← Chapters

တစ်နေ့ကျ နောင်တရလိမ့်မယ်

Vol. 26 Ch. 361

တစ်နေ့ကျ နောင်တရလိမ့်မယ်

Vol. 26 Ch. 361

ဆေးရည်ကို သောက်ပြီးနောက် နာ့ရှင်းရီ၏ အသက်ဓာတ်မှာ လျှင်မြန်စွာပင် ပြန်လည် မြင့်တက်လာ၏။ သွေးရောင်ဖြင့် ပြန်လည် တောက်ပလာသည့် သူမ၏ မျက်နှာလေးကို မြင်သော အခါတွင်မှ ချင်ချူးမူတို့ လေးယောက်မှာ သက်ပြင်းချနိုင်တော့သည်။

ဘေးနားရှိ လုံချန်ကတော့ ဆက်လက် တိတ်ဆိတ်နေဆဲ ဖြစ်သည်။ သူက ဘာပြောရမှန်း မသိသလို၊ စကားလုံး တစ်လုံးမှလည်း သူ့စိတ်ထဲ၌ ရှိမနေချေ။ ထိုအခိုက်၌ လုံထျန်းယု သူ့ကို ကြည့်သော အကြည့်ပင်လျှင် သူစိမ်း တစ်ယောက်လို ခံစားနေရသည်။

ရုတ်တရက် သူ လိပ်ပြာမလုံသလို ခံစားလိုက်ရ၏။ ဘာပဲဖြစ်ဖြစ်... နာ့ရှင်းရီမှာ သူ့ကို ဆယ်စုနှစ် များစွာ ကူညီပေးခဲ့သော မိန်းကလေး တစ်ယောက် ဖြစ်သည်။ သို့သော်လည်း သူကတော့ ရုတ်တရက် ခံစားချက် တစ်ခုကြောင့် သူမ သေလုဆဲဆဲ ဖြစ်တော့မည့် အရေးကိုပင် လျစ်လျူရှုခဲ့မိသည်။

ချင်ချူးမူက မျက်ထောင့်နီနှင့် လုံချန်ကို ကြည့်လိုက်၏။ သူမ၏ အကြည့်များက ယခင်ကလို နွေးထွေးခြင်း၊ ချစ်ခင်ခြင်းများနှင့် ပြည့်ရွှမ်း မနေတော့ချေ။ ထို့အစား အေးစက်ခြင်း၊ စက်ဆုပ်ခြင်းများနှင့်သာ ပြည့်နှက်နေလေ၏။

လုံချန်မှာ ချင်ချူးမူ၏ အကြည့်ကို သတိထားမိရာ နေရခက်သွားသည်။ သူက ရှေ့သို့ အနည်းငယ် တိုးရင်း ချင်ချူးမူ အနားကို ကပ်ရန် ဟန်ပြင်လိုက်၏။

“ချူးအာ... ငါ...”

“ငါ ဘာဖြေရှင်းချက်မှ မလိုချင်ဘူး”

ချင်ချူးမူက ပြတ်သားစွာပင် ပြောလိုက်သည်။ လုံချန်၏ စကားလုံးများက တစ်ဝက်တစ်ပျက်ဖြင့် အဆုံးသတ် သွားကာ ခြေလှမ်းများမှာလည်း လမ်းခုလတ်တွင်ပင် ရပ်တန့်သွားသည်။

ချင်ချူးမူ၏ မျက်နှာတစ်ခုလုံးက စိတ်ပျက်မှုများဖြင့် ပြည့်နှက်နေသည်။

“လုံချန်... နင်က အဲဒီလို လူမျိုး ဖြစ်လိမ့်မယ် ဆိုတာ ငါ လုံးဝ မထင်မိခဲ့ဘူး... ငါ နင့်လိုလူမျိုးနဲ့ မိတ်ဆွေ ဆက်မဖြစ်နိုင်တော့ဘူး”

စကားပြောပြီးသည်နှင့် သူမက မြေပြင်ပေါ်တွင် သတိလစ်နေဆဲ ဖြစ်သည့် နာ့ရှင်းရီ၏ ခန္ဓာကိုယ်လေးကို ကောက်ပွေ့လိုက်၏။ ထို့နောက် ထိုနေရာမှ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။

“နေ... နေပါဦး...”

