ကြယ်တာရာ ကပ်ဘေး (၅)
Vol. 26 Ch. 355
“ဟူး... ဟူး...”
စတုတ္ထမြောက် ကပ်ဘေးမှာ အရှိန်အဟုန်နှင့် အတူ ကျဆင်းနေ၏။ ၎င်းတွင် ပါဝင်နေသည့် အင်အားများကို မည်ကဲ့သို့ ဖော်ပြရမှန်းပင် ဝေ့ဝူယင် မသိတော့။ ထိုအချိန်တွင်ပင် ဧဒင်မှာ သူ့ထံ အတွေးဖြင့် အချက်အလက်များ ပေးပို့လာသည်။
“ဘာလဲ...”
ဝေ့ဝူယင် နားမလည် ဖြစ်သွားသည်။ သို့သော်လည်း စစ်ဆေးကြည့်ပြီး မကြာခင်မှာပင် သူ့မျက်လုံးများက တဖျပ်ဖျပ် တောက်ပသွားတော့၏။ ဧဒင် ပေးပို့လာသည်ကား ဝိညာဥ်အင်အားနှင့် ပတ်သက်သည့် ကိန်းဂဏန်း သတ်မှတ်ချက်များပင်။
ကျင့်ကြံခြင်း လောကတွင် ထိုကဲ့သို့ သတ်မှတ်ချက်မျိုး တစ်ခါမှ မရှိခဲ့ဖူးသည့်တိုင် ဧဒင်မှာ စိတ်တာအိုနှင့် အတူ ဖြစ်တည်လာသည့် ကြယ်တာရာ ဝိညာဥ် ဖြစ်သည်။ ထို့ကြောင့်ပင် ဝိညာဥ်အင်အားကို အကဲဖြတ်နိုင်သည့် ထူးဆန်းသော နည်းလမ်းများ သူ့တွင် ရှိသည်။ သူက ဝေ့ဝူယင် နားလည်ရ လွယ်ကူစေရန် ကပ်ဘေးများတွင် ပါဝင်နေသည့် ဝိညာဥ်အင်အားများကို ဝိညာဥ်အမှတ်များဖြင့် ရှင်းပြထားသည်။
ဧဒင်၏ အဆိုအရဆိုလျှင် ပထမ ကပ်ဘေးတွင် ဝိညာဥ်မှတ် ၁၂၀၀ အထိ ပါဝင်နေပြီး ထိုအရာမှာ သာမန် ဝိညာဥ်ဆင်းတု အဆင့် ကျင့်ကြံသူ အများစုထက်ပင် သာလွန်သည့် ပမာဏမျိုး ဖြစ်သည်။ ထို့နောက်တွင် ဝိညာဥ်အမှတ် လေးရာစီ တိုးလာကာ ဒုတိယမြောက် ဝိညာဥ်ကွင်းတွင် ဝိညာဥ်အမှတ် ၁၆၀၀ နှင့် တတိယမြောက် ဝိညာဥ်ကွင်းတွင် ၂၀၀၀ အထိ ပါဝင်လာသည်။ စတုတ္ထမြောက်တွင်မူ ဝိညာဥ်အင်အား တိုးတက်မှုက ပိုမို တိုးလာခဲ့ကာ ၂၈၀၀ အထိ ရှိလာခဲ့သည်။
မကြာခင်မှာပင် သူ၏ ခန္ဓာကိုယ်က ပဥ္စမြောက် ဝိညာဥ်ကွင်း၏ ဗဟိုသို့ ရောက်ရှိသွားခဲ့ပြန်၏။ ရင်ဆိုင်ရသည့် ဝိညာဥ်အင်အားက ၃၆၀၀ အထိ ရှိလာသော်လည်း ဝေ့ဝူယင်အား ထိတ်လန့်စေသည်က ထိုအရာ မဟုတ်ချေ။ လက်ရှိ ရောက်ရှိနေသည့် တည်နေရာသာလျှင် ဖြစ်သည်။
