ငါ မင်းကို အန္တိမကံတရား ချီးမြှင့်မယ်
Vol. 100 Ch. 1397
မဟာဒိုင်းကာသည် အနှစ်သာရ ၈ ခု ပါရာဂွန်ပင် အချိန်တိုလေးအတွင်း မချိုးဖျက်နိုင်လောက်အောင် အလွန်အံ့ဖွယ်ထူးကဲ၏။ ကောင်းကင်ဘုံ ၃၃ ဘုံမှ အနှစ်သာရ ၈ ခု ပါရာဂွန်ရော၊ နတ်ဘုရားကမ္ဘာမှ အနှစ်သာရ ၈ ခုပါရာဂွန်ငါးဦးပါ ဘာမှမတတ်နိုင်ကြပေ။
ထိုအချိန် အင်မော်တယ်နတ်ဘုရားကမ္ဘာမှ အေးစက်စက်နှာမှုတ်သံတစ်သံ ထွက်လာပြီး မိန်းမလှလေးတစ်ဦး ပေါ်လာသည်။ သူမသည် ခံစားချက်မရှိပုံပေါ်ပြီး ခရမ်းရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထား၏။ သူမ ထွက်လာသည့်အခါ လူငယ်တစ်ဦးလည်း သူမနောက်မှ လိုက်လာသည်။ တောင်ပင်လယ်လောကကို တိတ်ဆိတ်စွာ ကြည့်နေစဉ် သူ့မျက်နှာပေါ်၌ ရှုပ်ထွေးနေသောခံစားချက်များအား မြင်ရနိုင်သည်။
မိန်းကလေးက ညာလက်ကို ဆန့်တန်း၍ တောင်ပင်လယ်လောကမဟာဒိုင်းကာထံ လက်ဝါးချက်တစ်ချက် ပစ်လွှတ်လိုက်သည်။
ထိုသို့လုပ်လိုက်ခြင်းက သူမမျက်နှာကို အတန်ငယ်နီမြန်းသွားစေသော်လည်း ကြယ်တာရာကောင်းကင်ကို လှုပ်ခတ်၍ ကျင့်ကြံသူအားလုံးကို ချာချာလည်သွားစေသော ဧရာမအားလှိုင်းကြီး ဖြာထွက်သွားသည်။ အနှစ်သာရ ၈ ခု ပါရာဂွန်များပင်လျှင် သူမအရှိန်အဝါကြောင့် အံ့ဩမှင်သက်ကုန်၏။
သူမအရှိန်အဝါကား .... အနှစ်သာရကိုးခုအရှိန်အဝါ ဖြစ်ချေသည်။
အနှစ်သာရ ၉ ခု ပါရာဂွန်
သူမ၏တိုက်ကွက်က မဟာဒိုင်းကာအား ဝုန်းခနဲ တိုက်ဆောင့်ကာ ချက်ချင်း ကွဲထွက်သွားစေသည်။ ပုံမှန်ဆိုလျှင် မန္တန်ဝင်္ကပါအနေဖြင့် ထိုမျှလွယ်ကူစွာ မပျက်စီးခဲ့သင့်သော်လည်း ကံဆိုးစွာနှင့် .... ပင်လယ်တစ်စင်း၏စွမ်းအား ကင်းမဲ့နေ၏။
ယင်းက ရွှေတုန်းလျှို အစီအစဉ်ထဲ ထည့်မတွက်ခဲ့မိသည့်အရာ၊ ထည့်သွင်းစဉ်းစားဖို့ အချိန်မလောက်ခဲ့သောအရာပင်။ သူ၏မူလအစီအစဉ်က လိုဏ်ခေါင်းထံ ရောက်သည်အထိ ... သို့မဟုတ် အနည်းဆုံး လိုဏ်ခေါင်းအနား ရောက်သည့်အထိ မဟာဒိုင်းကာကို ထိန်းပေးထားရန် ဖြစ်ခဲ့သည်။
ယခုတော့ သူ အလွန်ဆုံးတတ်နိုင်သည်မှာ ... မန္တန်ဝင်္ကပါကို ဖျက်စီးရင်း ရန်သူများအထိအခိုက်များစေရုံသာ ရှိတော့သည်။