လုံချန်မှာ နှလုံးသား တစ်ခုလုံး ပေါက်ကွဲသွားသလို ခံစားလိုက်ရသည်။ ချင်ချူးမူ ယခုလို ပြောင်းလဲသွားလိမ့်မည် ဟု သူ လုံးဝ ထင်မှတ် မထားခဲ့ချေ။ ဆယ်စုနှစ် နှစ်ခုနီးပါးခန့် ကြာအောင် သူတို့ နှစ်ယောက်မှာ အတူတကွ ရှိနေခဲ့ဖူးသည်။ အတူတူ တိုက်ခိုက်ခဲ့ဖူးသည်။ တစ်ယောက်ကို တစ်ယောက် ကာကွယ်ပေးခဲ့ကြဖူးသည်။

ထိုအရာအားလုံးက ယခုကဲ့သို့ အဆုံးသတ်သွားရတော့မည်လား။

ချင်ချူးမူမှာ ရပ်တန့်သွား၏။ ထို့နောက် အေးစက်စက် မျက်လုံးများဖြင့် သူမက နောက်သို့ လှည့်ကြည့်လိုက်သည်။

လုံချန်၏ စိတ်က တုန်ရီသွားသည်။ ချင်ချူးမူက ထိုမျက်လုံးများဖြင့် သူ့ကို ကြည့်နေသည်လား။ ဘာခံစားချက်မှ မရှိ။ ဘာနွေးထွေးမှုမှ မရှိ။

မတရား တရားစီရင်ခြင်း ခံရသလို ခံပြင်းစိတ်နှင့် ဒေါသစိတ်တစ်ခုက သူ့နှလုံးသားထဲ တရိပ်ရိပ် မြင့်တက်လာသည်။ နာ့ရှင်းရီနှင့် ကိစ္စအတွက် လုံလောက်သော ဖြေရှင်းချက်များကို သူ ပေးပြီး ဖြစ်သည်။ ချင်ချူးမူ အနေဖြင့် ယုံကြည်သင့်သည်။

“နင် အဲဒီလောက် ပြတ်သားနိုင်တယ်ပေါ့ ဟုတ်လား... ငါတို့ကြားမှာ ဖြစ်ပျက်ခဲ့တဲ့ အရာအားလုံးက ဒီလို လွယ်လွယ်နဲ့ အဆုံးသတ်လို့ရလား”

လုံချန်၏ အသံက ပြင်းထန်သော ခံစားချက်များနှင့် အတူ အနည်းငယ် တုန်ရီသွားသည်။ သို့သော်လည်း သူ့အား ကြည့်နေသည့် ချင်ချူးမူ၏ မျက်လုံးများကတော့ တစ်စုံတစ်ရာ အပြောင်းအလဲ မရှိချေ။ အေးစက်မြဲ အေးစက်နေဆဲ ဖြစ်သည်။

“လုံချန်... နာ့ရှင်ရီ နင့်အပေါ် ပေးဆပ်ခဲ့တာ ငါ့ထက် ဆယ်ဆမက သာတယ်... သူ့ အပေါ်တောင် နင် အဲဒီလို လုပ်ရက်ရင် ငါ နင့်ကို ဘယ်လို ယုံကြည်လို့ရမှာလဲ”

“ငါ အဲဒီလို ဖြစ်ဖို့ မရည်ရွယ်ခဲ့ပါဘူး ချူးအာ.. ငါ... ငါ...”

