← Chapters

ကြယ်တာရာ ကပ်ဘေး

Vol. 26 Ch. 351

ကြယ်တာရာ ကပ်ဘေး

Vol. 26 Ch. 351

ထိုအခိုက်၌ မိုးဝါကုန်းမြေတိုက်ကြီးပေါ်ရှိ မရေမတွက်နိုင်သော သက်ရှိများမှာ ကြီးမားလွန်းလှသော ဖိအားကြီးကို ခံစားလိုက်ကြရ၏။ ယင်းက ခန္ဓာကိုယ်မှ တစ်ဆင့် စိတ်နှင့် ဝိညာဥ်တို့၏ အနက်ရှိုင်းဆုံး နေရာများ အထိ လျှင်မြန်စွာပင် ပျံ့နှံ့သွားသည်။

ချီပျစ်ခဲခြင်း အဆင့်ကို ချိုးဖျက်ရန် ကြိုးစားနေကြသူများမှာ ရုတ်ချည်းပင် ခန္ဓာကိုယ် အနှံ့ ဉာဏ်အလင်းများ ဖြစ်စဥ်များ ဖြစ်ပေါ်လာသည်ကို ခံစားလိုက်ကြရသည်။ သူတို့က မဆိုင်းမတွပင် ထိုင်ချကာ ချီးနှလုံးသားကို ဖွဲ့စည်းရန် ကြိုးစားကြတော့သည်။

ဝေ့ဝူယင်၏ မျက်လုံးများမှာ အပ်ပေါက်များကဲ့သို့ ကျဥ်းမြောင်းကာ အပေါ်သို့ မော့ကြည့်နေ၏။ သူ၏ အထက်ကောင်းကင်တွင်မူ စိမ်းပြာရောင် တောက်ပနေသည့် ကွင်းကိုးကွင်း ဖြစ်တည်နေသည်။ ထိုကွင်း တစ်ခုချင်းစီမှာ အရွယ်အစားချင်း မတူညီကြသော်လည်း အသေးငယ်ဆုံး ကွင်းပင်လျှင် ကီလိုမီတာ သိန်းနှင့်ချီ၍ ကြီးမားသည်။ အကြီးဆုံးသော တစ်ခုဆိုလျှင် သုံးလွှာ ကြယ်တာရာ နယ်မြေတစ်ခုလုံးကို အလင်းရောင် ပေးနေသည့်  နေသုံးစင်းထက်ပင် ပိုမို တောက်ပနေသေး၏။ သို့တိုင်အောင် ၎င်းတို့မှာ အလွန့် အလွန် ကွာဝေးလွန်းနေသည့် နေရာများ၌တွင်သာ ရှိနေကြသေးခြင်း ဖြစ်သည်။

စစ်ဗုံပေါင်း တစ်သောင်းကို တစ်ပြိုင်နက်တည်း တီးခတ်လိုက်သကဲ့သို့ ဝေ့ဝူယင်၏ နှလုံးသားက တဒိုင်းဒိုင်း တုန်ခါသွား၏။ ဝိညာဥ် ပုံရိပ်ယောင် ကပ်ဘေးအကြောင်း အချက်အလက်များ အရဆိုလျှင် ထိုကွင်းတစ်ခုချင်းစီကို သူ ရင်ဆိုင်ရလိမ့်မည် ဖြစ်သည်။

ဝေ့ဝူယင် ဒေါသတကြီးဖြင့် အိုရီကို စိုက်ကြည့် လိုက်၏။

“မင်း ဘာလုပ်လိုက်တာလဲ...”

“ရီ... ရီ...”

အိုရီ၏ အသံက သူ အပြစ်ကင်းစင်ကြောင်း ကြေညာနေသည့်ပုံ ရ၏။ သို့သော်လည်း ၎င်းက လုံးဝ သောက်ရေး မပါ‌ကြောင်း ဝေ့ဝူယင် သိသည်။ ထိုကြယ်တာရာ ဝိညာဥ်စုတ်မှာ ပထမ တစ်ကြိမ်က ကဲ့သို့ပင် အကန့်အသတ်များကို ကျော်လွန်၍ ကောင်းကင်ကပ်ဘေးအား စိန်ခေါ်ရန် တစ်စုံတစ်ရာအား ပြုလုပ်လိုက်ခြင်းသာ ဖြစ်သည်။

