← Chapters

ကြယ်တာရာ ကပ်‌ဘေး (၄)

Vol. 26 Ch. 354

ကြယ်တာရာ ကပ်‌ဘေး (၄)

Vol. 26 Ch. 354

ဧဒင်သည် မွေးရာပါ စွမ်းရည်များ၏ အကူအညီဖြင့် မည်သည့် စွမ်းအင်အမျိုးအစားကို မဆို ညီနောင်များထက် ပိုမို မြန်ဆန်စွာ သန့်စင်နိုင်စွမ်း ရှိသည်။

ဟူး... ဟူး...

စုပ်ယူသန့်စင်ခြင်း ဖြစ်စဥ် ပြီးဆုံးသည်နှင့် သူ၏ သစ်ပင်ခန္ဓာက စိမ်းပြာ‌ရောင် အလင်းနှင့် အတူ စတင် ‌တောက်ပလာကာ ကြယ်တာရာ အမြုတေမှာ ခပ်ဖျော့ဖျော့ အလင်းတန်းများကို ထုတ်လွှတ်လာ၏။ ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းမှာ သိသိသာသာ ကြီးထွားလာကာ တစ်စင်တီမီတာမှ ဆယ်မီတာလောက်အထိ ရောက်ရှိသွားသည်။

များမကြာခင်မှာပင် အခြား ကြယ်တာရာ ဝိညာဥ် သုံးခုမှာလည်း ဧဒင်၏ လမ်းစဥ်ကို လိုက်ကြ၏။ ဘုရင်မှာ ဒုတိယမြောက် ပြီးဆုံးသည့် ကြယ်တာရာ ဝိညာဥ် ဖြစ်ကာ အံ့သြစရာ ကောင်းလောက်အောင်ပင် ၎င်း၏ ဆေဘာအသွင်မှာ ဆယ်မီတာလောက် အထိ ကြီးထွားသွားသည်။

အိုရီနှင့် ခရာတိုတို့မှာမူ တောက်ပသည့် နေတစ်စင်းနှင့် လတစ်စင်း အလား အဝန်းဝိုင်း ပုံသဏ္ဌာန်များဖြင့် တည်ရှိနေသည်။ အိုရီမှာ ကောင်းကင်ရှိ ကြယ်တစ်ပွင့်အလား ပတ်ဝန်းကျင်ကို အလင်းရောင် ဖြန့်ကျက် ပေးနေကာ ဒြပ်စင်အမျိုးမျိုး ပါဝင်နေသည့် အဆုံးမဲ့ အဖြူရောင် ရောင်စဥ်တန်းများကို ထုတ်လွှတ်နေသည်။

ခရာတို၏ အသွင်ပြောင်းမှုကတော့ အနည်းငယ် ကွဲပြားလှသည်။ သူ၏ ကြယ်တာရာ အမြုတေမှာ ယခင်ကလိုပင် တစ်စင်တီမီတာ အရွယ်အစားတွင်ပင် ရှိနေဆဲ ဖြစ်ကာ အတွင်းတွင် သတ္တဝါ တစ်ကောင် လူးလွင့် ကူးခပ်နေပုံ ရသည်။ ၎င်းအား ဝန်းရံနေသည့် ဟင်းလင်းပြင် စွမ်းအင်လှိုင်းများသာလျှင် ဆယ်မီတာခန့် အထိ ပိုမို ကျယ်ပြန့်သွားခဲ့သည်။

၎င်းတို့အား ကြည့်မိသော အခိုက်၌ လျှို့ဝှက်ဆန်းလွန်းကြယ်သည့် စွမ်းအင်တစ်ခုကို လေ့လာနေရသည့် အလား ဝေ့ဝူယင် ခံစားလိုက်ရသည်။ ကောင်းကင်ဘုံ နတ်မျက်လုံး အစွမ်းအား အကုန်အစင် သုံးထားသည့်တိုင် အပိတ်၊ အဖွင့် ပြုလုပ်နေသည့် မျက်ဝန်းတစ်စုံကိုသာ သူ မြင်တွေ့ရသည်။ ကြည့်ရသည်က ဟင်းလင်းပြင် တာအိုမှာ သူ ကျင့်ကြံထားသည့် ကောင်းကင်ဘုံ နတ်မျက်လုံး၏ လက်ရှိ အဆင့်ထက် ကျော်လွန်နေပုံ ပေါ်သည်။ မဟုတ်လျှင် အဆုံးမဲ့ ဟင်းလင်းပြင် လှိုင်းများ အကြား ပုန်းကွယ်နေသည့် ခရာတို၏ အစစ်အမှန် ခန္ဓာကို မည်ကဲ့သို့ မမြင်တွေ့နိုင်ပဲ နေပါမည်နည်း။