လုံချန်က အလျင်စလိုပင် ရှင်းပြရန် ကြိုးစားလိုက်၏။ သို့သော်လည်း ချင်ချူးမူကတော့ သူ့စကားကို ဆုံးအောင် နားမထောင်တော့ချေ။ နာ့ရှင်းရီကို ပွေ့ရင်း ကျောခိုင်းကာ ထိုနေရာမှ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။

ရှန်းလင်က သက်ပြင်းတစ်ချက် ချလိုက်၏။ ထို့နောက် သူမကလည်း လုံထျန်ယု၏ လက်ကို ဆွဲကာ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။ သို့သော်လည်း လုံချန်က သူ့အား ခွင့်မပြုခဲ့ချေ။

“ငါ့ညီမကို ဘယ်ခေါ်သွားမလို့လဲ”

လုံချန်က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်ရင်း ဝိညာဥ်ဖိအားကို ထုတ်လွှတ်ကာ ရှန်းလင်ကို တိုက်ခိုက် လိုက်၏။

ပြောရလျှင်... ချင်ချူးမူတို့ ထွက်သွားကတည်းက သူ့စိတ်အခြေအနေက အတော်လေး လွတ်ထွက်နေခဲ့ခြင်း ဖြစ်သည်။ ပထမဆုံး လင်းကျိရန်၊ ထို့နောက် ဝူပိုင်ကျိုး၊ နာ့ရှင်းရီ... ပြီးတော့ ချင်ချူးမူ... ယခုတစ်ဖန် ရှန်းလင်က လုံထျန်းယုကိုပါ ခေါ်၍ ထွက်သွားမည်ပြုပြန်သည်။ သူ မည်ကဲ့သို့ ထိန်းနိုင်တော့မည်နည်း။

“အား...”

နာကျင်သည့် အော်ဟစ်သံ တစ်ခုမှာ ရှန်းလင်၏ လည်ချောင်းထဲမှ ထွက်ပေါ်လာ၏။ သို့သော် သူမကလည်း ဝိညာဥ်ဆင်းတု အဆင့် တစ်ယောက် ဖြစ်သည်။ မည်မျှပင် နာကျင်စေကာမူ စိတ်ကို တည်ငြိမ်အောင် ထိန်းသိမ်းရင်း မတုန့်မဆိုင်းပင် ဝိညာဥ်ဖိအားများကို ပြန်လည် ထုတ်လွှတ်ကာ လုံချန်ကို မျက်နှာမူလိုက်သည်။ သို့သော်လည်း လုံထျန်းယုက ငိုယိုကာ တားဆီးလိုက်၏။

“တော်ကြပါ‌တော့...”

သူတို့ နှစ်ယောက်၏ ဝိညာဥ်တိုက်ပွဲက ထိုမျှနှင့် ရပ်တန့်သွားသည်။ သို့သော်လည်း လုံထျန်းယု၏ မျက်ဝန်းများကတော့ မျက်ရည်များနှင့် ရွှဲရွှဲစိုနေ၏။ လုံချန်က ယခုကဲ့သို့ သူမအား ပြုစုပျိုးထောင်ပေးနေသည့် ဆရာကို တိုက်ခိုက်လိမ့်မည် ဟု လုံးဝ မျှော်လင့်မထားခဲ့ချေ။ သူမ၏ အတွေးများက လုံးဝကို ရှုပ်ယှက်ခတ်နေခဲ့ပြီ ဖြစ်သည်။

“သွားကြရအောင် ဆရာ...”

သူမက ပင်ပန်းနွမ်းနယ်စွာဖြင့် ရှန်းလင်၏ လက်ကို ကိုယ်တိုင် ဆုပ်လိုက်လိုက်၏။ ရှန်းလင်က လုံချန်ကို သတိပေးသည့် အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်သည်။ ထို့နောက်တွင် သူမက လုံထျန်းယုကို ဆွဲခေါ်ကာ ပျံသန်းသွားတော့၏။

လုံချန်မှာ နေရာတွင်ပင် မှိုင်တွေကာ ရပ်ရင်း ကျန်ရစ်ခဲ့၏။ နောက်ဆုံး လုံထျန်းယု သူ့ကို ကြည့်သွားသော အကြည့်က လုံးဝ သူစိမ်းတစ်ယောက်လိုပင်။

“ငါ ဘယ်လို သူစိမ်း ဖြစ်သွားရတာလဲ... သူတို့ အားလုံးက ငါ့ကို စွန့်ပစ်သွားကြတာလား... ဘာလို့လဲ”