၎င်း အက်ကွဲသွားသည့်အခိုက်အတန့်မှာပင် ၎င်းထံမှ ပြန်ကန်အား ဖြာထွက်သွားသည်။
ရွှေတုန်းလျှိုသည် ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်၏။ “တောင်ပင်လယ်စည်း”
ချက်ချင်းပင် မန္တန်ဝင်္ကပါ၏အပိုင်းအစများက အမျိုးသမီးပါရာဂွန်ထံ ပျံထွက်သွားပြီး သူမပတ်ပတ်လည်တွင် စည်းတစ်ခုတားလိုက်သည်။
သူမ မျက်မှောင်ကြုတ်နေစဉ် ရှေးဆန်သော အေးစက်စက်နှာမှုတ်သံတစ်သံ ထွက်လာ၏။ ၎င်းနှင့်အတူ အင်မော်တယ်နတ်ဘုရားကမ္ဘာအတွင်းမှ အဘိုးအိုတစ်ယောက် ထွက်လာသည်။
အဘိုးအိုသည် ရှည်လျားသောဆံပင်ဖြူဖြူများနှင့် မျက်ခုံးမွှေးများကို ပိုင်ဆိုင်ထားပြီး အဖြူရောင်ဝတ်ရုံကိုလည်း ဝတ်ဆင်ထားရာ အတိုင်းထက်အလွန် သိက္ခာရှိခံညားနေသည်။ ညာလက်တွင်လည်း ပုတီးကို ကိုင်ထားသည့်အပြင် လမ်းလျှောက်လာနေစဉ် သူ့မျက်လုံများက မိုးကောင်းကင်သဖွယ် တောက်ပနေ၏။
တစ်ဆက်တည်းမှာပင် တောင်ပင်လယ်မဟာဒိုင်းကာ ကွဲကြေသွားသဖြင့် အနှစ်သာရ ၈ ခု ပါရာဂွန်ငါးဦးက မရေမတွက်နိုင်သောအစွမ်းထက်ပညာရှင်များနှင့်အတူ ထိုးဖောက်ဝင်ရောက်လာသည်။
“မင်းတို့တွေ ဘယ်မှမသွားရဘူး”
လူအုပ်ကြီး တိုက်ခိုက်ဖို့ ဝင်ရောက်လာသည့်အခါ အင်မော်တယ်ရှေးဟောင်းက မျက်လုံးဖွင့်သည်။ သူ့ခန္ဓာကိုယ်မှာ အသက်စွမ်းအားကင်းမဲ့နေပြီး သေခြင်းအခိုးအငွေ့များ တထောင်းထောင်း ထနေသော်လည်း သူ့မျက်လုံးများက ရုတ်တရက် လင်းလက်တောက်ပလာ၏။ သူက အနှစ်သာရ ၈ ခုပါရာဂွန်များကို အဖက်မလုပ်ဘဲ အဖြူရောင်ဝတ်ရုံ၊ အဖြူရောင်မျက်ခုံးမွှေးများနှင့် အဘိုးအိုထံ တန်းတန်းမတ်မတ် ဦးတည်သွားသည်။ ချက်ချင်းဆိုသလို နှစ်ယောက်သား မိုးနှင့်မြေကို တအုန်းအုန်းတုန်ခါသွားစေသော တိုက်ကွက်များအား ဖလှယ်ကြ၏။
တစ်ချိန်တည်းမှာပင် သုံးမျက်ရှင်နတ်ဘုရားလည်း ဟိန်း၍ အနှစ်သာရ ၈ ခု ပါရာဂွန်တစ်ဦး၏အရှေ့တွင် မားမားမတ်မတ် ပိတ်ရပ်လိုက်သည်။ ထိုလူမှာ လိပ်ပြာ၏အနားပင် မကပ်နိုင်လိုက်ပေ။