ဝေ့ဝူယင် ကောင်းကင်ဘုံ နတ်မျက်လုံးကို အစွမ်းကုန် အသက်သွင်းရင်း ပတ်ဝန်းကျင်ကို ထိတ်လန့်စွာ ကြည့်နေမိ၏။ မိုင်ထောင်ဂဏန်းခန့် အကွာ၌ အလွန်တရာ ကြီးမားလှသော ကျောက်တုံးကြီးများမှာ ဖြည်းညင်းစွာ ရွေ့လျားနေကြပေသည်။ ၎င်းတို့ တစ်ခုချင်းစီက အဆုံးမဲ့ မှောင်မိုက်ကာ အသက်ဓာတ် ကင်းမဲ့နေပုံ ရသည်။ ထိုအထဲမှ အချို့ဆိုလျှင် သုံးလွှာ ကြယ်တာရာ နယ်မြေရှိ ကုန်းမြေတိုက်ကြီးများထက်ပင် ပိုမို ကြီးမားလှသေးသည်။
ဝေ့ဝူယင် စိတ်ဝင်တစား စူးစမ်းနေစဥ်မှာပင် သူ၏ ကြယ်တာရာ ဝိညာဥ်များမှာ ပဥ္စမြောက် ကပ်ဘေးကို အောင်မြင်စွာ ပြီးဆုံးသွား၏။ ထို့နောက် ဝိညာဥ်ပုံရိပ်ယောင် စွမ်းအင်များ ပေါ်ပေါက်လာကာ သူတို့ကို အခြားတစ်နေရာ တစ်ခုသို့ ခေါ်ဆောင်သွားခဲ့တော့သည်။
ဝေ့ဝူယင် နောက်ကို လှည့်ကြည့်လိုက်ရာ ကျောက်တုံးကြီးများ တည်ရှိနေသည့် အဝန်းအဝိုင်းမှာ လျှင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်ကို တွေ့မြင်လိုက်ရသည်။ ရုတ်တရက် အတွေးတစ်ခုက သူ့အာရုံတွင် လင်းလက်သွား၏။
“ပျက်စီးသွားတဲ့ ကြယ်တာရာ နယ်မြေလား...”
အနန္တဧကရာဇ်ဂိုဏ်းတွင် ဂြိုဟ်သေများနှင့် ကုန်းမြေတိုက်ကြီး အကြွင်းအကျန်များ အကြောင်း သူ အမှတ်မထင် ဖတ်ခဲ့ဖူးသည်။ ၎င်း၏ ပုံသဏ္ဌာန်များက သည်ပုံစံအတိုင်း အတိအကျပင်။
အတွေးများ ပိုမို သေချာလာသည်နှင့် ဝေ့ဝူယင်၏ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့၏။ ဂြိုဟ်နှင့် ကုန်းမြေတိုက်ကြီး အားလုံး ပျက်စီးသွားရအောင် ဤနေရာ၌ မည်သည့် ကိစ္စများ ဖြစ်ပျက်ခဲ့သနည်း။ ထိုကြယ်တာရာ နယ်မြေရှိ နေကရော ဘယ်ရောက်သွားသနည်း။
နေ...
နေများမှာ သက်ရှိများ အတွက် မရှိမဖြစ် လိုအပ်သည့် အပူနှင့် အလင်းဓာတ်များကို ထုတ်လွှတ်ပေးနိုင်သည့် တည်ရှိမှုများ ဖြစ်သည်။ နေရှိနေသရွေ့ ကြယ်တာရာ နယ်မြေတစ်ခု ပျက်စီးသွားဖို့ လုံးဝ မဖြစ်နိုင်ချေ။
“တစ်ခုခုတော့ တစ်ခုခုပဲ...”
ဝေ့ဝူယင် အတွေးများကို ဖြတ်တောက်ကာ လက်ရှိကိုသာ ပြန်လည် အာရုံစိုက်လိုက်၏။ သူ၏ ခန္ဓာကိုယ်မှာ ဆဋ္ဌမမြောက် ဝိညာဥ်ကွင်း၏ ဗဟိုသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ဟူး... ဟူး...
