← Chapters

အားနည်းတယ်၊ အားနည်းတယ်…

Vol. 114 Ch. 1563

အားနည်းတယ်၊ အားနည်းတယ်…

Vol. 114 Ch. 1563

တာအိုပညာရှင်ရေသည် သူ့လက်ကို ဝေ့ယမ်းလိုက်ရာ ပုံရိပ်အတွင်းမှ တောင်သည် စတင်ပြိုဆင်းကျလာပြီး မူလကလန်ဝင်အားလုံးကို သေသည့်အထိ ချေမွပစ်တော့မည့်ဟန်ပင်။

တောင်ပတ်လည်တွင် ဝန်းရံထားသော ဝတ်စုံနက်ဖြင့်ကျင့်ကြံသူများသည် အေးတိအေးစက်အသွင်ဖြင့် ရှိနေပြီး မူလကလန်ဝင်များ သေဆုံးရတော့မည့်အဖြစ်ကို ကြည့်၍ ရက်စက်စွာ ပြုံးနေသည်။

သို့ပေမည့် ထိုအခိုက်အတန့်တွင် သွေးအလင်းတန်းတစ်ခုသည် ထိုပုံရိပ်တစ်ခုလုံးကို အနီရောင်စွန်းထင်းသွားစေသည်။

သွေးဓားသည် ထိုအနီရောင်အလင်းတွင်း၌ ပေါ်လာကာ ပြိုဆင်းကျလာသော တောင်ထံသို့ တန်းတန်းမတ်မတ် တိုးဝင်သွားသည်။

အဖြစ်အပျက်သည် မြန်လွန်း၏။ သွေးဓားသည် တောင်နှင့် ထိပ်တိုက်တွေ့သည်။ ၎င်းတောင်မှာ သာမန်မဟုတ်ပေ။ မရေမတွက်နိုင်သော အတားအဆီးများ ဝန်းရံထား၏။ ထိုအတားအဆီးများက သွေးဓားကို ခုခံရန်ဟန်ပြင်ကြသည်။

သို့ပေမည့် တတိယအဆင့်ကျင့်ကြံသူများပင် ၎င်းဓားကို မခုခံနိုင်သည်ဖြစ်ရာ ထာဆန်၏ခန္ဓာကိုယ်သည်ပင် ၎င်းဓားကို ဟန့်တားနိုင်စွမ်းမရှိရာ သည်တောင်လောက်ဖြင့် မည်သို့ ဟန့်တားပိတ်ဆို့နိုင်ပါ့မည်နည်း။ ဤတောင်မှာ နတ်ဘုရားကလန်နှင့် တာအိုပညာရှင်ရေ၏ ရတနာတစ်ခု ဖြစ်၏။ သို့သော် ထိုသို့ ဖြစ်လျှင်ကော ဘာအရေးနည်း။

၎င်းတောင်သည် သွေးဓားကို မခုခံနိုင်ပေ။

သွေးဓားသည် တောင်ကို ချက်ခြင်း ထွင်းဖောက်သွား၏။ ၎င်းသည် ထွင်းဖောက်သွားနေရင်း တောင်အနှံ့အပြားတွင် သွေးရောင်အက်ကြောင်းများ ပေါ်လာပြီးနောက် ဘန်းခနဲ ပေါက်ကွဲသွားလေ၏။

၎င်းတောင် တစစီဖြစ်သွားရင်း မရေမတွက်နိုင်သော ကျောက်တုံးကြီးများ အဘက်ဘက်သို့ ပျံ့နှံ့၏။ သို့သော် အောက်ဘက်ကိုမူ ကျဆင်းလာခြင်း မရှိပေ။ ဝတ်စုံနက်ကျင့်ကြံသူများသည် ချက်ခြင်း သွေးဓားထံ တိုးဝင်လာ၏။ သူတို့သည် သွေးဓားကို ချိပ်ပိတ်လိုကြ၏။

သွေးဓားသည် နောက်တစ်ကြိမ် လင်းလက်သွားသည်။ ၎င်း၏အမြန်နှုန်းမှာ အံ့မခန်းပင်။ သွေးအလင်း လင်းလက်သွားရင်း လွင့်စင်သွားသော ကျောက်တုံးကြီးများ ထပ်မံ ပြိုလဲပျက်စီးသည်။ အလားတူပင် ထိတ်လန့်နာကျင်စွာအော်သံများ ပဲ့တင်ထပ်လျက် ဝတ်စုံနက်ကျင့်ကြံသူများ၏ ရင်ဘက်များမှာ အပေါက်များ ဖြစ်ကုန်သည်။

