နေမင်း
Vol. 26 Ch. 356
နဝမမြောက် ဝိညာဥ် ပုံရိပ်ယောင် ကပ်ဘေးအား ရင်ဆိုင်ရန် ကြယ်တာရာ ဝိညာဥ်များ လုံးပမ်းနေကြချိန်တွင် ဝေ့ဝူယင်မှာ ပါးစပ်အဟောင်းသားဖြင့် အရပ်မျက်နှာတစ်ခုကို ငေးကြည့်နေခဲ့သည်။ ထိုအခိုက်၌ သူကား လုံးဝ အသိစိတ်လွတ်နေပုံ ပေါ်ကာ ငွေရောင် မျက်ဝန်းများမှာ အဆုံးစွန်သော ထိတ်လန့်မှု၊ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေ၏။
သူ့မျက်စိရှေ့ အဆုံးသတ် တစ်နေရာတွင်မူ...
နေကြီးတစ်စင်း...
အလွန်တရာ ကြီးမားလှသော နေကြီး တစ်စင်းမှာ တလက်လက် တောက်ပနေ၏။ ထိုနေလုံးကြီးမှာ သုံးလွှာ ကြယ်တာရာ နယ်မြေကြီး၏ ထက်ဝက်မျှ အထိပင် ကြီးမားကာ ပြိုးပြိုးပြက်ပြင် နီဝါရောင် နေရောင်ခြည်များကို အရပ်ဆယ်မျက်နှာတိုင် ဖြန့်ကျက်နေ၏။ ထိုနေမင်းကြီး၏ ပတ်လည်တွင်မူ အဖြူရောင် ကွင်းကြီးတစ်ခုမှာ ဗဟိုပြုကာ ချာချာလည်အောင် လှည့်ပတ်နေသည်။
“ ... “
အစွန်အဖျား ကျရောက်လာသည့် နေရောင်ခြည် နွေးနွေးကို ခံစားရင်း ဝေ့ဝူယင်၏ ရင်က တဒိုင်းဒိုင်း တုန်ရီနေ၏။ အဖြူရောင် ကွင်းကြီးကို ကြည့်ရင်း သတ္တဝါကြီး တစ်ကောင် ကူးခပ်နေသလို ခံစားချက်မျိုးက ဝေ့ဝူယင် ရင်ထဲ လှိုင်းထန်လာသည်။
ဝေ့ဝူယင် ကောင်းကင်ဘုံ နတ်မျက်လုံးကို ထုတ်ဖော်ရင်း နေမင်းကြီး၏ ပတ်လည်ကို ဆန်းစစ်ရန် ကြိုးစားလိုက်၏။ သို့သော်လည်း ဘာဂြိုဟ်၊ ဘာကမ္ဘာပြားများကိုမှ မမြင်ရချေ။ နေမင်းကြီး၏ အလင်းရောင်က အရာအားလုံးကို ဖုံးကွယ်ထားဟန် ရသည်။ ပြင်းပြစွာ သိလိုသည့် ဆန္ဒတစ်စုံက စစ်ဗုံသံများလို ဝေ့ဝူယင်၏ ဆဲလ်တစ်ခုချင်းစီတိုင်းသို့ အရှိန်အဟုန်နှင့် ပျံ့နှံ့သွားသည်။
ထိုအခိုက်အတန့်တွင်ပင်... နောက်ဆုံးကျန်ရှိသော ဆယ်စက္ကန့်ကား ကုန်ဆုံးသွားခဲ့ပြီ ဖြစ်လေသည်။
ဟူး... ဟူး...
