ကမ္မတန်ဖိုး အပြောင်းအလဲ
Vol. 26 Ch. 359
သူမ၏ မျက်လုံးများက ဒေါသများဖြင့် တဝင်းဝင်း တောက်လောက်နေသည်။ အအေးလှိုင်း ကျရောက်လာသော အချိန်၌ လုံချန်မှာ သူမ အပါအဝင် ဘေးနားရှိ လူအားလုံးကို ကာကွယ်ပေးခဲ့သော်လည်း ထိုအထဲ၌ နာ့ရှင်းရီ မပါဝင်ခဲ့ချေ။
“ ... “
လုံထျန်းယုမှာ ဆရာဖြစ်သူ၏ စကားသံကြောင့် လှည့်ကြည့်လိုက်၏။ သူမ စိတ်ထဲတွင် ပေါ်လာသည့် ပထမဆုံး အတွေးက လုံချန်ဘက်မှ ကာကွယ် ပြောဆိုရန်ပင်။
အဘယ်ကြောင့် အကိုကြီးက နာ့ရှင်းရီ ထိခိုက်မည်ကို ခွင့်ပြုရမည်နည်း။ အခြေအနေများက အလွန် လျှင်မြန်စွာ ဖြစ်ပျက်သွားခဲ့သည့် အပြင် နာ့ရှင်းရီမှာ...
လုံထျန်းယု ခေါင်းကို ခါလိုက်၏။ မဟုတ်သေး။ သူမ၊ ရှန်းလင်၊ ချင်ချူးမူ၊ လျဲ့ယုနှင့် နာ့ရှင်းရီတို့မှာ တစ်နေရာတည်း၌ အတူတကွ ရှိနေခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် လုံချန်နှင့် အဝေးဆုံးနေရာတွင် ရှိနေခဲ့သူက နာ့ရှင်းရီ မဟုတ်ချေ။ သူမနှင့် ဆရာဖြစ်သူ ရှန်းလင်တို့သာ ဖြစ်သည်။
ထိုကဲ့သို့သော အခြေအနေတွင် လုံချန်၏ ဓားအကာအကွယ်က နာ့ရှင်းရီကို တစ်နည်းနည်းဖြင့် ဖြတ်ကျော်သွားကာ သူမနှင့် ရှန်းလင်တို့ကို အပြည့်အဝ ကာကွယ်ပေးခဲ့သည်။ အခြေအနေက အတော်လေး ရှင်းလင်းသည့်တိုင် လုံထျန်းယုမှာ ဘာကိုမှ ဆက်လက် မစဥ်းစားချင်တော့။
တစ်ချိန်တည်း၌ လျဲ့ယုက လုံချန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်မိ၏။ သူမမှာ လုံချန်နှင့် အနီးကပ်ဆုံး နေရာ၌ ရှိနေလေရာ လုံချန် ဘာလုပ်လိုက်သည်ကို အခြားလူများထက် ပိုမို ရှင်းလင်းစွာ မြင်ခဲ့ရသည်။ လုံချန်က ထိုအရာကို ရည်ရွယ်ချက် ရှိရှိ လုပ်ခဲ့ခြင်းပင်။
“သူ ဘာလို့ ဒီလောက် ရက်စက်ရတာလဲ”
ပထမဆုံး အကြိမ် အဖြစ် သံသယ တစ်ခုက သူမ ရင်ထဲတွင် စတင် ပေါက်ဖွားလာ၏။ ဝေ့ဝူယင်၏ ဇနီးမယား တစ်ယောက် ဖြစ်လာရန် ဆုံးဖြတ်ခဲ့သည် ဆိုသော်လည်း နာ့ရှင်းရီကလေးမှာ လုံချန် ဘေးနားတွင် ရှိနေစဥ် တစ်လျှောက်လုံး အစွမ်းကုန် ပေးဆပ်ခဲ့ဖူးသူ ဖြစ်သည်။ ကုန်ကုန် ပြောရလျှင် လုံချန် ကြယ်တာရာ အမြုတေ အဆင့်ကို တက်လှမ်းရန် အလျင်လိုနေသော အခိုက်၌ သူမက မူလယင် နှစ်ခုကို စွန့်လွှတ်ရန်ပင် ဝန်လေးခဲ့သူ မဟုတ်ချေ။