မန်ဟို ခြေတစ်လှမ်းလှမ်းလိုက်စဉ် သူ့မျက်ဝန်းထဲ၌ ထူးခြားဆန်းပြားသော မိစ္ဆာရောင်စဉ်ပေါ်လာသည်။ ရယ်သံ၊ငိုသံများကို မကြားရသော်လည်း သူ့မျက်လုံးများသည် နီရဲတောက်ပနေ၏။ ထို့နောက် သူကား ကြောက်မက်ဖွယ်အရှိန်အဝါကို ထုတ်ဖော်လျက် ရက်ရက်စက်စက် တိုက်ခိုက်တော့သည်။ တိုက်ခိုက်နေစဉ် ရန်သူများကို သတ်စားလိုစိတ်က ပြင်းထန်လာနေသဖြင့် သူက နှုတ်ခမ်းပါးနားသပ်လိုက်၏။
ဤအခိုက်အတန့်တွင် တောင်ပင်လယ်လောကမှာ အမှန်တကယ် အရေးကြီးသောအခိုက်အတန့်သို့ ရောက်သွားခဲ့လေပြီ။
ပေါက်ကွဲသံများ စစ်မြေပြင်တစ်လျှောက် ပဲ့တင်ထပ်နေသည်။ ဓားတစ်ကုဋေက ဓားမိုးအသွင်ပြောင်းသည်။ အင်ပါယာသခင်ဟောင်းများ၊ ဘဝပြန်ဝင်စားခြင်းမြစ်နှင့် နတ်ဆိုးတစ်သိန်းသည်လည်း လိပ်ပြာကို အင်မော်တယ်နတ်ဘုရားကမ္ဘာရန်မှ ကာကွယ်ဖို့ အသည်းအသန် တိုက်ခိုက်နေကြ၏။
မန်ဟိုက အနီးဆုံးရှိ အနှစ်သာရ ၈ ခု ပါရာဂွန်ထံ ဦးတည်၍ ထိုးဖောက်သွားနေသည်။ ထိုလူ့အနား ရောက်သွားသည့်အခါ သူ့အရှိန်အဝါသည် သေခြင်းရှင်ခြင်းကို ဂရုမစိုက်သော တောရိုင်းတိရစ္ဆာန်ကြီးတစ်ကောင်လို ဖြစ်လာ၏။ ထိုအနှစ်သာရ ၈ ခုပါရာဂွန်မှာ အလွန်မြင့်မားသောအဆင့်အတန်းဖြင့် အင်မော်တယ်နတ်ဘုရားကမ္ဘာ၏ နေတစ်စင်းဖြစ်သည်။ သို့သော် သူ့မှာ မန်ဟို့လို ကျင့်ကြံသူတစ်ယောက်အား တစ်ခါမှ မကြုံတွေ့ခဲ့ဖူးပေ။ စက္ကန့်ပိုင်းလေးအတွင်း မန်ဟိုက သူ၏အသားကို ကိုက်ဖြတ်နိုင်လိုက်သည်။ ပါရာဂွန်မှာ ဒေါသထွက်သွားပြီး ပြန်တိုက်ခိုက်ဖို့ ပြင်လိုက်စဉ် နတ်ဘုရားသုတ်သင်လက်သီးကို ရင်ဆိုင်နေရကြောင်း တွေ့လိုက်ရ၏။
ပါရာဂွန်ပင်လယ်အိပ်မက်က သွေးအေးသောမျက်ဝန်းများဖြင့် ရယ်နေသည်။ သူမသည် တစ်ချက်လေးပင် တွန့်ဆုတ်မနေဘဲ ကျင့်ကြံခြင်းအခြေခံစွမ်းအားအနည်းငယ် ရရှိဖို့အတွက် သူမ၏နောက်ဆုံးလက်ကျန် အသက်စွမ်းအားကို လောင်ကျွမ်းပစ်လိုက်၏။ ထို့နောက် ချက်ချင်း တိုက်ကွက်တစ်ကွက် ထုတ်လွှတ်လိုက်သည်။
တိုက်ပွဲများ နေရာအနှံ့ဖြစ်ပွားနေပြီး အင်မော်တယ်နတ်ဘုရားကမ္ဘာမှ ပို၍ပင်များပြားနေသော ကျင့်ကြံသူများလည်း ချဉ်းကပ်လာနေချေပြီ။