“ငါ မလုပ်ဘူးလေ... လုံးဝ မလုပ်တာနော်”

အိုရီမှာ သူ အပြစ်ကင်းစင်သည့် ပုံစံဖြင့် ထပ်တလဲလဲ ရှင်းပြရန် ကြိုးပမ်းနေသော်လည်း လေသံကတော့ အူမြူးနေသည်မှာ အထင်းသားပင်။ သူ့ပုံစံက လုပ်ချင်တာ လုပ်ပြီး  လူကြီးမိဘ အဆူခံရမှာ စိုးလို့ ဘူးခံငြင်းနေသည့် ကလေးငယ် တစ်ယောက်လိုပင်။

ဝေ့ဝူယင်မှာ ခေါင်းပင် ကိုက်သွားမိ၏။ မှတ်တမ်းများအရ... ဝိညာဥ် ပုံရိပ်ယောင် ကပ်ဘေးကို ကျော်လွန်ရန် အတွက် ကွင်းများမှ ထုတ်လွှတ်သော ဝိညာဥ်ဖိအားကို ခုခံကာ ပုံရိပ်ယောင် ဝိညာဥ်စွမ်းအင်များကို စုပ်ယူရသည်။ ထို့နောက်တွင် ထိုစွမ်းအင်များကို ကြယ်တာရာ ဝိညာဥ်၏ အစိတ်အပိုင်းများ ဖြစ်သည့် စိတ်၊ ရုပ်၊ ဝိညာဥ်နှင့် အမတေတို့နှင့် ပူးပေါင်းကာ ဝိညာဥ် ဆင်းတုများ အဖြစ် ဖွဲ့စည်းရလိမ့်မည် ဖြစ်သည်။ ဝိညာဥ် ပုံရိပ်ယောင် ကပ်ဘေးတွင် ဝိညာဥ်ဆင်းတုများ ဖွဲ့စည်းရန် အတွက် အလွန် သင့်တော်သည့် ဝိညာဥ် စွမ်းအင်များ ကိန်းအောင်း ဖြစ်တည်နေ၏။

ခေတ်အဆက်ဆက် မှတ်တမ်းများ အရ... ဝိညာဥ် ပုံရိပ်ယောင် ကပ်ဘေးတွင် ဖြစ်ပေါ်လေ့ ရှိသည့် ပုံမှန် ကွင်းများ၏ အရွယ်အစားက မီတာ ဆယ်ဂဏန်းမျှသာ ဖြစ်သည်။ အမြင့်ဆုံးသော စံချိန်ပင်လျှင် မီတာ ရာဂဏန်းလောက်သာ ဖြစ်သည်။ သို့သော်လည်း... သူ၏ ဝိညာဥ်ကွင်းများကတော့ သောက်ရေး မပါလောက်အောင် ကြီးမားလွန်းလှကာ ကုန်းမြေတိုက်ကြီးများ၊ ဂြိုဟ်များနှင့် ကြယ်တာရာ နယ်မြေတို့လောက် အထိပင် ရှိသည်။ အဘယ်ကြောင့်နည်း။

“ကြယ်တာရာ အမြုတေတွေရဲ့ အရွယ်အစားကြောင့်လား...”

ဝေ့ဝူယင် တွေးလိုက်မိ၏။ ကြယ်တာရာ အမြုတေများ၏ အရွယ်အစားသည် ကြယ်တာရာ အင်အားကိုသာမက ရုပ်၊ စိတ်၊ ဝိညာဥ်နှင့် အမတေနှင့် ဝိညာဥ်စွမ်းအင်များကိုပါ ကိုယ်စားပြုနိုင်သည်။ ကောင်းကင်အုပ်စိုးသူများ၏ ပျမ်းမျှ ကြယ်တာရာ အမြုတေ အရွယ်အစားက မီလီမီတာ တစ်ဝက်မျှသာ ဖြစ်သည်။ သူ၏ ကြယ်တာရာ အမြုတေများမှာ ထိုထက် အဆနှစ်ဆယ် ပိုမို ကြီးမားသည်။

