တိမ်ပင်လယ်ကြယ်အဖွဲ့အစည်း၏ ဂုဏ်ရှိန်သိက္ခာ
Vol. 113 Ch. 1562
သူ့အသံသည် နတ်ဘုရားကလန်အနှံ့သို့ ပျံ့နှံ့သွားကာ ကောင်းကင်ဘုံကိုးခုချိုးဖျက်ခြင်းအစီအရင်အတွင်းရှိ ကျင့်ကြံသူထောင်ချီ၏ နားထဲသို့ တိုးဝင်သွားသည်။
ထိုကျင့်ကြံသူများသည် အစီအရင် ချခင်းနေသည်မှာ အခုထိ အပြီးမသပ်သေးပေ။ သူတို့သည် အမိန့်လက်ခံရပြီးနောက် ဒီနေရာသို့ အသည်းအသန် အရောက်လာခဲ့ကြ၏။ သို့သော် ဝမ်လင်းက မြန်လွန်းပေသည်။ အစီအရင်မှာ သုံးဆယ်ရာခိုင်နှုန်းသာ ပြီးမြောက်သေး၏။
“သူဟာ ပြင်ပနယ်မြေနဲ့ ပူးပေါင်းကြံစည်ခဲ့တယ်။ သူ့ရဲ့ သခင်ကို ပုန်ကန်ခဲ့တယ်…”
ဝမ်လင်း၏အသံသည် ဖိအားတစ်ခုနှင့် ပြည့်နေ၏။ ထိုကျင့်ကြံသူများကို စဉ်းစားသွားစေသည်။
သူ့အသံ ကြယ်များကြား ပဲ့တင်ထပ်နေရင်း သည်တိုက်ပွဲကို စောင့်ကြည့်နေသော အစွမ်းထက်ကျင့်ကြံသူအားလုံး ကြားလိုက်ရသည်။
“ငါ ဒီကို လာခဲ့တာ ချိပ်ပိတ်နယ်မြေအရှင်သခင်ရဲ့ အမိန့်အရ သူ့သစ္စာဖောက် ကျွန်ကို သတ်ဖို့ပဲ…” အစွမ်းထက်ကျင့်ကြံသူများစွာသည် ထိုစကားကို ကြားလိုက်ရသည့်အခါ သူတို့၏အမူအရာသည် ပြောင်းလဲသွားကြသည်။
“မင်းက တကယ် အဓိပ္ပာယ်မရှိတဲ့ကောင်ပဲ။ ကောင်းကင်ဘုံကိုးခုချိုးဖျက်ခြင်းအစီအရင် အုပ်စိုးသူရဲ့ ပွန်းဖြစ်တဲ့ ဒီလူ့ကို ဖျက်စီးလိုက်…” တာအိုပညာရှင်ရေ၏အသံသည် ဝမ်လင်း၏စိတ်အတွင်းသို့ မြှားတစ်စင်းအလား ဝင်ရောက်လာသည်။
သူ့မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားကာ သူသည် အေးတိအေးစက်နှာခေါင်း ရှုံ့လိုက်၏။ ဝမ်လင်းသည် တစ်ချိန်တည်းမှာ သူ့မျက်ခုံးနှစ်ခုကြားသို့ လက်ညွှန်လိုက်သည်။ မည်သူမျှ မထောက်လှမ်းမိသော သွေးအလင်းတစ်ခု လင်းလက်သွားသည်။ ထို့နောက် ဝမ်လင်းသည် နတ်ဘုရားကလန်ထံသို့ ခြေလှမ်း၏။
သူသည် တတိယအဆင့်ကျင့်ကြံသူ တာအိုပညာရှင်ရေနှင့် တိုက်ခိုက်ရန် လှမ်းလျှောက်လာခဲ့ပေပြီ။
သူ့နောက်တွင် ဒီဧရိယာကို ဝန်းရံထားသော ရေခဲတုံးများ၏အက်သံများကို ကြားရသည်။ အေးခဲနေသောမြူသည် အဝေးမှကြည့်ပါက တုန်လှုပ်ဖွယ်ရာ ကောင်းလှသည်။ ထိုမြူများသည် ကြောက်မက်ဖွယ်သတ်ဖြတ်လိုစိတ်ကို ပေးစွမ်းသည်။