ဝေ့ဝူယင်ကို ဝန်းရံထားသည့် ယာယီလေထု အလွှာမှာ လျှင်မြန်စွာ လွင့်ပါးပျောက်ကွယ်သွား၏။ အလွန်တရာ ပြင်းထန်လှသော အအေးဓာတ်က ချက်ချင်းပင် အရေပြားကို ထိုးဖောက်လာကာ အသွေးအသားများထဲ အထိ စိမ့်ကာ ကျူးကျော် ဝင်ရောက်လာသည်။ သုံးလွှာ ကြယ်တာရာ နယ်မြေရှိ အအေးဓာတ်နှင့် နှိုင်းယှဥ်လျှင်ပင် ၎င်းက အပေါင်းများစွာ သာလွန်လှ၏။
ဝေ့ဝူယင်၏ အာရုံမြင်ကွင်းများမှာ တဖြည်းဖြည်း ဝေဝါးလာ၏။ သူ၏ ခန္ဓာကိုယ်က လျှင်မြန်စွာပင် အေးခဲသွားကာ အသွေးအသားများပင် ခြောက်ကပ်စပြုလာသည်။ ကံကောင်းထောက်မစွာပင် ထိုအခိုက်အတန့် ကလေးတွင်ပင် သူ့ကြယ်တာရာ ဝိညာဥ်များမှာ ကပ်ဘေးကို ပြီးပြည့်စုံစွာ အောင်မြင်သွား၏။ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ၎င်းတို့မှာ သူ့ခန္ဓာကိုယ် အတွင်း ပြန်လည် ဝင်ရောက်လာသည်။
အသိစိတ်အာရုံ တစ်ခုလုံးကား လျှင်မြန်စွာပင် မည်းမှောင်လာနေခဲ့ပြီ ဖြစ်သည်။ မကြာခင် လုံးဝ သတိလစ်သွားတော့မည် ဖြစ်ကြောင်း ဝေ့ဝူယင် ကိုယ့်ကိုယ်ကို သိရှိလိုက်၏။ နောက်ဆုံး သူ့အာရုံ၌ ပေါ်လာခဲ့သည်ကား အိမ်ပင်။
အိမ်...
ဟုတ်သည်။ သူ အိမ်သို့ ပြန်ရမည်။ အဆုံးမဲ့ အမှောင်ထုထဲတွင် လွင့်မြောနေရသည့် အလောင်းတစ်လောင်း သူ မဖြစ်လိုချေ။
ဝေ့ဝူယင် နောက်ဆုံးခွန်အားကို သုံးရင်း နှလုံးသားထဲရှိ ခရာတိုနှင့် ဆက်သွယ်လိုက်၏။ တစ်ပြိုင်နက်တည်းပင် သူက ညာဘက်လက်ရှိ သိုလှောင် လက်စွပ်အတွင်းမှ ထူးဆန်းသော ဓာတ်လုံးကလေး တစ်ခုကို ထုတ်ယူလိုက်သည်။
“ဒါကိုသုံး...”
ဝေ့ဝူယင် အမိန့်ပေးလိုက်သည်နှင့် ခရာတိုထံမှ ဟင်းလင်းပြင် စွမ်းအင်များမှာ အရှိန်အဟုန်နှင့် အတူ စီးထွက်လာသည်။ နောက်ဆုံး အနေဖြင့် ခပ်အုပ်အုပ် ပေါက်ကွဲသံလေး တစ်ချက်ကို ဝေ့ဝူယင် ယောင်ဝါးဝါး ကြားလိုက်ရသည်။ ထို့နောက် သူ၏ ကမ္ဘာတစ်ခုလုံးမှာ ရုတ်ချည်း အမှောင်ကျသွားခဲ့တော့၏။
...
အဂ္ဂိရတ် တိုက်ပွဲအဆုံးသတ် သွားသည်မှာ အတော်အတန် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း လူတိုင်းမှာ ထိုအကြောင်းကို တသသ ပြောဆိုနေကြဆဲ ဖြစ်ကာ မကြာခင် ပေါ်ထွန်းလာတော့မည့် ခေတ်သစ်ကို ရင်တထိတ်ထိတ်ဖြင့် စောင့်စားနေကြသည်။
အာရုဏ်ဦး ဧကရာဇ်၊ ထာဝရ နတ်မိမယ်လေးတို့၏ မွေးဖွားလာမှုနှင့် အတူ ဤခေတ်တွင် အဂ္ဂိရတ် အမွေအနှစ်မှာ အမြင့်ဆုံးကို ရောက်ရှိနိုင်ဖွယ် ရှိသည်။ မရေမတွက်နိုင်သော လူငယ်များ၏ နှလုံးသားများမှာ စွမ်းအားကို ရှာဖွေလိုစိတ်ဖြင့် တဟုန်းဟုန်း တောက်လောင်နေ၏။ ဤလောကတွင် ဒုတိယမြောက် ဝူယု၊ ဒုတိယမြောက် ဆန်းကြယ် ဧကရာဇ် မဖြစ်ချင်သူ မည်သူ ရှိပါမည်နည်း။
ပြင်းပြသော ဆန္ဒနှင့် အတူ များစွာသော လူငယ်များမှာ ဝေ့ဝူယင်နှင့် ထာဝရ နတ်မိမယ်လေးတို့ထံ ခိုဝင်ရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းလာကြ၏။ ပါရမီ မြင့်မားသူများက ထိုပါရမီကို အသုံးပြုနေကြသလို အဆက်အသွယ်ကောင်း ပိုင်ဆိုင်ထားသူများကလည်း ၎င်းအား အသက်သွင်းခြင်းဖြင့် ချည်းကပ်နေကြသည်။ သူတို့ထဲမှ မိန်းကလေး အချို့မှာ ဆန္ဒနှင့် ဘဝကို တစ်ထပ်တည်း ကျအောင် အကောင်အထည် ဖော်ရန် အခွင့်အရေး ရရှိခဲ့လေသည်။
...
