ပြန်လည် ဆုံစည်းခြင်း
Vol. 26 Ch. 360
ဝေ့ဝူယင် ဝိညာဥ်ဆင်းတု အဆင့် စွမ်းအင်များကို ခံစားရင်း ဖြည်းညင်းစွာပင် လှဲလျောင်းနေရာမှ ထရပ်လိုက်၏။ သူ ဖုတ်ဖက်ခါနေစဥ်မှာပင် ဝိညာဥ်အာရုံ တစ်ခုက သူ့စိတ်အတွင်း တိုးဝင်လာသည်။
“မင်း ဘာလုပ်နေတာလဲ...”
ထိုအသံ ပိုင်ရှင်က ဝူယု ဖြစ်ကြောင်း ဝေ့ဝူယင် တန်းကာ သိလိုက်သည်။ သူ အနည်းငယ် မျက်မှောင်ကြုတ် သွား၏။ ထိုမြေခွေးကြီးမှာ အဘယ်ကြောင့် ဤနေရာသို့ ရောက်နေရသနည်း။ ဝူယု နေထိုင်သည့် အနက်ရောင် လက်စွပ်လေးကို သူ စုမေ့ထံ၌ အပ်နှံထားခဲ့ခြင်း ဖြစ်သည်။
ဝှစ်...
ဝေ့ဝူယင် အပေါ်သို့ မော့ကြည့်ရင်း အက်ကြောင်း အပြင်ဘက်ကို ခုန်တက်လိုက်၏။ ထို့ပိဟန်မှာ ထိတ်လန့်တကြား အမူအရာဖြင့် နောက်သို့ ကမန်းတကန်း နောက်သို့ ဆုတ်သွား၏။ ဝေ့ဝူယင်မှာ လူအိုကြီး၏ အမူအရာကို နားမလည်နိုင်သလို ရယ်လည်း ရယ်ချင်သွားသည်။ သူက အဘယ်ကြောင့် ဤမျှ ကြောက်စရာ ကောင်းနေရသနည်း။
ဝေ့ဝူယင် ထို့ပိဟန်ကို လျစ်လျူရင်း ပတ်ဝန်းကျင်ကို အကဲခတ်လိုက်၏။ စုမေ့၊ ရွှယ်ရီဖေးနှင့် ရှောင်ပိုင်တို့ကို တွေ့လိုက်ရသော အခိုက်၌ သူ အနည်းငယ် အံ့အားသင့်သွားသည်။ ပြန်ရောက်ရောက်ချင်း ထိုကဲ့သို့ ကြိုဆိုခံရလိမ့်မည်ဟု သူ ထင်မှတ် မထားခဲ့ချေ။
“ရွှယ်ရီဖေး...”
ဝေ့ဝူယင်၏ အာရုံ အားလုံးမှာ သူမ အပေါ် စုပြုံကျရောက်သွား၏။ နောက်ဆုံးတစ်ကြိမ် တွေ့ဆုံစဥ်ကနှင့် စာလျှင် မိန်းကလေးမှာ များစွာ ပိုမို လှပလာသည်။ အထူးသဖြင့် ကြည်လင် ရှင်းလင်းနေသော သူမ၏ အပြာရောင် ဟေဇယ် မျက်ဝန်းများက သူ့နှလုံးသားကို တဒိတ်ဒိတ် ခုန်စေ၏။
ဝှစ်...
သူ နှုတ်ဆက်ရန် ဟန်ပြင်လိုက်စဥ်မှာပင် အနက်ရောင် လက်စွပ်လေးမှာ စုမေ့၏ လည်ပင်းမှ ရုန်းထွက်ကာ သူ့ထံ ပျံသန်းလာ၏။ ဝူယုမှာ သူ့စွမ်းအင်များကို ဆက်လက် ဖုံးကွယ်ထားခြင်း မပြုတော့ချေ။
“မင်း ဒီဂြိုဟ်ကို ဘာခေါ်လာတာလဲ ဆိုတာ သိရဲ့လား”
ဝူယု၏ အသံက ဒေါသဖြင့် အနည်းငယ် တင်းမာနေ၏။ ထိုအခါတွင်မှ ဝေ့ဝူယင်မှာ ပတ်ဝန်းကျင်၌ လူသေ အလောင်း အချို့ ရှိနေသည်ကို သတိထားမိသွားသည်။ ချင်ချူးမူမှာ မျက်ရည်များဖြင့် လုံချန်ကို စိုက်ကြည့်နေကာ နာ့ရှင်းရီ တစ်ယောက်ကတော့ သေလုမြောပါး အနေအထားဖြင့် မြေပြင်ပေါ် လဲကျနေသည်။ တစ်ချိန်တည်း၌ လူအချို့မှာ ထို့ပိဟန်၏ အကူအညီဖြင့် ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ကြိုးစားနေသည်ကို တွေ့လိုက်ရ၏။
ဝေ့ဝူယင် မျက်မှောင်ကြုတ်သွားသည်။ သူက တစ်ခုခုကို ဤနေရာသို့ ခေါ်လာမိသလော။ သံသယ တစ်ခုက သူ့စိတ်အတွင်း ပေါက်ဖွားလာ၏။
“ဘာဖြစ်သွားတာလဲ...”