သတ်ဖြတ်လိုစိတ်သည် အေးခဲနေသောမြူထံမှ လာ၏။ ဝမ်လင်း၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်ကာ သတ်ဖြတ်ခြင်းအနှစ်သာရအမျှင်တန်းတစ်ခုကို ဖန်တီးသည်။ ထိုအနှစ်သာရအမျှင်တန်းက ဝမ်လင်းကို သတ်ဖြတ်သူနတ်ဘုရားတစ်ပါးအလား ဖြစ်စေသည်။
ထိုသတ်ဖြတ်ခြင်းအနှစ်သာရ အမျှင်တန်းပေါ်လာသည့်အခါ ၎င်းသည် ကြယ်အဖွဲ့အစည်းလေးခုလုံးရှိ အစွမ်းထက်ကျင့်ကြံသူအားလုံးကို တုန်လှုပ်သွားစေသည်။ အထူးသဖြင့် တာအိုပညာရှင်ရေကိုပင်။ သူသည် သတ်ဖြတ်ခြင်းအနှစ်သာရအမျှင်တန်းကို ခံစားမိသည့်အခါ သူ့မျက်နှာသည် သုန်မှုန်လွန်းသွားပြီး သူ၏မျက်လုံးထဲတွင် မယုံကြည်နိုင်မှုတို့ ပြည့်နှက်သည်။
“နောက်ထပ်အနှစ်သာရတစ်ခု။ သူဟာ အနှစ်သာရတချို့ကို ပိုင်ဆိုင်ထားခဲ့ပြီး ဖြစ်တယ်။ အခု နောက်တစ်ခု ထပ်ပိုင်ဆိုင်သွားပြန်ပြီ။ ပြီးတော့ ဒါက သတ်ဖြတ်ခြင်းအနှစ်သာရ ဖြစ်နေသေးတယ်။ ဒီသတ်ဖြတ်ခြင်းအနှစ်သာရကို ချိပ်ပိတ်နယ်မြေအရှင်သခင်တောင် နားမလည်နိုင်ခဲ့ဘူး…”
“ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်ဖြစ်…” တာအိုပညာရှင်ရေ၏အမူအရာသည် ဖုံးကွယ်ထားသည့်ဟန်ပန် ရှိ၏။ သူ၏မျက်လုံးထဲတွင် ရူးသွပ်မှု ပေါ်လာသည်။ သူသည် လက်ထဲရှိ ရွှေရောင်ခေါင်းလောင်းကို ခပ်တင်းတင်းဆုပ်ကိုင်ကာ နှာခေါင်းရှုံ့၍ မော့ကြည့်လိုက်သည်။
ဝမ်လင်းသည် ရှေ့သို့ ခြေလှမ်းသည်။ ကောင်းကင်ဘုံကိုးခုဖျက်စီးခြင်းအစီအရင်ကို ပြင်ဆင်နေသော ကျင့်ကြံသူထောင်ချီသည် ထိုတိုက်ပွဲဆန္ဒ၏ ဖိအားကို ခံစားရသည်။ သူတို့၏အမူအရာများ ပြောင်းလဲသွားသည်။ သူတို့သည် နောက်သို့ ဆုတ်လိုက်ရ၏။ သူတို့သည် နောက်ဆုတ်ရပေသည်။ ဝမ်လင်း၏ခြေလှမ်းမှာ သူတို့၏စိတ်နှလုံးကို နင်းခြေလာသည့်ပုံ ရသည်။
ထို့အတွက်ကြောင့် ခြေတစ်လှမ်းဖြင့်ပင် ထိုကျင့်ကြံသူများကို တုန်ယင်သွားစေသည်။ သူတို့၏ရင်ဘက်များ တင်းကြပ်သလို ခံစားရ၏။ သူတို့၏မူလစွမ်းအင်များ ထိန်းချုပ်မှုမဲ့ကာ လည်ပတ်သည်။
ဝမ်လင်းသည် ကျင့်ကြံသူတစ်ယောက် မဟုတ်တော့ဘဲ ရှေးဟောင်းအချိန်များက ပြန်ရောက်လာသော နတ်ဆိုးနတ်ဘုရားတစ်ပါးနှယ်။
