← Chapters

နတ်ဆိုးလောက - ကမ္ဘာလိပ်ပြာ

Vol. 100 Ch. 1396

နတ်ဆိုးလောက - ကမ္ဘာလိပ်ပြာ

Vol. 100 Ch. 1396

ထို့‌နောက် ဒုတိယတောင်မှ အလင်းတန်းများ ဖြာထွက်လာပြီး လှိုင်းထနေသော ဒုတိယပင်လယ်ထဲမှ ကြောက်မက်ဖွယ်ရာအသွင်အပြင်နှင့် အဆုံးမဲ့အရောင်အဝါနှင့်အတူ တစ္ဆေဆန်ဆန်အအေးဓာတ်ကို ထုတ်လွှတ်နေသည့် စစ်ရထားတစ်လုံး ပေါ်လာသည်။ ကြည့်ရသရွေ့ ဤစစ်ရထားကား ပါရာဂွန်များ၏ဝိညာဉ်ကိုပင် ထိုးဖောက်နိုင်သယောင်ပင်။

မျက်စိတစ်မှိတ်အတွင်း တတိယ၊ စတုတ္ထ၊ ပဉ္စမနှင့် ဆဋ္ဌမတောင်တို့သည် ၎င်းတို့၏ပင်လယ်အသီးသီးနှင့်အတူ အင်အားကြီးမားသော အရင်းအမြစ်တို့ကို ထုတ်လွှတ်လိုက်ကြ၏။ တချို့က တောင်များမှ လာပြီး တချို့က ဂြိုဟ်များမှ လာသည်။

အံ့အားသင့်ဖွယ်ကောင်းစွာနှင့် စတုတ္ထတောင်မှ ခံညားထည်ဝါသောမြစ်တစ်စင်း စီးဖြာလာသည်။

တောင်ပင်လယ်အတွင်းမှ ပေါ်ထွက်လာသော စွမ်းအားလှိုင်းများနှင့် မာန်သွင်းဟိန်းဟောက်သံများက အပြင်သူများအား လုံးလုံးလျားလျား တုန်လှုပ်နေစေတော့သည်။ တောင်ကိုးလုံးမှ ရွှမ်းဝူလိပ်ကြီးကိုးကောင်က သတ်ဖြတ်လိုစိတ်တို့ ဆူဝေနေလျက် မီးဝင်းဝင်းတောက်နေသော မျက်ဝန်းများဖြင့် တန်ခိုးလှိုင်းများဖြန့်ကျက်၍ ဟိန်းဟောက်လိုက်ရာ ကြယ်တာရာ‌ကောင်းကင်မှာ တသိမ့်သိမ့်လှုပ်ခါသွားရ၏။

ဤအခိုက်အတန့်တွင် နဝမတောင်၏အပြင်ရှိ တောင်ကောင်းကင်ဂြိုဟ်လည်း တဝုန်းဝုန်းမြည်စပြုလာသည်။

ရွှေတုန်းလျှို၏မျက်လုံးများက လင်းလက်တောက်ပလျက်ရှိ၏။ “အခု အစီအစဉ်ရဲ့ တတိယအပိုင်းအတွက် .... ‌တောင်ကောင်းကင်ဂြိုဟ်အောက်က လိပ်ပြာကို လွှတ်ပေးရမယ်”

ရွှေတုန်းလျှိုသည် လျင်မြန်စွာ လက်နှစ်ဖက်မုဒြာလက်ကွက်ဖော်ပြီးနောက် ခေါင်းနောက်လှန်ကာ ဟိန်းဟောက်လိုက်၏။

သူ၏ဟိန်းဟောက်သံကြီးက တောင်ကောင်းကင်ဂြိုဟ်ကို တဝုန်းဝုန်းတုန်ခါစေလျက် ပဲ့တင်ထပ်သွားသည်။ ဂြိုဟ်မှာ ပြိုကွဲဖို့ တဲတဲလေးသာ လိုတော့သည်ဖြစ်၍ ယခုတော့ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားတော့သည်။