သူတို့၏မျက်ခုံးကြားတွင်လည်း သွေးစင်းကြောင်းများ ပေါ်လာသည်။ သွေးဓားသည် သူတို့၏ခန္ဓာနှင့်ဦးခေါင်းများကို ပိုင်းဖြတ်ပစ်လိုက်လေပြီ။

ဝတ်စုံနက်ကျင့်ကြံသူများ၏ မျက်လုံးများသည် မှိန်ဖျော့သွားကြကာ သူတို့သည် မြေပေါ်သို့ ပြုတ်ကျ သေဆုံးကုန်သည်။ သူတို့၏စိတ်ဝိညာဉ်များသည်ပင် ခန္ဓာကိုယ်များမှ ထွက်မပြေးနိုင်ဘဲ ပျက်စီးသွားရသည်။

သူတို့၏ခန္ဓာကိုယ်များမှာ မံမီများအလား မြန်ဆန်စွာ ခြောက်သွေ့ကုန်၏။ သူတို့၏အသက်ဓာတ်အားလုံးကို သွေးဓားက စုပ်ယူသွားသည်။

အဖြစ်အပျက်သည် မြန်လွန်းသဖြင့် မည်သူမျှ ရှင်းရှင်းလင်းလင်း မမြင်လိုက်ရပေ။

ဝမ်လင်းနှင့်တာအိုပညာရှင်ရေတို့ကြားရှိ ပုံရိပ်ယောင်အတွင်း ဖြစ်ပျက်သွားသော အရာအားလုံးသည် ဝမ်လင်း ပြောဆိုပြီးနောက် အသက်ရှုချိန်သုံးကြိမ်မျှသာ ကြာလိုက်ပေသည်။

“မင်းမှာ အဲ့လိုလုပ်ဖို့ အရည်အချင်း ရှိလို့လား…” ဝမ်လင်း၏စကားများက သည်ဂြိုဟ်အနှံ့ ပဲ့တင်ထပ်၏။ သွေးဓားသည် တဖန် လင်းလက်ကာ လူတိုင်းကို သတ်ပြီးနောက် ပုံရိပ်အတွင်းမှ ထိုးထွက်လာချေသည်။

၎င်းဓား ထိုးထွက်လာသည်နှင့် ပုံရိပ်ယောင်အတွင်းမှ သွေးအော်ရာသည် အစစ်အမှန် ဖြစ်လာသည်။ သွေးဓားသည် ပုံရိပ်ကို ပျက်စီးသွားစေပြီး သွေးအော်ရာ ပျံ့လွင့်လာသည်။

သူ့ဘေးသို့ သွေးဓား ရောက်လာသည့်အခါ ဝမ်လင်းက မင်သက်နေသော တာအိုပညာရှင်ရေထံသို့ အေးစက်စက်ကြည့်၍ လှမ်းလာ၏။ သူက သူ့ညာလက်ကို ပင့်မြှောက်ကာ တာအိုပညာရှင်ရေထံသို့ ရိုက်ချလိုက်သည်။

လောကသည် တုန်ဟည်းသွား၏။ ဝမ်လင်းသည် တတိယအဆင့်ကျင့်ကြံသူတစ်ယောက် မဟုတ်သော်လည်း သူ၏ခန္ဓာကိုယ်မှာ အစွမ်းထက်လွန်းသည်။ သူ့လက်ကို ပင့်မြှောက်လိုက်သည့်အခါ ဧရာမလက်ဝါးတစ်ခု လောကတွင် ပေါ်လာသည်။

ထိုလက်ဝါးသည် ကောင်းကင်ကို ဖုံးအုပ်၍ အထက်မှ ဆင်းသက်လာ၏။ ၎င်းသည် တောင်များကို ထွင်းဖောက်ကာ တာအိုပညာရှင်ရေထံသို့ တန်းတန်းမတ်မတ် ဦးတည်သည်။

ထိုမြင်ကွင်းသည် မမေ့နိုင်စရာပင်။ တာအိုပညာရှင်ရေပတ်လည်ရှိ တောင်ငါးလုံးသည် လက်ဝါးတစ်ခုအလား ဖြစ်လာပြီး ယင်းတို့သည် ဝမ်လင်းဖန်တီးသော ပုံရိပ်ယောင်လက်ဝါးနှင့် ထိပ်တိုက်တွေ့သည်။

တာအိုပညာရှင်ရေ၏အမူအရာသည် အကျည်းတန်နေသည်။ ဝမ်လင်း နီးကပ်လာသည့်အခါ သူသည် သူ၏အင်္ကျီလက်အိုးကို ဝေ့ယမ်း၏။ ထိုအခါ ခုနစ်ရောင်စုံလက်သည်းများ ပေါ်လာပြီး ဝမ်လင်းထံသို့ ဦးတည်ဝင်လာသည်။