နတ်ဘုရားများကို သတ်ဖြတ်မည့် နတ်ဆိုးနတ်ဘုရား။
တာအိုပညာရှင်ရေသည် ဝမ်လင်းကို ရင်ဆိုင်ရန် သေချာ ပြင်ဆင်ထားခဲ့၏။ အတိတ်တုန်းက တိမ်ပင်လယ်ကြယ်အဖွဲ့အစည်း၌ ဝမ်လင်းသည် ရှေ့ဖြစ်ဟောသူ၏စိတ်ဝိညာဉ်ကို အသုံးချကာ တချို့ခန့်မှန်းမှုများ ပြုလုပ်၍ တာအိုပညာရှင်ရေ၏ လက်မှ ရုန်းကန်နိုင်အောင် ကြိုပြင်ဆင်ခဲ့ရဖူးသည်။
သို့ပေမည့် ယနေ့တွင်မူ အခြေအနေမှာ ပြောင်းပြန် ဖြစ်သွားခဲ့ပေပြီ။ ဤအခိုက်၌ ဝမ်လင်းသည် ကောင်းကင်ဘုံ၏ခွန်အား၊ တာအိုပညာရှင်ရေကမူ ရှင်သန်ရန် ရုန်းကန်ရသူ ဖြစ်လာခဲ့ပေပြီ။
“ငါ့ရန်သူဟာ တာအိုပညာရှင်ရေပဲ။ မင်းတို့နဲ့ ဘာမှ မဆိုင်ဘူး။ ထွက်သွားကြ…” ဝမ်လင်းသည် ရှေ့သို့ လှမ်း၏။ သူ့ ခြေလှမ်းတိုင်းတွင် ကျင့်ကြံသူထောင်ချီသည် နောက်ဆုတ်ရပြန်သည်။
“သတ်…”
“ငါတို့ ဒီလူ့ကို နတ်ဘုရားကလန်ထဲ ဝင်ရောက်ခွင့် ပြုလို့မရဘူး…”
“နတ်ဘုရားကလန်ရဲ့အမိန့်ကို သေတဲ့အထိ ထမ်းရွက်ကြ။ ငါတို့လို ကျင့်ကြံသူတွေဟာ သေရမှာ ကြောက်မနေဘူး…” ဖြူရောရောမျက်နှာများဖြင့် ကျင့်ကြံသူများသည် နောက်ဆုတ်နေရသည်။ နတ်ဘုရားကလန်က သူတို့၏နောက်တွင် ရှိနေ၏။ ၎င်းမှာ သူတို့၏အသက်ဘဝ၊ သူတို့ကျင့်ကြံရသည့် အကြောင်းရင်းပင်။
နှစ်ပေါင်းသောင်းချီ ကုန်လွန်လာခဲ့ပြီးသည့်အခါ နတ်ဘုရားကလန်၏ တည်ရှိမှုအဆင့်အတန်းသည် တိမ်ပင်လယ်ရှိ ကျင့်ကြံသူများ လေးစားမှု ထားသော တစ်စုံတစ်ရာ ဖြစ်လာခဲ့၏။ သူတို့သည် ဒီကလန်အတွက် သေသည့်အထိ တိုက်ခိုက်ဖို့ ဆန္ဒ ရှိကြသည်။
တာအိုပညာရှင်ရေ၏ ရည်ရွယ်ချက်ဆန္ဒမှာ ထိုကျင့်ကြံသူများကို သေစေမည်။ ဝမ်လင်းကြောင့် သူတို့ သေရမည်။ ထိုအခါ တိမ်ပင်လယ်ရှိ ကျင့်ကြံသူများ၏ ဒေါသကို မီးစထိုးပေးရာ ရောက်မည်။ တခြား ကြယ်အဖွဲ့အစည်းသုံးခုကိုလည်း စိတ်မကောင်း ဖြစ်စေမည်။
ထိုသူတို့၏ သေဆုံးခြင်းသည် သူ့အတွက် ပြင်ပနယ်မြေမှ နောက်ထပ်အကျိုးအမြတ် ရဖို့ ဖြစ်လာနိုင်သည်။
ကြောက်ရွှံ့မှုကနေ အတင်းထိုးထွက်ကာ ထိုကျင့်ကြံသူထောင်ချီသည် အတွင်းနယ်မြေ၏ ဂုဏ်သိက္ခာကို ပြလေတော့သည်။ သူတို့သည် သူတို့၏ကြောက်ရွှံ့မှုကို ဖိနှိပ်ကာ ဂုဏ်ကျက်သရေကို ရွေးချယ်ကြမည်။