ဝုန်းးးးးးးးးးး

ကျောက်ခဲမြေမှုန်များ အရပ်လေးမျက်နှာသို့ လွင့်စင်ထွက်သွားသည့်အခါ .... အထဲရှိ အနက်ရောင်အလင်းစက်တစ်သိန်း ပေါ်လာ၏။ ချက်ချင်းပင် ၎င်းတို့က သွေးဆာနေသည့်အလား ရန်လိုစွာ ဟိန်းဟောက်ရင်း ပျံထွက်လာသည်။

လှောင်အိမ်ပွင့်သွားသဖြင့် ဧရာသားရဲကြီးတစ်ကောင် လွတ်လာခဲ့သည့်အလားပင်။ ထိုအလင်းစက်များမှာ အမှန်တကယ်တော့ ဆိုးရွားကြမ်းကြုတ်သော နတ်ဆိုးတစ်သိန်းဖြစ်၏။ သူတို့သည် ပါရာဂွန်အင်မော်တယ်လောကကို ပျက်သုဉ်းစေခဲ့သည့် စစ်ပွဲကြီးအတောအတွင်း သုံ့ပန်းအဖြစ် အဖမ်းခံခဲ့ရပြီး အသိစိတ်ဖယ်ရှားခံလိုက်ရ၍ ... သတ်ဖြတ်ဖို့သာ သိကြတော့သည်။

ကျောချမ်းဖွယ်ဟိန်းဟောက်သံတစ်သိန်းက ပဲ့တင်ထပ်နေပြီး အနီရောင်မျက်လုံးအစုံတစ်သိန်းသည်လည်း စူးရဲတောက်ပနေ၏။ ပျံထွက်လာလာချင်း သူတို့တွင် ဦးတည်ရာသော်လည်းကောင်း၊ ဗျူဟာသော်လည်းကောင်း မရှိသော်လည်း တောင်ပင်လယ်စိတ်ဆန္ဒက သူတို့ကို ထိန်းချုပ်ကာ တစ်ဖွဲ့အား အပြင်သူစစ်တပ်ထံ စေလွှတ်၍ ကျန်တစ်ဖွဲ့အား ကြယ်တာရာကောင်းကင်၏ထိပ်ဆုံးရှိ အင်မော်တယ်နတ်ဘုရားကမ္ဘာသို့ စေစားလိုက်သည်။

သို့ထိတိုင် ဤမျှနှင့်မပြီးသေး။ တောင်ကောင်းကင်ဂြိုဟ်၏အပျက်အစီးများထဲမှ နတ်ဆိုးတစ်သိန်း လွတ်လာပြီးနောက် အမှောင်ထုထဲ၌ အခြားတစ်ခုပေါ်လာသည်... လိပ်ပြာတစ်ကောင်။

လိပ်ပြာမှာ ‌ပေါ်လာလျှင်ချင်း သိပ်ကြီးမားပုံမပေါ်ပေ။ သို့သော် မျက်စိတစ်မှိတ်အတွင်း ၎င်းသည် ကြောက်စရာကောင်းလောက်အောင် ကြီးမားလာ၍ မကြာမီ ဂြိုဟ်တစ်လုံးအရွယ် ဖြစ်လာ၏။ သို့သော် ထိုအရွယ်က ၎င်း၏နောက်ဆုံးအကန့်အသတ် မဟုတ်သေးသယောင်ပင်။

လိပ်ပြာ ပေါ်လာသောအခိုက်အတန့်တွင် အပြင်သူစစ်တပ်ကြီးမှာ အုန်းအုန်းကျွက်ကျွက် ဆူညံသွားသည်။ အနှစ်သာရ ၈ ခု ပါရာဂွန်၏မျက်နှာပေါ်၌ မယုံနိုင်ဖြစ်နေသောအရိပ်အယောင်တစ်ခု ပေါ်လာပြီး တောက်ဖန်မှာလည်း မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ မှင်သက်နေသည်။ အင်မော်တယ်နတ်ဘုရားကမ္ဘာလည်း အံ့အားသင့်နေပြီး ထိုနေရာရှိ အစွမ်းထက်ပညာရှင်များမှာ လိပ်ပြာကိုမြင်လျှင် မျက်လုံးများမှေးကျဉ်းသွားကြ၏။

“နတ်ဆိုးလိပ်ပြာ”

“နတ်ဆိုးလောက ကမ္ဘာလိပ်ပြာ”