“ခွေးကောင်လေး…မင်းက သေချင်နေမှတော့ ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့…”

ခုချိန်ထိ တာအိုပညာရှင်ရေသည် မောက်မာနေဆဲပင်။ သူက သူ့လက်ကို ဝေ့ယမ်းလိုက်ပြီး ခုနစ်ရောင်စုံလက်သည်းများသည် ဝမ်လင်း၏လက်ဝါးချက်နှင့်ထိပ်တိုက်တွေ့သည်။

ကျယ်လောင်စွာ တုန်ဟည်းသံများက သည်ဂြိုဟ်တစ်ခုလုံးကို လှုပ်ခါယမ်းစေသည်။ ဝမ်လင်း၏ပုံရိပ်ယောင်လက်ဝါးမှာ ပျက်စီးသွားသည်။ ခုနစ်ရောင်စုံလက်သည်းမှ ဖြစ်ပေါ်လာသောအားက ဝမ်လင်းကို နောက်သို့ ခြေသုံးလှမ်း ဆုတ်သွားစေသည်။

သို့ပေမည့် အလားတူပင် ခုနစ်ရောင်စုံလက်သည်းများမှာလည်း တုန်ယင်လျက် အဝေးသို့ လွင့်ထွက်သွားလေ၏။

မြေပြင်ထုသည် တုန်ဟည်းကာ တောင်ထိပ်ငါးခုမှ ကျောက်စကျောက်နများစွာ ကျဆင်းလာ၏။ တာအိုပညာရှင်ရေသည် သွေးအန်ထုတ်လိုက်ရသည်။ သူ့မျက်လုံးထဲတွင်လည်း ထိတ်လန့်မှုတို့ အထင်းသား ဖြစ်ပေါ်သည်။ သူသည် အော်ဟစ်လိုက်လေ၏။ “ကျိုးသဲ…”

တာအိုပညာရှင်ရေ မာန်သွင်းအော်ဟစ်လိုက်သည့်နောက်တွင် ရယ်သံတစ်သံ လောကတွင် ပြည့်နှက်လာသည်။ မူလတုန်းက ကြည်လင်နေသော ကောင်းကင်သည် ရုတ်တရက် မှောင်မိုက်လာသည်။ ချက်ခြင်းပင် နေ့သည် ညဖြစ်သွားလေ၏။

ထိုအမှောင်ထုအောက်တွင် ပုံရိပ်ယောင်ပုံရိပ်တစ်ခု သိပ်သည်းလာကာ ဝမ်လင်းထံ လှမ်းလျှောက်လာသည်။

“လူတစ်ယောက်ရှိက အကျိုးအမြတ်ယူပြီး သူ့ရဲ့ ဘေးဒုက္ခကို ဖြေရှင်းပေးတာ။ တာအိုပညာရှင်ရေ။ မင်း ကတိပေးထားတဲ့အရာကို မမေ့ပါနဲ့။ ငါ မင်းကို ဒီတစ်ကြိမ်တော့ ကူညီပေးလိုက်မယ်…” ထိုပုံရိပ်ယောင်ပုံရိပ်သည် သိပ်သည်းလာကာ ဝတ်စုံနက်အဘိုးအိုတစ်ယောက်အသွင်သို့ ပြောင်းလဲသည်။

ထိုအဘိုးအို၏မျက်နှာထက်မှာ အဖုအပိန့်များ ပြည့်နေပြီး ရုပ်ဆိုးအကျည်းတန်လှ၏။ သို့ပေမည့် သူသည် အဆိပ်အိုကြီးနှင့် ယှဉ်လျှင်မူ အဝေးကြီး လိုသေးသည်။ ဤအခိုက်တွင် သူက ရှေ့သို့ ခြေလှမ်းရာ ချက်ခြင်း ဝမ်လင်းနှင့် ပေတစ်ထောင်အတွင်းသို့ ရောက်သွားသည်။

“မိတ်ဆွေလေး….ငါ အဆင့်ခြောက်တာအိုစိတ်ဝိညာဉ်ကို ရဖို့အတွက် မင်းအနေနဲ့ ငါနဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့ မျှော်လင့်မိပါတယ်…” ထိုအဘိုးအိုသည် တည်ငြိမ်နေဟန် ရသော်လည်း အမှန်တော့ သူသည် အတော်လေး သတိထားနေ၏။ သူသည် ဝမ်လင်း၏လက်ဝါးချက်ကြောင့် ကြိတ်၍ တုန်လှုပ်မိခဲ့ပေသည်။