“တိမ်ပင်လယ်ကို ဂုဏ်ရှိန်မြင့်စေမယ်…”
“တိမ်ပင်လယ်ကို အရှိန်အဝါတောက်စေမယ်…”
“တိမ်ပင်လယ်ကို ဂုဏ်မြင့်စေရမယ်…”
ကျင့်ကြံသူထောင်ချီထံမှ အော်သံများသည် ဟိန်းမြည်ထွက်လာလေ၏။ ယင်းသည် တိမ်ပင်လယ်ကို ကာကွယ်မည့် သူတို့၏ဆန္ဒ၊ နတ်ဘုရားကလန်အတွက် သေသည့်အထိ ခုခံရန် ပြင်ခြင်းပင်။
ထိုအသံသည် ကြားရသူတိုင်း၏စိတ်ကို လှုပ်ခတ်တုန်ယင်စေသည်။
ဂုဏ်ကျက်သရေ ဟူသော အသံအောက်၌ ကျင့်ကြံသူထောင်ချီသည် ရူးသွပ်လာဟန်ရကာ ရှေ့သို့ တိုးဝင်လာသည်။ သူတို့သည် မပြီးပြည့်စုံသေးသော ကောင်းကင်ဘုံကိုးခုချိုးဖျက်ခြင်းအစီအရင်ကို စတင် အသက်သွင်းကြသည်။ သူတို့သည် သူတို့၏အသွေးအသားတို့ကို အသုံးပြု၍ နတ်ဘုရားကလန်၏ ဂုဏ်သိက္ခာအတွက် ခုခံတိုက်ခိုက်မည် ဖြစ်သည်။
ဝမ်လင်းသည်ပင် သူ့ထံသို့ တိုးဝင်လာသော တိမ်ပင်လယ်မှ ကျင့်ကြံသူများစွာကို ကြည့်ကာ လှုပ်ရှားမိ၏။ သူသည် အတိတ်တုန်းက ထိုသူများထဲမှ အချို့ကို မြင်ဖူးသည်။ ဆုံဖူးသည်။ သို့သော် အများစုကမူ သူ့အတွက် သူစိမ်းများ ဖြစ်ကြသည်။
ထိုကျင့်ကြံသူများသည် ကျင့်ကြံခြင်းအဆင့်အမျိုးမျိုး ရှိ၏။ နယ်ပယ်အမျိုးမျိုးကို ပိုင်ဆိုင်၏။ မတူညီသောကလန်များမှ ဖြစ်၏။ သို့ပေမည့် သူတို့သည် တိမ်ပင်လယ်၏ သွေးကို ပိုင်ဆိုင်ထားကြပြီး တူညီသောယုံကြည်ချက် ရှိသည်။ သူတို့သည် သေသည်ဖြစ်စေ၊ရှင်သည်ဖြစ်စေ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းမှ ကျင့်ကြံသူများပင်။
သူတို့သည် တာအိုပညာရှင်ရေအတွက် စောင့်ကြပ်တိုက်ခိုက်ခြင်းမဟုတ်။ နတ်ဘုရားကလန်အတွက် ဖြစ်လေ၏။
သူတို့သည် တာအိုပညာရှင်ရေ၏ အတွင်းစိတ်ကို မသိထားကြပေ။ သူတို့သည် နတ်ဘုရားကလန်က ဝမ်လင်းကို သတ်ရမည်ဟူသော အမိန့်တစ်ခုကိုသာ သိသည်။ တိမ်ပင်လယ်၏ဂုဏ်ကျက်သရေကိုသာ သိထားသည်။
ဤကား တိမ်ပင်လယ်မှကျင့်ကြံသူအားလုံး၏ ဂုဏ်မာနပင်။
ထိုကဲ့သို့ ဂုဏ်မာနအောက်တွင် တတိယအဆင့်ကျင့်ကြံသူများပင်၊ ဝမ်လင်းသည်ပင် နောက်ဆုတ်ရမည်။ သူသည် သူ့လက်ကို ဝေ့ယမ်းလိုက်ရုံဖြင့် ထိုသူအားလုံးကို သိမ်မွေ့ဆန်းကြယ်မီးကို အသုံးပြုပြီး သတ်ပစ်နိုင်သည်။ သို့သော် သူသည် ခုချိန်၌ မည်သို့ တိုက်ခိုက်ပါ့မည်နည်း။