“နတ်ဆိုးလောက ကျူးကျော်ခဲ့တုန်းက သူတို့ရဲ့ကမ္ဘာလိပ်ပြာတစ်ကောင် ဖျက်စီးခံခဲ့ရတယ်။ အဲဒီလိပ်ပြာက တကယ်မသေခဲ့ဘဲ ဒီနေရာမှာ အကျဉ်းချခံထားရမယ်လို့ ဘယ်သူက ထင်ခဲ့မှာတုန်း။ ကြည့်ရတာ အသိစိတ်ဖယ်ရှားခံလိုက်ရပြီး အင်မော်တယ်ကမ္ဘာနဲ့ တစ်သားတည်းဖြစ်နေလောက်ပြီ”

“သူ... သူတို့က ... စစ်ပွဲကနေ ထွက်ပြေးဖို့ ဒီကမ္ဘာလိပ်ပြာကို တကယ်ကြီး သုံးချင်နေတာလား”

“ဒါပေမဲ့ မဖြစ်နိုင်တာကြီးလေ။ နတ်ဆိုး‌လောက ကမ္ဘာလိပ်ပြာတွေက အင်မတန် ရိုင်းကြတာ။ ကိုးကောင်ပဲ ရှိတဲ့အပြင် အင်မော်တယ်ကမ္ဘာအနေနဲ့ တစ်ကောင်ကို လက်အောက်ခံအဖြစ် ဖိနှိပ်နိုင်ရင်တောင်မှ ထိန်းချုပ်ဖို့ အရမ်းခက်မှာ”

“နေဦး သေချာကြည့် ... အဲဒီလိပ်ပြာကြီးက အသေကြီးကွ”

မရေမတွက်နိုင်သောအသံများ ဆူညံပွက်လောရိုက်နေသည်။ ဤအခိုက်အတန့်တွင် လူများသည် ရွှေတုန်းလျှို၏အကြံအစည်စစ်စစ်ကို ခန့်မှန်းနိုင်သွားကြ၏။

သူက စစ်ပွဲမှ ထွက်ပြေးဖို့ ဤကမ္ဘာလိပ်ပြာကြီးကို တောင်ပင်လယ်လောက၏ ပုံစံအသစ်အဖြစ် အသုံးပြုလျက် ထိုလိုဏ်ခေါင်းအား ဖြတ်သွားရန် စီစဉ်ထားလေသည်။

သူ အောင်မြင်လျှင် တောင်ပင်လယ်လောကသည် စစ်မရှုံးသလို၊ နိုင်လည်း မနိုင်ပေ။ သို့သော် ရှင်သန်လွတ်မြောက်သွားသည်နှင့် နလန်ပြန်ထူ၍ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာလိမ့်မည်။

လိပ်ပြာ ဖြစ်ပေါ်လာသည်နှင့်အမျှ လူတွေပြောနေကြသည့်အတိုင်း ... အသေကြီးဖြစ်ကြောင်း သိသာလာသည်။ ၎င်း၏မျက်လုံးများက ငေးကြောင်နေပြီး အသက်စွမ်းအားတစ်စက်လေးပင် မရှိပေ။ ၎င်းသည် အမှန်စင်စစ် သေနေ၏။

သို့သော် လိပ်ပြာ၏တောင်ပံများက ဖြည်းဖြည်းချင်း အသက်စွမ်းအားတို့ဖြင့် ပြည့်နှက်လာပြီး အထက်အောက်တစ်ချက် ခတ်လိုက်သည်။

မန်ဟိုသည် အင်္ကျီလက်စခါလျက် ပြိုကွဲနေသော တောင်ကောင်းကင်ဂြိုဟ်ထဲမှ လူတိုင်းကို ထုတ်ပေးထားပြီးလေပြီ။ ယခုတွင် သူက ရယ်လိုက်ငိုလိုက်အမူအရာဖြင့် အပျက်အစီးများကို ငုံ့ကြည့်ပြီးနောက် ပျံထွက်သွားသော နတ်ဆိုးတစ်သိန်းနှင့် ဧရာမလိပ်ပြာကြီးအား လှမ်းကြည့်လိုက်၏။

သူ့အကြည့် လိပ်ပြာကြီးအပေါ် ကျရောက်သွားသောအခါ ရုတ်တရက် သူ့နှလုံးသားအား လက်နှင့်ဖြစ်ညစ်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။ သူသည် ရယ်လိုက်ငိုလိုက်မဖြစ်တော့ဘဲ နီရဲနေသောသူ့မျက်ဝန်းများပင် လင်းလက်သွား၏။

