ကြယ်တာရာ ကပ်ဘေး (၃)
Vol. 26 Ch. 353
“အိုရီ...”
ဝေ့ဝူယင် စိတ်ထဲမှ အော်ဟစ်လိုက်ရာ ဆန်းကြယ် ဒြပ်စင် ကြယ်တာရာ ဝိညာဥ် အိုရီမှာ ပြင်းထန်စွာ တုန်ခါလာ၏။ ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းက ထျန်းတျန်အတွင်းမှ ထွက်ခွာလာကာ ဘယ်ဘက် လက်ဆီ ရောက်ရှိလာ၏။
ချောမွေ့သော ထိတွေ့မှုတစ်ခုနှင့် အတူ သူ့လက်ချောင်းများက တစ်စင်တီမီတာမျှ ရှိသော ကြယ်တာရာ ဝိညာဥ်ကို ခံစားလိုက်ရသည်။ ၎င်းက စိတ်လှုပ်ရှားမှု များစွာဖြင့် ကခုန်နေကာ စိတ်ထဲမှ အိုရီ၏ အော်ဟစ်သံများကိုပင် ဝေ့ဝူယင် ကြားနေရသည်။ အိုရီမှာ ပြီးပြည့်စုံစွာဖြင့် လှပနေသည့် အဝန်းဝိုင်းတစ်ခု အဖြစ် တည်ရှိနေကာ အဆုံးမရှိ ပြောင်းလဲမှုများမှာ သူ့ကမ္ဘာအတွင်း ဖြစ်တည်နေ၏။
အခြားအလင်းတစ်ခု ဖြစ်သည့် ငွေရောင်အလင်းကတော့ ပိုမို တိုက်ရိုက်ဆန်သည်။ ၎င်းက အဆုံးစွန်သော အစွန်းရောက်မှုမျိုးဖြင့် ဖြစ်တည်နေကာ အရာအားလုံးအား ဖြတ်တောက်ရန် ဟူသော အကြောင်းပြချက် တစ်ခုတည်းဖြင့် တည်ရှိနေဟန် ရသည်။ သူ့လမ်းရှေ့တွင် ပိတ်ဆို့နေပါက နတ်ဘုရား ဖြစ်စေ၊ မိစ္ဆာဖြစ်စေ... အရာအားလုံးကို ရှင်းလင်းပစ်မည့် ဖြစ်တည်မှုမျိုး ဖြစ်သည်။
“ဘုရင်...”
ဝေ့ဝူယင် ရေရွတ်ရင်း ညာဘက်လက်ကို မသိမသာ ဆုပ်ကိုင်လိုက်မိ၏။ ချက်ချင်းပင် ဘုရင်၏ ကြယ်တာရာ အမြုတေသည် သူ့လက်သီးဆုပ် အတွင်း ရောက်ရှိလာကာ ငွေရောင်အလင်းများမှာ လက်ကြားများမှ ဖြာထွက်လာသည်။ လက်သီးဆုပ်ကို ဖွင့်လိုက်သော အခိုက်၌ တစ်စင်တီမီတာမျှရှိသည့် ဆေဘာတစ်ခုကို တွေ့ရှိလိုက်ရ၏။ သူ၏ ဆန်းကြယ် ဆေဘာ ကြယ်တာရာ ဝိညာဥ် ဖြစ်သည့် ဘုရင်သည် လုံးဝ ပြီးပြည့်စုံသည့် ဆေဘာတစ်ခု အဖြစ် တည်ရှိနေပေသည်။
အိုရီကို ဘယ်ဘက်လက်၊ ဘုရင်ကို ညာဘက်လက်တွင် ဆုပ်ကိုင်မိသော အခိုက်၌ ဝေ့ဝူယင်မှာ ပြိုင်ဘက်ကင်းမှုကို ခံစားလိုက်ရ၏။ သို့သော်လည်း ၎င်းက မပြီးသေးချေ။
ဒိတ်... ဒိတ်.. ဒိတ်...