ထိုကဲ့သို့ ဂုဏ်သိက္ခာအောက်တွင် ကျင့်ကြံသူထောင်သောင်းချီသည် ပို၍ ရူးသွပ်လာဟန် ရကာ ဝမ်လင်းထံ တရှိန်ထိုး တိုးဝင်လာ၏။ သူ့ကို နောက်သို့ အတင်း ဆုတ်စေသည်။ သူသည် ထိုသူများကိုတွေ့မြင်သည့်အခါ ခုနစ်ရောင်စုံနယ်မြေတွင် သူတွေ့မြင်ခဲ့သော အဖြစ်သနစ်ကို ပြန်အမှတ်ရမိသည်။ အတိတ်တုန်းက ချိပ်ပိတ်နယ်မြေအစီအရင်သို့ တိုးဝင်ခဲ့သော ကောင်းကင်ဘုံသားများသည် သူတို့၏အနိုင်မခံအလျှော့မပေး စိတ်ဝိညာဉ်တို့ဖြင့် ရုန်းကန်ခဲ့ကြသည် မဟုတ်လား။
ခုချိန်တွင် ကြယ်အဖွဲ့အစည်းလေးခုလုံးမှ အစွမ်းထက်ကျင့်ကြံသူများ၊ တတိယအဆင့်ကျင့်ကြံသူအချို့လည်း ဒီအဖြစ်ကို မြင်သည်။ သူတို့သည် တိမ်ပင်လယ်ကြယ်အဖွဲ့အစည်း၏ အသံကို ကြားသည်။
ထိုအသံသည် ကျန်သည့် ကြယ်အဖွဲ့အစည်းသုံးခုမှ ကျင့်ကြံသူများကိုပါ ဂုဏ်သိက္ခာတရား၏ အငွေ့အသက်ကို တူညီစွာ ခံစားမိစေဖို့ လုံလောက်ပေသည်။
တာအိုပညာရှင်ရေသည် အတွင်းနယ်မြေ၏ တာအိုနှလုံးသားကို အမှန်တကယ် ဖျက်စီးဖို့ ကြံစည်ရည်ရွယ်ထားခဲ့၏။ စစ်ပွဲအတွက်ပြင်ဆင်မှုကို နှောက်ယှက်ရန် စဉ်းစားထားခဲ့သည်။
ထိုသို့သော တာအိုပညာရှင်ရေသည်ပင် ဤအဖြစ်ကြောင့် အံ့အားတသင့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ သူသည် ခုလိုမျိုးတုန်လှုပ်ဖွယ်ပြောင်းလဲမှုတစ်ခု ဖြစ်ပွားလာလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့မိပေ။ သူသည် တိမ်ပင်လယ်ရှိ ကျင့်ကြံသူများ၊ သူတို့၏ဂုဏ်မာနကို လျှော့တွက်မိခဲ့ပေပြီ။
“တာအိုပညာရှင်ရေ…မင်းက သေဖို့ ထိုက်တန်တယ်…” ဝမ်လင်းသည် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် နောက်ဆုတ်သည်။ သူသည် သူ့ညာခြေထောက်ကို နောက်သို့ လှမ်း၏။ ထို့နောက် သူသည် ရှေ့သို့ ခြေတစ်လှမ်း ပြန်လှမ်းသည်။ သူ့ညာလက်ကို မြှောက်၍ ရှေ့သို့ ညွှန်လိုက်သည်။ သူသည် မာန်သွင်းအော်ဟစ်လိုက်လေ၏။
ထိုအော်သံသည် တိုးဝင်လာသော ကျင့်ကြံသူများစွာထံသို့ မဟုတ်ပေ။ သို့သော် သူတို့နောက်ရှိ တာအိုပညာရှင်ရေထံသို့ ဖြစ်သည်။