လိပ်ပြာကြီးပေါ်တွင် သူ့တစ်ဘဝလုံး ဘယ်တော့မှ မေ့နိုင်မည်မဟုတ်သည့် ရင်းနှီးသောအငွေ့အသက်များ ရှိနေသည်။

“အဲဒါ့က...” သူ့တစ်ကိုယ်လုံး သိမ့်ခနဲ တုန်သွားသည်။ ဖန်ယုလည်း မျက်လုံးလေးအဝိုင်းသားနှင့် လိပ်ပြာကြီးကို စိုက်ကြည့်ရင်း တုန်ရီလာသည်။

“အဖေ ... အမေ....” လိပ်ပြာကြီး၏ ဘယ်တောင်ပံပေါ်တွင် သူ့အဖေ ဖန်ရှုံ့ဖုန်း၏အငွေ့အသက်၊ ညာတောင်ပေါ်တွင် သူ့အမေ မန်လီ၏ အသက်ဓာတ်တို့ကို မန်ဟို ရှင်းလင်းပြတ်သားစွာ ခံစားလိုက်ရသည်။

ရွှေတုန်းလျှိုပြောခဲ့သည့်အတိုင်း သူ့မိဘနှစ်ပါးမှာ တကယ်မသေခဲ့ပေ။ နည်းလမ်းတစ်ခုဖြင့် သူတို့နှစ်ယောက်မှာ ဤလိပ်ပြာကြီး၏တောင်ပံများအဖြစ် ဘဝအသစ်ပေးအပ်ခံခဲ့ရသည်။ ထိုလိပ်ပြာ၏ တောင်ပံတစ်ချက်ခတ်လိုက်တိုင်း သူတို့နှစ်ယောက်၏ ထွေးပိုက်ပေးထားခြင်း ခံလိုက်ရသလို ခံစားရစေသည်။

တဖြည်းဖြည်း မန်ဟိုသည် တစ်ယောက်လက် တစ်ယောက်ကိုင်ထားသော သူ့အဖေနှင့်အမေ၏ ပုံရိပ်ကို မြင်လိုက်ရ၏။ ထို့နောက် သူတို့က သူ့ကို နူးညံ့ကြင်နာစွာ လှည့်ကြည့်ကြသည်။ နှစ်ယောက်လုံး  ပြုံးပင်ပြုံးနေကြလေသည်။ ထိုအပြုံးက မန်ဟို့ကို မျက်ရည်ဝဲလာစေ၏။

ဤအခိုက်အတန့်တွင် သူ ခံစားနေရသည်မှာ သူ့အဖေနှင့်အမေ၏ အငွေ့အသက်များဖြစ်ကြောင်း ရာနှုန်းပြည့်သေချာသွားလေပြီ။

“တောင်ပင်လယ်ကျင့်ကြံသူတို့ ၊ တောင်ပင်လယ်လိပ်ပြာဆီ ချက်ချင်း လာကြလော့။ အခုကစပြီး ဖန်မျိုးနွယ်စုရဲ့ သွေးဆက်တွေဟာ တောင်ပင်လယ်လောကရဲ့ စောင့်ရှောက်သူတွေပဲ” ရွှေတုန်းလျှို၏အသံ ဟိန်းထွက်သွားသည့်အချိန်တွင် လိပ်ပြာ၏တောင်ပံများက ဖြန့်လိုက်ပြီး တောင်ပင်လယ်ကျင့်ကြံသူများအားလုံးကို ဆုပ်ကိုင်လိုက်သော ဆွဲအားတစ်ရပ် ပေါ်လာသည်။

ထိုအား သူတို့ကို ရစ်သိုင်းလိုက်လျှင်ချင်း သူတို့အားလုံး ရောက်ရာအရပ်မှ လိပ်ပြာထံ ဆွဲခေါ်ခံလိုက်ရသည်။ မျက်စိတစ်မှိတ်အတွင်း သူတို့သည် တောင်ပံအတွင်း ဝင်ရောက်သွားကြပြီး ပြန်ပေါ်လာသောအခါ ကမ္ဘာအသစ်တစ်ခုထဲ ရောက်နေကြ၏။