ကောင်းကင်ကို မော့ကြည့်ရင်း ဝေ့ဝူယင်၏ မျက်လုံးများက ပိုမို သေချာလာ၏။ သူ ပင့်သက်တစ်ချက် ရှိုက်လိုက်သည်။ အခိုင်မာဆုံးသော ကျင့်ကြံခြင်း အခြေခံအား တည်ဆောက်လိုသည်က သူ့ဆန္ဒ ဖြစ်သည်။ အနာဂတ်တွင် သူ ကောင်းကင်တာအိုကို ရင်ဆိုင်ရမည်။ ငရဲ၏ ကပ်ဘေးများကို ရင်ဆိုင်ရမည်။ အဘယ်ကြောင့် ကြယ်တာရာ အမြုတေ အဆင့် ကပ်ဘေးလေးကို ကြောက်လန့်နေရမည်နည်း။

ဝေ့ဝူယင်၏ စိတ်ထဲရှိ ကြောက်ရွံ့မှု အားလုံးမှာ မြူတစ်မှုန်ပင် မကျန်အောင် လွင့်ပါးသွား၏။ သူ၏ ငွေရောင် မျက်ဝန်းများကလည်း ပြင်းထန်သော ဆန္ဒတို့ကို ရောင်ပြန်ဟပ်ကာ တလက်လက် တောက်ပလာသည်။ ကြယ်တာရာ ဝိညာဥ်များက အပြင်းထန်ဆုံးသော ကပ်ဘေးကိုသာ ရင်ဆိုင်လိုသည် ဆိုလျှင် သူ့ဘက်ကလည်း ပူးပေါင်းပေးလိုက်ရုံသာ ဖြစ်သည်။ ကျရှုံးသွား‌တော့ရော ဘာအရေးနည်း။ သေဆုံးသွားရတော့ရော ဘာအရေးနည်း။

“မင်း အဆင်သင့်ပဲလား...”

ဝေ့ဝူယင် အိုရီအား ဆက်သွယ်လိုက်၏။ ဖခင်ထံမှ ပြင်းထန်ခိုင်မာသည့် စိတ်ဓာတ်ကို ခံစားလိုက်ရသည့် အလား အိုရီက စိတ်လှုပ်ရှားစွာ တုန့်ပြန်သည်။ ထူးထူးဆန်းဆန်းပင် ဘုရင်တို့ သုံးယောက်မှာမူ တုတ်တုတ်မျှ မလှုပ် ငြိမ်သက် နေကြဆဲ ဖြစ်သည်။

ထိုအခြေအနေက ပုံမှန် သိပ်မဟုတ်သည့်တိုင် ဝေ့ဝူယင် လျစ်လျူလိုက်၏။ သူက ခန္ဓာကိုယ် တစ်ခုလုံးရှိ ခွန်အားများကို ‌ခြေထောက်တွင်စုစည်းကာ မိုးဝါကုန်းမြေတိုက်ကြီး၏ တောင်ထိပ်ကို အရှိန်အဟုန်နှင့် နင်းကန်လိုက်သည်။

ဘုန်း...

ရုတ်ချည်းပင် အောက်ရှိ တောင်ထိပ်မှာ တစ်စစီ ပေါက်ကွဲ ကြေမွသွားသည်။ သူ့ခန္ဓာကိုယ်ကတော့ ကြယ်ပျံတစ်စင်းလို ကောင်းကင်ဆီ အရှိန်အဟုန်နှင့် လွင့်ပျံသွား၏။

ထို့နောက်... စက္ကန့်ဝက်မျှ အတွင်းမှာပင် သူသည် မိုးဝါကုန်းမြေတိုက်ကြီး၏ ကောင်းကင်အလွှာ အထပ်ထပ်ကို ချိုးဖျက်ကာ အမှောင် အာကာသအတွင်း ဝင်ရောက်သွားခဲ့တော့သည်။

...

ဘုန်း...

