ကြယ်တာရာ ကပ်ဘေး (၂)
Vol. 26 Ch. 352
“ ... “
ဝေ့ဝူယင်မှာ ဘာပြောရမှန်းပင် မသိတော့။ သူကား သုံးလွှာ ကြယ်တာရာ နယ်မြေ၏ ပြင်ပသို့ အမှန်တကယ်ပင် ရောက်နေခဲ့ပြီ ဖြစ်သည်။ “အမှောင် ဟင်းလင်းပြင် ပင်လယ်” အဖြစ် ကျောင်းတော်သားများ ရည်ညွှန်းကြသည့် လေဟာနယ်ကြီး တစ်ခုသာလျှင် သူ့ဘေးတွင် ရှိသည်။
အကယ်၍ သုံးလွှာ ကြယ်တာရာ နယ်မြေမှာ နေသုံးစင်းကို ဗဟိုပြု၍ လည်ပတ်နေသည် ဆိုလျှင် ယခု သူ ရောက်ရှိနေသည့် နေရာမှာ ယင်း၏ အဆုံးသတ် ဖြစ်ပေလိမ့်မည်။ ဤသည်မှာ အခြေခံ သေမျိုးများ လုံးဝ အလှမ်းမမှီနိုင်သည့် အကွာအဝေး ဖြစ်ပြီး လောကသခင်များပင်လျှင် အတွက် ရာစုနှစ်များစွာ အချိန်ယူ ပျံသန်းရပေလိမ့်မည် ဖြစ်သည်။ သို့သော်လည်း သူကမူ စက္ကန့်ပိုင်း... လုံးဝကို စက္ကန့်ပိုင်း အတွင်းမှာပင် ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ဝေ့ဝူယင်၏ နှလုံးသားက အရှိန်အဟုန်နှင့် အတူ ပြင်းပြင်းထန်ထန် စတင် တုန်ရီလာ၏။ တဒုန်းဒုန်း မြည်သံများက သူ့နားစည်သို့ပင် အဆက်မပြတ် ရိုက်ခတ်နေသည်။
ဘုန်း...
ထိုအခိုက်တွင်ပင် တစ်စထက် တစ်စ ပိုမို ပြင်းထန်လာသည့် ဖိအားက ဝေ့ဝူယင် ဖန်တီးထားသည့် ယာယီလေထု အလွှကို အပြီးတိုင် ဖျက်ဆီးပစ်လိုက်သည်။ ခန္ဓာကိုယ်ပေါ် တိုက်ရိုက် ကျဆင်းလာသည့် ဖိအားအောက်တွင် ဝေ့ဝူယင်၏ စိတ်တစ်ခုလုံးက ချာချာလည်သွားသည်။
သူ သတိမလစ်စေရန် စိတ်ကို ထိန်းရင်း ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ ထိုအခါ သူ၏ ခန္ဓာကိုယ်မှာ ကြယ်တာရာ နယ်မြေတစ်ခုလောက် ကျယ်ဝန်းသည့် စိမ်းပြာရောင် ကွင်းကြီး တစ်ခုအတွင်းတွင် ရောက်ရှိနေခြင်း ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ၎င်းက ပထမဆုံး ဝိညာဥ်ကွင်း ဖြစ်ကြောင်း ဝေ့ဝူယင် သဘောပေါက် လိုက်၏။
“အိုရီ...”
ရုတ်တရက် ဝေ့ဝူယင် စိတ်ပူသွား၏။ ဤသည်က အိုရီ၏ ကပ်ဘေး ဖြစ်ပေသည်။ သူ အလျှင်အမြန်ပင် စိတ်မျက်လုံးကို ဖြန့်ကျက်ရင်း ခန္ဓာကိုယ် အတွင်း စစ်ဆေးလိုက်၏။
“ဘာလဲ...”