စက္ကန့်ပိုင်းမျှ အတွင်းမှာပင် သူ၏ ကြယ်တာရာ ဝိညာဥ်များမှာ ဆဋ္ဌမမြောက် ကပ်ဘေးကို အောင်မြင်စွာ ကျော်ဖြတ်ကာ ခြောက်ခုမြောက် ဝိညာဥ်ကွင်းများကို ဖွဲ့စည်းနိုင်ခဲ့၏။ ဝိညာဥ်ကွင် ပြိုကွဲသွားသည်နှင့် ချက်ချင်းပင် ဝိညာဥ် ပုံရိပ်ယောင် စွမ်းအင်များ ကျဆင်းလာကာ သူ၏ ခန္ဓာကိုယ်ကို သတ္တမမြောက် ဝိညာဥ်ကွင်းဆီ သယ်ဆောင်သွားပြန်သည်။
ဟူး... ဟူး....
ယခုတစ်ကြိမ် အသွင်ပြောင်းမှု အပြီးတွင်လည်း အနက်ရောင် ကျောက်တုံးကြီးများ မြောလွင့်နေသည့် ပတ်ဝန်းကျင် တစ်ခုကို ဝေ့ဝူယင် နောက်တစ်ကြိမ် ကြုံတွေ့လိုက်ရပြန်သည်။ ဤကြယ်တာရာ နယ်မြေဟောင်းမှာ ပထမတစ်ခုထက် အဆပေါင်းများစွာ ပိုမို ကြီးမားလှ၏။ ထိုနေရာ၌ တည်ရှိနေသည့် အချို့ ဂြိုဟ်ဟောင်းကြီးများဆိုလျှင် သုံးလွှာ ကြယ်တာရာ နယ်မြေရှိ မည်သည့် ဂြိုဟ်များထက် မဆို ပိုမို ကြီးမားလှသေးသည်။
ဝေ့ဝူယင် နေကြယ်ကို ရှာဖွေရန် ကြိုးစားလိုက်၏။ သို့သော်လည်း အဆုံးမဲ့ အမှောင်ထုမှ တစ်ပါး ဘာဆိုဘာမျှ မတွေ့ရ။ အကြောင်းပြချက် အချို့ကြောင့် သူ့နှလုံးသားမှာ ပိုပို၍ မွမ်းကြပ်လာခဲ့သည်။
ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများက စုပေါင်းအားထုတ်မှုဖြင့် ကပ်ဘေးအား တွန်းလှန်ရန် ကြိုးစားနေကြသည့် ကြယ်တာရာ ဝိညာဥ်များထံ ရွေ့လျားသွား၏။ ကြည့်ရသည်က သတ္တမမြောက် ဝိညာဥ်ကွင်း၏ ဖိအားများမှာ သူတို့ တစ်ဦးတစ်ယောက်ချင်းစီ ရင်ဆိုင်နိုင်သည့် အကန့်အသတ်ထက် ကျော်လွန်နေပုံ ရလေသည်။ အိုရီနှင့် ဧဒင်တို့၏ အမူအရာများက အလွန်လေးနက်နေကာ ဘုရင်နှင့် ခရာတိုတို့ပင် မာန်မာန ထောင်လွှားခြင်း မရှိကြတော့။
ဝေ့ဝူယင် ပင့်သက်တစ်ချက် ရှိုက်လိုက်မိသည်။ တစ်ကြိမ်တစ်ခါ ခုခံရန် ပျက်ကွက်သည်နှင့် သူတို့အားလုံး ပေါက်ကွဲထွက်ကာ ကျင့်ကြံခြင်း လမ်းစဥ် အဆုံးသတ် သွားရလိမ့်မည် ဖြစ်သည်။ ဝေ့ဝူယင်မှာ သူတို့အား ကူညီချင်သည့်တိုင် နည်းလမ်းကို မသိလေရာ သည်အတိုင်း ရပ်ကြည့်နေရုံမှ လွဲ၍ ဘာမှ မတတ်နိုင်ခဲ့။