လေဟာနယ် အတွင်း ရောက်ရှိသည်နှင့် အဆုံးမဲ့ ဖျက်ဆီးခြင်း စွမ်းအင်များမှာ ဝေ့ဝူယင်ထံ အဆက်မပြတ် တိုးဝင် ရိုက်ခတ်လာ၏။ ကြောက်မက်ဖွယ် ကောင်းလှသော ဖိအားတစ်ခုက အအေးဓာတ်များနှင့် အတူ အရိုးထဲထိ စိမ့်ဝင်လာသည်။ ထိုအေးစက်မှုမျိုးကို အသက်နှင့် တစ်ကိုယ် ဝေ့ဝူယင် ခုမှ ကြုံဖူးခြင်း ဖြစ်သည်။ အဘယ်မျှ အေးသနည်း ဆိုသော် နေသုံးစင်းမှ အလင်းတန်းများ အဆက်မပြတ် ရိုက်ခတ်နေသည့်တိုင် ၎င်းမှာ ပျောက်ကွယ်သွားခြင်း မရှိပါချေ။

ဝေ့ဝူယင် အသက်ရှူရန် ကြိုးစားကြည့်လိုက်၏။ သို့သော်လည်း ထိုနေရာ၌ အောက်စီဂျင် အပါအဝင် အသက်ရှူနိုင်သည့် မည်သည့် ဓာတ်ငွေ့မှ တည်ရှိ မနေပါချေ။ အသက်ရှူကြပ်လာမှုကြောင့် မျက်လုံးများ ပြာဝေသွားသော်လည်း ဝေ့ဝူယင် ချက်ချင်းပင် ကိုယ့်ကိုယ်ကိုပြန်လည် ထိန်းသိမ်းလိုက်သည်။ သူ ချက်ချင်းပင် လေဒြပ်စင်အင်အားများကို ထုတ်လွှတ်ရင်း ယာယီ လေထုအလွှာ တစ်ခုကို ခန္ဓာကိုယ် ပတ်လည်၌ ဖန်တီးလိုက်၏။

တစ်ခဏတာမျှ သက်တောင့်သက်သာ ပြန်ဖြစ်သွားသော်လည်း ခန္ဓာကိုယ်ထဲရှိ ကြယ်တာရာ အင်အားများက မြန်ဆန်သော အရှိန်အဟုန်နှင့် ကျဆင်းနေလေရာ ယာယီ လေထုအလွှာမှာ ကြာကြာ မခံနိုင်ကြောင်း ဝေ့ဝူယင် သဘောပေါက်လိုက်သည်။ ထိုနှုန်းအတိုင်းဆိုပါက ကြယ်တာရာ အမြုတေလေးခု၏ ပံ့ပိုးမှုနှင့် ပင်လျှင် ဤယာယီလေထုအလွှာမှာ နှစ်မိနစ်ထက် ပို၍ တောင့်ခံနိုင်လိမ့်မည် မဟုတ်ပါချေ။

ဝေ့ဝူယင် ပင့်သက်တစ်ချက် ရှိုက်လိုက်မိသည်။ ဤနေရာက လောကသခင် အောက်အဆင့်များ အတွက် ချွင်းချက်မရှိ တားမြစ်ဇုန် ဖြစ်သည်မှာ မထူးဆန်းတော့ချေ။ ၎င်း၏ ပတ်ဝန်းကျင် အခြေအနေက သက်ရှိများ အသက်ရှင်သန်ရန် အလွန့်ကို ခက်ခဲလွန်းလှသည်။ သို့သော်လည်း ဝေ့ဝူယင် တွန့်ဆုတ်မနေပါပဲ အရှိန်ကို ထပ်မံ တိုးမြှင့်ကာ ပထမဆုံး ဝိညာဥ်ကွင်းရှိရာသို့ ပျံသန်းလိုက်၏။

စိမ်းပြာရောင် ကွင်းကြီးနှင့် ပိုမို နီးကပ်လာသည်နှင့် အမျှ ကြောက်မက်ဖွယ် ကောင်းလှသော ဝိညာဥ်ဖိအားမှာ သူနှင့် အိုရီတို့ အပေါ်သို့ ပိကျလာသည်။ ရုတ်တရက် ခန္ဓာကိုယ်က ယာယီ နှေးကွေးသွားသလို ဝေ့ဝူယင် ခံစားလိုက်ရ၏။ အကျိုးဆက် အနေဖြင့် အမြန်နှုန်းကို ဆက်လက် ထိန်းသိမ်းရန် အတွက် သူ စွမ်းအင် သုံးစွဲမှုကို ပိုမို တိုးမြှင့်လိုက်ရသည်။

“ဟမ်...”