“ရပ်တန့်ခြင်းမန္တာန်…ရပ်တန့်ခြင်း…”
လောကသည် တုန်ယင်သွားသည်။ ကျင့်ကြံသူများ၏ ရွှေ့လျားမှု၊ ကြယ်များ၏ ရွှေ့လျားမှု၊ လောက၏ရွှေ့လျားမှု၊ အစီအရင်အားလုံး၏ ရွှေ့လျားမှုများသည် ဤအခိုက်တွင် ရပ်တန့်သွားလေသည်။
၎င်းသည် သူတို့၏ခန္ဓာကိုယ်ကို ရပ်တန့်စေခြင်း မဟုတ်။ သူတို့၏စိတ်ဝိညာဉ်များကို ရပ်တန့်စေခြင်းပင်။ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်း၏ ဂုဏ်သိက္ခာတရားနှင့် ရင်ဆိုင်ရသည့်အခါ ဝမ်လင်း၏ရပ်တန့်ခြင်းမန္တာန်၌ ဆန်းကြယ်သောပြောင်းလဲမှုတစ်ခု ဖြစ်ပွားသည်။
ထိုပြောင်းလဲမှုသည် ကျင့်ကြံသူထောင်သောင်းချီနှင့် ဝမ်လင်းက သူတို့ကို သတ်ချင်စိတ်မရှိခြင်းတို့မှ ပေါ်လာခြင်းပင်။ ဝမ်လင်းသည်ပင် ထိုပြောင်းလဲမှုကို အပြည့်အဝ နားမလည်ပေ။ သို့သော် သူ၏ရပ်တန့်ခြင်းမန္တာန်သည် ခန္ဓာကိုယ်ကို ရပ်တန့်စေခြင်းကနေသည် စိတ်ဝိညာဉ်ကို ရပ်တန့်စေခြင်းသို့ ပြောင်းလဲသွားခဲ့သည်။
ဒဏ္ဌာရီလာနတ်ဘုရားတစ်ပါးကသာ လောကကို ရပ်တန့်နိုင်လိမ့်မည် ဖြစ်၏။
ယင်းသို့ နတ်ဘုရားမှာ နတ်တစ်ပါးလည်း မဟုတ်၊ စိတ်ဝိညာဉ်တစ်ခုလည်း မဟုတ်၊ စိတ်ဆန္ဒအမျိုးအစားတစ်ခုသာ ဖြစ်သည်။ ထိုစိတ်ဆန္ဒကို ဒဏ္ဌာရီလာနတ်ဘုရား ဟူသော စကားရပ်ဖြင့်သာ ဖော်ပြနိုင်လောက်သည်။
အရင်တုန်းက ဝမ်လင်း၌ ထိုသို့သောစိတ်ဆန္ဒ (ဝါ)ဒဏ္ဌာရီလာနတ်ဘုရား မပိုင်ဆိုင်ထားပေ။ သို့ပေမည့် ကျင့်ကြံသူသောင်းချီ၏ စွမ်းအားများ ပေါက်ကွဲထွက်လာသည်ကို စောင့်ကြည့်နေခြင်းကနေ သူသည် ဉာဏ်အလင်း ရသွားခဲ့လေ၏။
စကားတစ်ခွန်းသည် ခန္ဓာကိုယ်ကို ရပ်တန့်နိုင်၏။ စိတ်ဝိညာဉ်ကို ရပ်တန့်နိုင်၏။ လောကကိုယ်တိုင်သည်ပင် ရပ်တန့်ရမည်။ ဂုဏ်သိက္ခာတရားတစ်ခုသာ ဒီအတောမသပ်များပြားသော ကြယ်များကြား ပျံ့နှံ့တည်ရှိလေ၏။
ကျင့်ကြံသူထောင်သောင်းချီ တောင့်တင်းရပ်တန့်သွားသည့်အခိုက်တွင် ဝမ်လင်းက ရှေ့သို့ လှမ်းကာ လက်ဝေ့ယမ်းလိုက်သည်။ သူသည် သူတို့အား အားဖြင့် ရွှေ့လျားစေလိုက်သည်။ သို့သော် သူတို့သည် ထိုသူများကို တစ်စက်လေးပင် မထိခိုက်စေခဲ့ပေ။ ထိုကျင့်ကြံသူများသည် လေးစားခံထိုက်ကြ၏။