သူ မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်မိသည်။ ထိုအခိုက်တွင်ပင် နူးညံ့သော လက်ကလေး တစ်ခုက သူ့လက်ကို ဆုပ်ကိုင်လာသည်။ လုံချန်လှည့်ကြည့်လိုက်ရာ သူ့ကို နွေးထွေးစွာ ပြုံးပြနေသည့် လျဲ့ယုကို တွေ့မြင် လိုက်ရ၏။

“ဘာတွေပဲ ဖြစ်ဖြစ်... ငါ နင့်အတွက် ရှိနေပေးမယ်”

လျဲ့ယုက အညင်သာဆုံး လေသံဖြင့် ဆိုလိုက်၏။ ထို့နောက် သူမ၏ လက်ကလေးများက ဖြည်းညင်းစွာ ရွေ့လျားသွားကာ အပူမီးများဖြင့် တောက်လောင်နေသည့် လုံချန်၏ ပါးပြင်ကို ကြင်နာစွာ ပွတ်သပ်လိုက်တော့သည်။

...

ဝေ့ဝူယင် ရွှယ်ရီဖေး၏ နူးညံ့ပျော့ပျောင်းသည့် ခန္ဓာကိုယ်လေးကို အချိန်အတန်ကြာအောင် မလွတ်စတမ်း ဖက်ထားခဲ့မိသည်။ မကြာခင်မှာပင် ဤနေရာ၌ ယင်နှင့် ရှောင်ပိုင်တို့ပါ ရှိနေသေးသည်ကို သူ သတိရသွားသည်။ စိတ်လွတ်နေသည့် အဖြစ်ကို ပြန်တွေးကာ ပြုံးလိုက်ရင်း ဝေ့ဝူယင် ရွှယ်ရီဖေး၏ ကိုယ်လုံးလေးကို လွှတ်လိုက်သည်။

ထို့နောက် သူမ၏ လက်ကလေးကိုသာ ညင်သာစွာ ဆုပ်ကိုင်လိုက်ရင်း.. ပါးထက်ရှိ မျက်ရည်များကို ဘယ်ဘက်လက်ဖြင့် သုတ်ပေးလိုက်သည်။

“မငိုနဲ့တော့နော်...”

“အင်း...”

ရွှယ်ရီဖေးက ညင်သာစွာ ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူမက လှပသည့် ဟေဇယ် မျက်ဝန်းလေးများကို ပင့်တင်လိုက်ရင်း ဝေ့ဝူယင်၏ ချောမောသော မျက်နှာကို ကြည့်လိုက်သည်။

ချစ်ရည်ရွှမ်းနေသည့် ငွေရောင်မျက်ဝန်းများကို ကြည့်ရင်း ထူးဆန်းသော ခံစားချက် တစ်ခုက သူမ နှလုံးသား အတွင်း ပေါက်ဖွားလာ၏။ ဘာကြောင့်မှန်း မသိ... ရှက်ရွံ့မှု တစ်ခုကို သူမ ခံစားလိုက်ရကာ မျက်နှာ တစ်ခုလုံး ချင်းချင်းနီသွားလေသည်။

ထို့ပိဟန် လူအိုကြီးမှာ ထိုအဖြစ်ကို ဘေးနားမှ ငေးကြောင်ကာ ကြည့်နေမိ၏။ အတန်ကြာပြီးနောက်မှ သူက မျက်နှာလွှဲကာ ပြုံးလိုက်မိသည်။ ဝေ့ဝူယင်မှာ ထိုအရာကို မြင်ဖြစ်အောင် မြင်လိုက်ရာ အလိုက်ကန်းဆိုး မသိသော လူအိုကြီးကို ပထုတ်ရန် ဆုံးဖြတ်လိုက်၏။

“အဟမ်း... မဟာ သူတော်စင်ထို့... ခင်ဗျား စုမေ့ကို နည်းနည်းလောက် ကူညီပေးလိုက်ပါလား”

