည်။ ၎င်းပတ်လည်တွင် တစ္ဆေဆန်သောအလင်းတစ်ခု စတင်တောက်ပလာသည်။ ၎င်း၏မျက်လုံးထဲရှိ ရုန်းကန်မှုမှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး ညင်သာမှုအငွေ့အသက် အစားထိုးလာ၏။
ဆယ့်ငါးမိနစ်ခန့်ကြာပြီးနောက် ထိုမြေနိမ့်သားရဲသည် ဆက်လက်၍ မရုန်းကန်တော့ပေ။ ၎င်းသည် ဝမ်လင်းထံ ဦးတည်၍ ခေါင်းငုံ့ထားလေ၏။
ဝမ်လင်း၏စိတ်နှလုံးထဲ၌ ချိပ်ဆက်မှုတစ်ခု ပေါ်လာသည်။ ယင်းမှာ ရှင်းမပြနိုင်သောခံစားမှုတစ်ခုပင်။ ထိုမြေနိမ့်သားရဲက သူ၏အစိတ်အပိုင်း ဖြစ်လာသည့်အလား။
ထိုခံစားချက် ပေါ်လာသည့်အခါ အားကောင်းသောအသက်ဓာတ်နှင့် ရှေးဟောင်းအော်ရာတစ်ခုသည် အထူးနည်းလမ်းဖြင့် မြေနိမ့်သားရဲထံမှ ဝမ်လင်း၏စိတ်ထဲသို့ တရှိန်ထိုး ဝင်ရောက်လာသည်။
သူသည် မြေနိမ့်သားရဲ ဖြစ်လာသည့်နှယ်။ မြေနိမ့်သားရဲ၏မှတ်ဉာဏ်များ ဝမ်လင်း၏စိတ်ထဲ၌ ပြည့်နှက်လာ၏။ ထိုအခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်မှ တစီစီအသံများ ထွက်ပေါ်လာကာ သူ၏ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်သည် မြန်ဆန်စွာ ချဲ့ကား ထွက်လာသည်။
မြေနိမ့်သားရဲခန္ဓာကိုယ်မှ အသက်ဓာတ်များသည် အလွန်အမင်း အားကောင်း၏။ ယင်းအသက်ဓာတ်များသည် ဝမ်လင်း၏ခန္ဓာကိုယ်တွင်းသို့ တရဟော ဝင်လာနေရင်း သူ၏ခန္ဓာကိုယ်မှာ ပေတစ်သောင်း၊တစ်သောင်းခွဲ၊ သုံးသောင်းထိ ချဲ့ကားဖောင်းကြွလာ၏။ သူသည် ပေခြောက်သောင်းလောက်ထိ ရောက်မှ ချဲ့ကားခြင်းမှာ ရပ်တန့်သွားလေ၏။
ကြယ်များကြား၌ ပေခြောက်သောင်းမြင့်မားသည့် ရှေးဟောင်းနတ်ဘုရားတစ်ပါး ပေါ်လာချေသည်။
ဝမ်လင်းက လက်သီးဆုပ်ကာ ရှေ့တည့်တည့်သို့ ကြည့်သည်။ သူ၏ရှေးဟောင်းနတ်ဘုရားစွမ်းအားများသည် သူ့ခန္ဓာကိုယ်အတွင်း၌ လှည့်ပတ်ကာ အားကောင်းလှသောအသက်ဓာတ်က သူ့ကို ယုံကြည်မှုဖြင့် ပြည့်နှက်စေ၏။
“ထူစီရဲ့မှတ်ဉာဏ်ထဲမှာ အသက်အနှစ်သာရသားရဲတစ်ကောင် ပိုင်ဆိုင်ပြီးတဲ့နောက် လမြွေနဂါးကို မွေးဖွားစေနိုင်တဲ့အခါ ရှေးဟောင်းနတ်ဘုရားတစ်ပါး အမှန်အကန် ဖြစ်လာပြီလို့ ပြောထားတာ အံ့အားသင့်စရာ မရှိတော့ဘူး။ ငါ့မှာ ဘာလမြွေနဂါးမှ မပိုင်ဆိုင်ထားပေမယ့် ဒီအသက်အနှစ်သာရသားရဲနဲ့တင် ငါ့ခန္ဓာကိုယ်ကို ဒီအဆင့်ထိ ရောက်စေခဲ့ပြီ…”
ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေ၏။ သူ၏ ပေခြောက်သောင်းခန္ဓာကိုယ်မှာ မြန်ဆန်စွာ ကြုံ့နေသည်။ တစီစီအသံများ ထွက်ပေါ်နေရင်း သူသည် ပုံမှန်ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်အရွယ်အစားသို့ ပြန်ရောက်ရှိ၏။ သို့ပေမည့် သူ၏ပုံပန်းသွင်ပြင်ကမူ အရင်နှင့် အတော်လေး ကွာခြားသွားခဲ့လေပြီ။
သူ့ထံ၌ ဆံပင်ဖြူများကမူ ရှိနေဆဲပင်။ သူသည် လူငယ်တစ်ယောက်နှင့် တူသော်လည်း အခုဆို ပို၍ ငယ်ရွယ်ပုံ ပေါက်လာသည်။ သူ့ခန္ဓာကိုယ်ပတ်လည်၌ ပုံရိပ်ယောင်တစ်ခု ရှိလို့နေ၏။ တတိယအဆင့်ကျင့်ကြံသူများကလွဲ၍ လူတိုင်း၏အမြင်တွင် ဝမ်လင်းသည် ရုပ်ပိုင်းခန္ဓာကိုယ်မရှိသော ဝေဝေဝါးဝါးစိတ်ဝိညာဉ်တစ်ခုနှင့် တူနေပေလိမ့်မည်။
သူက ခေါင်းမော့ကာ မြေနိမ့်သားရဲကို ကြည့်လိုက်၏။ သူသည် မြေနိမ့်သားရဲ၏မှတ်ဉာဏ်များအားလုံးကို သိရှိသွားပေပြီ။ မြေနိမ့်သားရဲမှာ ၎င်း၏အချိန်အများစုကို အိပ်စက်ခြင်းဖြင့်သာ ကုန်ဆုံးလေ၏။ ၎င်း၏မှတ်ဉာဏ်များမှာလည်း ဗရမ်းဗတာ ဖြစ်လို့နေသည်။ အထူးသဖြင့် ၎င်း၏မွေးဖွားမှုပင်။ ၎င်းသားရဲကိုယ်တိုင်သည်ပင် ၎င်း မည်သို့မည်ပုံ ဖြစ်တည်လာခဲ့သည်ကို သိမနေပေ။
ယင်းသားရဲထံ၌ ရှင်းရှင်းလင်းလင်းမှတ်ဉာဏ်တစ်ခုသာ ရှိနေ၏။ ဤမှတ်ဉာဏ်မှာ ခုနစ်ရောင်စုံနယ်မြေနှင့် ပတ်သတ်သည့်မှတ်ဉာဏ်ပင်။
ဝမ်လင်းက စဉ်းစားပြီးနောက် နတ်ဘုရားအာရုံအမျှင်တန်းတစ်ခုကို မြေနိမ့်သားရဲထံသို့ ဝင်ရောက်စေလိုက်၏။ ၎င်း၏မျက်လုံးသည် ဖွင့်လာ၏။ ၎င်း၏ပါးစပ်သည်လည်း ဖြည်းဖြည်းချင်းဟလာသည်။ မြင့်မြတ်သောလင်းတန် ပါးစပ်အတွင်းမှ လွင့်ထွက်လာ၏။ သူမှာ သနားစရာအခြေအနေပင်။ သူ့မျက်လုံးထဲတွင်လည်း ကြောက်ရွှံ့မှုတို့ ရှိနေဆဲသာ။
လင်းတန်ပြီးနောက် ကျိုးကျင်နှင့် ရှေးဟောင်းသစ်ရွက်များ ထွက်ပေါ်လာကြသည်။
နောက်ဆုံးတွင် လမြွေနဂါး ထွက်လာ၏။
ဝမ်လင်းက ကျိုးကျင်၊လင်းတန်တို့ကို အင်ပါယာမီးပြင်းဖိုအတွင်းသို့ ပြန်ဝင်စေကာ သူ့ပထမဆုံးကြယ်အတွင်း၌ သိမ်းဆည်းထားလိုက်သည်။ ထို့နောက် သူက ကျန်အရာများကိုလည်း သိမ်းဆည်းလိုက်ပြီး မြေနိမ့်သားရဲကို ကြည့်ကာ မျက်မှောင်ကြုတ်သွားသည်။