သူ ဝူယုကို ကြည့်ရင်း မေးလိုက်၏။ အနက်ရောင် လက်စွပ်လေးမှာ အနည်းငယ် တုန်ခါသွားသော်လည်း မကြာခင်မှာပင် ပြန်လည် တည်ငြိမ်သွားသည်။
“မင်း ဘယ်တွေသွားနေတာလဲ... ဘယ်လိုလုပ်ပြီး ဒီလောက် ပြင်းထန်တဲ့ အပျက်အစီး မန်နာတွေကို သယ်လာရတာလဲ...”
သူက မေးခွန်းများကို တရစပ် မေးလိုက်၏။ ဝေ့ဝူယင်က မျက်ခုံးပင့် လိုက်၏။
“အပျက်အစီး မန်နာ... အဲဒါက ဘာလဲ”
ထိုအသုံးအနှုန်းကို သူ ယခုမှသာ ပထမဆုံး အကြိမ် ကြားဖူးခြင်း ဖြစ်သည်။
“ ... “
ဝေ့ဝူယင်၏ ကျင့်ကြံခြင်း အခြေခံက သိပ်မမြင့်မားသေးကြောင်း ပြန်လည် သတိရသွားရာ ဝူယုမှာ တစ်ခဏမျှ တိတ်ဆိတ်သွား၏။ ကြယ်အမြုတေ အဆင့်သို့ ရောက်ရှိပြီးသော ကျင့်ကြံသူများသာလျှင် အပျက်အစီး မန်နာနှင့် ၎င်း၏ ဖျက်ဆီးအား မည်မျှ ပြင်းထန်သည်ကို နားလည်နိုင်လိမ့်မည် ဖြစ်သည်။ သူက တည်ငြိမ်စွာပင် ရှင်းပြလိုက်သည်။
(ကြယ်အမြုတေ အဆင့် = ကြယ်တာရာ အမြုတေ အဆင့်ကိုး)
“အပျက်အစီး မန်နာဆိုတာက နေကြယ်တွေဆီက တိုက်ရိုက် စီးဆင်းလာတဲ့ မန်နာပေါ့... တစ်ခါတစ်ရံမှာ သူ့ရဲ့ အသွင်အပြင်နဲ့ စိမ့်ဝင်နိုင်တဲ့ ဂုဏ်သတ္တိတွေကြောင့် အမှောင်ဟင်းလင်းပြင်ရဲ့ အအေးဓာတ်လို့လည်း ခေါ်ကြသေးတယ်”
“အပျက်အစီး မန်နာတွေက အရမ်း ကြောက်ဖို့ကောင်းတယ်... အသက်တွေတိုင်းကို အလွယ်လေး နှုတ်ပစ်နိုင်တယ်... မင်းတို့ငါတို့ သိထားတဲ့ မန်နာနဲ့ လုံးဝ ဆန့်ကျင်ဘက်ပဲ... အပျက်အစီး မန်နာကို အမှောင်မန်နာ၊ အသက်မဲ့ လေထုလို့လည်း ခေါ်ကြသေးတယ်... မင်းက ဘယ်လိုလုပ်ပြီး အဲဒီလို မန်နာမျိုးကို ဒီဂြိုဟ်ပေါ် အထိ သယ်လာနိုင်တာလဲ... ပိုပြီး အရေးကြီးတာက မင်း ဘယ်လို အသက်ရှင်ခဲ့တာလဲ”
ဝေ့ဝူယင်မှာ ဉာဏ်အလင်း ရသွား၏။ သူက ဝူယု၏ မေးခွန်းနှစ်ခုကို တိုက်ရိုက် လျစ်လျူကာ ကောင်းကင်ကို ကြည့်လိုက်သည်။
“ဘာလို့ အပျက်အစီး မန်နာက ဒီနေရာမှာ မရှိရတာလဲ”
“ ... “
ဝူယုမှာ ဝေ့ဝူယင် ပြန်မဖြေချင်သဖြင့် စကားလမ်းကြောင်း ပြောင်းလိုက်ကြောင်း သိရှိလိုက်၏။ သူက အနည်းငယ် စိတ်ပျက်သွားသော်လည်း ရှင်းပြလိုက်သည်။