ဤသည်မှာ အင်မော်တယ်ကမ္ဘာအသစ်ပင်။

ရှုချင်၊ ဆေးလုံးမိစ္ဆာ၊ ဖက်တီး၊ ဖန်ယု၊ စွန်းဟိုက်နှင့် မှီခိုရာဂိုဏ်းချုပ်ပင်အပါအဝင် မန်ဟို့အနား၌ ရပ်နေသောလူအားလုံး  လိပ်ပြာထဲ စုပ်ယူခံလိုက်ရကာ ထိုကမ္ဘာအသစ်ထဲတွင် ပေါ်လာကြသည်။

မန်ဟိုကမူ အနားကပ်သွားသော်လည်း လိပ်ပြာထဲမဝင်။ သူ ချစ်ရသည့်လူများနှင့် ဖန်မျိုးနွယ်စု ပါရှိသည့် ဤကမ္ဘာကို ကာကွယ်ဖို့၊ စောင့်ရှောက်ပေးဖို့အတွက် ဘေး၌သာ ရပ်နေသည်။

လိပ်ပြာသည် ကြယ်တာရာကောင်းကင်ထက်ရှိ အပေါက်ထံ ဦးတည်လျက် ... အရှိန်တင်စပြုလာ၏။

လိပ်ပြာ ထိုလိုဏ်ခေါင်းထံ ရွေ့လျားနေစဉ် ရွှေတုန်းလျှို၊ ပင်လယ်အိပ်မက်၊ ခိတိဂဗ္ဗ၊ ပါရာဂွန်ရုပ်သေးရုပ်နှင့် တောင်ပင်လယ်လောက၏ ကျန်ပညာရှင်များအားလုံး လိပ်ပြာ၏ပတ်ပတ်လည်တွင် နေရာယူလျက် ဝန်းရံလိုက်ကြသည်။

ထိုအခိုက်အတန့်မှာပင် အပြင်သူစစ်တပ်ကြီးထဲမှ ဟိန်းဟောက်သံတစ်သံ ထွက်လာသည်။ အနှစ်သာရ ၈ ခု ပါရာဂွန်က ခြေတစ်လှမ်းလှမ်းလိုက်ပြီး တောက်ဖန်လည်း တုတ်ကို မြှောက်၍ လိုက်လာဖို့ ပြင်သည်။

သို့သ်ော သူတို့အနားပင်မကပ်နိုင်ခင် မန်ဟိုက ရုတ်တရက် သူတို့ကို လှည့်ကြည့်ပြီး နှုတ်ခမ်းသပ်လိုက်ရာ အနှစ်သာရ ၈ ခု ပါရာဂွန်နှင့် တောက်ဖန်တို့နှစ်ယောက်လုံး တုံ့ခနဲ ရပ်သွားကြတော့၏။

ကြယ်တာရာကောင်းကင်၏ထိပ်ဆုံးတွင် အင်မော်တယ်နတ်ဘုရားကမ္ဘာသည် ထပ်မံ၍ ဆင်းသက်လာ၏။ နေများက ၎င်းတို့အထဲရှိ ပုဂ္ဂိုလ်များနှင့်အတူ လိပ်ပြာကြီးထံ ပြေးဝင်လာသည်။

အင်မော်တယ်နတ်ဘုရားကမ္ဘာထက်ရှိ ကျန်အစွမ်းထက်ပညာရှင်များလည်း တိုက်ခိုက်ဖို့ ထွက်လာကြသည်။ အင်အားကား ရေတွက်မရနိုင်အောင် များပြားလှ၏။

သူတို့ကား တောင်ပင်လယ်လောကကို ဦးပြန်မော့ခွင့်ပေးမည်မဟုတ်၊ တောင်ပင်လယ်လောကအား အလွှတ်ပေးမည်မဟုတ်ပေ။

သို့သော် ရွှေတုန်းလျှိုက အင်္ကျီလက်စကို ခါလိုက်ပြီး သူ၏မျက်ဝန်းများတွင် ခိုင်မာပြတ်သားမှုတို့ တောက်ပနေ၏။