လုံချန်မှာ မိန်းကလေးများ၏ အကြည့်များကြောင့် အနည်းငယ် အိုးတိုးအန်းတန်း ဖြစ်သွား၏။ သူက စိတ်မကောင်းသည့် အမူအရာဖြင့် ခေါင်းကို ခါလိုက်သည်။
“အခြေအနေတွေက အရမ်း မြန်လွန်းတယ်... ငါ အချိန်မီ မတုန့်ပြန်နိုင်လိုက်ဘူး”
“ ... “
လုံထျန်းယု အပါအဝင် အားလုံးမှာ တိတ်ဆိတ်နေ၏။ ဝိညာဥ်ဆင်းတု အဆင့်... အထူးသဖြင့် လုံချန် ကဲ့သို့ အလွန် ပါရမီ မြင့်မားသည့် ကျင့်ကြံသူ တစ်ယောက် အနေဖြင့် တုန့်ပြန်ရန် အချိန်မီလိုက် ဆိုသည့် စကားကို မည်သူက ယုံနိုင်မည်နည်း။
လုံချန်မှာ အခြားလူများ၏ အကြည့်များမှ တစ်ဆင့် သူ့ဖြေရှင်းချက်က မလုံလောက်ကြောင်း သတိထားမိသွားသည်။ သူက လျှင်မြန်စွာပင် ဆက်လက် ရှင်းပြလိုက်၏။
“နောက်ပြီး ငါ့ရဲ့ အကာအကွယ်က ငါ အပါအဝင် လူငါးယောက်ကိုပဲ ကာကွယ် ပေးနိုင်တယ်... ငါ တောင်းပန်ပါတယ်”
လုံချန်က စိတ်ရှုပ်ထွေးမှုတို့ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် အသက် မျှင်းမျှင်းလေးသာ ကျန်နေတော့သည့် နာ့ရှင်းရီကို ကြည့်လိုက်သည်။ ယခုလောက် ထိခိုက်သွားစေရန် မရည်ရွယ်ခဲ့သည့်တိုင် သူ ဘာလုပ်ခဲ့ကြောင်း သူ့ကိုယ်သူ သိပေသည်။ ထိုအရာက ရုတ်တရက် ဖြစ်ပေါ်လာသော အခြေအနေနှင့် စိတ်ရှုပ်ထွေးမှုတို့ ပေါင်းစည်းကာ ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။
ရှန်းလင်က ဘာစကား တစ်ခွန်းမှ ထပ်မပြောတော့ပဲ တိတ်ဆိတ်သွား၏၊ သို့သော်လည်း သူမ၏ မျက်ဝန်းများကတော့ အေးစက်မှုများဖြင့် ပြည့်နှက်နေဆဲ ဖြစ်သည်။
အခြားတစ်ဖက်တွင်တော့ လုံထျန်းယုမှာမူ လုံချန်၏ စကားတစ်ခွန်းတည်းဖြင့်ပင် သံသယများ တစ်ဝက်ခန့် လျော့ကျသွားခဲ့ပြီ ဖြစ်သည်။ သူမက မျက်ရည်များကို သုတ်လိုက်ရင်း ခပ်လှမ်းလှမ်းရှိ ရှန်းလင်ကို အသနားခံသည့် မျက်ဝန်းများဖြင့် ကြည့်လိုက်၏။
“ဆရာ... အကိုကြီးကို စိတ်မဆိုးပါနဲ့... သူလည်း ဘယ်လိုမှ မတတ်နိုင်လို့ပါ”
“ ... “
ရှန်းလင်မှာ အပြစ်ကင်းစင်လွန်းသည့် တပည့်လေး၏ မျက်ဝန်းတို့ကို ကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ထို့နောက် သူမက စိတ်ကို တဖြည်းဖြည်း လျှော့ရင်း ဖြည်းညင်းစွာပင် ခေါင်းညိတ်ပြလိုက်တော့သည်။
အခြားတစ်ဖက်၌...