“အပျက်အစီး မန်နာက ဒီနေရာမှာ ရှိပါတယ်... ခု ငါတို့ ပတ်ဝန်းကျင်မှာ ရှိတဲ့ မန်နာတွေဟာလည်း နေကြယ်တွေကနေ လာတဲ့ အပျက်အစီး မန်နာတွေပဲ... လေထုနဲ့ ကောင်းကင် အလွှာတွေရဲ့ သန့်စင်မှုကြောင့်သာ သူတို့ရဲ့ ဂုဏ်သတ္တိတွေက ဆန့်ကျင်ဘက် အဖြစ် ပြောင်းလဲသွားခဲ့တာ... မင်းသိတဲ့ အတိုင်း ငါတို့ကတော့ အဲဒါကို လောကမန်နာလို့ ခေါ်တာပေါ့”
“လောကမန်နာတွေက ဘယ်လို စွမ်းအင် အမျိုးအစားကို မဆို အာဟာရ ဖြည့်ပေးနိုင်တဲ့ အပြင် ကျင့်ကြံခြင်း လမ်းစဥ်ကိုလည်း အများကြီး ကူညီပေးနိုင်စွမ်း ရှိတယ်... အဲဒါကြောင့်ပဲ ငါတို့တွေဟာ မန်နာ ရင်းမြစ်အတွက် သုံးလွှာ ကြယ်တာရာ နယ်မြေမှာ နေသုံးစင်း ရှိအောင် ကြိုးစားခဲ့ရတယ်... ခု ကောင်းကင်မှာ ထွန်းလင်းနေတဲ့ နေသုံးစင်းထဲက တစ်စင်းကတော့ ငါရဲ့ ကြိုးစားမှုပေါ့လေ”
ထို့ပိဟန်၏ မျက်လုံးထဲ၌ ဂုဏ်ယူသည့် အငွေ့အသက်များ လင်းလက်လာ၏။
“အဲဒီ နေသုံးစင်းကြောင့်ပဲ မင်းတို့ လူငယ် မျိုးဆက်တွေဟာ ပိုပြီး ထူးထူးချွန်ချွန်နဲ့ ကျင့်ကြံနိုင်ခဲ့ကြတာ... ပါရမီ ပိုပြီး မြင့်မားလာကြတာ... ငါတို့ရဲ့ ကြိုးစားမှုနဲ့ ထာဝရ ဧကရာဇ်ချပေးခဲ့တဲ့ အဂ္ဂိရတ် မျိုးစေ့ကြောင့်သာ မဟုတ်ရင် ဒီကြယ်တာရာ နယ်မြေသားတွေက ဘယ်တော့မှ ကြယ်တာရာ အမြုတေ အဆင့်ငါးကိုတောင် ရောက်မှာ မဟုတ်ဘူး”
ဝေ့ဝူယင်မှာ ငြိမ်သက်စွာ နားထောင်နေ၏။ နေကြယ် ကင်းမဲ့နေသည့် အပျက်အစီး ကြယ်တာရာ နယ်မြေ နှစ်ခုကို စိတ်ထဲမှ သူ ပြန်လည် မြင်ယောင် နေမိသည်။ ကောင်းကင်တွင် ထွန်းလင်းနေသည့် နေနှစ်စင်းကို ဝူယုတို့မှာ ထိုနေရာများမှ သွားရောက် ခိုးယူထားခြင်းလော။
ဝေ့ဝူယင် ခေါင်းခါလိုက်မိ၏။ ထိုနေကြယ်ကို လျှို့ဝှက် အာဏာရှင် အဆင့် စွမ်းအင်များဖြင့် ဖန်တီးထားခြင်း ဖြစ်ကြောင်း ဝူယုက သူ့ကို ပြောပြခဲ့ဖူးသည်။
သူတို့ နှစ်ယောက်၏ စကားဝိုင်းက အတော်လေးကြာသည် ဟု ထင်ရသည့်တိုင် ဝိညာဥ်ဖြင့် ဆက်သွယ်ပြောဆိုခြင်း ဖြစ်ရာ အပြင်လောကတွင် စက္ကန့်ပိုင်းလောက်သာ ကြာမြင့်ခဲ့သည်။ ဝေ့ဝူယင် အတွေးများကို ပြန်လည် စုစည်းလိုက်စဥ်မှာပင် စုမေ့မှာ သူ့ထံ ပျံသန်း ရောက်ရှိလာ၏။
“အရှင်ဝေ့...”