သူ့နှလုံးခုန်သံများက တဖြည်းဖြည်း ပိုမို ကျယ်လောင်လာကာ ဟင်းလင်းပြင် နဂါး ကြယ်တာရာ ဝိညာဥ်မှာ ဖြည်းညင်းစွာ လှုပ်ရှားလာ၏။ အိုရီ၊ ဘုရင်တို့နှင့် ခြားနားစွာပင် ခရာတိုသည် ထျန်းတျန်ထက် နှလုံးသား အတွင်းတွင်သာ မှီတင်းနေထိုင်သည်။ နှလုံးသည် ရုပ်စွမ်းအင်များ၏ တည်နေရာ ဖြစ်သည့် အပြင် သွေးမျိုးဆက် အမတေများကို ထိန်းသိမ်းထားသည့် နေရာလည်း ဖြစ်သည်။
“ခရာတို...”
ဝေ့ဝူယင် ခေါ်လိုက်သည်နှင့် အကြေးခွံများနှင့် ခေါင်းသေးသေးလေးမှာ ရင်ဘတ်ဆီမှ တိုးထွက်လာခဲ့၏။ ၎င်းက ဒဏ္ဍာရီများထဲမှ သရဲလိုလို၊ တစ္ဆေလိုလိုပင် မီးခိုးရင့်ရောင် အလင်းအဖြစ် သူ့အရှေ့၌ ပျံဝဲနေသည်။ ဝေ့ဝူယင် စိတ်ဝင်တစားဖြင့် တစ်စင်တီမီတာမျှ ရှိမည့် ထိုအလင်းလေးကို စုံစမ်းလိုက်၏။ ဟင်းလင်းပြင် နဂါးမှာ မည်ကဲ့သို့ သွင်ပြင်မျိုးကို ပိုင်ဆိုင်ထားသနည်း။
ဝေ့ဝူယင် ကောင်းကင်ဘုံ နတ်မျက်လုံးကို သုံးရင်း မီးခိုးရောင် အလင်း မျက်နှာပြင်၏ အတွင်းပိုင်းကို ကြည့်ရန် ကြိုးစားလိုက်၏။ ခပ်ဝါးဝါး ခေါင်းပုံသဏ္ဌာန် တစ်ခုကို ဖျပ်ခနဲ တွေ့မြင်လိုက်ရသော အခိုက်၌ သူ့စိတ်တစ်ခုလုံး တုန်ရီသွားသည်။ ထိုအရာက ခရာတို သူ့ကို မြင်သွားခြင်းကြောင့်လား၊ ဒါမှမဟုတ် သူ ခရာတိုကို မြင်သွားခြင်းကြောင့်လားတော့ မသေချာခဲ့ချေ။
ဟူး... ဟူး...
ထိုအခိုက်အတန့်တွင်ပင် ခုနစ်ရောင်ခြယ် အလင်းတန်းများမှာ သူ့နဖူးထက်၌ မှိန်ဖျော့စွာ လင်းလက်လာ၏။ ၎င်းတို့က စက္ကန့်ပိုင်းမျှ အတွင်းမှာပင် အဆုံးအစမဲ့စွာ တောက်ပသွားကာ မီးတောင်ငယ် တစ်ခုလို ပေါက်ကွဲသွားသည်။ အကန့်အသတ်မဲ့ ရောင်စဥ်များမှာ ပတ်ဝန်းကျင် တစ်ခုလုံးကို ရိုက်ခတ်သွားသော အခိုက်၌ အိုရီတို့ သုံးယောက်မှာ ဆတ်ခနဲ တုန်ခါသွားကြ၏။
“ဧဒင်...”
အလင်းရောင်စဥ်များ မှိန်ဖျော့သွားသော အခိုက်၌ သူ့မျက်ခုံးနှစ်ခုကြားတွင် အမြစ်များ စတင် ကုပ်တွယ်လာသလို ဝေ့ဝူယင် ခံစားလိုက်ရသည်။ ဧဒင်မှာ သူ့အသိစိတ် ပင်လယ်၊ စိတ်မျက်လုံးတို့နှင့် ချိတ်ဆက်နေသည့် တစ်ခုတည်းသော ကြယ်တာရာ ဝိညာဥ် ဖြစ်သည်။ ၎င်းသည် ထိုရှုထောင့်နှစ်ခုကို တည်ငြိမ်အောင် ထိန်းညှိပေးကာ ကျင့်ကြံခြင်း လမ်းစဥ်အတွက် အဆုံးမရှိသော အကျိုးကျေးဇူးများကို ဆောင်ကျဥ်းပေးသည်။
ဝှစ်...