“ဒီအခိုက်အတန့်မှာ ရှင်ခြင်းသေခြင်းကို ဆုံးဖြတ်ပေးလိမ့်မယ်” သူက ဟိန်းဟောက်သည်။ ရွှမ်းဝူလိပ်ကြီးများမှ အားဖြည့်ပေးထားသော ပင်လယ်ရှစ်စင်း၏စိတ်ဆန္ဒက အရာရာတိုင်းကို တုန်ခါသွားစေသည်အထိ ကြောက်မက်ဖွယ်ကောင်းသော အားတစ်ရပ်ကို ဖန်ဆင်းလိုက်၏။ တောင်ကိုးလုံး၏အင်အားနှင့် တောင်ပင်လယ်လောက၏စိတ်ဆန္ဒနှင့်ပါ ပေါင်းစည်းသွားသည့်အခါ ဧရာမန္တန်ဝင်္ကပါကြီးတစ်ခု စတင်ဖြစ်ပေါ်လာသည်။

တောင်ပင်လယ်မဟာဒိုင်းကာ

အရောင်အဝါများ ကွန့်မြူးတောက်ပနေစဉ် စောစောက ထွက်ပေါ်လာခဲ့သည့် တောင်ပင်လယ်လောက၏ အရန်တပ်ဖွဲ့များက လိုဏ်ခေါင်းထံ ပျံသန်းနေသော လိပ်ပြာကို ကာကွယ်၍ ရန်သူများကို ထိုးဖောက်တိုက်ခိုက်ဖို့ တဟုန်ထိုးထွက်သွားကြသည်။

နှစ်ဖက် ဝင်တိုက်သွားသောအခါ ပေါက်ကွဲသံကြီးများ ဟိန်းထွက်လာပြီး တိုက်ပွဲကြီးစတင်တော့သည်။ အင်မော်တယ်နတ်ဘုရားကမ္ဘာမှ အစွမ်းထက်ပညာရှင်များတွင် မိုးကောင်းကင်ကို ဖျက်စီး၍ မြေပြင်ကို မီးလောင်တိုက်သွင်းနိုင်သော စွမ်းအားရှိကြ၏။ သူတို့က တောင်ပင်လယ်လောက၏ အရန်တပ်ဖွဲ့များထံ အင်အားအပြည့်အဝ ထုတ်လွှတ်လိုက်ကြသည်။

သို့သော် တောင်ကောင်းကင်ဂြိုဟ်၏အစအနများထဲမှ အက်ကွဲကွဲရယ်သံကြီးတစ်သံ ထွက်လာပြီး အလွန်ကြီးမားသော မီးတောက်ကြီးက ကြယ်တာရာကောင်းကင်၏အမှောင်ထုကို လင်းထိန်သွားစေသည်။

ထိုမီးတောက်ထဲတွင် မန်ဟို မရင်းနှီးသောမျက်နှာတစ်ခု ရှိသည်။ သို့သော် ၎င်း၏မျက်ဝန်းများကိုတော့ သူ မှတ်မိ၏... ၎င်းက တောင်ကောင်းကင်ဂြိုဟ်‌မျက်နှာပြင်အောက်၌ ဖိနှိပ်ခံခဲ့ရသော နတ်မီးတောက်အနှစ်သာရမှတစ်ပါး အခြားမဟုတ်ပေ။

“တောက်ဖန် မင်းသေစေရမယ်” မျက်နှာကြီးက ဟိန်းဟောက်သည်။ ယခုတွင် လွတ်မြောက်သွားပြီဖြစ်၍ နတ်မီးတောက်ကား တောက်ဖန်ထံ ဒေါကြီးမောကြီး ဦးတည်သွားတော့သည်။

စိတ်ဆန္ဒအမျိုးမျိုး၏ ပေါင်းစည်းမှုမှ ဖြစ်ပေါ်လာသော တောင်ပင်လယ်မဟာဒိုင်းကာသည် ဝင်ရောက်လာဖို့ ကြိုးစားနေသည့် အင်မော်တယ်နတ်ဘုရားကမ္ဘာကျင့်ကြံသူများကိုသော်လည်းကောင်း၊ အပြင်သူများကိုသော်လည်း သတ်ဖြတ်နေ၏။