ရွှေတုန်းလျှိုသည် မာန်သွင်းဟိန်းဟောက်၍ အနှစ်သာရ ၈ ခုပါရာဂွန်များကို တစ်ပြိုင်တည်း ရင်ဆိုင်နေသဖြင့် သူ၏အင်္ကျီလက်စများက ဟိုဟိုသည်သည် ခါယမ်းလျက်ရှိချေသည်။
လိုဏ်ခေါင်းထံ အရှိန်တင်နေသော လိပ်ပြာကို ကာကွယ်ပေးဖို့က အရေးအကြီးဆုံးဖြစ်၏။
လိပ်ပြာ၏ခေါင်း လိုဏ်ခေါင်းထဲ ဝင်စပြုနေသည့်အချိန်မှာပင် အချုပ်ခံထားခဲ့ရသော အမျိုးသမီးပါရာဂွန်က ရုန်းထွက်လိုက်နိုင်သည်။ သူမက ရှေ့တစ်လှမ်းတက်၍ တောင်ပင်လယ်လောကထဲ ဝင်ရောက်ကာ လိပ်ပြာကို လှမ်းဆွဲလိုက်သည်။
“ပြန်လာခဲ့စမ်း”
အားလှိုင်းက လိပ်ပြာကို တုန်ခါလာစေသည်။ တစ်ချိန်တည်းမှာပင် ဝတ်ရုံဖြူအဘိုးအိုနှင့် တိုက်ခိုက်နေသော အင်မော်တယ်ရှေးဟောင်း၏အလောင်းသည် လိပ်ပြာကို ပြန်လှည့်ကြည့်ပြီးနောက် မျက်လုံးပိတ်၍ မဆိုင်းမတွ ခန္ဓာဖောက်ခွဲပစ်လိုက်၏။
သူက အလွန်ပြတ်ပြတ်သားသား လှုပ်ရှားခဲ့သဖြင့် ဝတ်ရုံဖြူအဘိုးအို၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားသည်။ အဘိုးအိုမှာ နောက်ဆုတ်ဖို့ ကြိုးစားသော်လည်း ခန္ဓာဖောက်ခွဲအားက သူ့ကို ရေလှိုင်းများသဖွယ် လွှမ်းမိုးပြီးနောက် ကြယ်တာရာကောင်းကင်တစ်လျှောက် ဖြာထွက်သွားသည်။
၎င်းဖြတ်သွားသော နေရာတိုင်းရှိ အပြင်သူများနှင့် အင်မော်တယ်နတ်ဘုရားကမ္ဘာမှ ကျင့်ကြံသူများမှာ အပြတ်ရှင်းခံလိုက်ရသဖြင့် သွေးပျက်စွာအော်သံနက်ကြီးများ ပဲ့တင်ထပ်ကျန်ခဲ့သည်။ ထို့နောက် ပေါက်ကွဲအားက တောင်ပင်လယ်ကို လွှမ်းမိုးသွားသော်လည်း တောင်ပင်လယ်သားများကို အန္တရာယ်မပြုဘဲ ... အနှစ်သာရ ၉ ခု အမျိုးသမီးပါရာဂွန်ကို တန်းတန်းမတ်မတ် ဦးတည်သွားလေသည်။
သူမမျက်နှာ ပျက်သွားသည်။ သူမလို အစွမ်းထက်သောလူတစ်ယောက်ပင် ရှောင်ရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။ သူမသည် လိပ်ပြာကို ဆွဲနေသော အားလှိုင်းကို ချက်ချင်း ရုပ်သိမ်း၍ ကပျာကယာ နောက်ဆုတ်လိုက်၏။
ထိုအခိုက်အတန့်မှာပင် ခန္ဓာဖောက်ခွဲအားက လိပ်ပြာကို လိုဏ်ခေါင်းထံ တွန်းပို့ပေးလိုက်သော တွန်းအား ဖြစ်သွားသည်။