အနန္တဧကရာဇ်ဂိုဏ်း၊ အင်ပါယာ ထောင်ထွတ်၏ ပထမ အလွှာတွင် ဟင်းလင်းပြင် ဂိတ်တံခါး တည်ရှိနေ၏။ ထိုဂိတ်တံခါးကို သေမျိုးခေါင်းဆောင် အဆင့် အကြီးအကဲ လီလင်းက အပိုင်စားရကာ အဝင်အထွက် စာရင်းကို ကြီးကြပ် ကွပ်ကဲရသည်။
ယနေ့...
ယနေ့၌ လူတစ်စုမှာ ဟင်းလင်းပြင် ဂိတ်တံခါး၏ အနီးတစ်နေရာတွင် ရပ်နေခဲ့ကြ၏။ အနီးအနားမှ ဖြတ်သန်းသွားကြသူများမှာ သူတို့ထဲမှ တစ်ယောက်ကို မြင်သည်နှင့် ချက်ချင်းပင် မည်သူ ဖြစ်ကြောင်း မှတ်မိလိုက်ကြသည်။ သူကား မဟာ မင်းသား လုံချန်ပင်။
လုံချန်နှင့် အတူ လူငါးယောက် ရပ်နေခဲ့ကာ သူတို့က အလွန် ဖိအားများသည့် ကိစ္စများကို ဆွေးနွေးနေကြသည့် ပုံပင်။ ထိုငါးယောက်တော့ လျဲ့ယု၊ ရှန်းလင်၊ လုံထျန်းယု၊ နာ့ရှင်းရီနှင့် ချင်ချူးမူတို့ပင် ဖြစ်သည်။
လျဲ့ယု...
လျဲ့ယုမှာ အမြဲတမ်း လိုလို သိမ်မွေ့ ညင်သာကာ အရာရာကို ဆင်ခြင်ဉာဏ် အပြည့်ဖြင့် လုပ်ဆောင်တတ်သူ ဖြစ်သော်လည်း ယခုတွင်တော့ သူမ၏ မျက်ဝန်းများက ဒေါသမီတောက်များဖြင့် ပြည့်နှက်နေသည်။
“နင် ဘယ်လိုပြောရက်တာလဲ... လွန်ခဲ့တဲ့ နှစ်တွေအတွင်း ငါတို့ အတူ ဖြတ်သန်းခဲ့ကြတာတွေကို နင် မေ့နေပြီလား...”
လျဲ့ယု၏ကား ဒေါသကို ဖုန်းကွယ် မထားချေ။ သူမ၏ လေသံက မာကြောနေကာ မျက်ဝန်းများမှာ မိန်းကလေး တစ်ယောက် ရုပ်မပေါက်တော့လောက်အောင်ပင် ပိန်လှီဖျော့တော့နေသည့် နာ့ရှင်းရီကို စိုက်ကြည့်နေ၏။
နာ့ရှင်းရီ...
