အမှောင်ဟင်းလင်းပြင်၏ အအေးဓာတ်
Vol. 26 Ch. 358
ရှောင်ပိုင်အား နှုတ်ဆက်ပြီးနောက် စုမေ့မှာ ရွှယ်ရီဖေးဘက်သို့ ပြန်လှည့်လာ၏။
“အရှင်ဝေ့က အရမ်း အရေးကြီးတဲ့ ကိစ္စတစ်ခုကြောင့် ခရီးထွက်နေတယ်... ဒါကြောင့် ရှင့်ကို ကြိုဖို့ ကိုယ်စား ကျွန်မကိုပဲ ခိုင်းထားတာ”
သူမက တည်ငြိမ်စွာပင် ရှင်းပြလိုက်သည်။
“သူ ဒီမှာ မရှိတာလား...”
နောက်ဆုံး၌ ရွှယ်ရီဖေးမှာ အဘယ်ကြောင့် ဝေ့ဝူယင် ကိုယ်တိုင် ရောက်မလာနိုင်သည်ကို နားလည် သွားခဲ့ပြီ ဖြစ်သည်။
“မိန်းကလေး စုမေ့...ကျုပ် သူ့ကို ဂိုဏ်းနဲ့ ရင်းနှီးသွားအောင် ဟိုနားဒီနား လိုက်ပြမလားလို့... အဲဒါ အဆင်ပြေရဲ့လား”
ဘေးနားရှိ ထို့ပိဟန်က ဝင်ရောက် ခွင့်တောင်းလိုက်၏။ ရွှယ်ရီဖေးမှာ ဝေ့ဝူယင်နှင့် အရင်းနှီးဆုံး မိန်းကလေး အနည်းငယ်ထဲမှ တစ်ယောက် ဖြစ်သည်။ သူမနှင့် ရင်းနှီးရန် အခွင့်အရေးကို သူ မည်ကဲ့သို့ လွယ်လွယ်နှင့် လက်လွှတ်နိုင်ပါမည်နည်း။
စုမေ့က ထို့ပိဟန်အား ကြည့်လိုက်၏။ ရှင်းလင်းစွာပင် ထိုလူအိုကြီး၏ ရည်ရွယ်ချက်ကို သူမ မြင်နိုင်ပေသည်။ သို့သော်လည်း သူမက ငြင်းဆန်ခြင်း မပြုချေ။
“သူ လိုက်ချင်ရင် ခေါ်သွားလေ”
ထို့ပိဟန်က ခေါင်းတစ်ချက် ညိတ်လိုက်၏။ ထို့နောက် ရွှယ်ရီဖေးကို ခေါ်ဆောင်ကာ ထွက်ခွာရန် ဟန်ပြင်လိုက်စဥ်မှာပင်...
ဖောက်...
ပတ်ဝန်းကျင်၌ ခပ်အုပ်အုပ် အသံ တစ်ခု ထွက်ပေါ်လာ၏။ လူအားလုံးမှာ ထိတ်လန့်သွားကာ အသံ ထွက်ပေါ်လာသည့် နေရာကို ရှာဖွေရန် ကြိုးစားလိုက်ကြသည်။ သူတို့ မတုန့်ပြန်နိုင်ခင်မှာပင် အနက်ရောင် စက်ဝန်းတစ်ခုမှာ အလွန် လျှင်မြန်သော အရှိန်နှင့် အတူ ဟင်းလင်းပြင် ဂိတ်တံခါးထက်၌ ဖွဲ့စည်းလာ၏။ အဆုံးမဲ့ဟန် ရသော ငွေရောင် အလင်းတန်းများမှာ ဂိတ်တံခါးဆီမှ စမ်းချောင်းတစ်ခုလို စီးထွက်လာကာ ထိုအနက်ရောင် စက်ဝန်းထဲ စီးဝင်သွားသည်။
ထို့နောက် အရာဝတ္ထုတစ်ခုမှာ အနက်ရောင် စက်ဝန်းထဲမှ ထွက်ပေါ်လာကာ အနီးရှိ မြေပြင်ပေါ် ပြုတ်ကျသွား၏။
ဘုန်း...