သူမက ဦးတစ်ချက် ညွှတ်ရင်း နှုတ်ဆက်လိုက်သည်။ သူမ၏ အနက်ရောင် မျက်ဝန်းများကတော့ ဝေ့ဝူယင်ကို ခေါင်းအစ၊ ခြေအဆုံး စိတ်ဝင်တစားနှင့် စုံစမ်းနေ၏။
ဝေ့ဝူယင် အနက်ရောင် လက်စွပ်လေးကို လည်ပင်းတွင် ကြိုးနှင့် ဆွဲရင်း ပြန်လည် နေရာချထားလိုက်သည်။ ထို့နောက် သူက စုမေ့ကို ကြည့်ကာ ပြုံးပြလိုက်သည်။
“ဒီနေရာမှာ ရှိတဲ့ လူတွေ အားလုံးရဲ့ အခြေအနေတွေကို စုံစမ်းလိုက်... သူတို့ နာမည်တွေနဲ့ နောက်ခံတွေကိုပါ မှတ်ထားဦး... နောက်ပြီး သေသွားတဲ့ လူတွေကိုလည်း စာရင်း လုပ်ထား... သူတို့ရဲ့ မိသားစု အတွက် ငါတို့ တစ်ခုခု ပြန်လုပ်ပေးရမယ်... ထိခိုက်သွားတဲ့ လူတွေကိုတော့ ဒီထဲဆေးရည် တစ်ပုလင်းစီ ပေးလိုက်”
ဝေ့ဝူယင်က ပြောပြောဆိုဆိုပင် အဆင့်ခုနစ် အသက်ကယ် ဆေးရည်ပုလင်းများ ရှိနေသည့် သိုလှောင် လက်စွပ်တစ်ကွင်းကို ပစ်ပေးလိုက်သည်။ စုမေ့က ခေါင်းညိတ်လိုက်၏။ ထို့နောက် သူမက ဘာမှ မမေးတော့ပဲ တာဝန်ကို ထမ်းဆောင်ရန် နောက်လှည့် ထွက်ခွာသွားတော့သည်။
ဟူး... ဟူး...
ထို့ပိဟန်မှာ လေးပင်သော အမူအရာဖြင့် ဝေ့ဝူယင်၏ ဘေးနားသို့ ရောက်ရှိလာ၏။ ထို့နောက် သူက ဖြူရော်စွာ ပြုံးလိုက်ရင်း...
“သူဌေးလေး... မင်း နောက်တစ်ခါ စမ်းသပ်မှုတွေ လုပ်မယ်ဆိုရင် နည်းနည်းပါးပါးလေး ကြိုသတိပေးထားပါလား”
“ကျုပ်လား...”