ချင်ချူးမူမှာမူ အသက်မြက် သစ်သား အမတေများကို အဆက်မပြတ် ထုတ်လွှတ်ရင်း နာ့ရှင်းရီ၏ ခန္ဓာကိုယ်ထဲ ဆက်လက် ပို့လွှတ်နေဆဲ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ်... အသက်နှင့် ဆက်စပ်နေသည့် စွမ်းအင် အမျိုးအစား ပိုင်ဆိုင်ထားသည်မှာ ကံကောင်းသည်ဟု ဆိုရပေလိမ့်မည်။ မဟုတ်ပါက နာ့ရှင်းရီ၏ အသက်ကို ဘယ်လိုနည်းနှင့်မှ ကယ်တင်နိုင်တော့မည် မဟုတ်ချေ။
အခြေအနေတစ်ခုအထိ တည်ငြိမ်သွားသော အခါတွင်မှ သူမက နာ့ရှင်းရီကို မြေပြင်ထက်၌ ချရင်း မတ်တပ်ရပ်လိုက်၏။ ထို့နောက် ဒေါသ တဝင်းဝင်း တောက်လောင်နေသော အကြည့်များဖြင့် လုံချန်ကို ကြည့်လိုက်သည်။
“ငါးယောက် ဟုတ်လား လုံချန်... ငါးယောက်ပေါ့”
ဘဝတွင် ပထမဆုံး အကြိမ် အဖြစ် သူမ လုံချန်ကို ပြင်းပြင်းထန်ထန် အော်ဟစ် လိုက်၏။ လုံချန်၏ အဓိပ္ပာယ် မရှိ ဖြေရှင်းချက်ကို ယုံရအောင် သူမက ကလေး မဟုတ်ပါချေ။ ဒေါသများမှာ အရှိန်အဟုန်နှင့် အတူ သူမ၏ စိတ်အတွင်း ပေါက်ကွဲ ထွက်ပေါ်လာ၏။
“သူ နင့်အတွက် အများကြီး ပေးဆပ်ခဲ့တယ်... သူ့ရဲ့ ကျင့်ကြံခြင်း လမ်းစဥ်... သူ့ရဲ့ ရုပ်ရည်... နောက်ပြီး သူ့ရဲ့ အနုပျိုဆုံး အချိန်တွေ... လုံချန်... နင် တော်တော် တစ်ကိုယ်ကောင်းဆန်တာပဲ... သူ ဝေ့ဝူယင်ကို ရွေးချယ်ခဲ့တာ မှန်တယ်... ဒါပေမဲ့ အဲဒီတစ်ခုနဲ့တင် သူ နင့်အပေါ် ကောင်းပေးခဲ့တာတွေ အားလုံးက အလကား ဖြစ်သွားပြီလား...”
“ ... “
လျဲ့ယုမှာ တိတ်ဆိတ်နေ၏။ ရှင်းလင်းစွာပင် သူမသည်လည်း လုံချန်၏ စကားကို မယုံချေ။ သူပြောသလို ငါးယောက်ကိုပဲ ကာကွယ်ပေးနိုင်တယ် ထားဦး... အဘယ်ကြောင့် နာ့ရှင်းရီကိုမှ ကွက်ကာ ချန်ထားခဲ့ရသနည်း။ သူတို့ ငါးယောက်ထဲ၌ နာ့ရှင်းရီမှာ အားအနည်းဆုံး ဖြစ်သည့်အပြင် ကြယ်တာရာ အမြုတေ အဆင့်ကို မရောက်သေးသည့် တစ်ဦးတည်းသော ကျင့်ကြံသူလည်း ဖြစ်သည်။ ထို့အပြင် မူလယင် နှစ်ခု ထုတ်ယူ ခံခဲ့ရခြင်းကြောင့် ကျင့်ကြံခြင်း အခြေခံကလည်း ကြီးမားစွာ ထိခိုက်ထားသေးသည်။
“ ... “
လုံချန်မှာ နေရာတွင်ပင် အေးခဲနေ၏။ ချင်ချူးမူ၏ စွပ်စွဲချက်ကို သူ ငြင်းချက် ထုတ်ချင်သည့်တိုင် မည်သည့် စကားလုံးမှ သူ့ပါးစပ်မှ ထွက်မလာခဲ့ချေ။
“အကိုကြီး...”