တောင်ပင်လယ်များက လိပ်ပြာကြီး၏အနောက်မှ လိုက်လာပြီး မန္တန်ဝင်္ကပါ၏နယ်နိမိတ်အတွင်းတွင် မန်ဟိုနှင့် တောင်ပင်လယ်များ၏အစွမ်းထက်ပညာရှင်များက ခံစစ်အဖြစ် နေရာယူထားကြသည်။ အားလုံး၏အလယ်တွင်တော့ လိပ်ပြာကြီးရှိ၏။

တောင်ပင်လယ်လောက၏ စုပေါင်းစွမ်းအားသည် လိုဏ်ခေါင်းထံ ဦးတည်နေသော လိပ်ပြာကြီးကို ကာကွယ်ရာ၌ အပြည့်အဝစူးစိုက်ထား၏။

သို့သော် သူတို့ ပျံသန်းနေစဉ် အန္တရာယ်အစစ်မှာ အပြင်သူစစ်တပ်ထံမှ မလာပေ။ ရွှေတုန်းလျှို၏ ရက်စက်သောအစီအစဉ်အရ အပြင်သူစစ်တပ်ဘက်မှ အသာစီးရနေပုံပေါ်ခဲ့သော်လည်း .... တောင်ပင်လယ်ကျင့်ကြံသူတစ်ယောက်ပြီးတစ်ယောက် သေဆုံးနေစဉ် တောင်ပင်လယ်လောက၏ အရန်တပ်ဖွဲ့များ ထွက်မလာခဲ့၍သာ ထိုသို့အသာစီးရနေခဲ့ခြင်းဖြစ်၏။

ရက်စက်သော်လည်း ရွှေတုန်းလျှို၏အစီအစဉ်အရ လူတိုင်း အသုံးချခံသာ ဖြစ်သည်မဟုတ်ပါလော။ ထိုကြောင့်လည်း အပြင်သူစစ်တပ်မှာ တောင်ပင်လယ်မဟာဒိုင်းကာ ကပ်မလာနိုင်ခြင်းပင်။

တကယ့်အန္တရာယ်၊ သူ၏ အရန်တပ်ဖွဲ့များအား လျှိုထားဖို့ လူတိုင်းနီးပါးကို ရွှေတုန်းလျှို လိုလိုလားလား စတေးပစ်ခဲ့သည့် တကယ့်အကြောင်းရင်းမှာ .... အင်မော်တယ်နတ်ဘုရားကမ္ဘာပင်။

သူတို့၏နေလေးစင်းက အဆုံးမဲ့ဖိအားကြီးကို ထုတ်လွှတ်လိုက်သဖြင့် တဝုန်းဝုန်းမြည်သံများ ပဲ့တင်ထပ်သွားသည်။ ထိုနေလေးစင်းအတွင်း၌ လူရိပ်လေးခုရှိပြီး တစ်ယောက်စီသည် ပြိုင်ဘက်ကင်း အနှစ်သာရ ၈ ခုပါရာဂွန်စွမ်းအားကို ထုတ်ဖော်ထားကြ၏။

သူတို့အနောက်တွင် အင်မော်တယ်နတ်ဘုရားကမ္ဘာ၏ ကျင့်ကြံသူပေါင်းမရေမတွက်နိုင်‌အောင် ရှိသည်။ သူတို့က တောင်ပင်လယ်လောကသားတစ်ယောက်မှ မမြင်ခဲ့ဖူးသော နတ်ဘုရားစွမ်းရည်များကို ထုတ်လွှတ်နေလေသည်။

မျက်စိတစ်မှိတ်အတွင်း သူတို့က မန္တန်ဝင်္ကပါအနား ရောက်လာပြီး ၎င်းကို စတင်တိုက်ခိုက်ကြတော့သည်။ ချက်ချင်းပင် မဟာဒိုင်းကာက စွမ်းအားရာနှုန်းပြည့်လည်ပတ်လိုက်သဖြင့် ဂျိန်းခနဲ ထစ်ချုန်းသွားသည်။ တောင်ပင်လယ်များ၏စိတ်ဆန္ဒသည်လည်း မန္တန်ဝင်္ကပါ ထိခိုက်လျှင် လျင်မြန်စွာ ကုစားပေးဖို့ ထွက်လာ၏။

လိပ်ပြာကြီးကား လိုဏ်ခေါင်းနှင့် နီးသထက် နီးလာတော့သည်။

All Chapters