အသွင်ပြောင်းခြင်း ဖြစ်စဥ်ကား ပြီးမြောက်သွားခဲ့ပြီ ဖြစ်သည်။ ခရာတို၏ အသွင်ပြောင်းပုံကို အကဲခတ်ခြင်းဖြင့် အိုရီတို့၏ ကြယ်တာရာ အမြုတေများမှာလည်း အမှန်တကယ် ဆယ်မီတာလောက် အထိ ကြီးထွားသွားကြခြင်း မဟုတ်‌ကြောင်း ဝေ့ဝူယင် သိလိုက်ရသည်။ သူ မြင်တွေ့နေရသည့် ထိုပုံရိပ်ကြီးများမှာ ကြယ်တာရာ အမြုတေကို အခြေခံကာ ဖြစ်ပေါ်လာသည့် ဝိညာဥ်ဆင်းတုများပင် ဖြစ်ပေသည်။

ဟူး... ဟူး...

ပတ်ဝန်းကျင်တွင် လေပြင်းတိုက်ခတ် သကဲ့သို့ အသံများ ထွက်ပေါ်လာလေရာ ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများမှာ လှုပ်ရှားသွား၏။ အမှောင် ဟင်းလင်းပြင်ထဲတွင် လေထုမရှိသလို အသံလည်း မရှိချေ။ ယင်းက ဝိညာဥ်ကိုပင် ရိုက်ခတ်နိုင်သည့် ကောင်းကင် ကပ်ဘေး စတင်လာခဲ့သည့် အသံပင်။

အဆိုးဆုံးများအတွက် ကြိုတင်ပြင်ဆင်ရင်း ကြယ်တာရာ အမြုတေလေးခုကို ဝေ့ဝူယင် စောင့်ကြည့် နေလိုက်၏။ အထက်ရှိ အမှောင်ထုထဲတွင်မူ စိမ်းပြာရောင် အလင်းများမှာ လှိုင်းများအလား စတင် ထူထပ်လာကာ အရည်များ ကဲ့သို့ ဖွဲ့စည်းလာသည်။ ထို့နောက် ၎င်းတို့မှာ ရေတံခွန်များ အလား အရပ်မျက်နှာ ဆယ့်နှစ်ခုမှ အရှိန်အဟုန်နှင့် ကျဆင်းလာခဲ့တော့၏။

အဆုံးအစမဲ့ ကျယ်ပြန့်လှသည့် ‌စိမ်းပြာရောင် လှိုင်းလုံးကြီးကို ကြည့်ရင်း ဝေ့ဝူယင်၏ နှလုံးသားက ရိုင်းစိုင်းစွာ ခုန်ပေါက်သွား၏။ ယင်းတို့က အိုရီတို့ လေးယောက်ကိုသာ ဦးတည်နေခြင်း ဖြစ်သည့်တိုင် သူ မရှူနိုင်မကယ်နိုင် ပင့်သက်ရှိုက်လိုက်မိ၏။ ထိုကပ်ဘေးတစ်ခုတည်းက ပင်လျှင် ဝိညာဥ်ဆင်းတု ကျင့်ကြံသူ အများစု၏ စိတ်၊ ခန္ဓာနှင့် ဝိညာဥ် သုံးခုစလုံးကို ဖျက်ဆီးဖျက်ရန် လုံလောက်နေခဲ့ပြီ ဖြစ်သည်။

ဟူး...

ကြယ်တာရာ ဝိညာဥ်များမှာ တစ်ယောက်ကို တစ်ယောက် ကျောခိုင်းရင်း အရပ်မျက်နှာ တစ်ခုချင်းစီကို မျက်နှာမူ ဆိုင်လိုက်ကြ၏။ ဖျက်ဆီးခြင်း အင်အားများ အရှိန်အဟုန်နှင့် သူတို့ထံ ဝင်ရောက်သွားသော အခိုက်၌ ခပ်ဖျော့ဖျော့ လှောင်ရယ်သံများကို ဝေ့ဝူယင် ကြားလိုက်ရသည်။

ဟူး... ဟူး...