လောကသည် တုန်ယင်၏။ ဝမ်လင်းသည် ကျင့်ကြံသူထောင်သောင်းချီကို နေရာရွှေ့ပေးသည်။ သို့သော် သူသည် သူတို့၏ဂုဏ်သိက္ခာကိုမူ မဖယ်ရှားပစ်ပေ။ သူသည် တာအိုပညာရှင်ရေ ရှိနေသော နတ်ဘုရားကလန်ထံသို့ တန်းတန်းမတ်မတ် တိုးဝင်လာတော့သည်။
“တာအိုပညာရှင်ရေ…မင်း ငါနဲ့ လူရှေ့သူရှေ့မှာ မျှမျှတတ တိုက်ခိုက်ရဲလား…”
နတ်ဘုရားကလန်ဂြိုဟ်သည် တုန်ခါ၏။ မြေပြင်ထုသည် ပြိုလဲပျက်စီးသည်။ ဝမ်လင်း ဂြိုဟ်ပေါ်သို့ ခြေချလိုက်ချိန်တွင် အက်ကြောင်းများစွာ ပေါ်လာလေသည်။
သူ၏ပုံပန်းသွင်ပြင်သည် အေးခဲသွားသောမြူများကို တဝီဝီမြည်ဟည်းစေ၏။ အက်သံများ အဆတ်မပြတ် ထွက်ပေါ်စေသည်။ ရေခဲများသည် အဘက်ဘက်သို့ ပျံ့လွင့်ကာ ဒီဧရိယာတစ်ခုလုံးကို ဝန်းရံသည်။
ထိုရေခဲအောက်၌ ဝမ်လင်း၏အကြည့်သည် တောင်ထွတ်ငါးခု ထဲမှ တစ်ခုပေါ်တွင် ထိုင်နေသော တာအိုပညာရှင်ရေထံသို့ ကျရောက်သည်။
“ကောင်လေးဝမ်လင်း…” တာအိုပညာရှင်ရေ၏အသံသည် လောကကို ထွင်းဖောက်လာ၏။
“သူတို့ ဘယ်နေရာမှာလဲ ကြည့်လိုက်အုံး…” တာအိုပညာရှင်ရေသည် ကောင်းကင်ထက်သို့ လက်ညွှန်လိုက်ပြီး မာန်သွင်းလိုက်သည်။ လောကသည် တုန်ဟည်းသွား၏။ သူတို့ကြားရှိ လေဟာနယ်သည် တွန့်ခေါက်ကာ ပုံရိပ်တစ်ခု ပေါ်လာလေသည်။
ထိုပုံရိပ်အတွင်း၌ မူလကလန်မှလူများသည် ချိုင့်ဝှမ်းတစ်ခုအတွင်း၌ ရှိနေပြီး ကျင့်ကြံသူများစွာ၏ ဝန်းရံခြင်းကို ခံထားရသည်။ ထိုချိုင့်ဝှမ်းအထက်၌ ဧရာမတောင်ကြီးတစ်လုံး ရှိနေသည်။ ယင်းတောင်သည် ပြိုဆင်းကျကာ အချိန်မရွေး မူလကလန်မှ လူများကို သတ်ပစ်မည့်အလား။
“သူတို့က မင်းကြောင့် သေရတော့မယ်။ မင်းရဲ့ တာအိုနှလုံးသားမှာ ပြစ်ချက်တစ်ခု ပေါ်လာမလား ငါ မြင်ချင်မိသေးတယ်…” တာအိုပညာရှင်ရေသည် ကျယ်လောင်စွာ ရယ်မော၍ သူ့လက်ကို ဝေ့ယမ်းလိုက်သည်။
“မင်းမှာ အဲ့လိုလုပ်နိုင်တဲ့ အရည်အချင်း ရှိလို့လား…” ဝမ်လင်းသည် ထိုအရာများကို ကြိုမျှော်လင့်ထားသည့်အလား တည်ငြိမ်စွာသာ ရှိနေသည်။
တာအိုပညာရှင်သည် ခဏတာ မင်သက်သွားမိသည်။ ရုတ်တရက် ပြောင်းလဲမှုတစ်ခု ဖြစ်ပွားလာသည်။
***