တကယ်တော့ သူသည် အဆင့်ခြောက်တာအိုစိတ်ဝိညာဉ်ကို အင်မတန် လိုချင်သောကြောင့် သူ့ကိုယ်ပွားနှင့် လာခဲ့ခြင်းပင်။ သို့သော် ဝမ်လင်း၏လက်ဝါးချက်က သူ့အား တုန်လှုပ်စေခဲ့သည်။ သူ့စကားများသည် တည်ငြိမ်ဟန်ရသော်လည်း သူက စွမ်းအားပြည့် တိုက်ခိုက်လိုက်သည်။

ချက်ခြင်း နီးကပ်လာသည်နှင့် သူ့နောက်မှ အမှောင်ထုအတွင်း၌ အတိုင်းမသိကျယ်ပြောသော ရွှံ့အိုင်တစ်ခု ပေါ်လာသည်။ သူသည် ဝမ်လင်းကို ရွှံ့အိုင်အတွင်း၌ ဝါးမြိုပစ်ချင်သည့်အလားပင်။

တာအိုပညာရှင်ရေ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်အပြည့် ဖြစ်ပေါ်နေ၏။ သူသည် ဝမ်လင်းထံသို့ တခြားဦးတည်ရာကနေ တိုးတင်လာသည်။ သူတို့နှစ်ယောက်က ဝမ်လင်းကို တိုက်ခိုက်ကြမည် ဖြစ်သည်။

တတိယအဆင့်ကျင့်ကြံသူနှစ်ယောက်သည် လူတစ်ယောက်ကို ပူးပေါင်း၍ သတ်တော့မည်။ သည်လိုအရာမျိုးသည် ပြင်ပနယ်မြေတွင်ပင် ဖြစ်ခဲလှ၏။

ဤအခိုက်တွင် အမှောင်ထုနောက်မှ လှိုင်းဂယက်များ ပေါ်လာပြီး ဝမ်လင်းထံသို့ မြန်ဆန်လှသောအရှိန်ဖြင့် တိုးဝင်လာသည်။

ပေသီးစေ့(၃၂)ခုသည် ထိုလှိုင်းဂယက်များအတွင်း၌ ရုတ်တရက် ပေါ်လာသည်။ ယင်းတို့သည် တန်းတန်းမတ်မတ် အဖြောင့်တိုင်းအသွင် ဖြစ်ပေါ်ကာ ချက်ခြင်း နီးကပ်လာသည်။

ဝမ်လင်း၏အမူအရာမှာ တည်ငြိမ်လျက်ပင်။ သူသည် ဝတ်စုံနက်အဘိုးအို သို့မဟုတ် ပေသီးစေ့များကို ကြည့်ပင်မကြည့်ဘဲ တာအိုပညာရှင်ရေထံသို့ လှမ်းဝင်သည်။

သူ လှုပ်ရှားလိုက်သည်နှင့် သူ၏ရှေးဟောင်းနတ်ဘုရားကြယ်များသည် တောက်ပလာကာ အရှင်လင်းတန် ဖျပ်ခနဲ ပေါ်လာ၏။ သူသည် တုံ့နှေးမနေဘဲ ဝတ်စုံနက်အဘိုးအိုထံ ဦးတည်ဝင်သွားသည်။ သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ လောကသည် တုန်ဟည်း၏။ ထို့နောက် ကြောက်မက်ဖွယ် ခရမ်းရောင်ပင်လယ်တစ်ခု ပေါ်လာသည်။ အဆုံးမဲ့အပူဇော်ခံမီးတောက်များသည် တဝီဝီမြည်ဟည်းလျက် မိစ္ဆာနတ်ဘုရားရုပ်တုတစ်ခု ပေါ်လာလေ၏။ ၎င်း၏လက်နှစ်ဖက်ကို ဖြန့်ကားထုတ်လိုက်သည်။

လင်းတန်နှင့် တစ်ချိန်တည်းလိုလို ကောင်းကင်ချောက်ချားဖွယ် ဝံပုလွေတစ်ကောင် ပေါ်လာသည်။ သွေးဝံပုလွေအရိပ်ကြီးသည် ကျိုးကျင်နောက်မှ ထိုးထွက်ကာ ပေသီးစေ့များထံ တိုးဝင်သည်။