ဝူယုကို ခေါ်မလာမိသည့် အတွက် ဝေ့ဝူယင် ကိုယ့်ကိုယ်ကို အပြစ်တင်လိုက်မိ၏။ ထိုလူအိုကြီးမှာ လျှို့ဝှက် အာဏာရှင် အဆင့် ဖြစ်လေရာ ယခုလို အခြေအနေမျိုးတွင် အကူအညီတစ်ခုခု ဖြစ်ကောင်း ဖြစ်နိုင်သည်။ သို့သော်လည်း... နောင်တဆိုသည်မှာ နောင်မှ တနေရတတ်သည့် အရာမျိုး မဟုတ်ပါလား။ ဘာတတ်နိုင်မည်နည်း။
ကိုးစက္ကန့်ကြာမြင့်ပြီးနောက် ဝိညာဥ်ကွင်းမှာ ပျက်စီးသွားကာ ဝိညာဥ်ဆင်းတုများ၏ ပတ်လည်တွင် သတ္တမမြောက်ကွင်းများ ပေါ်လာခဲ့သည်။ ဝေ့ဝူယင် ရှေ့ဆက်ရန် ကိုယ့်ကိုယ်ကို တွန်းအားပေးရင်း အဋ္ဌမမြောက်ကွင်းကို အသက်သွင်းလိုက်၏။ ဘာပဲဖြစ်ဖြစ်... လောလောဆယ် အရေးအကြီးဆုံး အရာက ကပ်ဘေးအား အောင်မြင်စွာ ကျော်လွှားနိုင်ရန် ဖြစ်ပေသည်။
အဋ္ဌမမြောက် ဝိညာဥ်ကွင်းက ဝေ့ဝူယင် ဘာအပျက်အစီး အကြွင်းအကျန်မှ ရှိမနေသည့် အမှောင်ဟင်းလင်းပြင် ပင်လယ်ထဲကို ဆွဲခေါ်သွား၏။ အမျိုးမျိုးသော ခြိမ်းခြောက်မှုများ ပြည့်နှက်နေသည့် လမ်းကြောင်းအတိုင်း သွားနေရသည့်တိုင် မည်သည့် အန္တရာယ်မျိုးနှင့်မျှ မကြုံတွေ့ရသေးခြင်း အတွက် ဝေ့ဝူယင် ကံကြမ္မာကို ကျေးဇူးတင်လိုက်မိ၏။ ၎င်းက သူ၏ မြင့်မားလှသော ကမ္မတန်ဖိုးနှင့် တစ်စုံတစ်ရာ ပတ်သက်ကောင်း ပတ်သက်နေနိုင်ကြောင်း ဝေ့ဝူယင် ခံစားလိုက်ရသည်။
အဋ္ဌမမြောက် ဝိညာဥ်ကွင်းထံမှ ဖိအားများမှာ အလွန်အမင်း အစွမ်းထက်လှ၏။ ထိုဖိအားများကို ခံစားရင်း ဝေ့ဝူယင်၏ စိတ်က ချာချာလည်သည် အထိ တုန်လှုပ်သွားသည်။
ဤကပ်ဘေးတွင် ဝိညာဉ်အင်အား မည်မျှ ပါဝင်နေကြောင်း မေးရန် ဟန်ပြင်လိုက်သော်လည်း ဧဒင်မှာ ခုနစ်ရောင်ခြယ် အလင်းတန်းများကို အဆက်မပြတ် ထုတ်လွှတ်ခြင်းဖြင့် အလုပ်ရှုပ် နေသည်။
တစ်ချိန်တည်း၌ ခရာတိုမှာ ဟင်းလင်းပြင် လှိုင်းလုံးများကို ထိန်းချုပ်ရင်း ဝိညာဉ်ဖိအားများကို ခုခံရန် ကြိုးစားနေ၏။ ဘုရင်ကတော့ လောကအား စိုးမိုးကာ အရာအားလုံးကို ကာကွယ်ပေးနိုင်ဟန် ရသည့် ဆေဘာဓားအလင်းတန်းများကို ထုတ်လွှတ်နေသည်။