“အင်မော်တယ်ရှေးဟောင်းးးးးးးး” ရွှေတုန်းလျှိုက ပူဆွေးနေသောမျက်ဝန်းများဖြင့် အော်သည်။ အင်မော်တယ်ရှေးဟောင်းမှာ အလောင်းသာဖြစ်၍ စစ်ပွဲတွင် ကြာကြာမခံနိုင်မှန်း သူ သိလေသည်။ အရေးကြီးသောအခိုက်အတန့်၌ သူ ခန္ဓာဖောက်ခွဲပစ်နိုင်ခြေကိုလည်း ရွှေတုန်းလျှို ခန့်မှန်းထားပြီးဖြစ်၏။ သူသာဆိုလည်း ထိုသို့လုပ်မည်သာ။
သူ၏အစီအစဉ်အားလုံးတွင် တစ်ခုတည်းသောအမှားဆို၍ .... နဝမပင်လယ် သစ္စာဖောက်လိမ့်မည်ဟု ထည့်မတွက်ခဲ့မိခြင်းသာ ရှိသည်။
တောင်ပင်လယ်ကျင့်ကြံသူများသစ္စာဖောက်နိုင်ခြေကို ထည့်တွက်ခဲ့သော်လည်း ... နဝမပင်လယ်က အမှန်တကယ် ထိုသို့ဆုံးဖြတ်ချက်ချလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ မန်ဟိုနှင့် နဝမပင်လယ်၏ ပြဿနာကို သူ မသိခြင်းမဟုတ်၊ အသေးအမွှားကိစ္စလေးဟုသာ လျှော့တွက်ခဲ့မိသည်။ ထိုပြဿနာ၏အကြောင်းရင်းက အမြင်မတူကြရုံသာ မဟုတ်ပါလော။ ယခုမူ ... နဝမပင်လယ်၏သစ္စာဖောက်မှုအတွက် ပို၍ခိုင်လုံသောအကြောင်းရင်းတစ်ခု ရှိနေကြောင်း သိသာလာလေပြီ။
“သူက သီးသန့်တည်ရှိတဲ့ စိတ်ဆန္ဒတစ်ခု ဖြစ်ချင်တာပဲ...” ရွှေတုန်းလျှိုက ခါးသီးစွာ တွေးနေသည်။ နဝမပင်လယ်၏သစ္စာဖောက်မှုက တောင်ပင်လယ်မဟာဒိုင်းကာ၏ အားနည်းချက်ဖြစ်လာ၍ တခဏသာ တောင့်ခံနိုင်စေခဲ့သည်။
ထိုအားနည်းချက်အတွက် ပေးဆပ်ခံရသည့် တန်ဖိုးကတော့ ... အသက်ပင်။ ကံဆိုးစွာနှင့် အင်မော်တယ်ရှေးဟောင်း၏အသက်နှင့်တင် မလုံလောက်သေး...
ဤအခိုက်အတန့်တွင် အနှစ်သာရ ၈ ခုပါရာဂွန်များ ချဉ်းကပ်လာပြန်သည်။ ထို့အပြင် အင်မော်တယ်နတ်ဘုရားကမ္ဘာမှ အနှစ်သာရ ၉ ခု ပါရာဂွန်နှစ်ယောက်လည်း ရှိသေးသည်။
သို့သော် သုံးမျက်ရှင်နတ်ဘုရားက ခေါင်းနောက်လှန်၍ တဟားဟား အော်ရယ်သည်။ သူသည် ခိုင်မာပြတ်သားမှုတို့ မျက်ဝန်းထဲတွင် တောက်ပနေလျက် မဆိုင်းမတွ ခုန်တက်၍ ခန္ဓာဖောက်ခွဲလိုက်၏။ ပေါက်ကွဲအားက လိပ်ပြာကြီးအား လိုဏ်ခေါင်းထဲ ကိုယ်တစ်ပိုင်းရောက်သည့်တိုင်အောင် တွန်းပို့ပေးလိုက်သည်။