စိမ်းပြာရောင် လှိုင်းများမှာ အင်အားကြီး မုန်တိုင်းတစ်ခုလို အဆက်မပြတ် တိုက်ခတ်နေ၏။ စိမ်းပြာရောင် အလင်းများမှ လွဲ၍ ဝေ့ဝူယင် ဘာကိုမှ မမြင်နိုင်တော့။

တစ်စက္ကန့်...

နှစ်စက္ကန့်...

စက္ကန့်များကို ‌ရေတွက်ရင်း  ဝေ့ဝူယင်၏ ရင်က ကမ္ဘာပျက်သလို တဒိုင်းဒိုင်း တုန်ရီနေ၏။ သို့သော်လည်း ကိုယ်တိုင် ပျိုး‌ထောင်ထားသည့် ကြယ်တာရာ ဝိညာဥ်များ အပေါ်  သူ အပြည့်အဝ ယုံကြည်သည်။ သူတို့ ဤကပ်ဘေးကို အောင်မြင်စွာ ကျော်လွှားနိုင်ပေလိမ့်မည်။

ခြောက်စက္ကန့်...

ရှစ်စက္ကန့်...

...

ကိုးစက္ကန့်မြောက်သို့ အရောက်၌ ပထမ ဝိညာဥ်ကွင်းမှာ စတင် တုန်ရီလာ၏။ ထို့နောက် ၎င်းမှာ အနားသတ်များမှ စတင်၍ မီးရှူးမီးပန်းများလို ပေါက်ကွဲတော့သည်။ ၎င်းက နှစ်သစ်ကူးညများ မြင်ကွင်းလို အလွန်  လှပလွန်းလှလေရာ ဝေ့ဝူယင်မှာ ရင်သပ်ရှုမော မဖြစ်ပဲ မနေနိုင်အောင် ဖြစ်ရသည်။

ဖောင်း... ဖောင်း...

ပေါက်ကွဲမှုများနှင့် အတူ ဝိညာဥ်ကွင်း၏ အရွယ်အစားမှာ လျှင်မြန်စွာ ကျဆင်းလာခဲ့၏။ မကြာခင်မှာပင် ၎င်းမှာ ကြယ်တာရာ နယ်မြေတစ်ခု အရွယ်အစားမှ မီတာ ရာဂဏန်း အထိ ရောက်ရှိသွားသည်။

ယခု၌... ကြယ်တာရာ ဝိညာဥ်များနှင့် ၎င်းတို့၏ ဝိညာဥ် ဆင်းတုများကို ဝေ့ဝူယင် ရှင်းလင်းစွာ ပြန်လည် မြင်တွေ့နိုင်ခဲ့ပြီ ဖြစ်သည်။ ဝိညာဥ်ဆင်းတုများမှာ ပထမက ပုံရိပ်ယောင်များ အသွင်ဖြင့်သာ ရှိခဲ့သော်လည်း ယခုတွင်တော့ ပြီးပြည့်စုံသည့် ရုပ်ခန္ဓာအဖြစ် ရောက်ရှိခဲ့ပြီ ဖြစ်သည်။

ပထမ ဝိညာဥ်ကွင်းမှာမူ မျက်စိတစ်မှိတ်စာ အတွင်းမှာပင် အပိုင်းအစပေါင်း သန်းထောင်ချီ အထိ ပြိုကွဲကာ ကြယ်တာရာ ဝိညာဥ်လေးခု၏ သန့်စင်ခံရခြင်းနှင့် အတူ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ပထမ ကပ်ဘေးကား အောင်မြင်ခဲ့ချေပြီ ဖြစ်သည်။ သာမန်မျက်လုံးများဖြင့်ပင် အိုရီတို့၏ ပတ်လည်၌ ဝန်းရံနေသည့် စိမ်းပြာ‌ရောင် ဝိညာဥ်ကွင်း တစ်ခုကို ဝေ့ဝူယင် မြင်တွေ့နေရ၏။

အခြား ကပ်ဘေးများကို ဆက်လက် ရင်မဆိုင်တော့ပဲ ရပ်တန့်လိုက်မည် ဆိုလျှင်ပင် သူ ဝိညာဥ်ဆင်းတု အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်လာခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။ ငရဲ၏ ကပ်ဘေး ဆယ့်ရှစ်ခုနှင့် ရင်ဆိုင်နေရသည့် အမွေခံ အပြစ်သား တစ်ယောက် အနေဖြင့် အခိုင်မာဆုံးသော ကျင့်ကြံခြင်း အခြေခံကို သူ တည်ဆောက်ရလိမ့်မည် ဖြစ်သည်။

“ဒုတိယမြောက်...”

