← Chapters

ဧည့်သည်

Vol. 26 Ch. 357

ဧည့်သည်

Vol. 26 Ch. 357

“အဲဒါ မဟာ သူတော်စင်ထို့ပဲ...”

“ဟုတ်တယ်... သူ ဘယ်က ပြန်လာတာလဲ...”

စိတ်လှုပ်ရှားမှု ပြည့်နှက်နေသည့် သံများမှာ ဆူညံစွာ ထွက်ပေါ်လာ၏။ မဟာ သူတော်စင်ထို့ ဆိုသော နာမည်ကြောင့် နာ့ရှင်းရီတို့ အားလုံးမှာ ခေါင်းလှည့်ကာ ကြည့်လိုက်မိကြ၏။ ထိုအခါ ဟင်းလင်းပြင် ဂိတ်တံခါးမှ ယခုမှ ထွက်လာဟန်ရသော မီးခိုးရောင်ဝတ် အဘိုးအို တစ်ယောက်ကို တွေ့မြင်လိုက်ရလေသည်။

“ဟိုတစ်ယောက်က ဘယ်သူလဲ...”

လူငယ် တစ်ယောက်က ထို့ပိဟန်၏ ဘေးမှ လိုက်ပါလာသည့် ခပ်သွယ်သွယ် ပုံရိပ်တစ်ခုကို လက်ညိုးထိုးပြရင်း မေးလိုက်၏။ လျှင်မြန်စွာပင် လူများက မျက်လုံးများက ထိုပုံရိပ်ပေါ် ကျရောက်သွားသည်။

လူအိုကြီး၏ နံဘေးတွင် အခြား ပုံရိပ်အချို့လည်း လိုက်ပါလာသည့်တိုင် သူမမှာ အဆပေါင်းများစွာ ပိုမို ထင်ရှားပေသည်။ အကယ်၍ စကားလုံးများဖြင့် ဖော်ပြခွင့် ရှိမည် ဆိုပါက ထိုပုံရိပ်ကလေးကို “ရင်သပ်ရှုမောဖွယ် အလှပိုင်ရှင်” ဟု သုံးရပေလိမ့်မည်။

ထိုအခိုက်၌ မိန်းကလေးမှာ အလွန်လှပသည့် သွေးနီရောင် ဖီးနစ် ဝတ်စုံကို ဝတ်ဆင်ထား၏။ ရွှေရောင် အနားကွပ်များမှာ သူမ၏ ခန္ဓာကိုယ်ကို ခြေမျက်စိရောက်အောင် ဖုံးအုပ်ထားသည့်တိုင် နေမင်းကြီးလို ထင်ရှားလှသည့် အလှတရားကိုတော့ ကွယ်ဝှက်နိုင်စွမ်း မရှိခဲ့။

အလွန်တရာ နက်မှောင်လှသော သူမ၏ မဟူရာ ဆံနွယ်ရှည်များမှာ ကောင်းကင်ဘုံမှ ရေတံခွန် တစ်ခုသဖွယ်  ခါးလည်ထိ ရောက်အောင် ရှည်လျား ကျဆင်းနေ၏။ သူမ၏ ခပ်ပါးပါး မျက်ခုံးလေးများက ပြီးပြည့်စုံစွာဖြင့် ကွေးညွှတ်နေကာ ၎င်းတို့ အောက်ရှိ အပြာရောင် မျက်ဝန်းများမှာ ပင်လယ် နတ်ဘုရား၏ အချိုးကျကျ ထုဆစ်ထားသလို ပြီးပြည့်စုံစွာ လှပနေသည်။ တစ်ချိန်တည်း၌ သူမ၏ နှုတ်ခမ်းသားလေးများမှာ နတ်ဘုရားတို့၏ ကောင်းချီးပေး ခံထားရသလို ဖူးရွနေကာ နတ်ရေစင်လို နူးညံ့ ချိုသာနေဟန် ရ၏။