ထိုအခိုက်တွင်ပင် ခရာတိုနှင့် ပတ်သက်သည့် ထူးဆန်းသော ခံစားချက်လှိုင်း တစ်ခုက ရိုက်ခတ်လာရာ ဝေ့ဝူယင်၏ ငွေဘော်ရောင်မျက်လုံးများမှာ ကျဥ်းမြောင်းသွား၏။ အကယ်၍ လူသားအသွင်က အမှောင် အာကာသထဲ ရှင်သန်ရန် မဖြစ်နိုင်လျှင် ဟင်းလင်းပြင် နဂါးအသွင်ကရော ရှင်သန်နိုင်မည်လား။

ထိုမေးခွန်းအား မဖြေမရှာနိုင်ခင်မှာပင် ဝေ့ဝူယင်၏ ခန္ဓာကိုယ်က ပထမ ဝိညာဥ်ကွင်းနှင့် ကီလီုမီတာ ထောင်ဂဏန်းခန့် အကွာအထိ ရောက်ရှိလာ၏။ ကုန်းမြေတိုက်ကြီး တစ်ခုစာလောက် ရှိသည့် စိမ်းပြာရောင် ကွင်းကြီးကို အနီးကပ်ကြည့်ရင်း စိတ်လှုပ်ရှားမှုများမှာ ဝေ့ဝူယင်၏ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ဟူး...

ဝေ့ဝူယင် ပျံသန်းနေသည့် အရှိန်ကို ထပ်မံ မြှင့်လိုက်ရင်း ဝိညာဥ်ကွင်းအတွင်း ဝင်ရောက်ရန် ဟန်ပြင်လိုက်၏။ ထိုအခိုက်အတန့်၊ အလွန့်ကို သေးငယ် ကျဥ်းမြောင်းလှသည့် ထိုအခိုက်အတန့်ကလေးမှာပင် တစ်ချိန်လုံး ငြိမ်သက်နေသည့် ကြယ်တာရာ ဝိညာဥ်သုံးခုမှာ အရှိန်အဟုန်နှင့် အတူ နိုးထလာကြတော့၏။

“ငါတို့အလှည့် ‌ရောက်ပြီဟေ့...”

ခရာတိုက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။ သူ့ခန္ဓာကိုယ်ထံမှ ဟင်းလင်းပြင် စွမ်းအင်များမှာ အရှိန်အဟုန်နှင့် အတူ ထွက်ပေါ်လာကာ ဝေ့ဝူယင်၏ ခန္ဓာကိုယ်အား ရစ်သိုင်းထားသည့် အအေးဓာတ်ကို အတိုင်းအတာ တစ်ခု ရောက်အောင် တွန်းလှန်ပစ်လိုက်သည်။

“ချွင်...”

တစ်ချိန်တည်း၌ ငွေရောင် ဆေဘာအင်အားမှာ ဝေ့ဝူယင်၏ လက်ဆီသို့ စီးဆင်းလာ၏။ ထို့နောက် သူ့ဆန္ဒမပါပါပဲ အလိုအလျောက်ပင် “ဒြပ်စင်” အဖြစ် ဖွဲ့စည်းသွားသည်။

ဘုန်း...

ဆေဘာကို ဆုပ်ကိုင်လိုက်သော အခိုက်၌ ကြီးကျယ်မြင့်မြတ်လှသည့် ဧကရာဇ်တစ်ပါး၏ အရှိန်အဝါတစ်မျိုးက သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာ၏။ ခန္ဓာကိုယ်ကို ရောဂါပိုးမွှားတစ်ခုလို စွဲကပ်နေသည့် အေးစက်မှုများက ထက်ဝက်မျှ အထိပင် လွင့်ပါး ကင်းစင်သွားသည်။

“အချိန်ကျပြီ...”

ဧဒင်မှာလည်း ပထမဆုံး အကြိမ် အဖြစ် စကားပြောလာကာ အဂ္ဂိရတ် ကြယ်တာရာ အင်အားများကို စတင် ထုတ်လွှတ်လာ၏။

“မင်းတို့တွေ...” ‌

ဝေ့ဝူယင် မေးခွန်းထုတ်ရန် ဟန်ပြင်လိုက်စဥ်မှာပင်...