နာ့ရှင်းရီမှာ ပုံမှန် မဟုတ်သောနည်းလမ်းဖြင့် လုံချန်အား မူလယင် ပေးအပ်ခဲ့သည့် အကျိုးဆက်ကို ယခုတိုင် ခံစားနေရဆဲ ဖြစ်သည်။ ထိုအဖြစ်က သူမ၏ ယင်ရင်းမြစ်ကို ကြီးမားစွာ ထိခိုက်စေခဲ့ကာ ရုပ်ပိုင်းဆိုင်ရာကို ပြင်းထန်စွာ ပျက်စီးစေခဲ့သည်။ ဘာပဲဖြစ်ဖြစ် နောင်တ မရဘူး ဆိုသည့်တိုင် မိန်းကလေး တစ်ယောက် အနေဖြင့် အလှတရား အားလုံး ဆုံးရှုံးသွားသည့် ခံစားချက်ကို နာ့ရှင်းရီ ခံစားရဆဲ ဖြစ်သည်။
နာ့ရှင်းရီမှာ တိတ်ဆိတ်နေ၏။ လျဲ့ယု၏ မေးခွန်းကို ပြန်မဖြေချေ။ ဝေ့ဝူယင်၏ ကမ်းလှမ်းမှုကို လက်ခံကာ ဇနီးမယား တစ်ယောက် ဖြစ်လာဖို့ သူမ ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာ အတွင်း ထိုဆုံးဖြတ်ချက်နှင့် ပတ်သက်၍ သူမ ရုန်းကန်ခဲ့ရဖူးသည်။
လုံချန်နှင့် သူမ အကြားတွင် အမှတ်တရများစွာ ရှိခဲ့ဖူးသည် ဆိုသော်လည်း ဘာပဲဖြစ်ဖြစ် သူမ ဘဝတွင် ပထမဆုံးပေါ်လာခဲ့သည့် ယောက်ျားက ဝေ့ဝူယင် ဖြစ်သည်။ သူမ အသက်ကို ကယ်တင်ကာ ဘဝ တစ်ခုလုံးကို ပြောင်းလဲပေးခဲ့သူကလည်း ဝေ့ဝူယင်ပင်။
ပထမ၌ လွတ်လပ်မှုနှင့် လွင်ကျွန်ဘဝ အကြား ရွေးခြယ်ရန် တွန်းအားပေးခဲ့သည့် ဝေ့ဝူယင်ကို သူမ မုန်းတီးခဲ့သည်။ လှောင်အိမ်ထဲ အလုံပိတ် ခံစားရသည့် ငှက်တစ်ကောင်လိုမျိုး မွန်းကြပ်မှုနှင့် ထွက်ပေါက် မရှိမှုတို့ကို သူမ ခံစားခဲ့ရသည်။ ထိုအမုန်းတရားက တဖြည်းဖြည်းနှင့် ကြီးထွားလာကာ နောက်ဆုံး လုံချန်ကိုပါ ကူးစက်သွားခဲ့သည့် အထိပင်။
ဤသို့နှင့် အနန္တကုန်းမြေတိုက်ကြီးပေါ်ရှိ သူတို့၏ စွန့်စားခန်းများ ပြီးဆုံးသွားခဲ့သည်။ အနန္တ ဧကရာဇ်ဂြိုဟ်ကြီးပေါ်ကို လုံချန်နှင့် အတူ သူမ ရောက်ရှိလာခဲ့သည်။ လူတို့၏ သဘော သဘာဝနှင့် မထင်မှတ်ထားလောက်အောင် ရက်စက်လှသော လောကကြီးကို သူမ စတင် ထိတွေ့ခွင့် ရရှိခဲ့သည်။ အဖြစ်အပျက်များစွာကို သူမတို့ ရင်ဆိုင် ကြုံတွေ့ခဲ့ရသည်။
ဤသို့နှင့် လောကဓံတရား၏ လှည့်ကွက်များကြားထဲ နစ်မြုပ်ရင်း သူမ၏ ခံစားချက်များမှာလည်း စတင် ပြောင်းလဲလာခဲ့သည်။
ဝေ့ဝူယင်...