ထို့အတူပင် သူမ၏ ခန္ဓာကိုယ်မှာလည်း အပြစ်ပြောစရာ တစ်ကွက် မရှိ။ လိုလည်း မလို၊ ပိုလည်း မပိုသော  အနက်အရှိုင်း၊ အကွေ့အကောက်များဖြင့် ပြီးပြည့်စုံနေကာ မြင်တွေ့ရသမျှ ပုရိဿတိုင်းကို အပူပြင်းဆုံး ခံစားချက်များအား ပေးနိုင်စွမ်း ရှိသည်။ အလှတရားက ကောင်းကင်နှင့် မြေကြီး အကြားရှိ တရားမျှတမှုကို ဆောင်ယူနိုင်ခြင်း ရှိ၊ မရှိ မပြောနိုင်သည့်တိုင်  သေချာတာ တစ်ခုကတော့ လူတိုင်း၏ အသက်ရှူသံများကို ရပ်တန့်သွားအောင် စွမ်းဆောင်နိုင်ပေသည်။

ထိုအခိုက်၌ ယောက်ျားတိုင်း၊ မိန်းမတိုင်း၏ အကြည့်များက သူမ တစ်ယောက်တည်း အပေါ် ကျရောက်နေ၏။ ထို့ပိဟန်မှာ ထိုအရာကို သတိထားမိရာ သဘောကျစွာ ပြုံးလိုက်သည်။ ထို့နောက် သူက မိန်းကလေး ဘက်ကို လှည့်ရင်း မေးလိုက်၏။

“ရွှယ်ရီဖေး... ဒါက အနန္တဧကရာဇ်ဂိုဏ်းပဲ... ဘယ်လိုလဲ သဘောကျရဲ့လား”

ရွှယ်ရီဖေးနှင့် ထို့ပိဟန်တို့မှာ ဤနေရာကို နှစ်ယောက်တည်း ရောက်ရှိလာခြင်း မဟုတ်ချေ။ အခြား ပုံရိပ်သုံးခုလည်း သူတို့နှင့် အတူ ပါဝင်နေပေသည်။

ပထမတစ်ယောက်ကတော့ အနက်ရောင် ဝတ်ရုံရှည်ကြီးကို ခေါင်းအစ၊ ခြေဖျားအဆုံး ဖုံးအောင် ဝတ်ဆင်ထားသည့် ယင်ပင်။ သူကား မျက်လုံးများကိုပင် ဖော်ထားခြင်း မရှိပဲ ရွှယ်ရီဖေး၏ နောက်တွင် တိတ်တဆိတ် ရပ်နေခဲ့၏။ သူ့ပုံစံက လူတစ်ယောက်ထက် နောက်မှ တကောက်ကောက် လိုက်နေတတ်သည့် အရိပ်တစ်ခုနှင့်ပင် ပိုမို တူနေသေးလေရာ မည်သူမှ သူ့ တည်ရှိမှုကို အထူးတလှယ် သတိထားမိခြင်း မရှိချေ။

နောက်တစ်ယောက်ကတော့ ဝေ့ဝူယင်၏ ကောင်းကင် နတ်မြင်းပျံ ရှောင်ပိုင်ပင်။ သူသည် ခါတိုင်းလိုပင် မာနကြီးကာ မောက်မာသည့် ပုံစံကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်ကာ အရပ်အမြင့်ကတော့ မီတာ ရှစ်ဆယ်လောက် အထိပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ဘယ်လောက်ပင် အရွယ်အစား ကြီးကြီး ယခုတွင်တော့ ရွှယ်ရီဖေး၏ တည်ရှိမှုကြောင့် မည်သူမှ သူ့ကို သတိမထားမိပါချေ။