“ဒီမြေနိမ့်သားရဲရဲ့ မှတ်ဉာဏ်တွေဟာ ရှုပ်ပွနေတယ်။ ဒီကောင်က ဗိုက်ဆာနေတဲ့အချိန် ခုနစ်ရောင်စုံနယ်မြေကို နည်းနည်းခက်ခက်ခဲခဲ ဝါးမြိုခဲ့ရတယ်။ ဒီသားရဲက တချို့အရံအတားတွေကို ချိုးဖျက်ပြီး ၎င်းမှာ မရှိသင့်တဲ့ အရာတစ်ခုကိုတောင် ဝါးမြိုပစ်ခဲ့သေးတယ်။ ဒါက တော်တော်လေး ထူးဆန်းတယ်။ ဒီသားရဲက ဘယ်လိုများ တာအိုသစ်သီးတစ်လုံးကို ဝါးမြိုနိုင်ခဲ့တာလဲ…”
ဝမ်လင်းသည် စဉ်းစားနေရင်း သူ့လက်ကို မြေနိမ့်သားရဲပေါ်သို့ တင်လိုက်၏။
မြေနိမ့်သားရဲ၏ခန္ဓာကိုယ်သည် တုန်ယင်သွားပြီး ၎င်း၏ပါးစပ်မှ ခုနစ်ရောင်စုံအလင်း ထွက်ပေါ်လာ၏။ ၎င်း၏ပါးစပ်သည် ဖြည်းဖြည်းချင်း ဆက်ပွင့်ဟကာ ပေရာချီကြီးမားသော လိမ္မော်ရောင်သစ်သီးတစ်လုံးသည် ပျံသန်းထွက်လာသည်။ ၎င်းသစ်သီးမှာ တာအိုသစ်သီးပင်။
တာအိုသစ်သီးထံမှ တာအိုဆန္ဒအော်ရာ ပျံ့နှံ့လာ၏။ ဝမ်လင်းသည် ထိုလိမ္မော်ရောင်တာအိုသစ်သီးကို စိုက်ကြည့်နေရင်း သူ့မျက်လုံးသည် တလက်လက် ဖြစ်လာသည်။
“ငါ့ရဲ့ ကံမ္မ၊ သေခြင်းရှင်ခြင်း၊ အမှန်နဲ့အမှား အနှစ်သာရတွေဟာ ပြီးပြည့်စုံစေဖို့အတွက် အလွန်တရာ ခက်ခဲလှတယ်။ ဒီအနှစ်သာရ သုံးခုလုံးဟာ တာအိုပဲ။ ငါသာ ဒီတာအိုသစ်သီးတော်တော်များများကို ရမယ်ဆိုရင် ငါ့ရဲ့ အနှစ်သာရသုံးခုကို ပြီးပြည့်စုံအောင် လုပ်ဖို့ ဖြစ်ကောင်း ဖြစ်နိုင်လိမ့်မယ်…” ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်းလိုက်ပြီး လိမ္မော်ရောင်သစ်သီးကို သိမ်းဆည်းလိုက်လေ၏။
တာအိုသစ်သီး မရှိတော့သည်နှင့် မြေနိမ့်သားရဲ၏ဉာဏ်ပညာမှာ ဆက်လက် မတည်ရှိတော့ပေ။ ၎င်းသည် မူလပုံစံအတိုင်း ပြန်ဖြစ်လာတော့သည်။ ၎င်းသားရဲသည် ဝမ်လင်းကို ရီဝေစွာ ကြည့်နေ၏။ အခု ထိုသားရဲသည် အတိတ်တုန်းက ခုနစ်ရောင်စုံနယ်မြေကို စိုက်ကြည့်နေစဉ်က ပုံစံမျိုးနှင့် တူနေ၏။ ၎င်း၏စိတ်သည် ထပ်မံ ရှုပ်ထွေးလာ၏။ သို့သော် ၎င်းသည် တာအိုသစ်သီးအချို့အဝက်ကို ဝါးမြိုခဲ့သည့်အတွက် ဉာဏ်ရည်အချို့တော့ ရလာသည်။ ထိုသားရဲသည် ဇဝေဇဝါပုံစံ ရှိနေဆဲ ဖြစ်သော်လည်း အရင်ထက်စာလျှင်တော့ အများကြီး အသိ ပိုရှိလာခဲ့ပေပြီ။
***