ရုတ်တရက် ဆီးကြိုနေသည့် မြင်ကွင်းကြောင့် ဝေ့ဝူယင်၏ မျက်လုံးများက ပြူးကျယ်သွား၏။ ဘုရင်၊ ဧဒင်နှင့် ခရာတိုတို့မှာ သူတို့၏ စွမ်းအင်များကို အစွမ်းကုန် ဖော်ထုတ်ကာ အိုရီထံသို့ တက်ကြွစွာ ပို့လွှတ်နေကြသည် မဟုတ်ပါလား။
“မင်းတို့...”
အခြေအနေ တစ်ခုလုံးကို ခြုံငုံ သုံးသပ်မိသော အခိုက်၌ ဝေ့ဝူယင် လက်မှိုင်ချကာ ဖြူရော်စွာသာ ပြုံးလိုက်မိ၏။ သူ့ မူလ ဝိညာဥ်မှ တိုက်ရိုက် ဆင်းသက်လာသည့် ကြယ်တာရာ ဝိညာဥ်များ ဟု မပြောရချေ။ ထိုကောင်လေးများ၏ ဉာဏ်ရည်ဉာဏ်သွေးက သူနှင့် ချွတ်စွပ်လိူပင်။ သူတို့က ကောင်းကင်လောက မိုးကြိုးကပ်ဘေးတွင် ပြုလုပ်ခဲ့သည့် ပုံစံအတိုင်း အတိအကျပင် ဝိညာဥ်ဆင်းတု အဆင့် ကပ်ဘေးကို ပိုမို မြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိအောင် ဆွဲတင်ကြခြင်းပင် ဖြစ်ပေသည်။
ဤသည်က စိတ်ကူးဖြင့်ပင် ရူးသွပ်ဖွယ် ကောင်းသည့် စွန့်စားမှုမျိုး ဖြစ်သည်။ ကောင်းကင်တာအို၏ ဥပဒေသများ အရ ဝိညာဥ်ကွင်း တစ်ခုချင်းစီ၏ အရွယ်အစားမှာ ၎င်းတို့ ပိုင်ဆိုင်ထားသည့် စွမ်းအားကို ကိုယ်စားပြုနိုင်သည်။ ဝိညာဥ်ကွင်း၏ အရွယ်အစား ပိုမို ကြီးမားလေလေ ကပ်ဘေးမှာ ပိုမို ပြင်းထန်လေလေ ဖြစ်သည်။
ယခုဆိုလျှင် ကြယ်တာရာ လေးခု၏ ပူးပေါင်းနှင့် အတူ ဝိညာဥ်ကွင်းများ၏ အရွယ်အစားက မူလကထက် ဆယ့်ခြောက်ဆ အထိ ပိုမို ကြီးမားလာခဲ့သည်။ ဆိုလိုသည်က ကပ်ဘေးမှာ ဆယ့်ခြောက်ဆ အထိ ပိုမို ပြင်းထန်လိမ့်မည် ဖြစ်သည်။ ခြေတစ်လှမ်း မှားသည်နှင့် အရာအားလုံး ပြီးဆုံးသွားပေလိမ့်မည်။ ပိုမို မြင့်မားသော အဆင့်များကို ဘယ်တော့မှ ခြေချနိုင်မှာ မဟုတ်တော့။
ပင်ကိုယ် ဗီဇ အရ ထိုကဲ့သို့ အလောင်းအစားဆန်လွန်းသည့် စွန့်စားမှုမျိုးကို ဝေ့ဝူယင် မည်ကဲ့သို့ လက်ခံလိမ့်မည်နည်း။ ထို့ကြောင့်ပင် အိုရီတို့ တစ်သိုက်မှာ သူ့ကိုပင် အသိမပေးကြပဲ အလစ်အငိုက် အချိန်ကို စောင့်ကာ အစီအစဥ်ကို အကောင်အထည် ဖော်ခဲ့ကြခြင်း ဖြစ်သည်။
“မင်းတို့က ကောင်းစေချင်လို့ လုပ်တယ် ဆိုတာ ငါသိတယ်... ဒါပေမဲ့ ခု ပြဿနာ အကြီးကြီးနဲ့ ရင်ဆိုင်နေရပြီ ဆိုတာ မင်းတို့ သိကြရဲ့လား”
ဝေ့ဝူယင် ခေါင်းကို ခါယမ်းရင်း ဆိုလိုက်၏။ ကြယ်တာရာ ဝိညာဥ်လေးခုမှာ ဘာမှ ပြန်မပြောချေ။ အတန်ကြာပြီးနောက်မှ ဧဒင်ထံမှ တုန့်ပြန်သံ တစ်ခု ထွက်ပေါ်လာ၏။
“ဘာလို့လဲ...”