အရှိန် အလွန် ပြင်းလွန်းရကား မြေပြင်ထက်၌ မီတာ နှစ်ဆယ်ခန့် ရှိသော အက်ကြောင်း တစ်ခု ဖြစ်ပေါ်လာသည်။ ဂိတ်တံခါးပင်လျှင် ပြိုကျလု ဖြစ်သွားကာ အမြဲလိုလို တောက်ပစွာ ထွန်းလင်းနေတတ်သော ငွေရောင်အလင်းတန်းများမှာ မှိန်ဖျသွားပုံ ပေါ်၏။
ကံကောင်းထောက်မစွာပင် ဤနေရာ၌ ရှိနေသည့် လူအားလုံးမှာ ထိပ်တန်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့က လျှင်မြန်စွာပင် မရေမတွက်နိုင်သည့် ချီအကာအကွယ်များကို ထုတ်ဖော်လိုက်ကြ၏။ အားလုံးထဲ၌ ထို့ပိဟန်မှာ အလျှင်မြန်ဆုံး ဖြစ်ကာ လက်ညိုးတစ်ချက် ဝှေ့ယမ်းရုံဖြင့်ပင် အားနည်းသော ကျင့်ကြံသူများကို အဝေးတစ်နေရာဆီ ရွှေ့ပြောင်းပေးလိုက်သည်။
“အား...”
အက်ကြောင်းထဲမှ ငြီးငြူသံ တစ်ခု ထွက်ပေါ်လာ၏။
“အဲဒါ ဘာကြီးလဲ...”
အကြီးအကဲ တစ်ယောက်က ထိတ်လန့်တကြားဖြင့် ရေရွတ်လိုက်၏။ သို့သော်လည်း ထို့ပိဟန်မှာမူ ထိုကဲ့သို့ အခြေအနေမျိုးကို ကြုံဆုံဖူးရာ ဖြစ်နိုင်ချေကို ရိပ်မိနေခဲ့ပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်က လျှင်မြန်စွာပင် ရွေ့လျားသွားကာ အက်ကြောင်းထက်သို့ ရောက်ရှိသွား၏။ ထင်ထားသည့် အတိုင်းပင် မြေမှုန်၊ မြေစာများနှင့် လိမ်းကြံနေသည့် ဝေ့ဝူယင်ကို မြင်လိုက်ရသော အခိုက်၌ သူ့ နှုတ်ခမ်းက မထိန်းချုပ်နိုင်အောင် တုန်ရီသွားတော့သည်။
“သူ ဘာဖြစ်လာပြန်တာလဲ...”
ထို့ပိဟန် ခေါင်းကို ခါရင်း အောက်သို့ ဆင်းရန် ဟန်ပြင်လိုက်သည်။ ထိုအခိုက်အတန့်တွင်ပင် သူ့ မျက်လုံးများမှာ သရဲတစ္ဆေကို တွေ့မြင်ရသည့် အလား ပြူးကျယ်သွားတော့၏။
“အမှောင် ဟင်းလင်းပြင်ရဲ့ အအေးဓာတ်...”
ထို့ပိုဟန်မှာ အမူအရာ အကြီးအကျယ် ပျက်ရွင်းသွားကာ ကပျာကယာ နောက်ကို ဆုတ်လိုက်သည်။
“ခုချက်ချင်း အားလုံး ထွက်သွားကြ...”
သူ၏ အသံက ပြင်းပြင်းထန်ထန် ပေါက်ကွဲ ထွက်ပေါ်လာ၏။ သို့သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်လေသည်။ ပုံရိပ်ထံမှ အအေးလှိုင်းများမှာ လောကကြီးထံ စိမ့်ဝင်ကာ ပတ်ဝန်းကျင်ကို အလွန် လျှင်မြန်စွာ စတင် ပျံ့နှံ့လာ၏။
အနီးကပ်ဆုံး ဖြစ်သည့် ထို့ပိဟန်မှာ အအေးဓာတ်ကို ပထမဆုံးနှင့် အပြင်းထန်ဆုံး ခံစားလိုက်ရ၏။ သူက လောကနယ်မြေကို ထုတ်လွှတ်ကာ အအေးဓာတ်ကို ခုခံရန် ကြိုးစားလိုက်သော်လည်း မယုံကြည် နိုင်လောက်အောင် ခက်ခဲနေကြောင်း တွေ့လိုက်ရသည်။ ထိုအအေးဓာတ်က သုံးလွှာ ကြယ်တာရာ နယ်မြေ ဟင်းလင်းပြင်၏ အအေးဓာတ်ထက်ပင် အဆပေါင်းများစွာ ပိုမို ပြင်းထန်နေသည်။
ထို့ပိဟန် ကဲ့သို့ လောကသခင် အဆင့်ပင် ခုခံရန် ခက်ခဲလျှင် အခြားလူများမှာ မည်ကဲ့သို့ ခံနိုင်ရည် ရှိမည်နည်း။ ချက်ချင်းပင် များစွာသော ကျင့်ကြံသူများမှာ တုန်ရီကာ သတိလစ် မေ့မြောသွားကြ၏။
ဟူး...