အမြစ်များ ကုပ်တွယ်လာပြီး မကြာမီမှာပင် လက်တစ်စုံမှာ သူ့နဖူးကို ဆွဲကုပ်ကာ အပြင်သို့ ထွက်ခွာလာသလို ဝေ့ဝူယင် ခံစားလိုက်ရသည်။
သူ့ခေါင်းက မူးဝေသွားကာ မျက်လုံးများမှာ ပြာသွား၏။ အမြင်အာရုံကို ပြန်လည်ရရှိချိန်၌ ဝေ့ဝူယင် ဧဒင်ကို တွေ့လိုက်ရသည်။ ခရာတိုနှင့် ခြားနားစွာပင် ထိုအဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ်၏ ပုံရိပ်က အလွန့်ကို ထင်ရှားလှသည်။ အရွယ်အစားအားဖြင့် တစ်စင်တီမီတာထက် ပို၍ မကြီးသည့်တိုင် ၎င်းမှာ ဧဒင်ကမ္ဘာဂိုဏ်းကြီး၏ ဌာနချုပ် ဖြစ်သော ဧဒင်သစ်ပင်ကြီး၏ ပုံရိပ်ကို အတိအကျပင် ရောင်ပြန်ဟပ်နေချေသည်။
ဝေ့ဝူယင်မှာ ဧဒင်၏ အလွန် အနုစိတ် ကျလှသည့် ဖွဲ့စည်းတည်ဆောက်ပုံကို အံ့သြမှင်သက် နေမိ၏။ ၎င်းက ဆိုက်ပရက်ပင် တစ်ခုလို အကိုင်းအခက်အလက်များ ဖြာဝေစီနေကာ အမြစ်များမှာ ယှက်ဖြာနေ၏။ ပန်းသီးနှင့် သရက်သီး ရောစပ်ထားသည့် အသီးများမှာ ဖူးတံညှာများမှာ သီးပွင့်နေကြကာ အစိမ်းရောင် စပျစ် နွယ်များမှာ အကိုင်းအခက်များမှ နေ၍ အောက်သို့ ရစ်သိုင်းကျနေသည်။
ရုတ်တရက်... ဝေ့ဝူယင် ဧဒင်၏ ဘဝဇာတ်လမ်းကြောင်းကိုပင် ပြန်လည် မြင်ယောင်လိုက်မိ၏။ ထိုအသီးများကြောင့်ပင် ဧဒင်မှာ နတ်ဘုရား တစ်ပါးလို ကိုးကွယ်ခံခဲ့ရသလို နှစ်ပေါင်းများစွာတိုင်အောင်လည်း အကျဥ်းချခံခဲ့ရဖူးသည်။ သို့သော်လည်း သူ့ဆန္ဒက ရိုးရှင်းလွန်းလှကာ ဖခင်နှင့် မိခင်တို့ ဖြစ်သော နေနှင့်လတို့ထံ အရောက်လှမ်းရန်သာ ဖြစ်ခဲ့ပေသည်။ ဝေ့ဝူယင်၏ ခံစားချက်များမှာ ရှုပ်ထွေးသွား၏။
ဝှစ်...
ထိုအခိုက်တွင်ပင် အမြစ်လေး တစ်ခုမှာ သူ့ မျက်နှာကို လာရောက် ပွတ်သပ်ကာ သတိမထားမိခင် ကျဆင်းလာသည့် မျက်ရည်တစ်စက်ကို ဖယ်ရှားလိုက်သည်။ ဝေ့ဝူယင်မှာ နွေးထွေးသော မျက်ဝန်းတို့ဖြင့် ဧဒင်ကို ကြည့်လိုက်မိသည်။ အမူအရာကို မမြင်တွေ့နိုင်သည့်တိုင် ထိုသစ်ပင်ကလေးမှာ ပျော်ရွှင်စွာ ပြုံးပျော်နေကြောင်း သူသိရှိလိုက်သည်။
ဝေ့ဝူယင် နွေးထွေးစွာ ပြုံးရင်း စိတ်ခံစားချက်များကို စုစည်းလိုက်၏။ ယခု၌ ကြယ်တာရာ ဝိညာဥ်လေးခု စလုံး ပြင်ပသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ရုတ်ချည်းပင် ခန္ဓာကိုယ် တစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်သွားသလို သူ ခံစားလိုက်ရ၏။ ဤသည်က ပထမဆုံး အကြိမ် အဖြစ် သူတို့ သူ့ကို ထားသွားခဲ့ကြခြင်း ဖြစ်ပေသည်။ ပထမဆုံးသော ခြေလှမ်းကို စတင်လှမ်းကာ ကြီးထွားလာသည့် ကလေးများကဲ့သို့ သူတို့မှာ ကိုယ်ပိုင် လွတ်လပ်မှုကို ရှာဖွေနေကြပြီ ဖြစ်လေသည်။
ဝှစ်... ဝှစ်...