အိုရီကတော့ ဘာမှ ထူးထူးခြားခြား သိပ်မလုပ်ချေ။ လေးကောင်ထဲတွင် သူသည် အမြဲတမ်းလိုလို ဘယ်ဒုက္ခကို မဆို ခံနိုင်ရည် အရှိဆုံး ဖြစ်ပုံ ပေါ်သည်။ မူလ ဒြပ်စင် စွမ်းအင်၏ လေးနက်သည့် သွင်ပြင် လက္ခဏာများကို ဝေ့ဝူယင် အံ့အားသင့်စွာ တွေးတောလိုက်မိ၏။ ရုပ်တာအိုကို အခြေခံနေသည့် ကြယ်တာရာ ဝိညာဉ် ဖြစ်ခြင်းကြောင့် ၎င်း၏ ဝိညာဉ်စွမ်းအင်က အခြား ကြယ်တာရာ ဝိညာဉ်များထက် ပိုမို အားနည်းသည်လား။
သို့သော်လည်း ထိုအတွေးက မဖြစ်နိုင်ကြောင်း ဝေ့ဝူယင် ပယ်ချလိုက်၏။ အိုရီမှာ ဆန်းကြယ် အဆင့် ကြယ်တာရာ ဝိညာဉ် ဖြစ်သည်။ ဝိညာဉ် အင်အားများ အရဆိုလျှင် သူနှင့် ဘုရင်တို့မှာ ခရာတိုနှင့် ဧဒင်တို့ထက် ပိုမို အစွမ်းထက်သည်။ ဝေ့ဝူယင် တွေးရင်း ခေါင်းရှုပ်လာမိ၏။ ကံကောင်းထောက်မစွာပင် သိပ်မကြာခင်မှာပင် အမှန်တရားကို သူ ရှာဖွေ တွေ့ရှိသွားသည်။
အဋ္ဌမမြောက် ဝိညာဉ်ကွင်းကို အောင်မြင်သွားချိန်၌ အခြား ကြယ်တာရာ ဝိညာဉ်သုံးကောင်မှာ ခြေကုန်လက်ပမ်းကျလု နီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူတို့၌ ဖြုန်းတီးရန် အချိန် မရှိတော့။ဘ ယာယီလေထုအလွှာမှာ ပြိုပျက်လုနီးပါး အခြေအနေကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ အစွမ်းကုန် ထိန်းသိမ်းထားမည် ဆိုလျှင် ဆယ်စက္ကန့်ကျော်လောက်သာ ရပေလိမ့်မည်။
ဝေ့ဝူယင် ထိတ်လန့်ခြင်း မရှိချေ။ သူ စိတ်ကို တည်ငြိမ်စွာ ထိန်းသိမ်းရင်း နဝမမြောက် ဝိညာဥ်ကွင်းနှင့် ဆက်သွယ်လိုက်၏။ ခါတိုင်းလိုပင် ဝိညာဉ် ပုံရိပ်ယောင် စွမ်းအားများ ပေါ်လာကာ သူတို့ကို အခြား တစ်နေရာသို့ ခေါ်ဆောင် သွားပြန်သည်။ ကြာမြင့်သည့် အချိန် ပမာဏကို တွက်ချင့်ခြင်းအားဖြင့် ဤတစ်ကြိမ် သူ့ကို ခေါ်ဆောင်သွားသည့် အကွာအဝေးမှာ ပထမ ကပ်ဘေးမှ အဋ္ဌမ ကပ်ဘေးအထိ ရှစ်ခါ ကျော်ဖြတ်ခဲ့သည့် အကွာအဝေးထက်ပင် ပိုမို ရှည်လျားကြောင်း ဝေ့ဝူယင် သိရှိလိုက်သည်။
ဝှစ်...