လုံထျန်းယု၏ မျက်ဝန်းများက မျက်ရည်များဖြင့် နောက်တစ်ကြိမ် ပြည့်ဝဲလာပြန်သည်။ သူမက မိန်းမငယ်လေး တစ်ယောက် ဖြစ်ကာ မည်သည့် ကိစ္စကို မဆို ရိုးရိုးစင်းစင်းသာ တွေးတတ်သည့်တိုင် ချင်ချူးမူနှင့် လုံချန်တို့၏ အမူအရာများမှ တစ်ဆင့် အမှန်တရားကို အကဲခတ် နိုင်ခဲ့ပြီး ဖြစ်သည်။ ထိုကဲ့သို့ စက်ဆုပ် ရွံရှာဖွယ် ကောင်းသည့် ကိစ္စကို လုံချန် ကျူးလွန်ခဲ့ကြောင်း လက်မခံချင်သည့်တိုင် လုံထျန်းယု ကိုယ့်ကိုယ်ကို ဆက်ပြီး မလိမ်ညာချင်တော့ချေ။
“ယုအာ... အကြွေးရှိရင်လည်း ဆယ်ခါပြန်ဆပ်ရမယ်... ရန်ငြိုးရှိရင်လည်း ဆယ်ဆ ပြန်ဆပ်ရမယ်”
လုံချန် ပြောခဲ့ဖူးသော စကားများကို သူမ ပြန်လည် ကြားယောင်လာမိ၏။ ချစ်ရသူများ အတွက် ဆိုလျှင် အသက်ကိုပါ စွန့်ဝံ့ခဲ့ရသည့် အကိုကြီးမှာ ယခုအခါ ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။ ဆယ်စုနှစ် တစ်ခုကျော် ကြာအောင် ပေးဆပ်ခဲ့သည့် မိန်းမ တစ်ယောက်ကိုပင် သူက လွယ်လွယ်ကူကူနှင့် အန္တရာယ် ကျရောက်စေရန် ခွင့်ပြုပေးခဲ့သည်။ အဘယ်ကြောင့်နည်း။
အကိုကြီးမှာ အဘယ်ကြောင့် သည်လောက် ပြောင်းလဲသွားခဲ့ရသနည်း။
...
“အ...”
တစ်ချိန်တည်းတွင်ပင် အက်ကွဲကြောင်းထဲ၌ ဝေ့ဝူယင်မှာ ဖြည်းညင်းစွာ နိုးထလာခဲ့၏။ ပက်လက်လှန်လျှက် အနေအထားကပင် အပေါ်ကို ကြည့်လိုက်ရာ အပြာရောင် သမ်းနေသည့် ကောင်းကင်ကို သူ မြင်တွေ့လိုက်ရသည်။ သူ ကမန်းကတန်းနှင့် ကိုယ့်ကိုယ်ကို ပြန်လည် ဆန်းစစ်လိုက်၏။ ကံကောင်းထောက်မစွာပင် သူ၏ ခန္ဓာကိုယ်၌ ဘာထိခိုက် ဒဏ်ရာမှ မရှိချေ။
“ငါ ဘယ်နေရာကို ရောက်နေတာလဲ...”
အသက် အန္တရာယ် ကင်းရှင်းကြောင်း သေချာသွားသော အခါ၌ သူက ကောင်းကင်ကို နောက်တစ်ကြိမ် ပြန်ကြည့် လိုက်၏။ ဤတွင် မြင်တွေ့လိုက်ရသည်က အပေါ်စီးမှ ကြည့်နေသည့် မီးခိုးရောင် မုတ်ဆိတ်များနှင့် မျက်နှာတစ်ခု...။
“ထို့ပိဟန်...”
စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှု လှိုင်းလုံးများမှာ ဝေ့ဝူယင်၏ နှလုံးသား အတွင်း အရှိန်အဟုန်နှင့် မွေးဖွားလာ၏။
“အလုပ်ဖြစ်တယ်ဟ...”
သူ ချက်ချင်း မထသေးပဲ အင်္ကျီလက်အိုးကို မကာ ညာဘက်လက်ကို ကြည့်လိုက်သည်။
ကမ္မတန်ဖိုး ... ၁၃၅၆.၇ → ၉၈၂.၀
ပထမ ကပ်ဘေး လွတ်မြောက်ခြင်း ... ၇/၇
ဒုတိယ ကပ်ဘေး တားဆီးခြင်း ... ၇ နှစ်
ဝေ့ဝူယင် ပင့်သက်တစ်ချက် ရှိုက်လိုက်မိ၏။ ဟင်းလင်းပြင် ဓာတ်လုံးဖြင့် ယာယီ ဂိတ်တံခါး တစ်ခုကို တည်ဆောက်ခြင်းရန် ကြိုးပမ်းခြင်းမှာ မည်မျှ အန္တရာယ်များကြောင်း သူ သိရှိထားပေသည်။ ထို့ပိဟန် ကဲ့သို့ လောကသခင် အဆင့် တစ်ယောက်ပင် ထိုကဲ့သို့ ပြုလုပ်နိုင်ရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။ တစ်ကြိမ်တည်းဖြင့်ပင် ကမ္မတန်ဖိုး ထိုမျှ များများ ကုန်ဆုံးသွားခြင်းမှာ မထူးဆန်းတော့။
“ဘာပဲဖြစ်ဖြစ်လေ... အနည်းဆုံးတော့ ငါ အသက်ရှင်ခဲ့တာပဲ”
ဝေ့ဝူယင် ခေါင်းအား ခါလိုက်မိ၏။ ထို့အပြင် သူ လုံးဝကို ဘေးကင်းလုံခြုံခဲ့ပေသည်။ သို့သော်လည်း... ကောင်းကင် တာအို၏ အသေးစိတ် သတ်မှတ်ချက် များကို မသိရမချင်း ထိုနည်းလမ်းကို နောက်တစ်ကြိမ် ထပ်မံ မစမ်းသပ်ရန် သူ ဆုံးဖြတ်လိုက်သည်။
အနက်ရောင် အရိုးစုက ကမ္မတန်ဖိုးနှင့် ကပ်ဘေးများ အကြား ဆက်စပ်မှုအကြောင်း သူ့ကို ပြောပြခဲ့ဖူးသည်။ အကယ်၍ လုံလောက်သည့် ကမ္မတန်ဖိုး မရှိပါက သူ့အသက်မှာ ကြက်ကလေး၊ ငှက်ကလေး အသတ်ခံရသလို ကောင်းကင်တာအို၏ စီရင်မှုကို ခံရလိမ့်မည် ဖြစ်သည်။ နိဂုံးကား သေခြင်းတရားပင်။
“သူဌေးလေး...”
ထို့ပိဟန်၏ အသံက အက်ကြောင်း အပြင်ဘက်မှ ထွက်ပေါ်လာ၏။ တစ်ကြိမ် လက်တုန်အောင် ခံခဲ့ဖူးပြီး ဖြစ်ရာ လူအိုကြီးမှာ လက်လွတ်စပယ် ဆင်းသက်လာရဲခြင်း မရှိတော့ချေ။ သူက သတိကြီးကြီးနှင့် အဝေးကသာ လှမ်းကာ အကဲခတ်နေခဲ့၏။
ဝေ့ဝူယင်မှာ ထို့ပိဟန်၏ အမူအရာကို ကြည့်ကာ နားမလည်နိုင်အောင် ဖြစ်သွားသည်။ အဘယ်အရာက လောကသခင် တစ်ယောက်ကို ကြောက်လန့်စေသနည်း။
***