အိုရီနှင့် ဘုရင်တို့မှာ သူ့လက်များမှ နေ၍ အပြင်သို့ ထွက်ခွာသွား၏။ ခရာတိုကတော့ ဧဒင်၏ ဘေးမှာ ပျံဝဲနေသည်။ တစ်စက္ကန့်မျှ မကြာခင်အချိန်ကလေးမှာပင် သူတို့လေးယောက်မှာ သူ့မျက်လုံးရှေ့၌ မျဥ်းဖြောင့်တစ်ကြောင်းလို စုစည်းသွားကြ၏။
ကျင့်ကြံခြင်း လောက၏ သမိုင်းတစ်လျှောက် အကြီးမားဆုံး ဖြစ်သည့် ဝိညာဥ်ပုံရိပ်ယောင် ကပ်ဘေးကြီးကို သူတို့လေးယောက် အတူတကွ ရင်ဆိုင်ကြတော့မည် ဖြစ်သည်။ ထိုအခိုက်၌ ဝေ့ဝူယင်၏ နှလုံးသားတစ်ခုလုံးမှာ ဂုဏ်ယူခြင်းများနှင့် ပြည့်နှက်လာ၏။ အတူတကွ ရပ်တည်နေကြသည့် ကြယ်တာရာ ဝိညာဥ်လေးများကို ကြည့်ရင်း ဆုံးရှုံးသွားခဲ့သည့် မိသားစုဝင်များကို သူပြန်လည် အမှတ်ရလိုက်မိသည်။ ယခုတွင်တော့ သူတို့လေးများမှာ သူ့မိသားစုဝင်များ ဖြစ်လာခဲ့ကြပြီ ဖြစ်သည်။
“ကျင့်ကြံခြင်းလောကက တကယ် ဆန်းကြယ်တာပဲ...”
ဝေ့ဝူယင် တွေးတောနေသည့် တစ်ချိန်တည်းတွင်ပင် ကြယ်တာရာ ဝိညာဥ်လေးခုမှာ အမှောင်ဟင်းလင်းပြင်ကို မျက်နှာမူကာ ပုံရိပ်ယောင် ဝိညာဥ်စွမ်းအင်များကို လေ့လာနေကြ၏။ သူတို့၏ အမူအရာများက သေရေးရှင်ရေးကို ဖြတ်ကျော်ရတော့မည့် လူများအလား အလွန်လေးနက်နေကြသည်။
ဝေ့ဝူယင် စောင့်ကြည့်နေစဥ်မှာပင် ဧဒင်မှာ ပထမဆုံး စတင် လှုပ်ရှားလာ၏။
ဟူး... ဟူး...