“ ... “
အဂ္ဂိရတ် အင်အားများကို အိုရီထံသို့ အားတက်သရော ပို့လွှတ်နေသည့် ထိုသစ်ပင်ကို ကြည့်ရင်း အားလုံးကို စတင်ခဲ့သည့် တရားခံက မည်သူ ဖြစ်ကြောင်း ဝေ့ဝူယင် ရှင်းရှင်းလင်းလင်းပင် သိလိုက်သည်။ သကောင့်သားများ ဖြစ်သည့် အိုရီ၊ ဘုရင်နှင့် ခရာတိုတို့မှာလည်း အလိုတူ အလိုပါပင်။
ဝေ့ဝူယင် အေးစက်စက် နှာခေါင်း တစ်ချက် ရှုံ့လိုက်ရင်း ပတ်လည်ရှိ စိမ်းပြာရောင်ကွင်းကြီးကို လက်ညိုးထိုးပြလိုက်၏။
“မင်းတို့ ကိုယ်တိုင် ကြည့်လေ... ပထမ ဝိညာဥ်ကွင်းတင် ကြယ်တာရာ နယ်မြေတစ်ခုစာလောက် ရှိနေပြီ... ထားပါလေ... အရွယ်အစား ဘယ်လောက်ပဲ ကြီးကြီး အတူတူ ရင်ဆိုင်နိုင်ကြတယ်ထားလိုက်ဦး... ခု ငါတို့ ကြယ်တာရာ နယ်မြေရဲ့ အပြင်ဘက်ထိ ရောက်လာပြီ... ဘယ်လို ပြန်မှာလဲ... နောက်ထပ် ဝိညာဥ်ကွင်းတွေကို ထပ်ပြီး ရင်ဆိုင်ရရင်ရော ဘယ်နေရာတွေ အထိ ရောက်ဦးမှာလဲ”
“ဟမ့်...”
ဘုရင်က ထုံးစံအတိုင်းပင် အေးစက်စက် နှာခေါင်းရှုံ့၏။ သို့သော်လည်း ကြည့်ရသည်က ဘာအကြံကောင်း ဉာဏ်ကောင်းမှ သူ့ခေါင်းထဲတွင် ရှိပုံ မရ။
“ဒီလောကမှာ ကျုပ်မသွားနိုင်တဲ့ နေရာ မရှိဘူး.. ကျုပ်ကို ချုပ်နှောင်ထားနိုင်တဲ့ အကျဥ်းခန်း မရှိဘူး”
ခရာတိုကလည်း အော်ဟစ်လိုက်၏။ သူ့လေသံထဲရှိ မိမိကိုယ်ကို ယုံကြည်မှုက ဘုရင်လိုပင် တစ်ပြားသားမှ မလျှော့ချေ။
“ဟုတ်တယ်... ဘာကို သောက်ဂရုစိုက်နေရမှာလဲ... ဘယ်နေရာရောက်ရောက် ငါတို့တွေ တစ်ယောက်အတွက် တစ်ယောက် ရှိနေမှာပဲဟာ”