“ဝံပုလွေ…လကို ပူဇော်ခြင်း…” အေးစက်စက်အော်မြည်သံတစ်သံ ပဲ့တင်ထပ်ကာ နက်မှောင်သော ကောင်းကင်သည် မြေပြင်ထက်တွင် ထွန်းလင်းလာသည့် သွေးလကြောင့် ဆုတ်ပြဲသွားသည့်အလား။

ကျယ်လောင်စွာ မြည်ဟည်းသံများ ပဲ့တင်ထပ်သည်။ ဝတ်စုံနက်အဘိုးအိုနှင့် မြင့်မြတ်သောလင်းတန်တို့၏ မန္တာန်များသည် ထိပ်တိုက်တွေ့သည်။ အဘိုးအိုသည် သူ့ကိုယ်ပွားဖြင့်သာ ရှိ၏။ ထို့ကြောင့် သူသည် လင်းတန်၏အပူဇော်ခံမီးတောက်များကို မယှဉ်နိုင်ပေ။ ထိုအဘိုးအို၏ ရွှံ့အိုင်မှာ ပျက်စီးသွားပြီး သူသည် အနှစ်သာရစွမ်းအင်များကို ထွေးထုတ်လိုက်ရသည်။ ထို့နောက် သူသည် ထိတ်လန့်စွာဖြင့် နောက်သို့ အမြန်ဆုတ်၏။

“သင် ဘယ်သူလဲ…”

“ငါဟာ ငါ့သခင်ရဲ့ကျွန်တစ်ယောက်ဖြစ်တဲ့ လင်းတန်ပဲ…” မြင့်မြတ်သောလင်းတန်သည် နှာခေါင်းရှုံ့ကာ လိုက်လာသည်။

လောကသည် တုန်ဟည်း၏။ သူတို့နှစ်ယောက်သည် ထပ်မံ တိုက်ခိုက်ကြပြန်သည်။

တခြားတဖက်တွင်မူ ကျိုးကျင်၏မန္တာန်၊ အနီရောင်လသည် သက်ဆင်းကျလာ၏။ ဝံပုလွေအော်မြည်သံသည် တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းတွင် ပဲ့တင်ထပ်၏။ အနီရောင်လတစ်စင်းသည် ပေသီးစေ့များထံ ရိုက်ချလာသည်။

ယင်းတို့ ထိပ်တိုက်တွေ့သည်နှင့် ပေသီးစေ့များသည် ပျက်စီးသွားပြီး မယုံကြည်နိုင်၊တုန်လှုပ်ဟန်နှင့် သက်လတ်ပိုင်းလူတစ်ယောက် ပေါ်လာလေသည်။

ထိုသက်လတ်ပိုင်းလူသည် သူ၏မူလခန္ဓာကိုယ်နှင့် ရောက်လာခဲ့ခြင်း ဖြစ်သည်။ သူ့ပါးစပ်ထောင့်မှ သွေးများ စီးကျလာ၏။ သူက နောက်သို့ အလျင်အမြန် ဆုတ်သည်။

ကျိုးကျင်ကလည်း ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။ သို့သော် သူက တည်ငြိမ်လျက်ပင်။ သူသည် ရှေ့သို့ တဟုန်ထိုး တိုးဝင်ကာ သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်ပေါ်စေသည်။ သွေးဝံပုလွေသည် အော်မြည်သံပြုကာ သက်လတ်ပိုင်းလူထံသို့ ခုန်အုပ်ဝင်သွားသည်။

ထိုသို့ဖြစ်ပျက်နေစဉ် ဝမ်လင်းသည် တာအိုပညာရှင်ရေထံသို့ မြန်ဆန်စွာ ချဉ်းကပ်လာသည်။ တာအိုပညာရှင်ရေသည် စူးရှစွာ အော်ဟစ်လိုက်လေ၏။

“ယင်နဲ့ယန်တပည့်တွေ…” သူ့နောက်တွင် များပြားလွန်းသော ယင်နှင့်ယန်တပည့်များ ပျံသန်းထွက်လာသည်။ ယင်းတို့သည် လှံရှည်တစ်လက်အဖြစ် သိပ်သည်းကာ ဝမ်လင်းထံ ထိုးစိုက်သည်။

ထိုလှံတွင် တာအိုပညာရှင်ရေ၏ ကျင့်ကြံမှုအပြည့်အဝနှင့် သူ၏အပူဇော်ခံမီးတောက်များအားလုံး ပါဝင်ပေသည်။ လှံပေါ်လာသည့်အခါ လောကသည် တုန်ဟည်းသည်။ အက်ကြောင်းမြောက်များစွာ ဒီဂြိုဟ်ပေါ်တွင် ပေါ်လာပြီး ပျက်စီးတော့မည့်အလားပင်။

***

All Chapters