အခြားကြယ်တာရာ ဝိညာဥ်များမှာ နောက်သို့ မဆိုသလောက်လေး ဆုတ်ခွာကာ ဧဒင်ကို စတင်ခွင့် ပေးလိုက်ကြသည်။ ဧဒင်၏ တစ်စင်တီမီတာလောက် ရှိသော ခန္ဓာကိုယ်လေးမှာ ခုနစ်ရောင်ခြယ် အလင်းများဖြင့် စတင် တောက်ပလာ၏။ လျှပ်တစ်ပြက် အတွင်းမှာပင် ထိုအလင်းတို့မှာ ပတ်ဝန်းကျင် မိုင်ရာပေါင်းများစွာ အထိ ဖြန့်ကျက်သွားသည်။
ဝိညာဥ်ပုံရိပ်ယောင် စွမ်းအင်များမှာ မူလက စိမ်းပြာရောင် အဖြစ် တည်ရှိနေကြသော်လည်း ခုနစ်ရောင်ခြယ် အလင်းတန်းများ၏ ဖြတ်သန်းခြင်းကို ခံရသည်နှင့် ဘီလျံနှင့်ချီသည့် ရောင်စုံ အနားကွပ် စက်ဝန်းများ အဖြစ် ပြောင်းလဲသွားကြ၏။ ၎င်းတို့တစ်ခုချင်းစီမှာ တူညီသော အရွယ်အစား ရှိကြကာ ပတ်ဝန်းကျင်ရှိ နေရာတိုင်း၊ ဦးတည်ချက်တိုင်းတွင် ပြည့်နှက်နေသည်။
မိုင်ရာပေါင်းများစွာ အတွင်းရှိ ဝိညာဥ် ပုံရိပ်ယောင် စွမ်းအင်များ လျှင်မြန်စွာ သန့်စင်ခံလိုက်ရသည်ကို ကြည့်ရင်း ဝေ့ဝူယင် အံ့သြသွားသည်။ သို့သော်လည်း ဖြစ်စဥ်က ထိုမျှနှင့် မရပ်တန့်။ ပိုမို ဝေးကွာသော အရပ်မျက်နှာများရှိ ဝိညာဥ်ပုံရိပ်ယောင် စွမ်းအင်များမှာ အရှိန်အဟုန်နှင့် လွတ်နေသည့် နေရာများကို တိုးဝင်လာ၏။ ၎င်းတို့ အားလုံးမှာလည်း ချက်ချင်းပင် ဧဒင်၏ သန့်စင်မှုကို ခံလိုက်ရပြန်သည်။ ထို့နောက်... နောက်ထပ် နောက်ထပ် ဝိညာဥ်ပုံရိပ်ယောင် စွမ်းအင်များ...
ဝှစ်... ဝှစ်...
စက္ကန့်ပိုင်းမျှ အချိန်ကလေး အတွင်းမှာပင် ပထမ ဝိညာဥ်ကွင်းမှ ထုတ်လွှတ်နေသည့် ဝိညာဥ် ပုံရိပ်ယောင် စွမ်းအင် အကုန်လုံးမှာ ဗဟိုတွင် စုကာ သန့်စင်ခံလိုက်ရပြီ ဖြစ်သည်။
သူ့ ကိုယ်ပိုင် ဦးနှောက်ထက်ပင် အဆပေါင်းများစွာ သာလွန်လှသည့် ဧဒင်၏ တုန့်ပြန်နိုင်စွမ်းကို ကြည့်ရင်း ဝေ့ဝူယင်၏ နှလုံးသားက မထိန်းချုပ်နိုင်အောင် တုန်လှုပ်သွားသည်။ သူ ကယောင်ကတန်းဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ဟင်းလင်းပြင် တစ်ခုလုံးမှာ ရောင်စုံအနားကွပ် စက်ဝန်းများဖြင့် ပြည့်နှက်နေသည်ကို တွေ့မြင် လိုက်ရ၏။
ဂါး...
ထိုအခိုက်တွင်ပင် ခရာတိုက ဟိန်းသံ ခပ်ဖျော့ဖျော့ကို ထုတ်လွှတ်ကာ ရှေ့သို့ တက်လာ၏။ အိုရီနှင့် ဘုရင်တို့မှာလည်း တစ်ပြိုင်နက်တည်း လှုပ်ရှားလာကာ အလင်းတန်းများကို ထုတ်လွှတ်ရင်း ဧဒင်နှင့် အတူ အိုရီကို ဖိုခနောက်ဆိုင်သဖွယ် ဝန်းရံလိုက်ကြသည်။
ဟူး... ဟူး...
ခရာတို၏ မီးခိုးရောင် ကြယ်တာရာ အမြုတေမှာ မမြင်နိုင်သည့် လှိုင်းလုံးများကို စတင် ထုတ်လွှတ်လာကာ ပတ်ဝန်းကျင် အရပ်ရှစ်မျက်နှာကို ရိုက်ခတ်သွားသည်။ ထို့နောက်... မျက်တောင်တစ်ခပ်စာ အချိန်လေးမှာပင် မြင်တွေ့နေရသမျှ စွမ်းအင်စက်ဝန်း အကုန်လုံးမှာ ဘာအကြောင်းပြချက်မှ ရှိပုံမရပဲ ရုတ်တရက် ပျောက်ကွယ်သွားတော့၏။
“ဟင်းလင်းပြင် အင်အား...”