ထိုလူငယ်မှာ သူမ အပေါ် ယုတ်မာသည့် အမှုမျိုး ကျူးလွန်ခဲ့သည် ဆိုသော်လည်း လောကကြီးရှိ မရေမတွက်နိုင်သော လူများနှင့် ယှဥ်လျှင်တော့ ဒီလောက်ကြီး ဆိုးသွမ်းလှခြင်း မရှိခဲ့။ လိင်ကျွန် ဘဝသို့ ကျရောက်ဆဲဆဲ အချိန်ကလေးတွင် သူက သူမထံသို့ ရောက်လာကာ အပေးအယူ လုပ်ခဲ့သည်။ ထို့နောက် ကတိအတိုင်း သူမကို လွှတ်ပေးခဲ့သည်။ ထို့အပြင် နောက်ထပ်တစ်ကြိမ် ထိပ်တိုက် ပြန်လည် ဆုံတွေ့သည့် အချိန်တွင်လည်း တာဝန်ယူရန် တွန့်ဆုတ်ခဲ့ခြင်းမျိုး မရှိခဲ့။
လုံချန်မှာ တိတ်ဆိတ်နေ၏။ ဘာဆို ဘာစကား တစ်ခွန်းမှ မဆိုချေ။ ထို့အစား ခံစားချက် ဟာလာဟင်းလင်း ဖြစ်သွားပုံ ရသော မျက်လုံးများဖြင့်သာ အောက်ကို ငုံ့ကြည့်နေသည်။
နာ့ရှင်းရီ စိတ်ထဲမှ လျဲ့ယုကို ကျေးဇူးတင်လိုက်မိ၏။ လုံးဝ တိတ်ဆိတ် ငြိမ်သက်နေသည့် အခြေအနေတစ်ခုနှင့် စာလျှင် ယခုလို တုန့်ပြန်မှု ရခြင်းက ဘာပဲဖြစ်ဖြစ်... တော်သေးသည်။
“သူက နင့်ကို တကယ့် ဇနီးမယားလို ဆက်ဆံလိမ့်မယ်လို့ ထင်နေတာလား... အဲဒီကောင်က နင့်ကို အသုံးချနေတာ... လုံချန်ကို တိုက်ခိုက်ဖို့ အသုံးချနေတာ... ဒီလောက် ရှင်းနေတဲ့ ကိစ္စကိုတောင် မမြင်နိုင်လောက်အောင် နင် ဆေးမိထားတာလား”
လျဲ့ယု၏ အသံက ပိုမို၍ တင်းမာလာ၏။ ဝမ်နည်းမှုကြောင့်လား၊ ဒေါသကြောင့်လား မသိ... မျက်ရည်များက သူမ မျက်ဝန်းထဲ ပြည့်လျှံလာသည်။
ပထမဆုံး လင်းကျိရန်၊ နောက်ဝူပိုင်ကျိုး၊ ယခုတစ်ဖန် နာ့ရှင်းရီ...
သူတို့ တစ်ယောက်ပြီး ထွက်သွားဖို့ ဆုံးဖြတ်ခဲ့သည်။ အဆိုးဆုံးက သူတို့ အားလုံးက ဝေ့ဝူယင် အတွက် ထွက်သွား ခဲ့ကြခြင်း ဖြစ်သည်။ ဟုန်ယုနှင့် ရှောင်ပင်းတို့ပင်လျှင် ဝေ့ဝူယင်၏ ကောင်းကင် နန်းတော်ထဲ၌ ကျင့်ကြံနေချေပြီ ဖြစ်သည်။
ချင်ချူးမူက မျက်မှောင်ကြုတ် လိုက်၏။ ဝေ့ဝူယင်နှင့် အနီးကပ် ပေါင်းသင်းခဲ့သူ တစ်ယောက် ဖြစ်လေရာ လျဲ့ယု၏ ထိုစကားကိုတော့ သူမ သဘောမတူနိုင်ချေ။
“လုံချန်ကို တိုက်ခိုက်ဖို့ အသုံးချနေတာ ဆိုတဲ့ စကားကတော့ အဓိပ္ပာယ် မရှိဘူး... လျဲ့ယု”
“မှန်တယ်...”