နောက်ဆုံးတစ်ယောက်ကတော့ ဂိုဏ်း၏ ကောင်းကင်ဗိုလ်ချုပ် ယုပိုင်ပေ့ပင်။ ဟင်းလင်းပြင် ဂိတ်တံခါး ပြိုကျအပြီး၌ ဝေ့ဝူယင်သည် ရွှယ်ရီဖေးကို စောင့်ရှောက်ရန် အတွက် သူမကို တာဝန်ပေးအပ်ခဲ့သည်။ သူမက လူသား ကျင့်ကြံသူ တစ်ယောက် ဖြစ်သည့် အပြင် ဝိညာဥ်ကို နှလုံးသား၌ ထား၍ ကျင့်ကြံရာ ရွယ်ရီဖေးအား လမ်းညွှန်ရန် အတွက် အလွန် သင့်တော်ပေသည်။ ထို့အပြင် သူမက ပွင့်လင်း၍ တိုက်ရိုက်ဆန်သူ ဖြစ်လေရာ ရွှယ်ရီဖေးအား အကောက်ကြံရန် စိတ်ပူစရာ မလိုချေ။

ရွှယ်ရီဖေးက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်၏။ မိုးထိအောင် မြင့်မားနေသည့် အနန္တ ဧကရာဇ်ဂိုဏ်း၏ တောင်ထွတ်ကြီးများကို ကြည့်ရင်း သူမ၏ စိတ်နှလုံး တစ်ခုလုံးက အံ့သြမှုများဖြင့် ပြည့်နှက်နေသည်။ မွေးကတည်းက သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီးတွင် ကြီးပြင်းလာခဲ့သူ အဖို့ ပိုမို ကြီးကျယ် ခမ်းနားသော ကမ္ဘာများကို ခြေဆန့် ရှာဖွေရန်က သူမ၏ ရင်ထဲမှ ဆန္ဒ ဖြစ်သည်။

အနန္တဧကရာဇ်ဂိုဏ်းကို အလည်အပတ် ရောက်ရှိရန်လား... သူမ၏ ပါရမီ၊ အဆင့်အတန်းတို့ဖြင့် ၎င်းက လုံးဝကို မဖြစ်နိုင်‌သော အိပ်မက်တစ်ခုလိုပင်။

ပတ်ဝန်းကျင်ရှိ လူတိုင်း၏ မျက်လုံးများက ရွှယ်ရီဖေး၏ အပေါ် ကျရောက်နေ၏။ အထူးသဖြင့် လုံချန်ပင်။ ထိုမိန်းလေးကား အလွန်တရာ လှပလွန်းသည်။ ချင်ချူးမူ၏ အလှဆုံး ပုံံစံထက်ပင် နည်းနည်းလေးမျှ လျော့နည်းလိမ့်မည် မဟုတ်ချေ။ ပြောရလျှင် ဆွဲဆောင်နိုင်စွမ်းနှင့် ထင်ရှားခြင်း အရာတွင်ပင် သူမက သာနေသေးသည်။ ရင်ထဲမှ နှိုင်းယှဥ်ရင်း လုံချန်၏ မျက်လုံးများက စိတ်ဝင်စားမှုများဖြင့် လောင်ကျွမ်းလာ၏။

ဘေးနားရှိ လျဲ့ယုမှာ ထိုအချင်းအရာကို သတိထားမိရာ မျက်မှောင်ကြုတ်သွား၏။ သို့သော်လည်း လုံချန်မှာ တစ်ယောက်ဆို တစ်ယောက်၊ ပိတောက်ဆို ပိတောက် သမား မဟုတ်ကြောင်း သတိရသွားကာ သူမ၏ အမူအရာက ပြန်လည် ပြေ‌လျော့သွားသည်။