“ဘုန်း... ဘုန်း...”

ပတ်ဝန်းကျင်တစ်ခုလုံးမှာ ကြောက်မက်ဖွယ် အရှိန်အဟုန်နှင့် အတူ တုန်ခါလာ၏။ ကောင်းကင်ဘုံ နတ်မျက်လုံးတို့ဖြင့် မြင်တွေ့နေရသည့် ဝိညာဥ်ကွင်း ရှစ်ခုမှာ တဒင်္ဂအတွင်း အစအနရှာ၍ မရအောင် ပျောက်ကွယ်သွားသည်။ တစ်ဆက်တည်းလိုလိုပင် အလွန် ကြီးမားလှသည့် ဆွဲအားကြီး တစ်ခုက ရှေ့တွင်  ဖြစ်ပေါ်လာကာ သူ့ခန္ဓာကိုယ်ကို ဆွဲသွင်းသွားတော့၏။

...

ဝေ့ဝူယင် ပတ်ဝန်းကျင်ကို သတိထားကြည့်လိုက်ရာ အမှောင်ဟင်းလင်းပြင် အတွင်းရှိ နေရာတစ်ခုသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ အလွန် ကြောက်မက်ဖွယ်ကောင်းသော ဝိညာဥ်ဖိအားများသည် အရှိန်အဟုန်နှင့် အတူ သူ့ကို ဖုံးအုပ်ထားသည်။ ဝေ့ဝူယင် ကောင်းကင်ဘုံ နတ်မျက်လုံးကို အသက်သွင်းရင်း အရှေ့အရပ်ဆီသို့ လှမ်းကြည့်လိုက်၏။

သူ မြင်တွေ့လိုက်ရသည်ကတော့ စောနကပင် သူ့ သူ့ မျက်လုံးအောက်မှ ပျောက်ကွယ်သွားသည့် ဝိညာဥ်ကွင်းများပင်။ ၎င်းတို့၏ အရွယ်အစားကို သတိထားမိသည်နှင့် ဝေ့ဝူယင်၏ မျက်လုံးများက အဆမတန် ပြူးကျယ်သွား၏။

“နေဦး ဘယ်လိုဖြစ်တာလဲ... ဒီဝိညာဥ်ကွင်းတွေက”

ပထမ၌... ဒုတိယမြောက် ဝိညာဥ်ကွင်းမှာ ကုန်းမြေတိုက်ကြီး တစ်ခုစာလောက်သာ ရှိခဲ့သည်။ သို့သော်လည်း ယခုတွင်တော့ အဆုံးအစကိုပင် မမြင်ရတော့။ ၎င်း၏ အရွယ်အစားက ကြယ်တာရာ နယ်မြေတစ်ခုထက်ပင် ပိုမို ကြီးမားနိုင်သေးသည်။

အခြားခုနစ်ခုလား...။

ဒုတိယမြောက် ဝိညာဥ်ကွင်းထက် အဆပေါင်းများစွာ ပိုမို ကြီးမားလှသည်ချည်းသာ ဖြစ်သည်။ နှိုင်းယှဥ်ပြသစရာ အရွယ်အစာမျိုးပင် သူ့တွင် မရှိ။ အရိုးထဲထိ စိမ့်ဝင်သွားသလိုမျိုး ကြက်သီးထဖွယ် ခံစားချက်တစ်ခုက ဝေ့ဝူယင်၏ နှလုံးသားထဲတွင် ဖြစ်ပေါ်လာသည်။ မည်သည့်အရာများ ဖြစ်ပျက်သွားခဲ့သနည်း။

အံ့အားသင့်မှု၊ ဆွံ့အမှုများနှင့် အတူ သူ နောက်သို့ လှည့်ကြည့်လိုက်မိသည်။ ထိုအခါတွင် သူ့နှလုံးသားက မဖြစ်နိုင်သည့် ချောက်နက်ကြီးတစ်ခုထဲကို ဇောက်ထိုး ကျဆင်းသွားတော့၏။

နေသုံးစင်းကား အလွန် ဝေးကွာလှသော နေရာတစ်ခု၌ ကျန်ရစ်နေခဲ့ပြီ ဖြစ်လေတော့သည်။

***

All Chapters