ဝေ့ဝူယင် ရေရွတ်လိုက်၏။ အာကာသ အတွင်း ရောက်ရှိနေသည် ဖြစ်ရာ သူ့အသံက ယာယီ လေထုအလွှာအတွင်းတွင်သာ ပျံ့နှံ့သွားသည်။ သို့သော်လည်း ဒုတိယမြာက် ဝိညာဥ်ကွင်း အတွက်တော့ ၎င်းက နှိုးဆော်သည့် အချက်ပေးသံ တစ်ခုလိုပင်။

ဟူး... ဟူး...

၎င်းက ဝိညာဥ်ပုံရိပ်ယောင် စွမ်းအင်များကို စတင် ထုတ်လွှတ်လာကာ ပတ်ဝန်းကျင် တစ်ခုလုံးကို ဖုံးလွှမ်းသွား၏။ ထို့နောက် မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ဝေ့ဝူယင်၏ ခန္ဓာကိုယ်က မူလ နေရာမှ ကွယ်ပျောက်ကာ ဒုတိယမြောက် ဝိညာဥ်ကွင်း၏ ဗဟိုတည့်တည့်သို့ ရောက်ရှိသွားခဲ့တော့သည်။

နောက်သို့ ပြန်ကြည့်လိုက်သော အခိုက်၌ ဝေ့ဝူယင်၏ မျက်လုံးများမှာ ကျဥ်းမြောင်းသွား၏။ ကြယ်တာရာ နယ်မြေနှင့် သူတို့ အကြားရှိ အကွာအဝေးက ပို၍ပင် ကြီးမားသွားခဲ့ပြီ ဖြစ်သည်။ အမြဲလိုလို အရှိန်တငြီးငြီး တောက်လောင် နေတတ်သည့် နေသုံးစင်းမှာ ယခုဆိုလျှင် အစက်အပျောက်လေးများ သဖွယ် ဖြစ်သွားခဲ့ချေပြီ။ အိမ်မပြန်နိုင်တော့ပဲ အာကာသ၏ အမှောင်ထုထဲတွင် လမ်းပျောက်နေမည့် အကြောင်း တွေးမိတိုင်း သူ၏ နှလုံးသားက မထိန်းချုပ်နိုင်အောင် တုန်ရီသွားသည်။

ဝေ့ဝူယင် စိတ်ကို တည်ငြိမ်အောင် ထိန်းရင်း ကြယ်တာရာ ဝိညာဥ်များဘက်သို့ လှည့်လိုက်၏။ ပတ်ဝန်းကျင်ရှိ ဝိညာဥ် ပုံရိပ်ယောင် စွမ်းအင်များကို စုပ်ယူရင်း သူတို့၏ ဝိညာဥ်ဆင်းတုများက မီတာ နှစ်ဆယ်မျှ အရွယ်အစားထိ ရောက်ရှိလာနေခဲ့ပြီ ဖြစ်သည်။ အသွင်ပြောင်းခြင်း ပြီးဆုံးသည်နှင့် ပထမ တစ်ကြိမ်ကလိုပင် ဝိညာဥ် ကပ်ဘေးမှာ ကျဆင်းလာခဲ့တော့၏။

အထဲတွင် ပါဝင်နေသည့် စွမ်းအင်များကို ခံစားရင်း ဝေ့ဝူယင်၏ နှလုံးသားက တုန်ရီသွားသည်။ ထိုကဲ့သို့ ဖျက်ဆီးခြင်း အင်အားမျိုးကို ဝိညာဥ်ဆင်းတု အဆင့်များတွင်ပင် ထိပ်တန်း အဆင့် ပုဂ္ဂိုလ်များသာ ခုခံနိုင်စွမ်း ရှိပေလိမ့်မည်။ ဒုတိယမြောက် ဝိညာဥ်ကွင်းပင်လျှင် ဤမျှ ကြောက်စရာ ကောင်းနေလျှင် နဝမမြောက် ဝိညာဥ်ကွင်း ဆိုပါက မည်ကဲ့သို့ ရှိမည်နည်း။