ဘေးနားရှိ ရှန်းလင်ကလည်း ခေါင်းညိတ်လိုက်၏။ သူမ၏ မျက်လုံးများထဲတွင် ဒေါသအငွေ့အသက်အချို့ပင် ယှက်သန်းနေသည်။
“ဝေ့ဝူယင်က လုံချန်ရဲ့ အသက်ကို ချမ်းသာပေးခဲ့ဖူးတယ်... နောက်ပြီး လွန်ခဲ့တဲ့ နှစ်တွေ အတွင်း သူ လုံချန်ကို သတ်ချင်ရင် အမိန့်တစ်ချက် ပေးလိုက်ရုံပဲ... ဘယ်သူ့ကိုမှ အသုံးချစရာ မလိုဘူး”
ချင်ချူးမူက နာ့ရှင်းရီ နံဘေးသို့ သွားကာ ရင်ဘောင်တန်း ရပ်လိုက်သည်။ ထို့နောက် သူမက စူးစူးရဲရဲ အကြည့်ဖြင့် လျဲံ့ယုကို ကြည့်လိုက်၏။
“ဝေ့ဝူယင်ဆီကို သွားမယ် မသွားဘူး ဆိုတာက နာ့ရှင်းရီရဲ့ ရွေးချယ်မှုပဲ... သူ့ရွေးချယ်မှု ပယ်ချဖို့ ငါတို့မှာ ဘာအခွင့်အရေးမှ မရှိဘူး... နောက်ပြီး သူက လုံချန်ရဲ့ မိန်းမလည်း မဟုတ်ဘူး... ပိုင်ဆိုင်မှုလည်း မဟုတ်ဘူး... ပွင့်ပွင့်လင်းလင်း ပြောရရင် လွန်ခဲ့တဲ့ နှစ်တွေ အတွင်း သူ လုံချန်အတွက် အများကြီး ပေးဆပ်ခဲ့ပြီးပြီ... တကယ်လို့ ဒါက သူ တကယ် လိုချင်တာ ဆိုရင် ငါတို့ အားလုံး အဲဒါကို လေးစားပေးသင့်တယ် မဟုတ်ဘူးလား”
“ ... “
လျဲ့ယုမှာ ဘာပြန်ပြောရမှန်း မသိတော့။ သို့သော်လည်း ချင်ချူးမူ ပြောသွားသည့် စကားလုံးများထဲ၌ အမှားတစ်ခုမှ မပါကြောင်း သူမ သိသည်။ ဝန်မခံချင်သည့်တိုင် ထိုအရာက အမှန်တရား ဖြစ်နေသည်။ လျဲ့ယု အကူအညီတောင်းသည့် မျက်ဝန်းများဖြင့် လုံချန်ကိုသာ လှမ်းကြည့်လိုက်မိ၏။
“ ... “
လုံချန်၏ မျက်လုံးများက တဖြည်းဖြည်း ရွေ့လျားသွားကာ ချင်ချူးမူ၏ မျက်နှာကို စိုက်ကြည့်လိုက်၏။ နာ့ရှင်းရီ၏ ရွေးချယ်မှုကို သူ ဘာမှ မပြောခဲ့။ ရင်တစ်ခုလုံး ကွဲရသည့်တိုင် သူ သည်းခံနိုင်ခဲ့သည်။ ယခု ချင်ချူးမူကပါ ဝင်ပါလာသည်။ သူ့ဘက်တွင် ရှိရမည့် အစား သူမက ဝေ့ဝူယင် ဘက်ကသာ ကာကွယ် ပြောဆိုပေးခဲ့သည်။ အပြင်ပန်း၌ မထင်ပေါ်သည့်တိုင် လုံချန်၏ နှလုံးသား တစ်ခုလုံးမှာ ပြင်းထန်သော အမုန်းတရားများဖြင့် တဟုန်းဟုန်း တောက်လောင်နေခဲ့ပြီ ဖြစ်လေသည်။
“ဝေ့ဝူယင်... မင်း သေကို သေရမယ်”
လုံချန်က လက်သီးကို တင်းကြပ်စွာ ဆုပ်လိုက်မိ၏။ လက်သည်းတို့က လက်ဖမိုးအတွင်း စိုက်ဝင်သွားရာ သွေးစများပင် စီးကျလာလေသည်။
အခြားတစ်ဖက်၌ နာ့ရှင်းရီမှာ ချင်ချူးမူ၏ ကာကွယ်ပေးမှုကြောင့် နွေးထွေးမှုကို ခံစားလိုက်ရ၏။ သူမက လုံချန်အား ကြည့်လိုက်ရင်း တစ်စုံတစ်ရာ ပြောရန် ဟန်ပြင်လိုက်စဥ်မှာပင် ပတ်ဝန်းကျင်၌ အာမေဋိတ်သံများ ဆူညံစွာ ထွက်ပေါ်လာခဲ့လေ၏။
“အဲဒါ မဟာ သူတော်စင်ထို့ပဲ...”
***