အခြားတစ်ဖက်၌ ချင်ချူးမူကတော့ အလှအပထက် ရွယ်ရီဖေး၏ အဆင့်အတန်းကိုသာ ပိုမို စိတ်ဝင်စား နေမိသည်။ ယုပိုင်မေ့မှာ ကျော်ကြားသည့် ကောင်းကင်ဗိုလ်ချုပ် အဆင့် အကြီးအကဲ တစ်ယောက် ဖြစ်ပြီး ထို့ပိဟန်မှာ ဂိုဏ်း၏ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ် ဖြစ်သည်။ ထိုကဲ့သို့ လူနှစ်‌ယောက်... အထူးသဖြင့် ထို့ပိဟန် ကဲ့သို့ လူကိုယ်တိုင် တကူးတက ခေါ်ဆောင်လာရသည့် သူမမှာ ဘယ်လိုနည်းနှင့်မှ သာမန် မဖြစ်နိုင်ချေ။

ရွှယ်ရီဖေးမှာ ပတ်ဝန်းကျင်ကို ကြည့်ရင်း စိတ်လှုပ်ရှား ပျော်ရွှင်နေဟန် ရ၏။ သူမက ထို့ပိဟန်ဘက်ကို လှည့်ရင်း ညင်သာစွာပင် ပြုံးပြလိုက်သည်။

“တကယ် အံ့သြစရာ ကောင်းတယ်... တောင်ကြီးတွေက ခုလို တိမ်တွေထက် ကျော်နေတာမျိုး တစ်ခါမှ မမြင်ဖူးဘူး...  ဒဏ္ဍာရီထဲက လက်ငါး‌ချောင်း တောင်တွေ ကျနေတာပဲ”

ထို့ပိဟန်မှာ ဂုဏ်ယူမှုကို ခံစားလိုက်ရသည်။ သည်တောင်တန်းများက သဘာဝ အတိုင်း ဖြစ်တည်လာခဲ့ခြင်း မဟုတ်ချေ။ ဘိုးဘေးပေါင်း များစွာတို့၏ အသက်သွေးချွေးများဖြင့် ဖြစ်တည်လာသည့် ထုတ်ကုန်များပင် ဖြစ်သည်။

ထို့ပိဟန် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ရာ လူခြောက်ရပ် ရပ်နေသည့် အုပ်စုတစ်ခုကို တွေ့လိုက်ရ၏။

“မင်းသားပေါက်စလေး...”

ထို့ပိဟန်၏ မျက်လုံးက အနည်းငယ် ကျဥ်းမြောင်းသွား၏။ လုံချန်ကို ဤနေရာတွင် တွေ့မြင်ရလိမ့်မည်ဟု သူ ထင်မှတ် မထားခဲ့ချေ။

ရွှယ်ရီဖေး၏ မျက်တောင် ကော့ကော့လေးများက တဖျပ်ဖျပ် လှုပ်ရှားသွားကာ လုံချန်ကို လှမ်းကြည့်လိုက်၏။ ပထမ၌ လုံချန်မှာ ထို့ပိဟန်၏ လေးစားမှု ကင်းမဲ့သော အသုံးအနှုန်းကြောင့် မျက်နှာတစ်ခုလုံး မည်းမှောင်သွားသည့်တိုင် ရွှယ်ရီဖေး၏ အကြည့်များ သူ့အပေါ် ကျရောက်လာသော အခါတွင်မူ ဒေါသများ ပြေလျော့သွားသည်။ သူက ရွှယ်ရီဖေးကို မျက်လုံးချင်း ဆုံအောင်ကြည့်ရင်း ပြန်လည် ပြုံးပြလိုက်၏။

ရွှယ်ရီဖေးမှာ ထိုအရာကို မြင်ရာ မျက်မှောင်ကြုတ် သွားသည်။ ထိုလူငယ်မှာ ချောမော ခန့်ညားသည့်တိုင် အဘယ်ကြောင့် မသိ ခံစားချက် သိပ်မကောင်းဟု သူမ ခံစားရသည်။ သူမက ချက်ချင်းပင် အကြည့်ကို လွှဲကာ ထို့ပိဟန်ကို ကြည့်လိုက်၏။

“ကျွန်မတို့ ကောင်းကင်နန်းတော်တွေဆီကို သွားရမှာလား...”