အန္တရာယ် အချက်ပေးသံများမှာ လုံချန်၏ တစ်ခုလုံးတွင် မြည်ဟည်းသွားသည်။ သူက တုန့်ဆိုင်း တွေဝေနေခြင်း မရှိချေ။ ဓားကို ဆွဲထုတ်ကာ ကန့်လန့်ဖြတ် ခုတ်ပိုင်းလိုက်၏။ ချက်ချင်းပင် လေထုထဲ၌ ဓားချီ တံတိုင်းတစ်ခု ဖြစ်ပေါ်လာကာ သူနှင့် အနီးအနားရှိ လူများကို အအေးဓာတ်မှ ကာကွယ်လိုက်သည်။
သို့သော်လည်း ရည်ရွယ်ချက် ရှိရှိလား၊ မေ့လျော့သွားခြင်းလားတော့ မသိ... သူက နာ့ရှင်းရီကိုတော့ ကာကွယ် မပေးခဲ့ချေ။ သူမ၏ ပိန်ပိန်သေးသေး ခန္ဓာကိုယ်လေးမှာ အအေးလှိုင်းများ၏ ဝါးမျိုခြင်းကို ခံရကာ မြေကြီးပေါ် အရုပ်ကျိုးပြတ် လဲကျသွားခဲ့လေ၏။
အပြင်လောကတစ်ခုလုံး ဆူညံ ပွက်လောရိုက်သွားချိန်မှာပင် အက်ကြောင်းထဲ၌ ငွေရောင် မျက်ဝန်းတစ်စုံမှာ ဖြည်းညင်းစွာ ပွင့်ဟလာသည်။ ထိုအခိုက်အတန့်တွင်ပင် စိမ်းပြာရောင် အလင်းတစ်ခုက လောကကြီးတွင် မွေးဖွားလာကာ လေထုကို စိမ့်ဝင်သွား၏။ ထိုအလင်း ထွက်ပေါ်လာသည်နှင့် ချက်ချင်းပင် အအေးလှိုင်းများမှာ နေလာနှင်းပျောက်သလို ရုတ်ချည်း ပျောက်ကွယ်သွား၏။ စက္ကန့်ပိုင်း အတွင်းမှာပင် အရာအားလုံး ပုံမှန် ပြန်ဖြစ်သွားသည်။
“ဘာတွေဖြစ်သွားတာလဲ...”
လူတိုင်းမှာ ဘာကိုမှ နားမလည်နိုင်တော့ချေ။ အရာအားလုံးက မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် အလွန် လျှင်မြန်စွာ ဖြစ်ပျက်သွားခြင်း ဖြစ်သည်။
ထို့ပိဟန်က ချက်ချင်း ထွက်သွားဖို့ အမိန့်ပေးကတည်းက အလွန် ကြောက်စရာ အလွန် ကောင်းသည့် ကိစ္စ တစ်ခု ဖြစ်တော့မည် ဖြစ်ကြောင်း သူတို့ တွေးမိခဲ့ပြီး ဖြစ်သည်။ ထင်ထားသည့် အတိုင်းပင် အလွန် ပြင်းထန်သည့် အအေးဓာတ် တစ်ခုကို သူတို့ ခံစားခဲ့ရသည်။ ထို့နောက် မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် စိမ်းပြာရောင် အလင်းများက သူ့တို့ ခန္ဓာကိုယ်များထဲသို့ စိမ့်ဝင်လာကာ အအေးဓာတ် အားလုံးကို ပြန်လည် ယူဆောင်သွားခဲ့သည်။
အရာအားလုံးက လုံးဝ နားမလည်နိုင်လောက်အောင်ပင်။
“နာ့ရှင်းရီ...”
အသံတစ်ခုက ထိတ်လန့်ခြောက်ချားစွာ ထွက်ပေါ်လာ၏။ ချင်ချူးမူမှာ မျက်နှာတစ်ခုလုံး စိုးရိမ်စိတ်နှင့် ဖြူဆွတ်သွားကာ မြေပြင်ပေါ် လဲကျနေသည့် နာ့ရှင်းရီကို ပြေးကာ ပွေ့လိုက်သည်။ ထိုအခိုက်၌ မိန်းကလေးမှာ သံပတ်ကုန်သည့် အရုပ်လေး တစ်ရုပ်လို ပျော့ခွေနေကာ နှလုံးခုန်သံမှာ အဆမတန် နှေးကွေးနေခဲ့ပြီ ဖြစ်သည်။
ဟူး... ဟူး...