ထို့ပိဟန်မှာ သူ့လက်ထောက် တစ်ယောက် ဖြစ်လာရန် အစောကတည်းကပင် လက်ခံ ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့်ပင် ၎င်းအား တောင်းဆိုမှု တစ်ခု မဟုတ်ပဲ အမိန့်ပေးခြင်းသာ ဖြစ်ပေသည်။

ထို့ပိဟန်က ခေါင်းတစ်ချက် ညိတ်လိုက်၏။ ထို့နောက် သူက ပျံသန်းကာ စုမေ့ရှိရာ နေရာသို့ ထွက်ခွာသွားတော့သည်။

ဝေ့ဝူယင်နှင့် ရွှယ်ရီဖေးတို့မှာ ရှောင်ပိုင်ဆီသို့ လျှောက်လာခဲ့ကြ၏။ ထို့နောက် အချိန်မဖြုန်းတော့ပဲ ယင်နှင့် အတူ ရှောင်ပိုင်၏ ကျောပေါ်ကို တက်ကာ ထိုနေရာမှ ထွက်ခွာလာခဲ့ကြတော့သည်။

ကောင်းကင်ပေါ်သို့ ရောက်ရှိပြီးနောက် ဝေ့ဝူယင်မှာ မသိစိတ်၏ စေ့ဆော်မှုကြောင့်လား မသိ... အောက်ကို ငုံကြည့်လိုက်မိ၏။ ထိုအခါ မုန်းတီးခြင်း အပြည့်ဖြင့် စိုက်ကြည့်နေသည့် လုံချန်၏ မျက်လုံးများနှင့် ဆုံတွေ့လိုက်ရသည်။ ၎င်းတို့က အဆုံးမဲ့ အဆိုးမြင်စိတ်များဖြင့် ပြည့်နှက်နေကာ အပြင်းထန်ဆုံးသော သတ်ဖြတ်လိုစိတ်များမှာ စိမ့်ဝင်နေသည်။

ဝေ့ဝူယင်၏ မျက်လုံးများမှာ ကျဥ်းမြောင်းသွား၏။ သို့သော်လည်း အချိန်မတန်သေးဟု သူ စိတ်ကို ပြင်လိုက်သည်။ လုံချန်၌ ဝူယု၏ အကာအကွယ် မရှိတော့သည့်တိုင်အောင် ကပ်ဘေးကြီး တစ်ခုကို သူ အဆင်အခြင် ကင်းမဲ့စွာ မဆင့်ခေါ်ချင်ပေ။

ဟူး... ဟူး...

မကြာခင်မှာပင် ရှောင်ပိုင်မှာ ပထမ ကောင်းကင်အလွှာကို ထိုးဖောက်ကာ အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

လုံချန်မှာ မြေပြင်ထက်တွင် ရပ်ရင်း စိတ်ကို လျှော့ချလိုက်၏။ ကောင်းကင်ဆီမှ အကြည့်ကို ရုတ်သိမ်းရင်း ဘေးနားကို ကြည့်လိုက်ရာ သူ့အား စိုးရိမ်သည့် မျက်ဝန်းများဖြင့် ကြည့်နေသည့် လျဲ့ယုကို တွေ့မြင် လိုက်ရသည်။ အမျိုးအမည် မသိသည့် နွေးထွေးမှုတစ်ခုမှာ သူ့နှလုံးသား တစ်ခုလုံးကို တင်းကြပ်စွာ ရစ်သိုင်း သွား၏။

“ငါ မင်းကို ချစ်တယ် လျဲ့ယု...”

“ ... “

လျဲ့ယု၏ မျက်ဝန်းလေးများက စိတ်ကျေနပ်မှုဖြင့် လင်းလက်သွား၏။ ယခု၌ လုံချန်ဘေးတွင် သူမ တစ်ယောက်တည်းသာ ကျန်ရစ်ပေတော့သည်။ မည်သူမှ မရှိတော့။

“ဝူပိုင်ကျိုး၊ နာ့ရှင်းရီ၊ ချင်ချူးမူ... တစ်နေ့ကျ နင်တို့အားလုံး နောင်တရကြရလိမ့်မယ်”

***

All Chapters