အိုရီကလည်း စိတ်အား တက်ကြွစွာ ပြောလိုက်သည်။ တရားခံ ခေါင်ချုပ်ကြီး ဧဒင်ကလည်း သူ လုံးဝ မမှားသလို အထာမျိုးဖြင့် ဝေ့ဝူယင်အား ကြည့်၏။
“ ... “
ဝေ့ဝူယင်မှာ ဘာပြန်ပြောရမှန်းပင် မသိတော့။ သူ ပင့်သက်တစ်ချက်သာ ရှိုက်လိုက်မိ၏။ ဘာပဲဖြစ်ဖြစ်... ကလေးများ ပြုလုပ်လိုက်သည့် အညစ်အကြေးများကို ဆေးကြောပေးရမည်က ဖခင်တစ်ဦး၏ တာဝန်ပင် ဖြစ်သည်။
ခန့်မှန်းကြည့်ရသလောက် ဆိုလျှင် သည်ကပ်ဘေးမှာ ငရဲ၏ စမ်းသပ်မှု ဆယ့်ရှစ်ခုလောက်တော့ ပြင်းထန်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် ဤအမှောင်ထုထဲတွင် သေသွားတော့ရော ဘာအရေးနည်း။ အနန္တဧကရာဇ်ဂိုဏ်းကို မပြန်နိုင်တော့ရော ဘာအရေးနည်း။ သူ့တွင် နောင်တရစရာ တစ်ခုမှ မရှိချေ။
ခန္ဓာကိုယ်ပေါ် ပြင်းထန်စွာ ကျဆင်းနေသည့် ဖိအားများကို ခံစားရင်း ဝိညာဥ် ဆင်းတု အဆင့် ကပ်ဘေး၏ ဝိသေသများကို ဝေ့ဝူယင် ပြန်လည် တွေးတောလိုက်၏။ ဝိညာဥ်ဆင်းတု အဆင့်အား ခြေချရန် အတွက် ခန္ဓာကိုယ်ထဲရှိ စိတ်၊ ရုပ်၊ အမတေနှင့် ဝိညာဥ်စွမ်းအင်များကို ဝိညာဥ်ကွင်းတို့ထံမှ ပုံရိပ်ယောင် စွမ်းအင်များနှင့် ပေါင်းစပ်ရသည်။ ထို့နောက်တွင် ကြယ်တာရာ ဝိညာဥ်များကို အခြေခံကာ ဝိညာဥ်ဆင်းတုမှာ ဖြစ်တည်လာလိမ့်မည် ဖြစ်သည်။
ထို့နောက် ကပ်ဘေး တစ်ခု ဆင်းသက်လာပေလိမ့်မည်။ ထိုကပ်ဘေးက သူ့အတွက် ကပ်ဘေး မဟုတ်ချေ။ ကြယ်တာရာ ဝိညာဥ်များ အတွက် ကပ်ဘေးသာ ဖြစ်သည်။ သူတို့သည် ဝိညာဥ်ဆင်းတုများ၏ ခွန်အားကို ဆုံးဖြတ်ရန် အတွက် ထိုကပ်ဘေးကို ကျော်လွှားရပေလိမ့်မည်။
“ဘယ်သူ အရင်လဲ...”