သူမ၏ ဟေဇယ် မျက်လုံးလေးများမှာ စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေ၏။ ဝေ့ဝူယင်နှင့် နောက်တစ်ကြိမ် ပြန်လည် ဆုံတွေ့ခွင့် ရရန် သူမ ရင်ခုန်နေခဲ့ပြီ ဖြစ်သည်။

သူတို့ ချစ်သူနှစ်ဦး မတွေ့ရသည်မှာ အလွန် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ကြားထဲ၌ အဆက်အသွယ် မပြတ် ဆိုသည့်တိုင် မျက်နှာချင်းဆိုင် တွေ့ရခြင်းနှင့် မည်ကဲ့သို့ တူပါမည်နည်း။ ထို့အပြင် ကိုယ်လုပ်တော် ဆိုသော ခေါင်းစီးကို ဇနီးမယား အဖြစ် ပြောင်းလဲပစ်ရန် ဆိုသော ရည်မှန်းချက်က သူမ၏ နှလုံးသားတွင်း ကိန်းအောင်းနေဆဲ ဖြစ်သည်။ ၎င်းအား အကောင်အထည် ‌ဖော်ရန် အလွန် ခက်ခဲလိမ့်မည် ဖြစ်သည့်တိုင် ဘာပဲဖြစ်ဖြစ်... သူမ ကြိုးစားကြည့်ရပေလိမ့်မည်။

ထို့ပိဟန်က ခေါင်းတစ်ချက် ညိတ်လိုက်၏။

“ငါ သူ့ကို အကြောင်းကြားထားလိုက်မယ်... ဒါပေမဲ့ ခုလောလောဆယ်တော့ ဂိုဏ်းနဲ့ ရင်းနှီးသွားအောင် အရင်ဆုံး လိုက်မိတ်ဆက်ပေးမယ်လေ”

“အင်း...”

ရွှယ်ရီဖေးက ခေါင်းညိတ်လိုက်သော်လည်း စိတ်ထဲ၌ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ ဝေ့ဝူယင်က မည်သည့် နေရာသို့ ရောက်ရှိနေသနည်း။ သူမအား အဘယ်ကြောင့် လာမတွေ့ရသနည်း။

ဘေးနားရှိ ယုပိုင်မေ့က ရွှယ်ရီဖေး အနားကို ပိုမို တိုးကပ်ကာ ရပ်လိုက်၏။ သူမသည်လည်း ဝေ့ဝူယင်ကို စောင့်မျှော်နေခြင်း ဖြစ်သည်။ ဝေ့ဝူယင် ရောက်ရှိလာမှသာ သူမ အစွမ်းကုန် ကြိုးစားထားသော အလုပ်အတွက် ဆုလာဘ်ကို လက်ခံ ရရှိနိုင်လိမ့်မည် ဖြစ်သည်။ လက်ရှိ ဝေ့ဝူယင်၏ အဆင့်အတန်းနှင့် ဆိုပါက ရရှိလာမည့် ချီးမြှင့်လာမည့် ဆုလာဘ်က အလွန် တန်ဖိုးရှိနိုင်ပေသည်။

ဟူး... ဟူး...

ထိုအခိုက်တွင်ပင် အနက်ရောင် အလင်းစက် တစ်ခုမှာ အဝေးမှ ပျံသန်းလာ၏။ ရင်းနှီးနေသည့် မြင်ကွင်းကြောင့် ရှောင်ပိုင်၏ အမူအရာက လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ သူက အတောင်ပံများကို အရှိန်အဟုန်နှင့် ခပ်ရင်း ဝမ်းသာအားရ ဟီသံပေးလိုက်၏။

ဝှစ်...