ထို့နောက် စစ်ရထားပေါက်ကွဲသည်။ ထို့နောက် ရှေးဟောင်းအင်ပါယာသခင်များ။ ဤအခိုက်အတန့်၌ သူတို့အားလုံး ခန္ဓာဖောက်ခွဲဖို့ ရွေးချယ်ကြ၏။ ဓားပျံတစ်ကုဋေနှင့် တောင်ပင်လယ်လောက၏ အရန်တပ်ဖွဲ့အားလုံးလည်း ထိုနည်းတူ ဖောက်ခွဲပစ်ကြသည်။
အုန်းးးးးးးးးးးးးးးးးး
ဖြစ်ပေါ်လာသောပေါက်ကွဲမှုက မျက်စိကျိန်းမတတ် တောက်ပနေသောအလင်းရောင်ကို စစ်မြေပြင်တစ်လျှောက်း ဖြန့်ကျက်ပေးလိုက်သည်။ တစ်ဆက်တည်းမှာပင် ရွှမ်းဝူလိပ်ကြီးကိုးကောင်နှင့် ပင်လယ်ရှစ်စင်းလုံးက လိပ်ပြာ၏ရွေ့လျားမှုထဲ အားပိုထည့်လိုက်ကြ၏။
လာနေသောပါရာဂွန်များ ခန္ဓာဖောက်ခွဲအားလှိုင်း၏ ရိုက်ခတ်ခြင်းခံလိုက်ရစဉ် လိပ်ပြာကြီးမှာလည်း လိုဏ်ခေါင်းထဲ တွန်းပို့ခံလိုက်ရသည်။
အသက်တစ်ရှိုက်နှစ်ရှိုက်အတွင်း တောင်ပင်လယ်လောက ထွက်သွားတော့မည့်အလား၊ အင်မော်တယ်နတ်ဘုရားကမ္ဘာအတွက် အချိန်မရှိတော့သည့်အလား သူတို့အားလုံး လွတ်မြောက်တော့မည့်ပုံပေါ်နေ၏။
သို့သော် ... အသက်တစ်ရှိုက်နှစ်ရှိုက်က အရာအားလုံးကို ဆုံးဖြတ်ပေးလိမ့်မည်။
အင်မော်တယ်နတ်ဘုရားကမ္ဘာမှ ကျင့်ကြံသူအုပ်လိုက်ကြီး တဟုန်ထိုးလာနေသည်။ လိပ်ပြာကြီးအား တားမရတော့သည့်အလား .... လိုဏ်ခေါင်းသည်လည်း တုန်ခါနေချေပြီ။
ရွှေတုန်းလျှို၏အစီအစဉ်အတိုင်းဆိုလျှင် ထိုအသက်တစ်ရှိုက်နှစ်ရှိုက်စာမှာ မဟာဒိုင်းကာ၏ကာကွယ်မှုအောက်တွင် အန္တရာယ်ကင်းခဲ့လိမ့်မည်။ သို့သော် နဝမပင်လယ်၏သစ္စာဖောက်မှုက ထိုအစီအစဉ်ကို အိပ်မက်လေးတစ်ခုသာ ဖြစ်စေခဲ့ချေပြီ။
“အမှားသေးသေးလေးတစ်ခုက အများကြီးဆုံးရှုံးစေခဲ့ပြီ” ရွှေတုန်းလျှိုက တိုးညင်းစွာ ပြောသည်။ “အသက်တွေအများကြီးလည်း စတေးခဲ့ပြီးပြီ။ အခု ငါ့အလှည့်ပဲ” ထို့နောက် သူက ရှေ့တစ်လှမ်းလှမ်းလိုက်ပြီး ရုတ်တရက် ယခင်နှင့်မတူတော့ပေ။
တဒင်္ဂလေးအတွင်း သူသည် အဘိုးကြီးမဟုတ်တော့ဘဲ သန်စွမ်းဖျတ်လတ်သော လူငယ်အရွယ်ဖြစ်သွား၏။ ထို့နောက် သူက အသက်ပြင်းပြင်းတစ်ချက်ရှူပြီးနောက် တောင်ပင်လယ်လောကထံ လက်ဆန့်တန်းလိုက်သည်။