ဝေ့ဝူယင်က ထို့ပိဟန်ဘက်ကို လှည့်ကာ စိတ်ပျက်လက်ပျက် ပုံစံဖြင့် ခေါင်းခါပြလိုက်သည်။
“မထင်မှတ်ပဲ ဖြစ်သွားတာပါဗျာ”
“ကဲပါလေ... ထားပါ... မင်း အဆင်ပြေတာပဲ ဝမ်းသာလှပါပြီ”
ထို့ပိဟန်က သက်ပြင်းတစ်ချက် ချလိုက်သည်။ ကျင့်ကြံခြင်း လောကမှာ လျှို့ဝှက် ဆန်းကြယ်မှုများ၊ အလှည့်အပြောင်းများဖြင့် ပြည့်နှက်နေသည့် နေရာ တစ်ခု ဖြစ်သည်။ သူ့ ကဲ့သို့ လောကသခင် အဆင့် တစ်ယောက်ပင် အရာအားလုံးကို အစီအစဥ်အတိုင်း ထိန်းချုပ် မထားနိုင်ချေ။
ဝေ့ဝူယင်က လုံချန်တို့ အုပ်စုသို့ လှမ်းကြည့်လိုက်ရာ စုမေ့မှာ ချင်ချူးမူကို အသက်ဆက် ဆေးရည် တစ်ပုလင်း ပေးနေသည်ကို တွေ့မြင်ရ၏။ ချင်ချူးမူက ဆေးရည်ပုလင်းကို လက်ခံရရယူရင်း ဝေ့ဝူယင်ကို တစ်ချက် လှမ်းကြည့် လိုက်သည်။ ထို့နောက် သူမက နာ့ရှင်းရီ၏ ပါးစပ်ကို ဟရင်း ဆေးရည်ကို ညင်သာစွာ လောင်းချ လိုက်လေ၏။
တစ်ချိန်တည်း၌ ထိခိုက်ဒဏ်ရာ ရသွားသည့် အခြားလူများမှာလည်း ဆေးရည်၏ အကူအညီဖြင့် နလံပြန်ထူးရန် ကြိုးစားနေကြသည်။ ဝေ့ဝူယင် ပင့်သက်တစ်ချက် ရှိုက်လိုက်မိ၏။ သူ၏ ပြန်လည် ရောက်ရှိလာမှုက ကပ်ဘေးများအား သယ်ဆောင်လာမိလိမ့်မည်ဟု ထင်မှတ် မထားမိခဲ့ချေ။
ဝေ့ဝူယင် ညာဘက်လက်ကို နောက်တစ်ကြိမ် မြှောက်ရင်း အပြစ်သား တက်တူးကို ကြည့်လိုက်၏။ ထို့နောက် အချိန် အခိုက်အတန့် တစ်ခုကြာအောင် သူ တိတ်ဆိတ်သွားခဲ့တော့သည်။
“အရှင်ဝေ့...”
အသံလေး တစ်ခု ထွက်ပေါ်လာသော အခါတွင်မှ ဝေ့ဝူယင်မှာ ပြန်လည် သတိဝင်လာ၏။ သူက လှည့်ကြည့်လိုက်ရာ သွေးနီရောင် ဝတ်စုံနှင့် သူ့ထံ လမ်းလျှောက်လာနေသော ရွှယ်ရီဖေးကို တွေ့လိုက်ရသည်။ သူမ၏ အပြာရောင် ဟေဇယ် မျက်ဝန်းလေ’များမှာ ပျော်ရွှင်ခြင်း၊ စိတ်လှုပ်ရှားခြင်း၊ ကြောက်ရွံ့ခြင်း ခံစားချက် မျိုးစုံဖြင့် ပြည့်ရွှမ်းနေ၏။
မိန်းကလေးကို ကြည့်ရင်း ဝေ့ဝူယင် နောက်တစ်ခါ ရင်ခုန်သွားရန်ပြန်သည်။ သူက လျှင်မြန်စွာပင် သူမ အနားကို လျှောက်သွားရင်း ကျယ်ပြန့်သည့် ရင်ခွင်အတွင်း သူမကို ဆွဲသွင်းလိုက်၏။ ထို့နောက် သူက သူမ၏ ခေါင်းကလေးကို ညင်သာစွာပင် လက်တစ်ဖက်ဖြင့် ပွတ်သပ်ပေးလိုက်သည်။
“မင်းဘေးကင်းတာ မြင်ရတော့ ငါ သေပျော်ပါပြီ”
ဝေ့ဝူယင်က မိန်းကလေး၏ နားနားကို ကပ်ရင်း တပ်တိုးလေး ပြောလိုက်၏။ ရွှယ်ရီဖေးမှာ နှလုံးသားတစ်ခုလုံး နွေးထွေးသွားကာ မျက်ဝန်းမှ မျက်ရည်များပင် စီးကျလာသည်။ သူမက ဝေ့ဝူယင်၏ ရင်ခွင်အတွင်း ထပ်မံ တိုးဝင်လိုက်ရင်း နောက်ကျောပြင်ကို ပိုမို တင်းကြပ်စွာ ဖက်လိုက်တော့၏။
***