ဝေ့ဝူယင် အိုရီတို့ကို ကြည့်လိုက်၏။ တစ်ပြိုင်နက်တည်း စတင် လှုပ်ရှားလာကြသည့် ကြယ်တာရာ ဝိညာဥ်များကို ကြည့်ရင်း သူ့မေးခွန်းက မှားသွားကြောင်း ဝေ့ဝူယင် သိလိုက်သည်။
ဤသည်က တစ်ဦးတစ်ယောက်ချင်းစီနှင့်သာ သက်ဆိုင်သည့် ကပ်ဘေး မဟုတ်ချေ။ သူတို့ အားလုံးနှင့် တစ်ပြိုင်နက်တည်း သက်ဆိုင်နေသည့် ကပ်ဘေး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ၎င်းကို သူတို့ အတူတကွ ရင်ဆိုင် ကြပေလိမ့်မည်။
ဝိညာဥ် ပုံရိပ်ယောင် ကပ်ဘေး၏ သွင်ပြင် လက္ခဏာများကို ဝေ့ဝူယင် နောက်တစ်ကြိမ် ပြန်လည် စဥ်းစားလိုက်၏။ ပုံမှန် လမ်းစဥ်အတိုင်း ဆိုလျှင် ဝိညာဥ်ဆင်းတုအားဖွဲ့စည်းရန် အတွက် ပထမဆုံး ဝိညာဥ်ကွင်းများထံမှ ပုံရိပ်ယောင် ဝိညာဥ်စွမ်းအင်များကို ခန္ဓာကိုယ်တွင်း စုပ်ယူရသည်။ ထို့နောက် ၎င်းတို့ကို ကြယ်တာရာ ဝိညာဥ်များထံ ပို့လွှတ်ကာ စိတ်၊ ရုပ်၊ ဝိညာဥ်၊ အမတေတို့နှင့် ပေါင်းစည်းရသည်။ သို့သော်လည်း ဝေ့ဝူယင်ကတော့ ထိုသို့ ပြုလုပ်ရန် မလိုအပ်ပါချေ။
ပြင်ပဝိညာဥ် ခွဲထုတ်ခြင်း ကျင့်စဥ်...
လွန်ခဲ့သည့် နှစ်များအတွင်း၌ ဝေ့ဝူယင်သည် မူလ မိုးကုပ်စက်ဝိုင်းအဆင့် စွမ်းအင်ကို သုံးကာ ပြင်ပဝိညာဥ် ခွဲထုတ်ခြင်း ကျင့်စဥ်ကို အလွန်မြင့်မားသည့် အဆင့်တစ်ခုထိ ရောက်အောင် သန့်စင်နိုင်ခဲ့သည်။ ယခုဆိုလျှင် ကြယ်တာရာ ဝိညာဥ် လေးခုစလုံး ပြင်ပသို့ ထွက်ခွာသွားလျှင်ပင် ခန္ဓာကိုယ် အတွင်းရှိ စွမ်းအင် စီးဆင်းမှုများကို ထိန်းချုပ်ခြင်းအားဖြင့် သူ ဗိုလ်နေမြဲ၊ ကျားနေမြဲ ဆက်လက် ရှင်သန်နိုင်နေပြီ ဖြစ်သည်။ ချီသွေဖည်ခြင်းနှင့် ပေါက်ကွဲခြင်းများ ဖြစ်ပေါ်တော့မည် မဟုတ်ချေ။
ဝေ့ဝူယင် လက်များကို ဆန့်ထုတ်လိုက်ရာ ခန္ဓာကိုယ် အတွင်းရှိ နေရာလေးခုမှာ တစ်ပြိုင်နက်တည်း လှုပ်ရှားလာသည်။ အဖြူရောင်နှင့် ငွေရောင်အလင်းတို့မှာ သူ့ ထျန်းတျန် အတွင်းတွင် တောက်ပစွာ ဖြာထွက်လာ၏။
အဖြူရောင် အလင်းသည် နူးညံ့ခြင်း၊ ပျော့ပျောင်းခြင်း၊ မာကြောခြင်း၊ ကြမ်းတမ်းခြင်း၊ ပေါက်ကွဲခြင်း... စသည့် ဆန့်ကျင်ဘက် စွမ်းအင်အမျိုးမျိုးကို သယ်ဆောင်ထားသော်လည်း အပြီးပြည့်စုံဆုံး ပုံစံမျိုးဖြင့် ထိန်းချုပ်ထားသည်။ ထိုအလင်းကား တစ်လောကလုံးကို လွှမ်းခြုံနေကာ ကောင်းကင်ဘုံကိုပင် ထိုးဖောက်နိုင်ဟန် ရသည်။
“အိုရီ...”
***