ဝေ့ဝူယင် တွေးတောနေစဥ်မှာပင် ဧဒင်တို့မှာ ကပ်ဘေးကို ဖြတ်ကျော် အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။ မျက်စိတစ်မှတ်စာ အတွင်းမှာပင် ပုံသဏ္ဌာန် အမျိုးမျိုးရှိသည့် ဝိညာဥ် ဆင်းတုများ၌ ဒုတိယမြောက် ကွင်းတစ်ခုစီ ဖွဲ့စည်းလာကြ၏။

ယင်းတို့ကို ကြည့်ရင်း ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများက တဖျပ်ဖျပ် တောက်ပသွားသည်။ သို့သော်လည်း နှစ်မိနစ်မျှသာ အချိန် ကျန်ရှိလေရာ ဇိမ်ပြေနပြေ စစ်ဆေးရန် သူ့တွင် အချိန် မရှိချေ။  သူ အလျှင်အမြန်ပင် တတိယမြောက် ဝိညာဥ်ကွင်းကို နှိုးဆော်လိုက်ပြန်၏။ ထို့နောက် စက္ကန့်ဝက်မျှ အတွင်းမှာပင် သူ့ခန္ဓာကိုယ်က မူလနေရာမှ ပျောက်ကွယ်သွားခဲ့ပြန်တော့သည်။

တတိယမြောက် ဝိညာဥ်ကွင်းမှ ဖြစ်ပေါ်လာသည့် ကပ်ဘေးမှာ ဝိညာဥ်ဆင်းတု အဆင့် ကျင့်ကြံသူများ ခုခံနိုင်သည့် အတိုင်းအတာကိုပင် ကျော်လွန်နေသည်။ သို့သော်လည်း ကြယ်တာရာ ဝိညာဥ်များမှာ သက်တောင့်သက်သာပင် ၎င်းကို ကျော်လွှားနိုင်ခဲ့၏။ ဝိညာဥ်ကွင်း ပေါက်ကွဲသွားသည်နှင့် ဝိညာဥ်ဆင်းတုများ၏ ပတ်လည်တွင် တတိယမြောက် ဝိညာဥ်ကွင်းများ ပေါ်လာခဲ့လေ၏။

မကြာခင်မှာပင် ဝေ့ဝူယင်တို့မှာ စတုတ္ထမြောက် ဝိညာဥ်ကွင်း၏ ဗဟိုသို့ ရောက်ရှိလာခဲ့၏။ ကြယ်တာရာ နယ်မြေတစ်ခုထက်ပင် အဆပေါင်းများစွာ ပိုမို ကြီးမားနေသည့် ထိုကွင်းကြီး၏ အနီးကပ် အရွယ်အစားကို ကြည့်ရင်း ဝေ့ဝူယင်မှာ ချွေးများပင် ပျံလာခဲ့သည်။ သူ အမှတ်မထင် နောက်ကို ပြန်ကြည့်လိုက်ရာ နေသုံးစင်းမှာ ပျောက်ကွယ်လုနီးပါး အထိ ဖြစ်နေသည်ကို တွေ့မြင်လိုက်ရသည်။

“ဘာပဲဖြစ်ဖြစ်လေ...”

ဖြစ်သမျှ အကြောင်း အကောင်းဟု သတ်မှတ်ရင်း ဝေ့ဝူယင် ရှေ့ကို ပြန်လှည့်လိုက်၏။ ထိုအခိုက်၌ သူ၏ ကြယ်တာရာ ဝိညာဥ်များမှာ မီတာ လေးဆယ် အရွယ်အစားကို ရောက်ရှိနေကြပြီ ဖြစ်သည်။ မျက်တောင် တစ်ခပ်စာအတွင်းမှာပင် စတုတ္ထမြောက် ဝိညာဥ်ကွင်း၏ ကပ်ဘေး ကျဆင်းလာခဲ့တော့၏။

***

All Chapters