တစ်ခဏအတွင်းမှာပင် စုမေ့မှာ ရောက်ရှိလာကာ ထို့ပိဟန်၊ ရွှယ်ရီဖေးနှင့် ယုပိုင်မေ့တို့ရှေ့တွင် ဆင်းသက်လိုက်သည်။ သူမက ယုပိုင်မေ့ကို လုံးဝ လျစ်လျူထားကာ ရွှယ်ရီဖေးကို တစ်ချက်မျှသာ ကြည့်သည်။ ထို့နောက် ရှောင်ပိုင်ဘက်သို့ လှည့်ကာ ပြုံးရင်း လက်ကို ဆန့်ထုတ်လိုက်သည်။

‌ရှောင်ပိုင်က လွမ်းဆွတ်နေသည့် အမူအရာဖြင့် ဟီသံ တစ်ချက် ပေး၏။ ထို့နောက် အလွန်ကြီးမားလှသော ခေါင်းကြီးကို ရှေ့သို့ တိုးရင်း အရွယ်အစားနှင့် မလိုက် ကလေး တစ်ယောက်လို စုမေ့၏ လက်ကလေးကို ပွတ်သပ် လိုက်သည်။ ငယ်စဥ်ကတည်းက စုမေ့၏ ကြည့်ရှုစောင့်ရှောက်မှုနှင့် ကြီးပြင်းလာခဲ့ရသူ တစ်ယောက် ဖြစ်ရာ ဤကောင်းကင် နတ်မြင်းပျံလေးမှာ စုမေ့ကို ဒုတိယမြောက် သခင် တစ်ယောက် သဖွယ် အသိအမှတ် ပြုခဲ့ပြီး ဖြစ်သည်။

လုံချန်မှာ စုမေ့ ရောက်ရှိမှုကြောင့် မျက်မှောင်ကြုတ် သွား၏။ ထိုမိန်းကလေးမှာ ဝေ့ဝူယင်၏ ,ညာလက်ရုံး တစ်ယောက် ဖြစ်ကြောင်း သူ အစကတည်းကပင် သိရှိထားပြီး ဖြစ်သည်။ ပြင်းထန်သော သတ်ဖြတ်လိုစိတ် တစ်ခုမှာ သူ့နှလုံးသား၌ မွေးဖွားလာကာ လက်၌ ကိုင်ထားသော ဓားရိုးအထိ ရောက်ရှိသွား၏။ သို့သော်လည်း သူ ချက်ချင်းပင် စိတ်ကို ပြန်လျှော့လိုက်၏။ ဂိုဏ်း၏ စည်းကမ်းများကို ဖောက်ဖျက်ရန် မကြောက်ရွံ့သည့်တိုင် ဤနေရာ၌ ထို့ပိဟန် ရှိနေသည်။ စိတ်လိုက်မာန်ပါ ပြုမူ၍ မရချေ။

ရွှယ်ရီဖေးက စုမေ့ကို ကြည့်လိုက်၏။ ထိုမိန်းကလေးကို သူမ တစ်ခါမှ မမြင်ဖူးသည့်တိုင် ရှောင်ပိုင်နှင့် အလွန် ရင်းနှီးနေသည်ကို ထောက်ချင့်ခြင်းအားဖြင့် ဝေ့ဝူယင်နှင့် တစ်စုံတစ်ရာ ပတ်သက်နေကြောင်း ပြောနိုင်ပေသည်။ ထို့အပြင် သူမ လည်ပင်းတွင် တွဲလောင်းကျနေသည့် ဝေ့ဝူယင်၏ အနက်ရောင် လက်စွပ်လေးကလည်း ထိုအချက်ကို သက်သေခံ နေသည်။

သူမက မည်သူနည်း။ စိတ်ဝင်စားမှု လှိုင်းများက ရွှယ်ရီဖေး၏ နှလုံးသားတွင် တရိပ်ရိပ် မြင့်တက်လာ၏။

***

All Chapters