“ကျုံ့စမ်း” သူက ပြောသည်။ ထိုစကားတစ်ခွန်းက တောင်ကိုးလုံးနှင့်ပင်လယ်ရှစ်စင်း ပါရှိသော တောင်ပင်လယ်လောကတစ်ခုလုံးကို ရွှေတုန်းလျှို၏လက်ဝါးထက်သို့ သက်ဆင်းသွားသော မှော်ပစ္စည်းတစ်ခုအဖြစ် ကျုံ့သွားစေသည်။ ထို့နောက် သူသည် ထိုမှော်ပစ္စည်းကို သူ့အနောက်သို့ ပစ်လိုက်ရာ မန်ဟို၊ ခိတိဂဗ္ဗ၊ ပါရာဂွန်ပင်လယ်အိပ်မက်တို့အပါအဝင် ကျင့်ကြံသူအားလုံး ချုံ့ခံထားရသည့် တောင်ပင်လယ်လောကနှင့်အတူ လိုဏ်ခေါင်းထဲ တွန်းထုတ်ခံလိုက်ရတော့၏။
ငြင်းဆန်ဖို့က ရွေးချယ်စရာပင် ဟုတ်မနေပေ။ မန်ဟိုနှင့်အခြားသူများမှာ လိုဏ်ခေါင်းထဲ ပျံဝင်သွားကြတော့သည်။ ကျုံ့နေသော တောင်ပင်လယ်လောကမှာမူ မန်ဟို့ဆီ ဦးတည်သွားပြီး သူ့နဖူးထဲ ဝင်ရောက်လာသည့် တောက်တောက်ပပအစေ့လေးတစ်စေ့ အသွင်ပြောင်းသွား၏။
မန်ဟို့စိတ်ထဲမှာ ဂျိန်းခနဲ မြည်ဟည်းသွားပြီး သူက လိုဏ်ခေါင်း၏အပြင်နားလေးရှိ ကြယ်တာရာကောင်းကင်ထဲတွင် ပျံဝဲနေသော ရွှေတုန်းလျှိုကို လှမ်းကြည့်လိုက်သည်။ ရွှေတုန်းလျှိုသည် နဝမပင်လယ်ကြောင့် အင်အားယုတ်လျော့သွားခဲ့သော လိပ်ပြာအတွက် အချိန်ဆွဲပေးဖို့ ရန်သူအားလုံးကို တစ်ယောက်တည်းတားဖို့ ပြင်နေ၏။
ရွှေတုန်းလျှိုစကားပြောလိုက်စဉ် သူ့အသံတွင် အဆုံးမဲ့စွမ်းအားတို့ ပါရှိနေသယောင် ထင်ရသည်။ “မန်ဟို ငါ ဖန်မျိုးနွယ်စုရဲ့သွေးဆက်အပေါ် ငါ အကြွေးတင်ခဲ့တယ်။ ဒီနေ့ ငါ တင်နေခဲ့အကြွေးကို ပြန်ဆပ်မယ်
“တောင်ပင်လယ်လောကကို မင်းဆီ ငါပေးလိုက်မယ်
“လောကကို ယူသွား... ငါ့ရဲ့ အစ-အဆုံးမန္တန်ကိုလည်း ယူသွားပါ။ အဲဒီမန္တန်က မိစ္ဆာချုပ်နှောင်သူအဖွဲ့ရဲ့ ပထမမျိုးဆက်မန္တန်ပဲ။ ငါ့ကျင့်ကြံခြင်းအခြေခံနဲ့ ငါ့တာအိုကိုလည်း ယူသွားပါ
“ငါ့အစီအစဉ်ရဲ့ နောက်ဆုံးအပိုင်း ဒါပဲ။ ပါရာဂွန်အင်မော်တယ်လောကအတွက် ငါ့ကျင့်ကြံခြင်းအခြေခံနဲ့ ငါ့တာအိုကို ယူပြီး ကိုးတံဆိပ်... ပါရာဂွန်တွေ... အင်မော်တယ်တွေ၊ နတ်ဆိုးတွေထက် သာတဲ့ .... ဖြစ်တည်မှုအားလုံးရဲ့ အထက်မှာရှိတဲ့ အင်အားအကြီးဆုံးတန်ခိုးရှင် ဖြစ်လာပေးပါ”