အသက်မြက် သစ်သား အမတေများမှာ ချင်ချူးမူ၏ လက်များမှ စီးထွက်လာကာ နာ့ရှင်းရီ၏ ခန္ဓာကိုယ်လေးထဲသို့ စီးဝင်သွား၏။ အသက်ဆက် ရှင်နိုင်၊ မရှင်နိုင် မသေချာသည့်တိုင် အသက်မြက် သစ်သား အမတေမှာ စိတ်စွမ်းအင်ကို မြှင့်တင်ပေးနိုင်ရာ အနည်းဆုံးတော့ သူမ၏ အသက်ကို အချိန်အတိုင်းအတာ တစ်ခု ကြာအောင် ဆွဲဆန့်ပေလိမ့်မည် ဖြစ်သည်။
“မမ ရှင်းရီ...”
လုံထျန်းယုမှာလည်း ချက်ချင်းပင် နံဘေးကို ရောက်ရှိလာ၏။ သေခါနီး လူမမာတစ်ယောက်လို အသက် ဖျော့ဖျော့လေးသာ ရှိတော့သည့် နာ့ရှင်းရီကို ကြည့်ရင်း မျက်ရည်များက သူမ မျက်ဝန်းမှ စီးကျလာသည်။ ဝေ့ဝူယင်၏ ဇနီးမယား ဖြစ်လာရန် ဆုံးဖြတ်ခဲ့သည် ဆိုသော်လည်း သူမအတွက်တော့ နာ့ရှင်းရီမှာ အမြဲတမ်း အမကြီး တစ်ယောက်လိုပင်။
“သူ အဆင်ပြေရဲ့လား...”
လုံထျန်းယုက နာ့ရှင်းရီ၏ ဖြူဖပ်နေသည့် မျက်နှာလေးကို ကြည့်ရင်း မေးလိုက်၏။ ချင်ချူးမူက ခပ်ဖြည်းဖြည်း ခေါင်းညိတ်ပြလိုက်သည်။အနည်းဆုံးတော့ သူမ ချက်ချင်း သေဆုံးလိမ့်မည် မဟုတ်ချေ။
အခြားတစ်ဖက်၌ လုံချန်မှာ မျက်မှောင်ကြုတ်ရင်း ပတ်ဝန်းကျင် အခြေအနေများကို အကဲခတ် နေ၏။ များစွာသော လူများမှာ မြေပြင်ပေါ်၌ လဲကျ သတိလစ် မေ့မြော နေကြကာ ကြယ်တာရာ အမြုတေ အဆင့်တွင်ပင် အဆင့်မြင့် ကျင့်ကြံသူများသာ မားမားမတ်မတ် ရပ်တည်နေနိုင်သည်ကို သူ တွေ့လိုက်ရသည်။ အားနည်းသူ အချို့ဆိုလျှင် အသက်ပင် မရှိတော့။
“ဘာတွေဖြစ်သွားတာလဲ...”
အင်ပါယာ ကောင်းကင် ဓားတံတိုင်းကို ပြန်လည် ရုတ်သိမ်းရင်း အဖြစ်အပျက်များကို သူ ပြန်လည် စဥ်းစားလိုက်၏။ အချိန်အတန်ကြာသည် အထိ အဖြေကို ရှာမရရာ သူ ခေါင်းကို ခါလိုက်မိသည်။ ဘာပဲဖြစ်ဖြစ် ချင်ချူးမူ၊ လျဲ့ယုနှင့် လုံထျန်းယုတို့ အန္တရာယ် တစ်ခုခု မဖြစ်သည်မှာ တော်သေးသည်။ သူ သူတို့ကို ထပ်မံ အဆုံးရှုံး မခံနိုင်ချေ။
သို့သော်လည်း လုံချန်၏ အပျော်များက ကြာရှည်မခံခဲ့ချေ။ ရှန်းလင်၏ အကြည့်က စူးစူးဝါးဝါးဖြင့် သူ့ အပေါ် ကျရောက်လာ၏။
“လုံချန်... နင် သူ့ကို ဘာလို့ ကာကွယ် မပေးတာလဲ...”
***