ဝေ့ဝူယင် စိတ်ထဲမှ အော်ဟစ်လိုက်မိ၏။ ဟင်းလင်းပြင် တာအိုတွင် အာကာသ၊ အချိန်နှင့် နက္ခတ် ကြယ်တာရာ ဆိုင်ရာ အင်အားများ ပါဝင်နေကြောင်း ယခင် နှစ်ပေါင်းများစွာတည်းက သိရှိထားပြီး ဖြစ်သည့်တိုင် ၎င်း၏ စွမ်းရည်များကို မြင်ရတိုင်း ဝေ့ဝူယင် အံ့အားသင့်နေရဆဲ ဖြစ်သည်။
ဟူး... ဟူး...
စွမ်းအင်စက်ဝန်းများ ပျောက်ကွယ်သွားသော အခိုက်အတန့်တွင်ပင် အမျိုးမျိုးသော အလင်း ရောင်စဥ်များမှာ ကြယ်တာရာ ဝိညာဥ်များ၏ ပတ်လည်တွင် စတင် ရစ်သိုင်း စုစည်းလာကြ၏။ တစ်ချက် ကြည့်ရုံဖြင့်ပင် ဝိညာဥ်ပုံရိပ်ယောင် စွမ်းအင်များမှာ မခန့်မှန်းနိုင်သည့် အမြန်နှုန်းမျိုးဖြင့် သန့်စင်ခြင်း ခံနေရခြင်း ဖြစ်ကြောင်း ဝေ့ဝူယင် တန်းကာ သိရှိလိုက်သည်။
ပုံမှန်ဆိုလျှင် ဝိညာဥ်ပုံရိပ်ယောင် စွမ်းအင်များကို စုပ်ယူသန့်စင်သည့် ဖြစ်စဥ်မှာ ရက်အနည်းငယ်မှ လချီသည် အထိ ကြာမြင့်လေ့ ရှိသည်။ သို့သော်လည်း အိုရီတို့၏ သန့်စင်မှုနှုန်းက အလွန် မြန်ဆန်လှလေရာ ထိုမျှလောက် စောင့်ရလိမ့်မည် မထင်ချေ။
အကယ်၍ စောင့်ရမည် ဆိုလျှင်ပင် သူ့တွင် အချိန် မရှိချေ။ လတ်တလောတွင် သူ၏ ခန္ဓာကိုယ်က အလွန် အန္တရာယ် ကြီးမားလှသည့် အမှောင် ဟင်းလင်းပြင် အတွင်း ရှိနေသေးဆဲ ဖြစ်ကာ ယာယီ လေထုအလွှာကို ထုတ်လွှတ်ထားရဆဲ ဖြစ်သည်။ လက်ကျန် ကြယ်တာရာ အင်အားဖြင့်ဆိုလျှင် ထိုလေထုအလွှာမှာ နောက်ထပ် နှစ်မိနစ်ခန့်သာ ခံနိုင်ရည် ရှိပေတော့မည် ဖြစ်သည်။ ယင်းအလွှာ ပျက်စီးသည်နှင့် အာကာသ၏ ကြောက်မက်ဖွယ် အအေးဓာတ်အောက်တွင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ အေးခဲကာ သေဆုံးသွားပေလိမ့်မည်။
“လုံလောက်လောက်ပါတယ်လေ....”
ဝိညာဥ်ကွင်း တစ်ခုချင်းစီအား ဖြတ်ကျော်ရန် လိုအပ်သည့် အချိန်ကို ခန့်မှန်းတွက်ချင့်ရင်း ဝေ့ဝူယင် ရေရွတ်လိုက်မိ၏။
ထို့နောက် ခန့်မှန်းထားသည့် အတိုင်း သိပ်ကြာကြာ မစောင့်လိုက်ရ။ အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ် ဧဒင်မှာ စုပ်ယူ သန့်စင်ခြင်း ဖြစ်စဥ်ကို ပြီးဆုံးသွားခဲ့၏။
***