မျက်စိတစ်မှိတ်စာ အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်က နဝမမြောက် ဝိညာဥ်ကွင်း၏ ဗဟိုချက်၌ ပြန်လည် ပေါ်လာခဲ့ပြန်၏။ စူးရှသော အလင်းတန်းများကို တော်လှန်ရင်း ဝေ့ဝူယင် မျက်လုံးကို ဖွင့်ကာ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ ထိုအခါ သူ မြင်တွေ့လိုက်ရသော အရာကား...
...
အခြားတစ်ဖက်၌ သူ့ ကြယ်တာရာ ဝိညာဉ်များမှာ စတင်ကာ လှုပ်ရှားနေကြပြီ ဖြစ်လေသည်။ အရာအားလုံးကို ဦးဆောင်နေသူကတော့ အိုရီပင်။
ဟူး... ဟူး...
အဆုံးမဲ့ပုံရသည့် မူလဒြပ်စင် စွမ်းအင် လှိုင်းလုံးများမှာ အိုရီထံမှ နေ၍ အခြား ကြယ်တာရာ ဝိညာဥ် သုံးခုထံ တဟုန်ထိုး စီးဆင်းနေ၏။ ၎င်းတို့ကို စုပ်ယူရင်း ဘုရင်၊ ဧဒင်နှင့် ခရာတိုတို့၏ မောပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်များက ပြန်လည် လန်းဆန်းလာဟန်ရကာ ပြိုးပြိုးပျက်ပျက် အဖြူရောင် အလင်းတန်းများဖြင့် တောက်ပလာသည်။ ဆန့်ကျင်ဘက်ပင် အိုရီအား ဝန်းရံနေသည့် အလင်းတန်းများမှာမူ လျှင်မြန်စွာ မှိန်ဖျော့သွား၏။
ဘုန်း... ဘုန်း...
ခရာတိုတို့ သုံးယောက်မှာ စိတ်လှုပ်ရှားစွာဖြင့် ဆေဘာဓားသံ၊ ဟိန်းဟောက်သံနှင့် သစ်ရွက်လှုပ်ခတ်သံတို့ကို ထုတ်လွှတ်လိုက်ကြသည်။ ထို့နောက် သူတို့က အားနည်းကာ ခြေကုန်လက်ပန်းကျသွားဟန် ရသည့် အိုရီကို ဗဟိုပြုကာ ဖိုခနောက်ဆိုင် သဖွယ် ဝန်းရံ ကာကွယ်လိုက်ကြ၏။
အဋ္ဌမမြောက် ကပ်ဘေးတွင် အိုရီကို မပါဝင်ခဲ့ခြင်းကား ဤအခိုက်အတန့်အတွက်ပင် ဖြစ်သည်။ အိုရီပိုင်ဆိုင်ထားသည့် မူလဒြပ်စင် စွမ်းအင်များမှာ မည်သည့် သဘာဝနှင့် မဆို လိုက်လျောညီထွေရှိကာ စွမ်းအင် ပုံစံမျိုးစုံကို လွယ်ကူစွာ ပြောင်းလဲနိုင်စွမ်း ရှိသည်။ ၎င်းတို့က သန့်စင်ရ အလွန် လွယ်ကူသည့် အပြင် နဝမတန်းစား အဂ္ဂိရတ် ထုတ်ကုန်များထက်ပင် ပိုမို အကျိုးသက်ရောက်နိုင်စွမ်း ရှိသည်။
အိုရီ၏ ထိုထူးခြားချက်ကြောင့်ပင် ဧဒင်တို့မှာ ကျင့်ကြံခြင်း လောက၏ သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးသော ဝိညာဥ်ပုံရိပ်ယောင် ကပ်ဘေးကို အတူတကွ စုပေါင်းကာ ဆင့်ခေါ်ရဲခဲ့ကြခြင်း ဖြစ်သည်။
ဘုန်း.... ဘုန်း...
ကြောက်မက်ဖွယ်ရာ တော်လဲသံများနှင့် အတူ နဝမမြောက် ဝိညာဥ်ကပ်ဘေးကား ကျဆင်းလာခဲ့ပြီ ဖြစ်လေသည်။
***